မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(ဃ)
Vol. 52 Ch. 795
ကိုယ့်ကျိုးစီးပွားကြောင့်ဖြစ်စေ ဘက်ပြောင်းလဲခြင်းကြောင့်ဖြစ်စေ လူသားမျိုးနွယ်ကို ပုန်ကန်သော အလင်းရောင်အဖွဲ့အစည်းနှင့် ပူးပေါင်းရန် ရွေးချယ်သူများသည် သူတို့၏ အစီအစဉ်ကျရှုံးသွားသည့်အခါ နောက်ဆက်တွဲအနေဖြင့် အမြစ်ဖြတ်သုတ်သင်ခံရနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို ကြိုတင်ပြင်ဆင်ထားရမည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အစားပြန်ပေးရခြင်းသည် ဤရက်စက်သော လောကကြီး၏ ရှင်သန်ရာဥပဒေဖြစ်သည်။
အမြစ်ဖြတ်သုတ်သင်ခြင်းသည် အချိန်သိပ်မကြာခဲ့ပေ။ မည်သို့ဖြစ်စေ ယင်းက ဌာနခွဲလေးတစ်ခုမျှသာ ဖြစ်သည်။
အကြွင်းမဲ့စွမ်းအား၏ ဖိနှိပ်မှုအောက်မှာ ခုခံနိုင်သော မည်သည့်ဖြစ်နိုင်ခြေမှ မရှိပေ။
လေးနာရီကြာပြီးနောက် မီးခိုးသည် လွင့်ပြယ်သွားပြီး ဤနေရာတွင် လုံးဝမတည်ရှိတော့ပေ။
ငှက်ကြီးချင်းချင်းသည် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားပြီး ရွှီချင်းကိုကြည့်ကာ အော်မြည်လိုက်သည်။ ၎င်းက နောက်ထပ်စားစရာ ရှိသေးသလားဟု မေးနေဟန် ရသည်။
ရွှီချင်းသည် တစ်ချက်တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။
ငှက်ကြီးချင်းချင်းသည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ၎င်းက ကောင်းကင်ပေါ်တွင် ပျော်ရွှင်စွာ လှည့်ပတ်ပျံသန်းလိုက်သည်နှင့် သူတို့အုပ်စုသည် ဆက်လက်ခရီးဆက်ကြသည်။
တည်နေရာပြောင်းရွှေ့မည့်နေရာသို့ သွားသည့်လမ်းခရီးတွင် ရွှီချင်းသည် ဝါးခြမ်းပြားတစ်ခုကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။ သူက သံချောင်းနက်ဖြင့် ဝါးခြမ်းပြားပေါ်မှာ ရေးထားသော မီးခိုးမျိုးနွယ်ဟူသည့် နာမည်ကို ကြက်ခြေခတ်လိုက်သည်။
ဘေးမှ သတ္တမသခင်ကြီးသည် ဝါးခြမ်းပြားကို တစ်ချက်လှမ်းကြည့်လိုက်လေရာ ထိပ်ဆုံးပေါ်တွင် ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ နာမည်ကို ရေးသားထားကြောင်း မြင်သွားသည်။ သူ့အောက်တွင် ကြက်ခြေခတ်ပြီးသော နာမည်အများအပြားရှိသည့်အနက် ကြက်ခြေမခတ်ရသေးသော နာမည်တစ်ခုကိုလည်း သူမြင်သွားသည်။ ယင်းက အလွန်ထင်ပေါ်လွန်းသည်။
ယင်းက ‘ ခေါင်းဆောင် ’ဟု ရေးထားသော စာလုံးဖြစ်ပြီး ဘေးတွင် မေးခွန်းအမှတ်အသားများစွာ ရှိသည်။
