မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(ဂ)
Vol. 52 Ch. 794
“ ဆရာ… ကျွန်တော်တို့ ခရီးထွက်တဲ့အခါ မီးခိုးမျိုးနွယ်ကို ဖြတ်သွားလို့ရမလား ”
“ ကျွန်တော့်မှာ သူတို့နဲ့ ရန်ကြွေးရှိတယ် ”
ရွှီချင်းသည် အငြိုးအတေးကြီးသူဖြစ်သည်။ ယင်းက သူငယ်ငယ်လေးကတည်းက ယခုထိ ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ချီယွဲ့ထုံဂိုဏ်း၏ မဟာအတောင်ပံသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
၎င်း၏ အတောင်ပံနက်များသည် ကြီးမြတ်ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းအပေါ်မှ အတုအယောင် တောင်တန်းများနှင့် အဆောက်အဦးများသည် ကျင့်ကြံသူအယောက်တစ်သိန်း ဝင်ဆံ့၏။
သတ္တမသခင်ကြီးသည် မဟာအတောင်ပံပေါ်မှ အရှည်လျားဆုံး အဆောက်အဦးပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဘေးတွင် ရွှီချင်းတစ်ယောက်တည်းသာ ရှိသည်။
သို့သော်လည်း သူတို့နှစ်ယောက်၏ အနောက်တွင် ကျင့်ကြံသူတစ်ထောင် ရှိသည်။ သူတို့အားလုံးသည် ဓားကိုင်ရုံးတော်မှ စစ်ပြန်ဓားကိုင်များ ဖြစ်ကြပြီး တာအိုပညာရှင်စစ်မာက ဦးဆောင်ထားသည်။ သူတို့ကို ဓားကိုင်ရုံးတော်သခင် လီယွမ်ရှန်းနှင့် အမတ်ယောင်က ရွေးချယ်ထားခြင်း ဖြစ်သည်။
ထိုကျင့်ကြံသူတစ်ထောင်သည် ဤခရီးစဉ်မှာ ရွှီချင်း၏ အစောင့်အကြပ်များ ဖြစ်ကြသည်။
သူတို့သည် ရွှီချင်းကို ကာကွယ်ပေးရန် တာဝန်ရှိသည်။
တာအိုပညာရှင်စစ်မာသည်တော့ သူ့မှာ စီမံခန့်ခွဲရေးရာထူးအပြင် တခြားသရုပ်လည်း ရှိသေးပေသည်။ ယင်းက တာအိုအစောင့်အရှောက်ဖြစ်သည်။
သူက အနာဂတ်မှာ ဖုန်းဟိုင်ဒေသငယ်၌ ရွှီချင်း၏ ဘေးကင်းလုံခြုံရေးအတွက် ကိစ္စအဝဝကို တာဝန်ယူရလိမ့်မည်။
ကောင်းကင်ပေါ်တွင် မဟာအတောင်ပံအပြင် အလွန်ကြီးမားသော ပုံရိပ်တစ်ခုလည်း ဝေဝေဝါးဝါး ထွက်ပေါ်နေသည်။ ၎င်းသည် ငှက်ကြီးချင်းချင်း ဖြစ်သည်။
အစကတော့ ၎င်းသည် ရွှီချင်းနောက်သို့လိုက်ရန် ဆန္ဒမရှိပေ။ သို့သော်လည်း ရွှီချင်းက စားတော်ပွဲကြီးတစ်ခုရှိကြောင်း အကြောင်းကြားသောအခါ ၎င်းက ရုတ်တရက် စိတ်ဓာတ်တတ်ကြွလာပြီး အလျှင်အမြန် ရောက်ချလာသည်။
၎င်းက စောင့်ဆိုင်းရသည်ကို အနည်းငယ် စိတ်မရှည်ဖြစ်လာပြီး စူးစူးဝါးဝါးမြည်သံကို ထုတ်ဖော်လိုက်သည်။
အသံသည် ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာတစ်ခွင် ပျံ့လွင့်သွားလေရာ ဒေသငယ်မြို့တော်ထဲမှ သေမျိုးများနှင့် ကျင့်ကြံသူများ၏ နားထဲသို့ ရောက်ရှိသွားသည်။
အားလုံး၏ အကြည့်အောက်မှာ ရွှီချင်းသည် သူ့အနောက်မှ တာအိုပညာရှင်စစ်မာနှင့် ကျင့်ကြံသူတစ်ထောင်ကို လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ မဟာအတောင်ပံသည် ဝုန်းခနဲမြည်ဟိန်းသွားပြီး ကောင်းကင်ထက်သို့ ဝှီးခနဲပျံသန်းသွားသည်။
