မျက်လုံးက ပန်းနဲ့အတူ… နှလုံးသားက ကြယ်တွေပေါ်မှာ(က)
Vol. 52 Ch. 796
တတိယစီနီယာအကိုသည် အရှေ့သို့ အလျှင်အမြန် ထွက်လျှောက်လာပြီး လူအုပ်ကြီးကို ကျော်ဖြတ်သွားသည်။ ဒေသငယ်မြို့တော်မှ ကျင့်ကြံသူများ၏ ထူးဆန်းသော အကြည့်အောက်မှာ သူက မဟာအတောင်ပံပေါ်သို့ ခုန်တတ်လိုက်ပြီး သတ္တမသခင်ကြီး၏ အရှေ့တွင် ဒူးထောက်ချလိုက်သည်။
“ ဆရာ… အတိတ်မှာတုန်းက တပည့်က အချစ်အတားအဆီးကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆရာပြောခဲ့တယ်မဟုတ်လား… ဒါကြောင့် ဆရာက တပည့်ဆောင်းဖို့အတွက် တားမြစ်ခြင်းဦးထုပ်ကို လုပ်ပေးခဲ့တာပေါ့… ဒီနေ့ တပည့်ရဲ့ နှလုံးသားက အချစ်အတားအဆီးကို ဖြတ်ကျော်သွားပါပြီ… ပြီးတော့ တပည့်က ပြန်လာဖို့ စိတ်အားထက်သန်စွာနဲ့ တောင်းဆိုပါတယ် ”
တတိယစီနီယာအကို၏ အသံထဲမှာ ဝမ်းနည်းသော ခံစားမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ တစ်စွန်းတစ်စ ပါဝင်သည်။ စကားပြောပြီးနောက် သူက ရွှီချင်းကို ပြုံးပြသည်။ သို့သော်လည်း လက်ရှိပုံစံအရ သူ၏ အပြုံးသည် ယခင်ကဲ့သို့ ဆွဲဆောင်မှုမရှိတော့သလို ရည်မွန်ခြင်းလည်း လျော့နည်းသွားချေ၏။
တစ်ချိန်တည်းမှာ ကလေးပွေ့ချီထားကြသော ထိုက်စီရှန်းမုန့်ဂိုဏ်းမှ မိန်းကလေးတပည့်များသည်လည်း ချက်ချင်း အနောက်မှလိုက်ပါလာကြသည်။ သို့သော်လည်း သူတို့သည် ဓားကိုင်များ၏ အကြည့်ကြောင့် မဟာအတောင်ပံ၏ အရှေ့မှာ ရပ်တန့်သွားကြသည်။
“ ရှစ်ယောက်ပဲရှိသေးတယ်… မလုံလောက်သေးဘူး… (၉၉)ယောက်ရတဲ့အခါမှ ဂိုဏ်းဆီ မင်းပြန်လာလို့ရမယ် ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေရာ တတိယစီနီယာအကို၏ ပုံရိပ်သည် အနောက်သို့ လိမ့်ကျသွားပြီး မဟာအတောင်ပံပေါ်မှ မောင်းထုတ်ခံလိုက်ရသည်။
လေထဲတွင် တတိယစီနီယာအကိုသည် သက်ပြင်းချလိုက်ပြီး အားလုံး၏ အကြည့်အောက်မှာ မဟာအတောင်ပံ၏ အရှေ့၌ ဒူးထောက်ချလိုက်သည်။
သတ္တမသခင်ကြီး၏ ထိန်းချုပ်မှုအောက်မှာ မဟာအတောင်ပံသည် အရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။
ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲသည်တော့ လီထူဂိုဏ်းနှင့် ထိုက်စီရှန်းမုန့်ဂိုဏ်းမှ ဘိုးဘေးများနှင့်အတူ ဖိတ်ခေါ်ခံလိုက်ရသည်။
အဓိကအဆောက်အဦး၏ လသာဆောင်ပေါ်တွင် သူတို့သည် ဂိုဏ်းမှ အခြေအနေများကို သတ္တမသခင်ကြီးဆီသို့ တင်ပြကြသည်။
တစ်ဖက်မှာတော့ ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲသည် လွန်ခဲ့သော လဝက်အတွင်း ယင်ဟွမ်ပြည်နယ်၏ ပြန်လည်နာလန်ထူမှုအခြေအနေကို တင်ပြသည်။
သူတို့ဆွေးနွေးနေကြစဉ် ရွှီချင်းသည် ဘေးမှာ ရပ်နေသည်။ သူက မဟာအတောင်ပံနှင့် တဖြည်းဖြည်း ဝေးသထက် ဝေးလာနေသော တတိယစိနီယာအကိုကို ကြည့်လိုက်သည်။
