မျက်လုံးက ပန်းနဲ့အတူ… နှလုံးသားက ကြယ်တွေပေါ်မှာ(ဃ)
Vol. 52 Ch. 799
ကူမူချင်သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဂိုဏ်းထဲမှ ထွက်လာသော ရွှီချင်းသည် အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ကျန်းစန်းဆီသို့ အသံပို့လွှတ်လိုက်သည်။
ကျန်းစန်းသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ သို့ဖြစ်၍ ရွှီချင်းထံမှ စကားသံကိုကြားသည်နှင့်ချက်ချင်း သူက အသံပြန်ပို့လိုက်သည်။
“ ဟား ဟား ရွှီချင်း… ငါက ဆိပ်ကမ်းမှာ ရှိတယ် ”
ရွှီချင်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းလိုက်ပြီး ဆိပ်ကမ်းဆီသို့ ဦးတည်သွားသည်။ မကြာမီ သူက ထိုနေရာမှာ ကျန်းစန်းကို မြင်သွားသည်။
သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ နှစ်နှစ်ကြာသွားပြီ ဖြစ်သည်။ ယခု ကျန်းစန်း၏ ကျင့်ကြံခြင်းသည် အသက်မီးတောက်ဘောလုံးသုံးခုထိ ရောက်ရှိနေပြီ ဖြစ်သည်။ ယခင်ထက်စာလျှင် ပြည့်ပြည့်ဖြိုးဖြိုး ရှိလာသောကြောင့် သူက သက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်နေရသည်မှာ ရှင်းလင်း၏။ သူ၏ ဘေးမှာ ဒုတိယတောင်ထွတ်မှ ဂျူနီယာညီမငယ်လေးတစ်ယောက်ပင် ရှိသည်။
မည်သို့မည်ပုံ သူကိုင်တွယ်ခဲ့မှန်းမသိရသော်လည်း သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် အလွန်သဟဇာတဖြစ်ဟန် တူသည်။
ရွှီချင်း ရောက်ရှိလာသည်ကို မြင်သောအခါ ကျန်းစန်းသည် လန်းဆန်းတတ်ကြွသွားသည်။ သူက ပြေးထွက်လာပြီး ရွှီချင်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ၏ နှလုံးသားထဲမှ ဂုဏ်ယူမှုကို စကားလုံးဖြင့် ဖော်ပြနိုင်မည်မဟုတ်ချေ။ ဤအတောအတွင်း ကျန်းစန်းသည် ကျင့်ကြံနေလျက်ပင် အလိုလိုပြုံးမိသည်။ အတိတ်မှာ သူ၏ ရင်းနှီးမြှုပ်နှံမှုက အဆပေါင်းမရေမတွက်နိုင်အောင် တိုးမြှင့်သွားသည်ဟု သူခံစားမိသည်။
နန်းဟွမ်ကုန်းမြေ၏ လူဆိုးထိန်းဌာနငယ်လေးမှ အဖွဲ့ဝင်တစ်ယောက်သည် ဖုန်းဟိုင်ဒေသငယ်မှာ နာမည်ကျော်ဇောလာပြီး အနာဂတ်ဒေသအကြီးအကဲအဖြစ် ရွေးချယ်ခံရလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
သူသည် အရှေ့သို့ပင် မျှော်မှန်းဆကြည့်နိုင်ပေသည်။ ယခုအချိန်မှစ၍ ဖုန်းဟိုင်ဒေသငယ်၌ ရွှီချင်း၏ လွှမ်းမိုးမှုသည် ကောင်းကင်ပမာ ကျယ်ပြောလာလိမ့်ပေမည်။
