မျက်လုံးက ပန်းနဲ့အတူ… နှလုံးသားက ကြယ်တွေပေါ်မှာ(ဂ)
Vol. 52 Ch. 798
သူ၏ ဤအပြင်ပန်းသရုပ်ကို ထိန်းသိမ်းထားရပေမည်။
မည်သို့ဖြစ်စေ သူသည် ရွှီချင်းနှင့် ချီယွဲ့ထုံဂိုဏ်းအပေါ် မလိုမုန်းထားစိတ်ရှိကြောင်း မည်သည့်အခါကမှ တိုက်ရိုက်မဖော်ပြခဲ့ဖူးပေ။
သို့ဖြစ်၍ သိမ်မွေ့ညင်သာမှုကို ထိန်းသိမ်းခြင်းသည် သူ၏ အခြေခံအစီအစဉ်ဖြစ်သည်။
ယင်းသည် လူ့သဘောသဘာဝ၏ သရုပ်လက္ခဏာလည်း ဖြစ်ပေသည်။
အမှန်မှာတော့ ဤလောကတွင် မကောင်းမှုများစွာသည် နှလုံးသားထဲမှာ ရှိကြသည်။ ယင်းကို အချိန်မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မလဲဟူသည် ပေါက်ကွဲထွက်လာရန် အခွင့်အရေးပေးသည့် ပြင်ပအခြေအနေများပေါ် မူတည်သည်။
တချို့လူများသည် သူတို့၏ အမှောင်ဘက်ခြမ်းကို နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်နိုင်ကြစဉ် တချို့လူများသည် အသက်သေဆုံးသည်အထိ တစ်ဘဝလုံးစာ ဖုံးကွယ်နိုင်ကြသည်။
မဟာမိတ်ခေါင်းဆောင်က သူ၏ ဆန္ဒများကို မည်သည့်အချိန်ထိ ဆက်လက်ဖုံးကွယ်ထားနိုင်မည်ကို မသေချာခြင်းသာ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ချီယွဲ့ထုံဂိုဏ်းထဲ၌ ရွှီချင်းသည် ဘိုးဘေးရွှယ်လျန့်ကျစ်အတွက် လက်ဖက်ရည်ငှဲ့ပေးနေသည်။
ဘိုးဘေးရွှယ်လျန့်ကျစ်၏ ဒဏ်ရာများသည် အပြည့်အဝ ပြန်မကောင်းမွန်သေးပေ။ ယနေ့ စိတ်ခံစားမှုအတတ်အကျသည် သူ၏ မျက်နှာကို ဝမ်းသာပျော်ရွှင်စွာ နီမြန်းစေသည်။ သူက ရံဖန်ရံခါ ချောင်းဆိုးသော်လည်း ယင်းက အလွန်စိတ်လှုပ်ရှားသောကြောင့် ဖြစ်သည်။
“ ကောင်းတယ် ကောင်းတယ် ကောင်းတယ် ”
ရွှီချင်း၏ လက်ဖက်ရည်ငှဲ့ပေးခြင်းခံရသောအခါ ဘိုးဘေးရွှယ်လျန့်ကျစ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယူသောက်လိုက်သည်။ သူက လက်ဖက်ရည်ကို တစ်ကျိုက်တည်းဖြင့် ကုန်စင်အောင် သောက်လိုက်သည်။ ခွက်ထဲတွင် အရည်တစ်စက်လေးပင် မကျန်ပေ။ သူ၏ မျက်လုံးထဲတွင် စိတ်သက်သာရာရခြင်းနှင့် ချီးမွမ်းခြင်းတို့ ပေါ်လွင်သည်။ သူက ကျယ်လောင်စွာ ပြောသည်။
“ အမှတ်ခုနစ် မင်းက တပည့်ကောင်းတစ်ယောက် ရထားတာပဲ… ဒီတပည့်ကြောင့်မဟုတ်ရင် မင်း လက်ထောက်ဒေသအကြီးအကဲဖြစ်လာမှာ မဟုတ်ဘူး… မင်းက တပည့်ရဲ့ ဂုဏ်ရှိန်ဂိုဏ်ဝါကို ငှားယူထားတာပဲ ”
ဘေးမှာ မတ်တတ်ရပ်နေသော သတ္တမသခင်ကြီးသည် ဘိုးဘေးရွှယ်လျန့်ကျစ်၏ စကားကို ကြားသောအခါ ဘဝင်ခိုက်သွားသည်။
“ ဒီတော့ မင်းရဲ့တခြားတပည့်တွေကို မြန်မြန်ကန်ထုတ်ပစ်ဖို့ ငါအကြံပေးမယ်… စတုတ္ထတပည့်နဲ့ ဒုတိယတပည့်ပဲရှိရင် လုံလောက်ပြီ ”