တတိယစီနီယာအကိုသည် ထိုနေရာတွင် ဆက်လက်ဒူးထောက်နေသည်။ သူ၏ တာအိုလက်တွဲဖော်များသည်လည်း သူအနောက်မှာ ဒူးထောက်နေကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းမှ ဘိုးဘေးနှစ်ယောက်သည် သတ္တမသခင်ကြီးဆီသို့ အစီအရင်ခံနေစဉ် ရွှီချင်းကို လျှို့ဝှက်စွာ စစ်ဆေးလေ့လာနေကြသည်။ သူတို့သည် ဖုန်းဟိုင်ဒေသငယ်မှ ရွှီချင်း၏ သရုပ်ကို ရှင်းလင်းစွာ နားလည်ထားကြသည်။
“ လက်ထောက်ဒေသအကြီးအကဲ ယင်ဟွမ်ပြည်နယ်ရဲ့ ပြန်လည်ပြုပြင်ခြင်းနဲ့ တည်ဆောက်ခြင်းက (၇၀)ရာခိုင်နှုန်းထိ ပြီးနေပါပြီ… အားလုံးက ဒီလကုန်ရင် ဒါမှမဟုတ် နောက်လကျရင် ပြီးသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်… ပြီးတော့ အရင်က အရှင်မှာကြားထားတဲ့ နတ်ဘုရားနောက်လိုက်ရဲ့ တစ်ဝက်ကိုလည်း ပြင်ဆင်ထားပြီးပါပြီ ”
မဟာအကြီးအကဲသည် စကားဆုံးအောင်ပြောပြီးနောက် ရိုသေလေးစားစွာ အရိုသေပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
ရွှီချင်းသည် ရိုသေလေးစားစွာ ပြန်တုံ့ပြန်လိုက်သည်။ သူသည် ဤမဟာအကြီးအကဲအပေါ် အမြဲတမ်း ရိုသေလေးစားသည်။
သတ္တမသခင်ကြီးသည် မဟာအကြီးအကဲနှင့် လီထူဂိုဏ်းမှ ဘိုးဘေးကို သူတို့ပြန်မထွက်သွားမီ ညွှန်ကြားမှုတချို့ ပေးလိုက်သည်။
တာအိုပညာရှင်စစ်မာ၏ ဂျူနီယာညီလေးဖြစ်သော ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးတစ်ဦးတည်းသာ ဤနေရာတွင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ကျန်နေခဲ့သည်။ သူက ခေါင်းလှည့်လိုက်ပြီး အဆောက်အဦးအပြင်ဘက်မှ သူ၏ စီနီယာအကိုကို ကြည့်လိုက်သည်။
တာအိုပညာရှင်စစ်မာသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။
ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး သတ္တမသခင်ကြီးကို ရိုသေလေးစားစွာ ပြောသည်။
“ လက်ထောက်ဒေသအကြီးအကဲ… တတိယသခင်လေးက… ”
“ အဲ့ဒါက မင်းရဲ့ ထိုက်စီရှန်းမုန့်ဂိုဏ်းက ကိစ္စပါ… အရင်တုန်းက သူ့ကို ပြန်ပေးဖို့ ငါမင်းကိုပြောခဲ့တယ်… ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူက ကြီးလေးတဲ့ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တယ် အပြစ်ပေးခံရမယ်လို့ မင်းငါ့ကို မပြောခဲ့ဘူးလား ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။
“ ငါက လက်ထောက်ဒေသအကြီးအကဲဆိုပေမဲ့ အာဏာနဲ့ တခြားလူတွေကို အနိုင်ကျင့်တယ်လို့တော့ အပြောမခံနိုင်ဘူး… ဘယ်သူ့ကိုမှ ငါမျက်နှာသာမပေးဘူး… အဲ့ဒီကိစ္စက တတိယတပည့်ရဲ့ အမှားဆိုမှတော့ သူ့ရဲ့အပြစ်ဒဏ်အတွက် တာအိုလက်တွဲဖော်ရှစ်ယောက်က မလုံလောက်သေးဘူး… (၉၉)ယောက်လောက်မှ သူက အမှတ်သည်းခြေရှိလိမ့်မယ် ”