ကြည်လင်တောက်ပသော ကောင်းကင်အောက်မှာ သက်တံ့တစ်ခုသည် ဖြောင့်တန်းစွာ ဖြတ်သန်းသွားလေရာ အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားမည့် လှိုင်းအတတ်အကျများ ဖြစ်ပေါ်လာသည်။
မဟာအတောင်ပံ၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်း၏။ အရှိန်ထပ်တင်ရန် ငှက်ကြီးချင်းချင်းသည် အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်လေရာ ၎င်း၏ အလျင်သည် လျှပ်စီးကိုပင် ကျော်လွန်သွားသည်။ တစ်ရက်မပြည့်ခင်မှာ သူတို့သည် ဒေသငယ်မြို့တော်၏ အစွန်အဖျားသို့ ရောက်ရှိသွားပြီး ကျယ်ပြောသော လွင်တီးခေါင်မြေကို မြင်လာကြသည်။
သူတို့က ပျံသန်းသွားကြသည်နှင့် မဟာအတောင်ပံမှ ကြီးမြတ်ထည်ဝါသော အရှိန်အဝါနှင့် ငှက်ကြီးချင်းချင်းထံမှ ဆာလောင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုမှ ဖြစ်တည်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါသည် ဤနေရာမှ ကောင်းကင်ကို ဝေဝါးသွားစေသည်။ မြေပြင်ပေါ်မှ လေနှင့် သဲသည် တစ်ခဏမျှ ရပ်တန့်သွားပြီး ပြင်းထန်သော အပူဒဏ်သည် ဤသက်ဖြတ်ခြင်းအရှိန်အဝါအောက်မှာ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်သာ မဟာအတောင်ပံနှင့် ငှက်ကြီးချင်းချင်းကို ဗဟိုထား၍ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။
လမ်းတစ်လျှောက်တွင် ဤခရီးစဉ်မှ ပထမဆုံး ရပ်မည့်နေရာသည် မီးခိုးမျိုးနွယ်၏ ဌာနခွဲတစ်ခုဖြစ်ကြောင်း တာအိုပညာရှင်စစ်မာနှင့် ဓားကိုင်တစ်ထောင်သည် သိရှိထားကြပြီး ဖြစ်သည်။
သူတို့သည် စစ်မြေပြင်တွင် သွေးပင်လယ်နှင့် အလောင်းပုံတောင်ကို ဖြတ်ကျော်ဖူးကြသော စစ်သည်တော်များ ဖြစ်ကြသည်။ သို့ဖြစ်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက သူတို့၏ နှလုံးသားထဲ၌ လှိုင်းတံပိုးထသွားစေရန် မစွမ်းဆောင်နိုင်ပေ။
သို့ဖြစ်၍ သူတို့အားလုံးသည် ဤအခိုက်အတန့်မှာ လွန်စွာမှ တည်ငြိမ်နေကြသည်။ သို့သော် ထိုသို့တည်ငြိမ်နေလေ ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်ထားသော သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးများပြားလာလေ ဖြစ်သည်။
မဟာအတောင်ပံ၏ တဝီဝီမြည်သံက ပိုပြီးကျယ်လောင်လာသောအခါ လွင်တီးခေါင်မြေပေါ်ရှိ အမျိုးမျိုးသော မျိုးနွယ်ခြားများသည် နှလုံးတုန်ထိတ်လန့်လာကြသည်။
လွင်တီးခေါင်မြေပေါ်မှ အလင်းရောင်မွန်းစတားများသည်ပင် ထွက်မပေါ်လာဝံ့ကြပေ။
မီးခိုးမျိုးနွယ်သည် မျိုးနွယ်စုကြီးမဟုတ်ပေ။ သူတို့၏ ပုံသဏ္ဍာန်သည် အခိုးအငွေ့ဖြစ်သည်။ ယေဘုယျအားဖြင့် မီးခိုးမျိုးနွယ်သည် မီးခိုးရှိသော မည်သည့်နေရာတွင်မဆို တည်ရှိလေ့ရှိသည်။
