ရွှီချင်း မင်းမှာ တာအိုလက်တွဲဖော်ရှိလား(ခ)
Vol. 52 Ch. 790
“ အရှင်သံတော်ဆင့် ငါမင်းအတွက် စာရေးလုပ်ပေးနိုင်ပါတယ် ”
နင်ယန်က ကျယ်လောင်စွာ ပြောသည်။
“ မင်း ချင်းချိုးကို ရှာတွေ့ပြီလား ”
ရွှီချင်းသည် နင်ယန်ကို ကြည့်လိုက်သည်။
“ ငါသူ့ကို ရှာတွေ့ပြီ… အဲ့ခွေးမက… ”
ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။
နင်ယန်သည် ခန္ဓာကိုယ်သိမ့်သိမ့်တုန်သွားပြီး အလျှင်အမြန် စကားပြန်ပြောင်းပြောလိုက်သည်။
“ အရှင်ချင်းချိုးက ယင်ဟွမ်ပြည်နယ်ရဲ့ လီထူဂိုဏ်းကို ကူညီပေးပြီး နန်းဟွမ်ကုန်းမြေဆီ ဦးတည်သွားပါတယ်… ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ်မပြောတော့ပေ။
နင်ယန်သည် အဝေးသို့ အမြန်လျှောက်သွားသည်။ အတော်ဝေးဝေးသို့ ရောက်သွားသည့်အခါမှ သူက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ရွှီချင်း၏ အရှိန်အဝါသည် ဤလဝက်အတွင်း ပိုပြီးထင်ရှားလာသည်ဟု သူတွေးမိသွားသည်။ ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစွမ်းအားက ရွှီချင်း၏ ဘေးပတ်ပတ်လည်၌ ဖိအားတစ်ခု ဖန်တီးပေးထားခြင်းဖြစ်ကြောင်း သူနားလည်သည်။
ထိုဖိအားကြောင့် ရွှီချင်း၏ ကျင့်ကြံခြင်းက ဝိညာဉ်နတ်သူငယ်ပထမအဆင့်မှာသာ ရှိနေသည့်တိုင် တူညီသောအဆင့်မှ သာမန်ကျင့်ကြံသူများသည် ရွှီချင်းအား ဆန့်ကျင်ရန် အတော်လေး ခက်ခဲလှပေသည်။
ရွှီချင်းသည် နင်ယန်ကို ဆက်ပြီးအာရုံမစိုက်တော့ပေ။ သူက အနောက်လှည့်လိုက်ပြီး ဓားကိုင်ရုံးတော်၏ စာကြည့်ဆောင်ဆီသို့ လျှောက်သွားသည်။
ဤလဝက်အတွင်းတွင် သူသည် စာကြည့်ဆောင်ဆီသို့ မကြာခဏ သွားရောက်လေ့ ရှိသည်။ သူ၏ တောင်းဆိုမှုကြောင့် ပြည်ထဲရေးရုံးတော်နှင့် တရားရေးရုံးတော်မှ မှတ်တမ်းမှတ်စုများကို ဤနေရာသို့ လာရောက်ပို့ဆောင်ခဲ့ကြသည်။ လက်ထောက်ဒေသအကြီးအကဲ၏ ခြံဝန်းမှ မှတ်တမ်းများသည်ပင် ချွင်းချက်မဟုတ်ပေ။
စာကြည့်ဆောင်ထဲတွင် မှတ်တမ်းအများကြီး ရှိသည်။
“ အကိုရွှီချင်း… ချင်းချိုးက ဘယ်သူလဲ ”
စာကြည့်ဆောင်ဆီသို့ သွားသည့်လမ်းတွင် မြွေဖြူသေးသေးလေးတစ်ကောင်သည် ရွှီချင်း၏ ညာအင်္ကျီလက်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းက အပြစ်ကင်းစင်ပြီး စူးစမ်းလိုသော မျက်လုံးကို တဖျပ်ဖျပ် အဖွင့်အပိတ်လုပ်လိုက်ပြီး မေးသည်။
“ ငယ်ငယ်တုန်းက မိတ်ဆွေပါ… နောက်တစ်ခါ သူနဲ့ပြန်ဆုံရင် မင်းနဲ့မိတ်ဆက်ပေးမယ် ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ဘယ်လက်ကို မြှောက်ကာ မြွေဖြူလေး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
သူ၏ ပွတ်သပ်ပေးမှုက မြွေဖြူလေးကို အလွန်သက်တောင့်သက်သာ ခံစားရစေသည်။ ၎င်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ခေါင်းလောင်းသံပမာ ရယ်သံကို ထုတ်ဖော်လိုက်သည်။
“ ခစ် ခစ် ခစ် ”
