← Chapters

မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(ခ)

Vol. 52 Ch. 793

မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(ခ)

Vol. 52 Ch. 793

ယောင်ဂေဟာထဲမှ ရွှီချင်း ပြန်ထွက်လာသည့်အခါ မှောင်ရီစပျိုးချိန်ကို ရောက်ရှိနေ၏။ လင်းအာ၏ အသံသည် ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်လာသည်။

“ အကိုရွှီချင်း စောစောက အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ကို အကိုသတိထားရမယ်နော် ”

“ အကို့ကို သူတို့ကြည့်တဲ့အကြည့်က မူမမှန်ဘူး… အထူးသဖြင့် လက်ဖက်ရည်ငှဲ့ပေးတဲ့တစ်ယောက်ပဲ… သူ့ပြဿနာက ပိုပြီးကြီးမယ်လို့ ညီမထင်တယ်… အကိုရွှီချင်း သေချာသတိထားရမယ်… သူတို့က အကို့ကို ဒုက္ခပေးချင်နေတာလို့ ညီမထင်တယ် ”

လင်းအာသည် အလေးအနက် ပြောသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသားသည် အေးခဲသွားသည်။ သူက သေချာပြန်တွေးတောလိုက်ပြီး ကျန်းစီယွမ်နှင့်ကိစ္စကို အမှတ်ရသွားသည်။ ယောင်ယွင်ဟွေ့မှာ တခြားအတွေးများ ရှိနေနိုင်သည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

ယောင်ဖေးဟယ်နှင့်ပတ်သက်ပြီးတော့ အကြောင်းအရင်းကို ရွှီချင်း နားမလည်ပေ။ သို့သော် ထိုကိစ္စကိုလည်း သူအလေးထားရမည်။

ရွှီချင်းက သူ့စကားအား လက်ခံသည်ကို မြင်သောအခါ လင်းအာသည် အလွန်ပျော်ရွှင်သွားသည်။ သူက ပြင်ပအန္တရာယ်များကို အာရုံခံပေးပြီး ရွှီချင်းကို အကူအညီပေးနိုင်သည်ဟု ခံစားမိသွားသည်။ သို့ဖြစ်၍ သူက ရွှီချင်း၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာပြီး သူ့နားထဲသို့ တိုးတိုးကလေး ပြောလိုက်သည်။

“ အကိုရွှီချင်း ညီမက တကယ်ပဲ အသုံးဝင်တယ်… ညီမ အသွင်ပြောင်းပြီးတဲ့အခါကျရင် အိမ်မှုကိစ္စတွေပါ လုပ်နိုင်လာလိမ့်မယ် ”

“ အို ညီမက သီချင်းလည်းဆိုတတ်သေးတယ် သိလား… သစ်ဝိညာဉ်မျိုးနွယ်က ညီအမတွေဆီကနေ သီချင်းလေးငါးပုဒ်လောက် သင်ထားတယ်… ငါတကယ် ဉာဏ်ကောင်းတာပဲ ”

“ အကို့ကို ညီမ သီချင်းဆိုပြရမလား ”

လင်းအာ၏ အသံထဲတွင် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ ဤသည်ကို ကြားသောအခါ ရွှီချင်းသည် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

လင်းအာသည် နူးညံ့စွာ သီချင်းကလေး ညည်းလိုက်သည်။ သူ၏ အသံသည် မိုးတဖွဲဖွဲကျသော မြည်သံပမာ ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။ ယင်းက ကြည်လင်သော နွေဦးရာသီ၏ တေးသွားပမာ သူ၏ နှလုံးသားထဲထိ စီးဆင်းသွားသည်။

“ လရောင်က နွေးထွေးပါတယ်… မနေ့ညက သစ်စိမ်းခြံရိုးပေါ်ကို ကျဆင်းလာလို့ရယ်… မိုးရေစက်က အခုထိ မခြောက်သေးဘူးကွယ်… လိုအင်ဆန္ဒက အလင်းရောင်အဖြစ် ပြောင်းလဲသွားနေတယ်… ”

“ နောက်ဘဝမှာ ထာဝရလက်တွဲသွားမယ့်အကြောင်း မပြောကြရအောင်… ဆုံတွေ့ခြင်းဆိုတာ ကံကြမ္မာပဲ မဟုတ်ဘူးလား… ”