ရွှီချင်းသည် ကျန်းစန်း၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိသောကြောင့် သူသည်လည်း ပြန်ပြုံးပြလိုက်သည်။ ချီယွဲ့ထုံဂိုဏ်းသို့ ပြန်ရောက်လာပြီး မိတ်ဟောင်းဆွေဟောင်းများဖြင့် ပြန်လည်တွေ့ဆုံခြင်းသည် သူ့အား စိတ်အေးချမ်းစေသည်။ ယခင်က ဒေသငယ်မြို့တော်တွင် သူတွေ့ကြုံခဲ့သော ပင်ပန်းနွမ်းနယ်မှုသည်လည်း အတော်အသင့် လျော့ကျသွားသည်။
သူက မှော်ယာဉ်ပျံကို ထုတ်လိုက်ပြီး ကျန်းစန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ စီနီယာအကိုကျန်း… မှော်ယာဉ်ပျံကို အဆင့်မြှင့်ပေးဖို့ မင်းကို ငါဒုက္ခပေးရလိမ့်မယ် ”
ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ဖြတ်ကျော်ပြီးနောက် ရွှီချင်း၏ ကျင့်ကြံခြင်းသည် ဝိညာဉ်နတ်သူငယ်အဆင့်သို့ တိုက်ရိုက်တတ်လှမ်းသွားခဲ့သည်။ ထိုအဆင့်တွင် မှော်ယာဉ်ပျံသည် သူ့အတွက် အနည်းငယ် အထောက်အကူမပြုနိုင်တော့ပေ။ သူလိုအပ်သည်မှာ ပိုပြီးအစွမ်းကြီးမားပြီး ပိုပြီးမြန်ဆန်သော စစ်သင်္ဘောဖြစ်သည်။
ချီယွဲ့ထုံဂိုဏ်း၏ ဓမ္မလှေစနစ်တွင် လှေ၊ သင်္ဘော၊ မှော်ယာဉ်ပျံနှင့် စစ်သင်္ဘောဟူ၍ အဆင့်လေးဆင့်ရှိသည်။
စစ်သင်္ဘော၏ အထက်တွင်တော့ သတ္တမသခင်ကြီး၏ မဟာအတောင်ပံနှင့် ဆင်တူသော အတောင်ပံများ ရှိသည်။
သို့သော်လည်း သတ္တမသခင်ကြီး၏ မဟာအတောင်ပံသည် အများကြီး ပိုအဆင့်မြင့်သည်။
“ ကိစ္စမရှိပါဘူး… ငါ့ကျင့်ကြံခြင်းက အလုံအလောက် မမြင့်မားပေမဲ့ အခု ငါတို့မှာ ငွေတွေအများကြီးရှိတယ်… ငါ ဆဌမတောင်ထွတ်က အကြီးအကဲတချို့ကို ဖိတ်ခေါ်ပြီး သူတို့ကို မင်းအတွက် ပြိုင်ဘက်ကင်း စစ်သင်္ဘောတစ်စီး သန့်စင်ခိုင်းလိုက်မယ် ”
“ မင်းရဲ့မှော်ယာဉ်ပျံက အခု အသုံးမဝင်တော့ဘူး… အဲ့ဒါကို အဆင့်ထပ်မြှင့်မဲ့အစား အသစ်တစ်ခုတည်ဆောက်တာက ပိုကောင်းတယ် ”
ကျန်းစန်းသည် မှော်ယာဉ်ပျံကို လက်မခံဘဲ သူ၏ ရင်ဘက်ကို ပုတ်ပြလိုက်သည်။
ရွှီချင်းသည် မှော်ယာဉ်ပျံကို ပြန်သိမ်းဆည်းလိုက်ပြီး သူ့ကို အပြုံးဖြင့် ကျေးဇူးတင်လိုက်သည်။
“ ဒါနဲ့ ရွှီချင်း ဒီနှစ်တွေမှာ ဆိပ်ကမ်းကရတဲ့ အမြတ်ငွေတွေက ထင်ရွှယ်လက်ထဲမှာ… သူက မင်းအတွက် သိမ်းပေးထားတယ်… အဲ့ဒီကောင်မလေးက ဘယ်တော့မှ ငါ့ကို မယုံကြည်ဘူး… သူက ဝိညာဉ်ဒင်္ဂါးတစ်ပြားမကျန်အောင် လိုက်စစ်ဆေးတာ… တစ်ကယ်လို့ ဒင်္ဂါးတစ်ပြားပျောက်တာနဲ့ သူက ငါ့ကို ဆူပူတော့တာပဲ ”
ကျန်းစန်းက ခေါင်းခါလိုက်ပြီး ရွှီချင်းနှင့်အတူ ရယ်ရယ်မောမော စကားလက်ဆုံပြောသည်။ ကောင်းကင်က တဖြည်းဖြည်း မည်းမှောင်လာသည့်အခါ ရွှီချင်းသည် ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