“ ဟိုတပည့်ကြီးနဲ့ တတိယတပည့်က ဘာမှသောက်သုံးမကျဘူး ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူသည် ထိုအကြောင်းကို ဘိုးဘေးရွှယ်လျန့်ကျစ်ထံမှ မကြာခဏ ကြားဖူးချေ၏။
“ ဘိုးဘေးပြောတာ အဓိပ္ပာယ်ရှိပါတယ်… နောင်ကျရင် အဲ့ဒီကိစ္စကို ငါစဉ်းစားကြည့်ပါမယ် ”
သတ္တမသခင်ကြီးသည် ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။
“ ဘိုးဘေး စောစောက မင်းကို ငါပြောထားတဲ့ကိစ္စ ဘယ်လိုသဘောရလဲ ”
“ ငါမသွားဘူး… ဒါပေမဲ့ ချီယွဲ့ထုံဂိုဏ်းကို ဒေသငယ်မြို့တော်ဆီ ပြောင်းရွှေ့တဲ့နေရာမှာ ငါကူညီပေးမယ် ”
ဘိုးဘေးရွှယ်လျန့်ကျစ်သည် လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး သတ္တမသခင်ကြီးကို မချိတင်ကဲအမူအရာဖြင့် ကြည့်လိုက်သည်။
“ ချီယွဲ့ထုံဂိုဏ်း ဒီအခြေအနေထိ တိုးတတ်လာဖို့ဆိုတာ မလွယ်ဘူး… ဒါပေမဲ့ ငါက ချီယွဲ့ထုံဂိုဏ်းရဲ့ အနိမ့်အမြင့် အတတ်အကျတွေကို နှစ်တွေအကြာကြီး မြင်တွေ့ခဲ့တယ်… ငါတို့တွေ ရှေ့ဆက်မတိုးခင် သတိဝီရိယထားဖို့လိုတယ် ”
“ နန်းဟွမ်ကုန်းမြေက ငါတို့ရဲ့ ပထမအခြေခံအုတ်မြစ်ပဲ… အဲ့ဒီမှာ မင်းရဲ့ ဒုတိယတပည့်ရှိနေတော့ ငါစိတ်ချရတယ် ”
“ ဒါပေမဲ့ ငါတို့တွေ ယင်ဟွမ်ပြည်နယ်ကနေ မဆင်မခြင် ထွက်သွားလို့မဖြစ်ဘူး… ဒါက ငါတို့ချီယွဲ့ထုံဂိုဏ်းရဲ့ ဒုတိယအခြေခံအုတ်မြစ်ဖြစ်သလို အကာအကွယ်အလွှာလည်း ဟုတ်တယ် ”
“ မင်းနဲ့ မင်းရဲ့တပည့် တည်ဆောက်ဖို့သွားမယ့် ဒေသငယ်မြို့တော်က တတိယအခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ် ”
“ ဒါမှ အနာဂတ်မှာ တစ်စုံတစ်ခုဖြစ်လာရင် ယင်ဟွမ်ပြည်နယ်က မင်းဆုတ်ခွာနိုင်မယ့် လမ်းကြောင်းဖြစ်လာမယ်… နန်းဟွမ်ကုန်းမြေကလည်း ဆုတ်ခွာနိုင်မယ့် လမ်းကြောင်းဖြစ်လာမယ် ”
“ ဒီလိုနည်းနဲ့ ချီယွဲ့ထုံဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ငါတို့ကာကွယ်နိုင်မယ်… အဲ့ဒါကို ထာဝရတည်ရှိအောင် ထိန်းသိမ်းနိုင်မယ် ”
ဘိုးဘေးရွှယ်လျန့်ကျစ်၏ အကြည့်သည် လေးနက်သည်။ သူ၏ အသက်အရွယ်နှင့် အတွေ့အကြုံများက သူ့အား ပြဿနာများကို တည်ငြိမ်စွာ ရှုမြင်စေသည်။
သတ္တမသခင်ကြီးသည် ဘိုးဘေးရွှယ်လျန့်ကျစ်၏ အမြင်နှင့်ပတ်သက်ပြီး သဘောတူသည့်အပိုင်းရှိသလို လက်မခံသည့်အပိုင်းလည်း ရှိသည်။
အကြီးအကဲနှစ်ယောက်က ဆက်လက်ဆွေးနွေးတော့မည့်ကို မြင်သောအခါ ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။ ခန်းမဆောင်ထဲမှ သူပြန်ထွက်လာသည့်အခါ ရင်းနှီးသော ဂိုဏ်းပရဝုဏ်အတွင်း ဖြတ်လျှောက်သွားနေရင်း အတိတ်မှ တပည့်တချို့နှင့် တွေ့ဆုံသွားသည်။