ဤသည်ကို ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးကြားသောအခါ သူ၏ နှလုံးသားထဲမှ ခါးသီးမှုသည် ပိုပြီးကြီးမားလာသည်။ အတိတ်မှာတုန်းက သူ၏ လုပ်ရပ်သည် တစ်ဖက်လူကို မကျေမနပ်ဖြစ်စေခဲ့ကြောင်း သူသိသည်။
ယနေ့ တတိယသခင်လေးကို ထွက်လာခွင့်ပြုရန်မှတပါး သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ မည်သို့ဖြစ်စေ သူ၏ ဆရာက လက်ထောက်ဒေသအကြီးအကဲ ဖြစ်လာချေ၏။ အကယ်၍ ထိုက်စီရှန်းမုန့်ဂိုဏ်းက ဆက်လက်ခေါင်းမာနေမည်ဆိုလျှင် သူတို့သည် သေချာပေါက် ကဒ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။
သို့ဖြစ်၍ သူက တစ်ဖက်လူကို အားဆေးအများအပြား ကြိုတင်တိုက်ကျွေးခဲ့သည်။ သို့သော်လည်း ယင်းက တစ်ဖက်လူသည် အတော်လေး အားအင်ပြတ်လတ်နေကြောင်း ဖုံးကွယ်ထားရန် မလုံလောက်သေးပေ။
သူက အံ့ကြိတ်လိုက်ပြီး ပြောသည်။
“ လက်ထောက်ဒေသအကြီးအကဲ… ကျုပ်တို့ထိုက်စီရှန်းမုန့်ဂိုဏ်းမှာ မြင့်မြတ်သမီးပျိုတွေက အဲ့လောက်အများအကြီး မရှိပါဘူး… ”
“ အဲ့ဒါက မင်းရဲ့ကိစ္စလေ… မှတ်ထားပါ တတိယတပည့်အတွက် အပြစ်ဒဏ်က မြင့်မြတ်သမီးပျိုတွေရဲ့ သရုပ်နဲ့ သွေးမျိုးစက်ပဲဖြစ်ရမယ်… မင်းထွက်သွားနိုင်ပြီ ”
သတ္တမသခင်ကြီးသည် အမူအရာကင်းမဲ့စွာ ပြောသည်။
ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးသည် တစ်စုံတစ်ခု ထပ်ပြောချင်နေဟန် ရသည်။ သို့သော်လည်း သတ္တမသခင်ကြီး၏ မျက်လုံးထဲမှ အေးစက်စက်အလင်းတန်းကို သူမြင်လိုက်သောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ သူသည် အနည်းငယ် စိတ်ခံစားချက်ပြင်းထန်လာပြီး မယုံကြည်နိုင် ဖြစ်ရသည်။
အစက သူဂရုမထားခဲ့သော ဂိုဏ်းငယ်လေးတစ်ခုမှ ဂိုဏ်းဆရာသခင်သည် နေ့ချင်းညချင်း လက်ထောက်ဒေသအကြီးအကဲဖြစ်လာမည်ဟု လုံးဝ သူမျှော်လင့်မထားပေ။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အလွန်နက်ရှိင်းစွာ ဖုန်းကွယ်ထားသေးသည်။
ဤကိစ္စကို ပြေလည်အောင်ဖြေရှင်းသင့်ကြောင်း သူနားလည်သည်။ သို့မဟုတ်လျှင် ဖုန်းဟိုင်ဒေသငယ်မှ ထိုက်စီရှန်းမုန့်ဂိုဏ်း၏ အနာဂတ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရလိမ့်မည်။
ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးသည် စိုးရိမ်ကြောင့်ကြသော်လည်း သူ့အနေဖြင့် ထွက်သွားရုံသာတတ်နိုင်သည်။ သူက အဆောက်အဦးအပြင်ဘက်မှ သူ၏ စီနီယာအကို တာအိုပညာရှင်စစ်မာနားသို့ ရောက်သွားသည့်အခါ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်။
“ နောက်ဆို တခြားလူတွေရဲ့ ပစ္စည်းကို လိုချင်မတပ်မက်နဲ့… သွားပြီး မင်းပေးစရာရှိတာကို ပေးလိုက်ပါ ”