ရွှီချင်းသည်လည်း ပြုံးလိုက်သည်။ ယခင်က ဝိညာဉ်ချောက်နက်၏ အောက်ခြေတွင် သူသတိမလစ်သွားခင် လင်းအာက သူ့ကို ထပ်မံကယ်တင်ပေးခဲ့သည်။
လင်းအာ၏ ကျင့်ကြံခြင်းသည်တော့ ရှေးဟောင်းဝိညာဉ်ကမ္မကို စုပ်ယူပြီးနောက် ယင်းကို အပြည့်အဝ မခြေဖျက်နိုင်သေးပေ။ ထိုဖြစ်စဉ်သည် နှေးကွေးသောကြောင့် သူက ရွှီချင်း၏ ညာလက်ကောက်ဝတ်တစ်ဝိုက်၌ မြွေဖြူလေးအသွင်ဖြင့်သာ ရစ်ပတ်ရှိနေနိုင်သည်။
ထိုသို့ဖြင့် ရွှီချင်းသည် စာကြည့်ဆောင်ဆီသို့ ပြန်ရောက်လာပြီး ထိုနေရာမှ စာအုပ်များနှင့် သတင်းအချက်အလက်များကို ဆက်လက်ရှာဖွေလိုက်သည်။ အချိန်သည် မသိလိုက်မသိဘာသာဖြင့် သုံးရက်ကုန်ဆုံးသွား၏။
ရွှီချင်းသည် အနည်းငယ် နောင်တရမိသည်။ သူသည် တစ်စုံတစ်ခုကို တွေ့ရှိခဲ့သော်လည်း ယင်းက အများကြီးမဟုတ်ပေ။
သူရှာဖွေချင်သောအရာသည် သက်စောင့်မီးအိမ်များ၏ မိတ်ဆက်အကြောင်းအရာနှင့် ယင်းတို့ကို သူ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝပေါင်းစပ်စေနိုင်မည့် နည်းလမ်းဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည်အထိ လူအများအပြားက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်ခဲ့ကြသော်လည်း မည်သူကမှ မအောင်မြင်ခဲ့ကြဘူးဟု ခေါင်းဆောင်က ပြောသည်။
ဤရက်များတွင် ရှေးဟောင်းစာအုပ်များကို လှန်လှောဖတ်ရှုပြီးနောက် ခေါင်းဆောင်၏ ပြောစကားက အပြည့်အဝမမှန်ကန်ကြောင်း ရွှီချင်း ရှာတွေ့သွားသည်။
သမိုင်းထဲတွင် အောင်မြင်သွားခဲ့သောလူများ ရှိသည်။
ယင်းသည် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်မလာခင်က ဖြစ်သည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာခေတ်မတိုင်မီ တမူထူးခြားသောလမ်းစဉ်ကို လျှောက်လှမ်းခဲ့သော ရှေးဟောင်းအုပ်ချုပ်သူတစ်ပါး ရှိခဲ့သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ကျင့်ကြံသူများသည် ရှေးဘုရင် သို့မဟုတ် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားကြသည့်အခါမှ သူတို့၏ ကိုယ်ပိုင်သွေးမျိုးစက်ကို ပြောင်းလဲနိုင်ကြပြီး သက်စောင့်မီးအိမ်တစ်ခုကို သူတို့၏ ခန္ဓာကိုယ်အတွင်းမှာ မွေးဖွားနိုင်ကြသည်။ သူတို့၏ နောင်မျိုးဆက်များသည် ထိုမှ အကျိုးအမြတ်ရရှိကြပြီး သက်စောင့်မီးအိမ်သည် အခြေတည်အဆင့်တွင် ဖြစ်ပေါ်လာလိမ့်မည်။
သို့သော် ထိုအုပ်ချုပ်သူသည် ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်နေသော လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
ရွှီချင်းကဲ့သို့ပင် သူက အခြေတည်အဆင့်တွင် ရှေးဟောင်းအုပ်ချုပ်သူတစ်ပါး၏ မျိုးဆက်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သူက ထိုသူ၏ သက်စောင့်မီးအိမ်ကို ထုတ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေသည်။ သေခြင်းမှ လက်တစ်လုံးခြားလွတ်မြောက်သွားပြီးနောက် သူက သက်စောင့်မီးအိမ်ကို သူ၏ သွေးမျိုးစက်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်သွားသည်။ သက်စောင့်မီးအိမ်သည် လုံးလုံးလျားလျား သူ့ကိုယ်ပိုင် ဖြစ်လာသည်။ ထို့နောက် သူသည် သေခြင်းရှင်ခြင်းကဒ်ဘေးများစွာကို ဖြတ်ကျော်ပြီးနောက် ကောင်းကင်ဆီသို့ ထိုးတတ်သွားကာ အုပ်ချုပ်သူတစ်ပါးဖြစ်လာသည်။