သူတို့သည် ဤအခြေအနေမှ လွတ်မြောက်ပြီး ပဋိပက္ခကို ဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။ လူသားများသည် လက်ထောက်ဒေသအကြီးအကဲ၏ သစ္စာဖောက်မှုကြောင့် ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားခဲ့ကြရပြီး သူတို့၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ရန် ထွက်ပေါက်တစ်ခုကို လိုအပ်သည်။ သို့ဖြစ်၍ လက်ထောက်ဒေသအကြီးအကဲနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူများသည် မလွဲမသေ ပြန်ပေးဆပ်ရကြလိမ့်မည်။
သို့ကြောင့် မီးခိုးမျိုးနွယ်၏ ဌာနခွဲများသည် တစ်ခုပြီးတစ်ခု ဖိနှိပ်ခံလိုက်ရကြသည်။ အကယ်၍ လွတ်မြောက်သွားသူများရှိလျှင်ပင် ယင်းက အများကြီး မဟုတ်ပေ။
သို့သော်လည်း ရွှီချင်းသည် မီးခိုးမျိုးနွယ်မှ ဌာနခွဲမြို့တော်တစ်ခုကို အထူးအကြံပေးခဲ့သည်။
ထိုနေရာသည် အတိတ်တွင် သူ့အား အင်မော်တယ်အူခွေသစ်ပင်များမှ တည်နေရာပြောင်းရွှေ့ခဲ့သော နေရာဖြစ်သည်။ ထိုစဉ်က သူသည် ကြီးစွာသော အန္တရာယ်ကို အာရုံခံမိသောကြောင့် တည်နေရာပြောင်းရွှေ့ရန် မီးခိုးမျိုးနွယ်ထံသို့ တလေးတစား သွားရောက်တောင်းဆိုခဲ့သည်။ သို့သော်လည်း သူက မီးခိုးမျိုးနွယ်၏ တမင်တကာ အချိန်ဆွဲခြင်းခံခဲ့ရသည်။
မီးခိုးမျိုးနွယ်၏ မြို့တော်အပြင်ဘက်တွင် သူက ရိုသေလေးစားစွာ စောင့်ဆိုင်းနေစဉ် တစ်ဖက်လူ၏ ယုတ်မာကောက်ကျစ်သော စိတ်သဘောထားအား အာရုံခံမိခဲ့သည်ကို ယခုထိတိုင် ရွှီချင်းက မှတ်မိနေဆဲပင်။ ရွှီချင်းကိုကြည့်သော မြို့တော်ထဲမှ မီးခိုးမျိုးနွယ်ဝင်များ၏ အကြည့်သည်လည်း အေးစက်ကြသည်။
ထိုသို့အချိန်ကြန့်ကြာမှုကြောင့် လွင်တီးခေါင်မြေ၏ အစွန်အဖျားမှာ ချူထျန်းချွင်၏ တားဆီးခြင်းကို ရွှီချင်းခံခဲ့ရခြင်း ဖြစ်သည်။ ယင်းက သူ့အား သေခြင်းရှင်ခြင်းတိုက်ပွဲဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့ကြားမှ တိုက်ပွဲမြေပြင်သည်ပင် မီးခိုးမျိုးနွယ်၏ ကမ္ဘာငယ်လေးမှ အပိုင်းအစတစ်ခု ဖြစ်သည်။
အကယ်၍ လင်းအာကြောင့်သာမဟုတ်လျှင် ရွှီချင်းသည် ထိုတိုက်ပွဲမှာ ကျဆုံးသွားလိမ့်မည်။
အမှန်တော့ အပြင်သို့ သူထွက်လျှောက်လာစဉ် သူ့အား စူးစိုက်ကြည့်နေသော ဧရာမပုံရိပ်ကြီးတစ်ခုပင် ရှိသေး၏။
ရွှီချင်းသည် ထိုရန်ကြွေးကို အမြဲတမ်း တေးမှတ်ထားသည်။
ဤအခိုက်အတန့်မှာ မဟာအတောင်ပံက တဝီဝီမြည်လာသည်နှင့် ရွှီချင်းသည် လွင်တီးခေါင်မြေကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးသည် အေးစက်လာသည်။ ငှက်ကြီးချင်းချင်းသည် ရွှီချင်း၏ စိတ်ခံစားချက်ကို အာရုံခံမိသွားသည့်အလား နားကွဲလုမတတ် ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။