သတ္တမသခင်ကြီးသည် ရယ်ရခက် ငိုရခက်ဖြင့် ထိုစာလုံးကို ညွှန်ပြလိုက်သည်။
“ အဲ့ဒါဘာလဲ ”
ရွှီချင်း၏ အကြည့်သည် ခေါင်းဆောင်၏ နာမည်ပေါ်သို့ ကျရောက်သွားသည်။ သူက နာမည်ပေါ်သို့ ကြက်ခြေခတ်ရန်ပြင်လိုက်စဉ် ခဏမျှ တုံ့ဆိုင်းသွားသည်။
“ ကြက်ခြေခတ်ပြီးတဲ့လူတွေက ပုံမှန်အားဖြင့် သေပြီးသွားတဲ့လူတွေပါ… အဲ့ဒါက မကောင်းတဲ့အတိတ်နိမိတ်ပါ ”
ရွှီချင်းသည် သူ့ဆရာကို ရှင်းပြသည်။ ဝါးခြမ်းပြားကို ပြန်သိမ်းပြီးနောက် သူက လက်ထဲမှ သံချောင်းနက်ကို ကြည့်လိုက်သည်။
သံချောင်းနက်သည် ရိုသေလေးစားသောပုံစံဖြင့် အနည်းငယ် တုန်ယင်သွားသည်။
“ ဆရာ… ဟိုနတ်ငါးအရိုးကရော ”
ကျင်းကန်းဂိုဏ်းဘိုးဘေးနှင့် အရိပ်လေးသည် သူ၏ တိုက်ပွဲစွမ်းအားကို အမီမလိုက်နိုင်ဘူးဟု ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် သူက လက်နက်ပြောင်းလဲရန် အတွေးရလာသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ထိုအတွေးကို အာရုံခံမိသွားပြီး သံချောင်းနက်သည် ပိုပြီးတုန်ယင်လာသည်။
အရိပ်လေးသည်လည်း စတင်တွန့်လိမ်ရှုံ့တွလာပြီး ကြောက်ရွံ့သော ခံစားမှုကို ထုတ်ဖော်လိုက်ကာ အသနားခံသည်။
ရွှီချင်းသည် အဖက်မလုပ်သော်လည်း လင်းအာသည် ၎င်းကို အာရုံခံမိသည်။ သူက ခေါင်းလေးတိုးထွက်လာပြီး အရိပ်လေးကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
အရိပ်လေးသည် တုန်ယင်သွားပြီး ၎င်း၏ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ ၎င်းက လင်းအာကို မျက်နှာလိုမျက်နှာရလုပ်သည်။
ရွှီချင်း၏ စကားကိုကြားသောအခါ သတ္တမသခင်ကြီးသည် ပြုံးလိုက်သည်။ သူ့တပည့်၏ ခန္ဓာကိုယ်ထဲမှ အရှုပ်အထွေးများကို အစောကြီးကတည်းက သူအာရုံခံမိသည်။ သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲ၌ နတ်ဘုရားလက်ချောင်းသည်ပင် ရှိနေသည်ကို သူရှာတွေ့သွားပြီးနောက် မအံ့ဩတော့ချေ။
“ ငါ နတ်ငါးအရိုးကို သုံးပိုင်းပိုင်းပြီး သန့်စင်နေတယ်… အချိန်ကာလကို တွက်ဆကြည့်မယ်ဆိုရင် လဝက်လောက်တော့ ကြာလိမ့်မယ် ”
“ ပိုင်ရှောင်ကျိုးရဲ့ နတ်ငါးအရိုးသုံးချောင်းက အလဟဿဖြစ်သွားတာတော့ နှမြောစရာပဲ ”
သတ္တမသခင်ကြီးသည် အနည်းငယ် နောင်တရမိသည်။ စင်မြင့်ပေါ်မှ တိုက်ပွဲအတွင်း ရွှီချင်း၏ တည်နေရာပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး သူမေးမြန်းခဲ့သည်။ ရွှီချင်းသည် သူ့အား အားလုံးပြောပြခဲ့သည်။