လက်ထောက်ဒေသအကြီးအကဲ စုဆောင်းထားသော မှတ်တမ်းများထဲတွင် ထိုအုပ်ချုပ်သူနှင့်ပတ်သက်ပြီး မိတ်ဆက်အကြောင်းအရာက အနည်းအကျဉ်းသာ ရှိသည်။ မည်သို့ဖြစ်စေ ယင်းက အလွန်ရှေးကျလွန်းလှသည်။
အမှန်မှာတော့ ထိုအုပ်ချုပ်သူနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ထားသော သတင်းအချက်အလက်က နည်းပါးရခြင်းသည် ဤကိစ္စက ကောင်းကင်ဘုံဆန့်ကျင်သောကိစ္စဖြစ်သောကြောင့် ဖြစ်သည်။
ယင်းက အမှန်တကယ်လော အလိမ်အညာလောဟုပြောရန်ပင် ခက်ခဲလှပေသည်။
“ ကောင်းကင်အလွန်က အလင်းရောင် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ထိုအုပ်ချုပ်သူ၏ မှတ်တမ်းများထဲတွင် ထိုစကားလုံးငါးလုံးကို ဖော်ပြထားသည်။ တစ်ဖက်လူက သက်စောင့်မီးအိမ်နှင့် ပေါင်းစပ်နိုင်ခဲ့သည့် အကြောင်းအရင်းသည် ကောင်းကင်အလွန်မှ အလင်းရောင်ဟူသော ထူးထူးဆန်းဆန်းအရာကြောင့် ဖြစ်နိုင်ပေသည်။
သို့သော်လည်း ကောင်းကင်အလွန်မှ အလင်းရောင်သည် ထိုအုပ်ချုပ်သူ၏ မှတ်တမ်းများထဲမှာသာ ဖော်ပြထားသည်။ ရွှီချင်းသည် ဤရက်များ၌ တခြားစာအုပ်များတွင် ရှာဖွေကြည့်သော်လည်း ကောင်းကင်အလွန်မှ အလင်းရောင်နှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ ရှာမတွေ့ချေ။
အမှန်မှာတော့ ရွှီချင်းသည် လွန်ခဲ့သော ရက်အနည်းငယ်တုန်းက သူ၏ ဆရာကို ဤအကြောင်းနှင့်ပတ်သက်ပြီး မေးကြည့်ခဲ့သော်လည်း သူ၏ ဆရာက ယင်းကို တစ်ခါမှ သူမကြားဖူးကြောင်း ပြောခဲ့သည်။ ရွှီချင်းသည် အမတ်ယောင်ကိုလည်း ဤအကြောင်းနှင့်ပတ်သက်ပြီး မေးကြည့်ခဲ့သည်။ တစ်ဖက်လူက နန်းမြို့တော်မှာရှိသော သူ၏ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ပေးမည်ဟု သူ့အား ပြန်ပြောခဲ့သည်။
ရွှီချင်းသည် နောင်တရစွာဖြင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော တရားဝင်စာရွက်စာတမ်းများကို ကိုင်တွယ်စစ်ဆေးရန် အတွင်းရေးမှူးဌာနဆီသို့ ပြန်ရောက်လာသည်။ နောက်တစ်နေ့ နေ့လယ်သို့ရောက်သွားသည့်အခါ အမတ်ယောင်ထံမှ အသံပို့လွှတ်ခြင်းကို သူရရှိသွားသည်။
“ ရွှီချင်း မင်းသိချင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး တချို့တလေကို ငါရှာတွေ့ထားတယ်… ပြီးတော့ ငါ့မှာ မင်းကိုပေးစရာတစ်ခုလည်း ရှိတယ်… ငါ့ဂေဟာဆီ မင်းလာနိုင်မလား ”
ရွှီချင်း၏ မျက်လုံးသည် အရောင်ဝင်းလက်သွားသည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဓားကိုင်ရုံးတော်ထဲမှ ထွက်သွားကာ ယောင်ဂေဟာသို့ ဦးတည်သွားသည်။