နေ့တစ်ဝက်ကြာပြီးနောက် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ မီးခိုးမျိုးနွယ်၏ တည်နေရာသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
အဝေးမှကြည့်လျှင် ထိုနေရာသည် မီးခိုးဖြင့် ပြည့်နှက်နေသည်။ မီးခိုးငွေ့ထဲတွင် ရုပ်ဝတ္ထုမရှိသော ပုံရိပ်ယောင်မြို့တော်ကို ရေးတေးတေး မြင်နိုင်သည်။
မီးခိုးငွေ့ထဲတွင် နေထိုင်ကြသော မီးခိုးမျိုးနွယ်အတွက်တော့ ဒြပ်ထည်မရှိသော အခိုးအငွေ့သည် သူတို့၏ မူလခန္ဓာကိုယ်ဖြစ်ပြီး ကမ္ဘာငယ်ထဲတွင် သိမ်းဆည်းထားသော ရုပ်သေးရုပ်များသည်တော့ သူတို့၏ လက်ခံကောင်တိုက်ပွဲအရုပ်များ ဖြစ်ကြသည်။
လဝက်အတွင်းမှာ လူသားမျိုးနွယ်၏ အရေးယူမှုကြောင့် မီးခိုးမျိုးနွယ်၏ ကမ္ဘာငယ်သည် ပြိုလဲပျက်စီးသွားပြီး ရုပ်သေးရုပ်ထက်ဝက်ကျော်သည် ဖျက်ဆီးခံလိုက်ရကြသည်။ ကျန်ရှိသော ရုပ်သေးရုပ်များသည်တော့ ချိပ်ပိတ်ခံလိုက်ရကြသည်။ သို့ဖြစ်၍ မီးခိုးမျိုးနွယ်တွင် လူသားမျိုးနွယ်ကို ဆန့်ကျင်နိုင်သော မည်သည့်အင်အားမှ မရှိတော့ပေ။
ဤနေရာသည်တော့ ရွှီချင်း၏ အကြံပေးမှုကြောင့် ချိပ်ပိတ်ခံရပြီးနောက် အတင်းအကျပ် ထိန်းသိမ်းခံထားရသည်။ အထဲမှ မီးခိုးမျိုးနွယ်ဝင်များသည် ယခုအချိန်ထိ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းကို ခံစားနေကြရသည်။
ယခု ရွှီချင်း၏ ရောက်ရှိလာမှုက ထိုဌာနခွဲ၏ ပျက်စီးခြင်းကို ခရာမှုတ်လိုက်သည့်နှယ်ပင်။
ငှက်ကြီးချင်းချင်းသည် အရင်ဦးစွာ ပျံသန်းသွားပြီး စိတ်လှုပ်ရှားသော စူးစူးဝါးဝါးအော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ခရမ်းနီရောင်အလင်းတန်းသည် ပေါက်ကွဲထွက်လာပြီး အကာအကွယ်ကို ဆုတ်ဖြဲဖွင့်လိုက်သည်။ ဧရာမခေါင်းသုံးလုံးသည် အထဲသို့ တိုးဝင်သွားကြပြီး အကြမ်းပတမ်း စုပ်ယူလိုက်ကြသည်။
နာကျင်ဖွယ်အော်ဟစ်သံများသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ မရေမတွက်နိုင်သော မီးခိုးငွေ့များသည် ငှက်ကြီးချင်းချင်း၏ ပါးစပ်ထဲသို့ တိုးဝင်သွားကြသည်။ ၎င်းက ပျော်ရွှင်စွာ ဝါးမျိုစားသောက်နေလျက် စိတ်လှုပ်ရှားသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။
တာအိုပညာရှင်စစ်မာ၏ အမိန့်အောက်မှာ ဓားကိုင်တစ်ထောင်သည် သက်တံ့များအဖြစ် အသွင်ပြောင်းလဲသွားကြပြီး သူတို့၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော မီးခိုးမျိုးနွယ်ဝင်များကို အကြင်နာမဲ့စွာ သတ်ဖြတ်လိုက်ကြသည်။
ရွှီချင်းသည် မဟာအတောင်ပံပေါ်တွင် မတ်တတ်ရပ်နေလျက် အားလုံးကို အေးစက်စက် ကြည့်ရှုနေသည်။
သူ၏ နှလုံးသားထဲတွင် သနားကြင်နာမှုကို လုံးဝမခံစားမိပေ။ ဤမျိုးနွယ်သည် အလင်းရောင်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ကတည်းက ထိုသို့ဖြစ်လာရန် ကံကြမ္မာပါလာပြီးသား ဖြစ်၏။