သူ့ကို မြင်တွေ့သူတိုင်းသည် စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်ကြပြီး အဝေးမှ နှုတ်ဆက်ကြသည်။
သူတို့ကိုကြည့်နေရင်း ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့အနောက်ကို ကြည့်လိုက်သည်။
သူ၏ အနောက် ပေတစ်ထောင်အကွာတွင် အအလေးသည် မတ်တတ်ရပ်နေသည်။ သူက ရွှီချင်းကို စူးစိုက်ကြည့်နေသည်။ ယခင်ကဲ့သို့ပင် ရွှီချင်းပြန်ရောက်လာသည့်အခါတိုင်း သူက ထွက်ပေါ်လာပြီး သူ့အား တိတ်တဆိတ် စောင့်ရှောက်ပေးလိမ့်မည်။
ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ဆဌမသခင်ကြီး၏ အုတ်ဂူဆီသို့ လျှောက်သွားသည်။ မကြာမီ သူက ထိုနေရာသို့ ရောက်ရှိသွားသည်။ ဆဌမသခင်ကြီး၏ အုတ်ဂူကိုကြည့်နေရင်း ဆဌမသခင်ကြီး၏ အသံနှင့် ရုပ်ပုံသဏ္ဍာန်သည် ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
အချိန်တစ်ခဏကြာပြီးနောက် သူက ဝိုင်ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး အုတ်ဂူပေါ်သို့ သွန်းလောင်းလိုက်သည်။
“ ဆဌမသခင်ကြီး ညဉ့်ငှက်သေသွားပြီ ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ သူ့ရဲ့ ဦးခေါင်းက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတာကြောင့် ဒီကို ပြန်မယူလာနိုင်တာ စိတ်မကောင်းစရာပဲ ”
“ ဒါပေမဲ့ ကိစ္စမရှိပါဘူး… ကျစ်လွီဆဲ့ရဲ့ ဦးခေါင်းကို အကောင်းတိုင်း ပြန်ယူလာဖို့ ငါကြိုးစားမယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူက ဆဌမသခင်ကြီး၏ အုတ်ဂူရှေ့မှာ အချိန်အတော်ကြာ ရှိနေသည်။ မြွေဖြူလေးသည် သူ၏ အင်္ကျီလက်ထဲမှ တွားသွားထွက်လာပြီး ရွှီချင်း၏ လည်ပင်းပေါ်သို့ တတ်သွားသည်။ ၎င်းက သူ့ကို နှစ်သိမ့်ပေးနေသည့်အလား ရွှီချင်း၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ညနေဆည်းဆာအချိန်သို့ ရောက်သောအခါ ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ထွက်မသွားခင် အရိုအသေပေးလိုက်သည်။
ဂိုဏ်း၏ တောင်လှေကားပေါ်တွင် လျှောက်နေရင်း သူက ရင်းနှီးကျွမ်းဝင်သော မျက်နှာလေးကို မြင်သွားသည်။
ထိုသူသည် အသက်နှစ်ဆယ်အရွယ်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူက လိမ္မော်နှင့်အဝါစပ်ထားသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောလှပသော အသွင်အပြင်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ ဆေးရနံ့ကို ထုတ်လွှတ်နေသည်။