လမ်းတစ်လျှောက်တွင် ဒေသငယ်မြို့တော်၏ လမ်းမများပေါ်၌ သွားလာလှုပ်ရှားနေကြသူများဖြင့် စည်ကားသိုက်မြိုက်နေကြောင်း သူမြင်သွားသည်။ လူတိုင်း၏ မျက်နှာပေါ်မှ အပြုံးများသည် ယခင်ကထက် ပိုများပြားလာကြောင်း သိသာလှပေသည်။
အတိတ်တွင် သူတို့စားသုံးခဲ့သော ဓာတ်ပြယ်ဆေးလုံးများ၌ အမှန်တကယ် အဆိပ်မရှိတော့ပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး အမတ်ယောင်နှင့် သူ၏ ဆရာသည် ဖုန်းဟိုင်ဒေသငယ်မှ ဆေးပညာရှင်အားလုံးကို စုဝေးလိုက်ပြီး ဓာတ်ပြယ်ဆေးလုံးကို သေသေချာချာ လေ့လာစေသည်။
သူတို့က ဓာတ်ပြယ်ဆေးလုံးသည် အဆိပ်မရှိကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း လူအများအပြားသည် ယင်းကို သံသယရှိနေတုန်းပင်။ အဘယ့်ကြောင့်ဆိုသော် ယင်းက သူတို့၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အမတ်ယောင်က ထိုပြဿနာအတွက် အန္တရာယ်မရှိသော ဆေးလုံးများကို အသုံးပြုရန် အကြံပေးခဲ့သည်။ သို့ဖြစ်၍ ဒေသငယ်မြို့တော်တွင် လူသားမျိုးနွယ်အတွက် အခမဲ့ထောက်ပံ့ပေးသော သဟဇာတဆေးလုံးများ ပေါ်ပေါက်လာသည်။
ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုသည် ခန္ဓာကိုယ်ကို အားအင်တိုးမြှင့်ပေးနိုင်ခြင်း ဖြစ်သည်။
နောက်ဆုံးမှာတော့ လူတိုင်း ဝမ်းသာပျော်ရွှင်သွားကြသည်။
ထိုကိစ္စက ရွှီချင်းကို သင်ခန်းစာတစ်ခု သင်ကြားပေးခဲ့ပြီး သူ့အား လူ့သဘောသဘာဝကို ပိုပြီးနက်ရှိုင်းစွာ နားလည်သွားစေသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ လုပ်ငန်းစဉ်နှင့် အကျိုးရလဒ်သည် ကောင်းမွန်သည်မဟုတ်ပါလော။ သို့ဖြစ်၍ ရွှီချင်းသည် ကိုယ့်ကိုယ်ကို စိတ်ချုပ်ထိန်းလိုက်ပြီး ယောင်ဂေဟာဆီသို့ ရောက်ရှိသွားသည်။
ရွှီချင်းကို ကြိုဆိုခြင်းသည် ယောင်ဂေဟာတစ်ခုလုံးအတွက် အလွန်အရေးကြီးသောကိစ္စ ဖြစ်သည်။ အကျဉ်းထောင်ဌာနမှ ပြန်လွတ်မြောက်လာခဲ့ကြသော ယောင်မိသားစုဝင်များသည် ရွှီချင်း၏ စကားကြောင့် အသက်ဘေးမှ သူတို့ချမ်းသာရာရခဲ့ကြောင်း သိထားကြပြီး ဖြစ်သည်။
သို့ဖြစ်၍ ယောင်ဂေဟာဆီသို့ ရွှီချင်းရောက်ရှိသွားသည့်အခိုက် ယောင်မိသားစုဝင်များသည် ရွှီချင်းအပေါ် အလွန်ရိုသေလေးစားစွာ ပြုမူဆက်ဆံကြသည်။
သူတို့သည် ဂိတ်တံခါးအပြင်ဘက်တွင် တစ်ညီတစ်ညာတည်း ရပ်နေကြလျက် အရိုအသေပေးလိုက်ကြသည်။ ကျေးဇူးတင်မှုက သူတို့၏ မျက်လုံးထဲမှာ ရှိသည်။
“ ကြိုဆိုပါတယ် သံတော်ဆင့်ရွှီ ”
လူအုပ်ကြီးထဲတွင် လူကြီးလူငယ်၊ ကလေးများနှင့် အမျိုးသမီးများဖြင့် ပြည့်နှက်နေသည်။ ယောင်ယွင်ဟွေ့နှင့် ယောင်ဖေးဟယ်သည်လည်း သူတို့ထဲမှာ ပါရှိသည်။
ယောင်ယွင်ဟွေ့သည် စိတ်ရှုပ်ထွေးနေသည်။ မူလက ဆွဲဆောင်မှုရှိသော သူ၏ မျက်နှာသည် ယခု မျက်တွင်းကျနေသည်။ တစ်ချိန်က ပြည့်ပြည့်ဝဝရှိသော သူ၏ ကိုယ်လုံးလေးသည် ယခု အတော်လေး ဝိတ်ကျသွားသည်။ သို့သော်လည်း ယင်းက သူ၏ အလှအပကို အနည်းငယ်မှ လျော့ပါးသွားစေခြင်း မရှိပေ။ အားနည်းသော အသွင်ပုံစံကြောင့် သူ့အပေါ် စာနာသနားစိတ် ဖြစ်မိသည်။