“ ဒီဘဝမှာ နောင်တမရအောင် နေကြမယ်… မင်းလေးဘေးမှာ အမြဲရှိနေမယ်ဆိုတဲ့ ကတိစကားက ပန်းဖူးလေးတွေလို ပွင့်လန်းလာတော့မလား… နောက်ဘဝမှာလေ မင်းလေးသာ တစ်ချက်လောက် ပြန်လှည့်ကြည့်မယ်ဆို တစ်ခါလောက် ပြုံးပြမယ်ဆို နှစ်တွေထောင်သောင်းမက ကုန်လွန်သွားပါစေ… ”

လင်းအာ၏ သိမ်မွေ့နူးညံ့သော အသံသည် ရွှီချင်း၏ နှလုံးသားထဲသို့ စီးဆင်းသွားသည်။

နေဝင်ဆည်းဆာအောက်မှာ သူက ဒေသငယ်မြို့တော်၏ လမ်းမများပေါ်တွင် ဖြတ်လျှောက်သွားနေသည်။ သူက အရှိန်အဝါကို ဖုံးကွယ်ထားပြီး သူ၏ ခြေရာများကို ဝေဝါးစေသည်။ သူက လူစုလူဝေးကို ဖြတ်ကျော်သွားပြီးနောက် ဆူညံခြင်းမှ တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ဝင်ရောက်သွားသည်။

ညနေလေညင်းသည် သူ၏ အနီးနားမှာ ရစ်ဝဲလှည့်ပတ်နေသည်။ ၎င်းက လင်းအာ၏ တေးသီချင်းသံကို ကြားသည့်အလား သူ၏ အနက်ရောင်ဆံပင်ကို စည်းချက်နှင့်အညီ လှုပ်ခါယမ်းစေသည်။

ညနေဆည်းဆာ၏ နီညိုရောင်အလင်းသည်လည်း ကျရောက်လာပြီး မြွေဖြူလေးကို အရောင်အဝါထွန်းလင်းပေးလိုက်သည်။ ဆည်းဆာအလင်းရောင်အောက်မှာ မိန်းမငယ်လေးတစ်ယောက်၏ ရှက်သွေးဖြာလျက် နူးညံ့စွာ သီချင်းဆိုနေသောပုံရိပ်ကို ဝိုးတိုးဝါးတား မြင်နိုင်စေသည်။

အဝေးမှ လက်ထောက်ဒေသအကြီးအကဲ၏ ခြံဝန်းတွင် သတ္တမသခင်ကြီးသည် အဆောက်အဦးတစ်ခုပေါ်မှာ မတ်တတ်ရပ်နေပြီး လမ်းမများပေါ်သို့ ကြည့်နေသည်။

သူက ရွှီချင်းကို ပြုံးလျက် ကြည့်လိုက်သည်။

အမတ်ယောင်၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး သူ၏ ဘေးမှာ ရပ်လိုက်သည်။

“ ငယ်ရွယ်ရတာ အရမ်းကောင်းတာပဲ ”

သတ္တမသခင်ကြီးသည် ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

အမတ်ယောင်သည်လည်း လမ်းမပေါ်မှ ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ အမှန်ပဲ… ငယ်ရွယ်တာက တကယ်ကောင်းတယ် ”

“ ငါ့တပည့်က မင်းတို့တစ်မိသားစုလုံးကို ကယ်တင်ပေးခဲ့ပြီး မင်းရဲ့နာမည်ပျက်ကို ရှင်းလင်းဖို့ ကူညီပေးခဲ့တယ်… ဒီတော့ မင်း သူ့ကို ကောင်းကောင်းကာကွယ်ပေးရလိမ့်မယ် ”

သတ္တမသခင်ကြီးသည် အမတ်ယောင်ကို ကြည့်လိုက်သည်။

“ တကယ်လို့ သူသာ ရှေ့မထွက်ခဲ့ဘူးဆိုရင် အဲ့ဒီအချိန်မှာ ဘယ်သူမှ ကန့်ကွက်ဖို့ အခွင့်အရေးမရှိဘူး ”

“ မင်းငါ့ကို မယုံကြည်သေးဘူးလား ”

အမတ်ယောင်သည် ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ ဒီရက်တွေမှာ မေးခွန်းတစ်ခုကို ငါစဉ်းစားနေခဲ့တယ်… အဲ့ဒီနေ့က တကယ်လို့ ငါသာ အဲ့ဒီစကားတွေကို အော်မပြောခဲ့ဘူးဆိုရင် မင်းထွက်ပေါ်လာဦးမှာလား ”