အရိပ်လေးသည် လင်းအာကို မျက်နှာလိုမျက်နှာရဆက်လုပ်သည်။ ၎င်းက ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲပြလေရာ လင်းအာသည် ဝမ်းသာပျော်ရွှင်စွာ ရယ်မောနေသည်။ မဟာအတောင်ပံသည် လွင်တီးခေါင်မြေကို ခုန်ပျံဖြတ်ကျော်သွားပြီး ယင်ဟွမ်ပြည်နယ်သို့ဝင်ရန် အနီးနားမှ တည်နေရာပြောင်းရွှေ့နေရာဆီသို့ ဦးတည်သွားသည်။
နှစ်ရက်ကြာပြီးနောက်…
ယင်ဟွမ်ပြည်နယ်ထဲမှ နှင်းလွင်ပြင်ပုံရိပ်များသည် ရွှီချင်း၏ မျက်လုံးထဲမှာ ရောင်ပြန်လာသည်။
ဤနေရာမှ လေပြေသည် ဒေသငယ်မြို့တော်မှာထက် ပို၍ပင် အေးသည်။ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော နှင်းပွင့်ကလေးများလည်း ရှိသေးသည်။ ယင်းတို့က အဆုံးမရှိသော စမ်းချောင်းတစ်ခုနှယ် မြေပြင်ပေါ်သို့ ကျဆင်းနေလေရာ သက်ရှိတိုင်း၏ အမြင်အာရုံကို ပိတ်ဆို့ထားပြီး ဘေးပတ်ဝန်းကျင်ကို ဝေဝါးသွားစေသည်။
သို့သော်လည်း နှင်းမုန်တိုင်းကြားထဲ၌ ဤနေရာတွင် စောင့်ဆိုင်းနေကြသော ပုံရိပ်ရာထောင်ချီသည် ပိုပြီးထင်ရှားလာသည်။ သူတို့၏ တည်ရှိမှုသည်လည်း ပိုပြီးကြည်လင်လာသည်။
သူတို့ကို ဦးဆောင်သူသည် ယင်ဟွမ်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲဖြစ်သည်။
မဟာအတောင်ပံက နီးကပ်လာသည်နှင့် မဟာအကြီးအကဲ၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ လက်ထောက်ဒေသအကြီးအကဲကို ကြိုဆိုနှုတ်ဆက်ပါတယ် ”
သူ၏ အနောက်မှ လူထောင်ပေါင်းများစွာသည်လည်း အရိုအသေပြုလိုက်ကြသည်။
ဤသည်မှာ ယဉ်ကျေးမှုဓလေ့ဖြစ်ပြီး မလွဲမသေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
သတ္တမသခင်ကြီး၏ သရုပ်သည် ယခင်ကဲ့သို့ ချီယွဲ့ထုံဂိုဏ်း၏ ဂိုဏ်းဆရာသခင်မဟုတ်တော့ပေ။ ယခု သူသည် လက်ထောက်ဒေသအကြီးအကဲ ဖြစ်သည်။
လူအုပ်ထဲတွင် ဓားကိုင်များအပြင် ဂိုဏ်းတချို့မှ ကျင့်ကြံသူများလည်း ရှိကြသည်။
ထိုကျင့်ကြံသူများသည် အုပ်စုနှစ်စု ခွဲခြားခံထားရသည်။ အုပ်စုတစ်ခုသည် အနက်ရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ယင်းအပေါ်မှာ သွေးမျဉ်းကြောင်းများ ရှိသည်။ သူတို့သည် လီထူဂိုဏ်းမှ ဖြစ်ကြသည်။
တခြားအုပ်စုသည် အင်မော်တယ်အငွေ့အသက်တချို့နှင့် ချမ်းသာကြွယ်ဝမှုကို မီးမောင်းထိုးပြနေသော ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ထိုက်စီရှန်းမုန့်ဂိုဏ်းမှ ဖြစ်ကြသည်။