တာအိုပညာရှင်စစ်မာက တည်ငြိမ်စွာ ပြောသည်။
ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ဘိုးဘေးသည် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ နှုတ်ဆိတ်သွားသည်။ သူက မဟာအတောင်ပံမှ ပြန်မထွက်သွားခင် အနည်းငယ် အရွယ်အိုမင်းသွားပြီး ညှိုးမှိုင်သွားပုံပေါ်သည်။
အဆောက်အဦးထဲ၌ မဟာအတောင်ပံက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဆီသို့ ဆက်လက်ပျံသန်းသွားနေစဉ် သတ္တမသခင်ကြီးသည် ထိုနေရာတွင် မည်သည့်စကားမှမပြောဘဲ ရပ်နေသည်။
ဆယ့်ငါးမိနစ်ကုန်လွန်သွားသောအခါ ရွှီချင်းသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် နူးညံ့စွာ ပြောသည်။
“ ဆရာ တတိယစီနီယာအကိုက… ”
“ သူ့ကို လျစ်လျူရှုထားလိုက် ”
သတ္တမသခင်ကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ တတိယတပည့်ရဲ့ အတွေးက အမြဲတမ်း လေးနက်ပြီး ကိုယ့်အကျိုးအတွက် ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ သူက တော်တယ်… သူက စိတ်ရှည်တယ် ”
“ သူက ထိုက်စီရှန်းမုန့်ဂိုဏ်းက မြင့်မြတ်သမီးပျိုကို ဘာလို့ရန်စတယ် မင်းထင်လဲ… သူက ဘာဖြစ်လို့ လက်ထပ်ပွဲကနေ ထွက်ပြေးရတာလဲ… ထိုက်စီရှန်းမုန့်ဂိုဏ်းက သူ့ရဲ့သရုပ်ကို ရှာတွေ့သွားတာနဲ့ သူတို့က သူ့ကို သေချာပေါက် ဖမ်းဆီးလိမ့်မယ်ဆိုတာ သူမသိဘူးလား ”
“ သူ့ရဲ့ရည်ရွယ်ချက်က ထိုက်စီရှန်းမုန့်ဂိုဏ်းက သူ့ကို အရင်ဖမ်းဆီးသွားပြီး သူလိုချင်တဲ့ပုံစံအတိုင်း ပြန်ခေါ်သွားအောင်လုပ်ဖို့ပဲ ”
သတ္တမသခင်ကြီးသည် အဓိပ္ပာယ်ရှိစွာ ပြောသည်။ ယင်းကို ရွှီချင်းသာမက အဆောက်အဦးအပြင်ဘက်မှ တာအိုပညာရှင်စစ်မာလည်း ကြားသည်။
တာအိုပညာရှင်စစ်မာသည် နှုတ်ဆိတ်သွားသည်။
ရွှီချင်းသည်လည်း နှုတ်ဆိတ်သွားသည်။ သူ့ဆရာ၏ စကားထဲမှာ အဓိကသော့ချက်ဖြစ်သော အချက်အလက်တစ်ခုကို ဖော်ပြသွားခဲ့သည်။ ယင်းက တတိယစီနီယာအကို၏ သရုပ်ဖြစ်သည်။
ရွှီချင်း၏ သံသယကို မြင်သောအခါ သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။
“ အစက ယင်ဟွမ်ပြည်နယ်နဲ့ပတ်သက်ပြီး ထူးခြားတာ ဘာမှမရှိဘူး… လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်က တစ္ဆေအင်ပါယာ ကျဆုံးသွားတဲ့အခါမှ သူ့ရဲ့ခန္ဓာကိုယ်က ပြည်နယ်တစ်ခုလုံးကို အာဟာရဖြည့်တင်းပေးခဲ့ပြီး ယင်ဟွမ်ပြည်နယ်ကို အရင်ကနဲ့ ကွဲပြားခြားနားစေခဲ့တယ် ”
“ အဲ့ဒီထဲမှာမှ ထိုက်စီရှန်းမုန့်ဂိုဏ်းမှာ ရှေးရိုးစွဲအတွေးအခေါ်တွေရှိပြီး သူတို့က နယ်ပယ်ပညာရပ်တွေမှာ တော်တယ်… ဒါကြောင့်ပဲ အတိတ်မှာ မထင်မရှားဂိုဏ်းငယ်လေးကနေ အခု ယင်ဟွမ်ပြည်နယ်ရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်လာတဲ့အထိ တိုးတတ်လာခဲ့တာပေါ့ ”