သတ္တမသခင်ကြီးသည် အမတ်ယောင်အပေါ် လေးနက်စွာ စိုက်ကြည့်လိုက်သည်။

အမတ်ယောင်သည် အဝေးမှ ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး အလေးအနက် စဉ်းစားလိုက်သည်။ လွန်ခဲ့သော လဝက်တုန်းက မြင်ကွင်းကို သူပြန်မြင်ယောင်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။

“ ငါ ရှေ့ထွက်ဦးလိမ့်မယ်လို့ ယုံကြည်တယ် ”

သတ္တမသခင်ကြီးသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က ကောင်းကင်ပေါ်မှ ဝင်လုဆဲဆဲ နေလုံးထံသို့ ကျရောက်သွားသည်။ အချိန်တစ်ခဏအကြာမှာ သူက တည်ငြိမ်စွာ ပြောသည်။

“ ငါ့တပည့်နဲ့ မင်းဆွေးနွေးတာ အခြေအနေဘယ်လိုလဲ ”

“ သူက နာမည်တစ်ခုပေးတယ်… အဲ့ဒီလူကို ထောက်လှမ်းရေးလုပ်ခိုင်းဖို့ ငါ တစ်ယောက်ယောက်ကို ဆက်သွယ်လိုက်မယ်… ဒါမှ သတ္တမမင်းသားကို ဆန့်ကျင်နိုင်မယ် ”

အမတ်ယောင်သည် တည်ငြိမ်စွာ ပြန်ပြောသည်။

“ သူက ငါတို့ဖုန်းဟိုင်ဒေသငယ်က ပြည်နယ်သုံးခုကို ပြန်မပေးဘူး… ဖုန်းဟိုင်ဒေသငယ်မှာ ခြိမ်ခြောက်နိုင်စွမ်းက နည်းပါးနေတယ် ”

ထိုနေရာသို့ရောက်သည့်အခါ အမတ်ယောင်သည် သတ္တမသခင်ကြီးကို ကြည့်လိုက်သည်။

“ ညီအကိုဟမ့်ရှင်းနဲ့ ရုန်ယုရဲ့ အလောင်းတွေကနေ ပြောင်းလဲသွားတဲ့ ရုပ်သေးရုပ်တွေကရော အခြေအနေဘယ်လိုရှိလဲ ”

သတ္တမသခင်ကြီးသည် ခေါင်းခါလိုက်သည်။

“ အဲ့ဒါက နတ်ဘုရားနောက်လိုက်တွေရဲ့ မျိုးဆက်အသစ်ပဲ… သူတို့ကို ပြန်အသက်သွင်းဖို့က နည်းနည်းခက်တယ်… ဒါပေမဲ့ နည်းလမ်းတစ်ခုကို ငါစဉ်းစားထားပြီးပြီ… ချီယွဲ့ထုံဂိုဏ်းမှာ ငါသိမ်းဆည်းထားတဲ့ သုတေသနတွေကို ပြန်ရယူဖို့ မကြာခင် အဲ့ဒီကို ခရီးထွက်ရလိမ့်မယ် ”

“ ပြီးတော့ ငါတို့တွေ ချီယွဲ့ထုံဂိုဏ်းကို ဒေသငယ်မြို့တော်ဆီ ပြောင်းရွှေ့ရလိမ့်မယ် ”

အမတ်ယောင်သည် ခေါင်းညိတ်လိုက်သည်။ ချီယွဲ့ထုံဂိုဏ်း၏ ပြောင်းရွှေ့မှုသည် သေချာပေါက် လုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် သူက ဆက်မမေးတော့ဘဲ ထွက်သွားသည်။

အမတ်ယောင်ထွက်သွားပြီးနောက် သတ္တမသခင်ကြီးသည် ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ဖဝါးကို ကြည့်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် နတ်ဘုရားအဆီအနှစ်မှ ဖြစ်တည်လာသော မှော်သင်္ကေတတစ်ခု ရှိသည်။

ယင်းသည် ယခင်က သူလေ့လာခဲ့သော ရတနာဖြစ်ပြီး အလိမ်အညာကို စမ်းသပ်စစ်ဆေးနိုင်သော တစ်ခါသုံးရတနာဖြစ်သည်။

ယေဘုယျအားဖြင့် နတ်ဘုရားသည် အနန္တတန်ခိုးနှင့် အနန္တအသိဉာဏ်ကို ပိုင်ဆိုင်သည်။ ယင်းက နတ်ဘုရားနှင့် ဆက်စပ်မှုရှိရုံသာဆိုသော်လည်း ဤရတနာ၏ အကူအညီဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က အမှန်ကိုပြောနေခြင်းလော လိမ်ညာနေခြင်းလောကို အဆုံးအဖြတ်ပေးနိုင်သေးပေသည်။