သို့သော်လည်း သူ၏ မျက်နှာက အနည်းငယ် ညှိုးငယ်နေလေရာ ခံစားချက်မျိုးစုံက သူ့နှလုံးသားထဲမှာ စုပြုံနေပြီး မပျောက်ကွယ်သွားဟန် ရသည်။
ရွှီချင်း၏ အကြည့်ကိုမြင်သောအခါ သူက အနည်းငယ် စိတ်ဘဝင်မကျ ခံစားသွားရသည်။
“ စီနီယာ… စီနီယာအကိုရွှီချင်း ”
“ ဂျူနီယာညီမကူ… မတွေ့ရတာကြာပြီနော် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။
ထိုမိန်းကလေးသည် ကူမူချင်ဖြစ်သည်။
ရွှီချင်း၏ အသံကိုကြားသောအခါ ကူမူချင်သည် အနည်းငယ် မိန်းမောတွေဝေသွားသည်။ သူက မည်သည်ကိုပြောရမည်မှန်း မသိဟန် ရသည်။
တစ်ဖက်လူက ထိုနေရာမှာ ရူးကြောင်ကြောင်ဖြင့် ရပ်နေသည်ကို မြင်သောအခါ ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ တစ်ခဏကြာ စောင့်ဆိုင်းနေပြီးနောက် သူက ထွက်သွားရန် ရွေးချယ်လိုက်သည်။
အဝေးသို့ ရွှီချင်းရောက်ရှိသွားသည့်အခါ ကူမူချင်သည် ခေါင်းငုံ့လိုက်သည်။ နောက်ဆုံးတွင် သူ့မှာ ထုတ်ပြောရန် သတ္တိမရှိပေ။
အဝေးတစ်နေရာတွင် ရွှီချင်း၏ ကော်လံပေါ်မှ တွားသွားထွက်လာနေသော လင်းအာသည် ကူမူချင်၏ ပုံရိပ်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
“ အကိုရွှီချင်း… စောစောက မိန်းကလေးက အရမ်းစိုးရိမ်ကြောင့်ကြနေတဲ့ပုံပဲ… ပြီးတော့ သူက တစ်ခုခုကို ပြောချင်နေတယ်… သူဘာဖြစ်နေတာလဲ… ငါတို့ သူ့ကို သွားမေးသင့်လား ”
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
“ ကိစ္စကြီးကြီးမားမား မဟုတ်လောက်ပါဘူး… နောက်မှ သူ့ဆရာကို ငါမေးလိုက်မယ် ”
“ အင်း အင်း… တကယ်လို့ သူဒုက္ခရောက်နေတယ်ဆိုရင် အကိုရွှီချင်း ငါတို့တွေ သူ့ကို ကူညီပေးရမယ် ”
လင်းအာသည် ခေါင်းညိတ်လိုက်သည်။
ရွှီချင်းသည် ဤအတောအတွင်း လင်းအာ၏ ကြင်နာသနားတတ်မှုကို ကျင့်သားရနေပြီဖြစ်သည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး သဘောတူလိုက်သည်။ သူက အဝေးသို့ ဆက်လက်လျှောက်သွားပြီး ဂိုဏ်းမှ ထွက်ခွာသွားသည်။
ရွှီချင်း၏ ပုံရိပ်က လုံးလုံးပျောက်ကွယ်သွားသောအခါ သက်ပြင်းချသံသည် ကူမူချင်၏ ဘေးမှ ထွက်ပေါ်လာသည်။ သူ၏ ဆရာသည် တိတ်တဆိတ် ထွက်လျှောက်လာပြီး ကူမူချင်ကို ပွေ့ဖက်လိုက်သည်။
“ ဆရာ ”
သူ့အတွက် မိခင်တစ်ဦးနှင့်မခြားသော ဆရာကို ကြည့်လိုက်စဉ် ကူမူချင်၏ မျက်လုံးသည် နီမြန်းသွားသည်။
“ ငတုံးမလေး သမီးမှာ အခွင့်အရေးရှိပါသေးတယ်… သမီး ပိုကြိုးစားရမယ် ”
ကူမူချင်၏ ဆရာသည် သူ့တပည့်ကို ညင်သာစွာ ကြည့်လိုက်သည်။ သူ့အနေဖြင့် နှစ်သိမ့်ပေးရန်သာ တတ်နိုင်သည်။