ကျန်းစန်းသည် ဝိညာဉ်စစ်သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အပြည့်အဝ အာရုံစိုက်ထားသည်။ ညအချိန်ရောက်သည့်တိုင်အောင် သူက စစ်သင်္ဘောအတွက် ပုံကြမ်းရေးဆွဲနေသည်။
ညကောင်းကင်အောက်မှာ ရွှီချင်းသည် ဆိပ်ကမ်းဧရိယာဆီသို့ လျှောက်သွားပြီး ပင်လယ်မျက်နှာပြင်ထက်မှ လှိုင်းလုံးများကို ကြည့်လိုက်သည်။ လှိုင်းလုံးပုတ်ခတ်သံက သူ၏ နားထဲသို့ ပျံ့လွင့်လာသည်နှင့်အမျှ ချီယွဲ့ထုံဂိုဏ်းမှ သူ့ဘဝပုံရိပ်များကို စိတ်ထဲမှာ ပြန်မြင်ယောင်လာသည်။
အချိန်အတော်ကြာပြီးနောက် သူက မှော်ယာဉ်ပျံကို ကျောက်ချရပ်နားရာနေရာတွင် ချထားလိုက်ပြီး ယာဉ်ပျံပေါ်သို့ တတ်သွားသည်။
တအိအိလှုပ်ခတ်နေသော ပင်လယ်ရေနှင့်အတူ မှော်ယာဉ်ပျံသည် အနည်းငယ် လှုပ်ယမ်းသွားသည်။ ထိုရင်းနှီးသော ခံစားမှုက ရွှီချင်းကို ပြောမပြနိုင်အောင် စိတ်ငြိမ်းအေးစေသည်။
“ အကိုရွှီချင်း… အကိုထွက်သွားဖို့ ဆန္ဒရှိနေတယ်ဆိုတာ ညီမခံစားမိတယ်… အကိုက အင်ပါယာကျောင်းတော်ကိုသွားဖို့ စီစဉ်နေတာလားဟင် ”
လင်းအာသည် ရွှီချင်း၏ ကော်လံထဲမှ ထွက်ပေါ်လာပြီး စူးစမ်းလိုစွာ မေးသည်။
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
သူ့ဆရာ၏ စကားက လက်ရှိ သူ၏ ကျင့်ကြံခြင်းကို ကောင်းမွန်စွာ နားလည်စေသည်။ အင်ပါယာကျောင်းတော်သို့ သွားရောက်ခြင်းသည် သူ့အတွက် အများကြီး အကျိုးမရှိပေ။
“ ငါက စီနီယာအကိုကြီးအကြောင်းကို စဉ်းစားနေတာ… လဝတ်ပြုဒေသကြီးဆီသွားဖို့ သူစုံစမ်းနေတာ အခြေအနေဘယ်လိုရှိလဲ ငါသိချင်မိတယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ လဝတ်ပြုဒေသကြီးလား… အကိုရွှီချင်း ဘာပဲဖြစ်ပါစေ လင်းအာက အကိုဘယ်သွားသွား အကို့နောက်ကိုလိုက်မှာ သိလား… ညီမက အသွင်ပြောင်းပြီးတဲ့အခါကျရင် အများကြီး ပိုသန်မာလာဦးမှာ ”
လင်းအာသည် အပြစ်ကင်းစင်စွာ ပြောသည်။
ဤသည်ကိုကြားသည့်အခါ ရွှီချင်းသည် တဟားဟား ရယ်မောလိုက်သည်။ လင်းအာ၏ တည်ရှိမှုက အမြဲတမ်း အထီးကျန်နေသော သူ၏ နေ့ရက်များတွင် အပေါင်းအဖော်အဖြစ် ထပ်တိုးလာသည်။
သူက စကားပြောတော့မည့်အချိန် အပြင်ဘက်မှ တစ်စုံတစ်ယောက်ရောက်လာသည်ကို သူ၏ နတ်ဘုရားအသိစိတ်မှ အာရုံခံမိသွားသည်။ ထို့ကြောင့် သူက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ထင်ရွှယ်၏ သာယာနာပျော်ဖွယ်အသံသည် မှော်ယာဉ်ပျံ၏ အပြင်ဘက်မှ ပျံ့လွင့်လာသည်။
“ အကိုရွှီချင်း… အကို အထဲမှာရှိလား ”