သွေးမျဉ်းကြောင်းပါ တာအိုဝတ်ရုံနက်ကို ဝတ်ဆင်ထားကြပါစေ တလက်လက်တောက်ပြောင်သော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြပါစေ ယခုအချိန်မှာ သူတို့အားလုံး၏ အမူအရာပေါ်တွင် လေးနက်သော ရိုသေလေးစားခြင်းဖြင့် ပြည့်နှက်နေကြသည်။
သတ္တမသခင်ကြီး၏ အမူအရာတွင် မည်သည့်စိတ်ခံစားမှုမှ မဖြစ်ပေါ်ချေ။ ဖြစ်နိုင်သည်မှာ သူ၏ အသက်အရွယ်နှင့် ကျော်ဖြတ်ခဲ့သော အတွေ့အကြုံများကြောင့် ယင်းက သူ့အတွက် ဘာမှမဟုတ်သလိုပင်။ ဇာတိမြေသို့ ဂုဏ်ကျက်သရေရှိစွာ ပြန်လာလိုသော ဆန္ဒများနှင့် စိတ်ခံစားမှုများသည် သူ့အား မည်သည့်လှိုင်းတံပိုးမှ မဖြစ်စေပေ။
ဘေးမှ ရွှီချင်းသည် သူ့ဆရာ၏ အမူအရာကို သတိထားမိသွားသောအခါ သူ၏ နှလုံးသားထဲမှ ချီးကျူးလိုက်သည်။ ဤအပိုင်းတွင် သူသည် သူ၏ ဆရာထက် နိမ့်ကျနေသေးသည်ဟု ခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ နှလုံးသားထဲမှာ ယခုထိ လှိုင်းတံပိုးထနေသေးသောကြောင့် ဖြစ်၏။
“ ဆရာ ဂျူနီယာညီလေး… ”
သက်ပြင်းချသံသည် အဝေးမှ ထိုက်စီရှန်းမုန့်ဂိုဏ်းထဲမှ ပျံ့လွင့်လာသည်။ ထို့နောက် ချီယွဲ့ထုံဂိုဏ်း၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လူအုပ်ကြားထဲမှ အလျှင်အမြန် ထွက်လျှောက်လာသည်။ သူက ဦးထုပ်ရှည်ကို ဆောင်းထားပြီး ယင်းပေါ်မှာ ‘禁’ဟူသော စာလုံးပါရှိသည်။
ထိုသူက သူ၏ တတိယစီနီယာအကိုဖြစ်ကြောင်း ရွှီချင်း ချက်ချင်း မှတ်မိသွားသည်။
သို့သော် တစ်ဖက်လူ၏ အသွင်အပြင်က သူ့အား ဆွံအသွားစေသည်။
တတိယစီနီယာအကိုသည် လွန်စွာမှ ပိန်ချုံးသွားပြီး လန်းဆန်းတတ်ကြွမှု မရှိပေ။ သူ၏ ခန္ဓာကိုယ်က ဟောင်းလောင်းပေါက်ဖြစ်နေသည့်အလား လေတိုက်လျှင်ပင် လွင့်ထွက်သွားမည့်သဘော ရှိသည်။
ထို့အပြင် ငယ်ရွယ်ချောလှသော မိန်းကလေးခုနစ်ယောက် ရှစ်ယောက်သည် တတိယစီနီယာအကို၏ အနောက်မှ လိုက်ပါလာကြသည်။ သူတို့တစ်ယောက်စီတိုင်းသည် လက်ထဲမှာ ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားကြသည်။
ရွှီချင်းသည် မျက်လုံးပြူးကျယ်သွားသည်။ သတ္တမသခင်ကြီးသည် အမူအရာကင်းမဲ့လျက် တည်ငြိမ်စွာ ပြောသည်။
“ အဓိပ္ပာယ်မရှိလိုက်တာ ”
သူ၏ လေသံထဲတွင် အေးစက်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ ဆရာက အမှန်တကယ် ဒေါသထွက်နေကြောင်း ရွှီချင်း ချက်ချင်း နားလည်သွားသည်။
‘禁’ဟူသော စာလုံးသည် တားမြစ်ခြင်း၊ ပိတ်ပင်ခြင်းဟု အဓိပ္ပာယ်ရ၏။