သတ္တမသခင်ကြီး၏ အကြည့်အောက်မှာ သူ၏ လက်ဖဝါးပေါ်မှ မှော်သင်္ကေတသည် တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။

အချိန်တစ်ခဏကြာပြီးနောက် သတ္တမသခင်ကြီးသည် ခေါင်းညိတ်လိုက်သည်။

“ သူက စိတ်ရင်းမှန်နဲ့ ပြောခဲ့တယ်ဆိုပေမဲ့ အပြည့်အဝ ယုံကြည်လို့ မရသေးဘူး… ဘာပဲပြောပြော လူသားတွေရဲ့ နှလုံးသားက ပြောင်းလဲနိုင်တယ် ”

“ ဒီဖုန်းဟိုင်ဒေသငယ်က စတုတ္ထတပည့်ဟာဆိုမှတော့… သူ့အပိုင်ပဲ သေချာပေါက် ဖြစ်ရမယ် ”

စူးရှသော အလင်းရောင်သည် သတ္တမသခင်ကြီး၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ တစ်ခဏကြာတွေးတောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းထံသို့ အသံပို့လွှတ်လိုက်သည်။

“ စတုတ္ထတပည့် ဒီသုံးရက်အတွင်း ချီယွဲ့ထုံဂိုဏ်းဆီ ငါခရီးထွက်ရလိမ့်မယ်… ဂိုဏ်းဆီ မင်းပြန်မရောက်ဖြစ်တာ အတော်ကြာပြီ… ဒီတစ်ကြိမ် ငါနဲ့ပြန်လိုက်ခဲ့ပါ ”

သတ္တမသခင်ကြီးသည် မျှော်လင့်တကြီး ပြောသည်။

“ ဇာတိမြေကို မပြန်တာက အဝတ်အစားကောင်းတွေဝတ်ပြီး ညဘက် လမ်းထွက်လျှောက်တာနဲ့တူတယ်… ”

ဓားကိုင်ရုံးတော်ထဲတွင် မကြာခင်ကမှ ပြန်ရောက်လာသော ရွှီချင်းသည် လင်းအာ၏ တေးသီချင်းသံထဲမှာ စိတ်နစ်မြောနေသည်။ အချိန်တစ်ခဏအကြာမှာ အသံပို့လွှတ်ကျောက်စိမ်းပြားမှ တုန်ခါမှုကို သူသတိပြုမိသွားပြီး သူ့ဆရာ၏ စကားသံကို ကြားသွားသည်။

“ လင်းအာ ချီယွဲ့ထုံဂိုဏ်းကို မင်းပြန်ချင်လား ”

ရွှီချင်းသည် လင်းအာကို ကြည့်လိုက်သည်။

“ အင်း… ညီမက ချီယွဲ့ထုံဂိုဏ်းရဲ့ ဉာဏ်ပညာဌာနကနေ လာတာလေ ”

မြွေဖြူလေးသည် ပျော်ရွှင်စွာ ပြန်ပြောသည်။

လင်းအာ၏ စိတ်လှုပ်ရှားသော အမူအရာကို မြင်သောအခါ ချီယွဲ့ထုံဂိုဏ်းမှ သူနှင့်ရင်းနှီးကျွမ်းဝင်သော ပုံရိပ်အများအပြားသည် ရွှီချင်း၏ စိတ်ထဲမှာ ထင်ပေါ်လာသည်။ ဆဌမသခင်ကြီး၏ အုပ်ဂူကို သွားရောက်လည်ပတ်ရန် ချီယွဲ့ထုံဂိုဏ်းသို့ သူသည်လည်း ပြန်သွားချင်သည်။

ခေါင်းဆောင်လဲ့နှင့် ဆရာသခင်ပိုင်လည်း ရှိသေးပေသည်။ သူတို့ကို သူအရိုအသေမပေးရသည်မှာ အချိန်အတော်ကြာသွားချေ၏။

ချီယွဲ့ထုံဂိုဏ်းသို့ပြန်ရန် စဉ်းစားထားပြီးဖြစ်၍ ရွှီချင်းအနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ရှိသည်။ ထို့ကြောင့် သူက ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး သူ၏ ဆရာဆီသို့ အသံပို့လွှတ်လိုက်သည်။

All Chapters