အမျိုးသမီးသုံးယောက် မြွေတစ်ကောင် အမျိုးသားတစ်ယောက်(က)
Vol. 52 Ch. 800
အသံသည် နူးညံ့သိမ်မွေ့ပြီး ညှို့ငင်မှုအပြည့်ရှိသည်။ ယင်းက မိုးရေစက်ကျသံပမာ မှော်ယာဉ်ပျံထဲသို့ ပျံ့လွင့်လာပြီး ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။ ယင်းက လင်းအာ၏ အာရုံကိုလည်း ဖမ်းစားသွားသည်။
လင်းအာသည် အပြင်ဘက်သို့ စူးစမ်းလိုစွာ ကြည့်လိုက်စဉ် မျက်လုံးပြူးကျယ်သွားသည်။
ရွှီချင်းသည် မတုန်မလှုပ်ဘဲ ပုံမှန်အတိုင်း ဆက်ရှိနေသည်။ သူက ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြင့် မှော်ယာဉ်ပျံ၏ အကာအကွယ်အလွှာကို ဖယ်ရှားလိုက်သည်။
အကာအကွယ်အလွှာက လွင့်ပြယ်သွားသည့်အခိုက် ထင်ရွှယ်၏ ပုံရိပ်သည် ထွက်ပေါ်လာသည်။ သူက လရောင်အောက်မှာ ကျက်သရေရှိစွာ တစ်လှမ်းချင်း လျှောက်လာနေသည်။
ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသူသည် ပခုံးအထိ ဆံပင်ရှည်ပြီး အတွန့်အတွန့်ပါသော ခရမ်းရောင်ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦး ဖြစ်သည်။ သူက ဆံနွယ်ကို ရွှေရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားလေရာ ယင်းက လရောင်အောက်မှာ လွန်စွာမှ ထင်သာသည်။ သူ၏ ကျောနောက်မှာ လွယ်ပိုးထားသော ရှေးဟောင်းကြေးနီဓားသည် သူရဲကောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
သို့တိုင် ယင်းက သူ၏ ဆွဲဆောင်မှုကို အနည်းငယ်မှ မှေးမှိန်မသွားစေပေ။ သူ၏ မျက်လုံးသည် ကျီစယ်ပြီး ညှို့ငင်မှုရှိသည်။ သူ၏ ချစ်စဖွယ်ကောင်းသော ပါးစပ်ထောင်နှစ်ခုသည် အပေါ်သို့ အနည်းငယ် မြင့်တတ်သွားပြီး နှုတ်ခမ်းပါးနှစ်ခုက အနည်းငယ် ပွင့်ဟသွားလေရာ ညှို့ဓာတ်တစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ယင်းက သူ့အား အနမ်းချိုလေးများ တိုက်ကြွေးရန် လက်ယပ်ဖိတ်ခေါ်နေသလိုပင်။
အသက်ငယ်ရွယ်သေးသော ထင်ရွှယ်သည် မတွေ့ရသည့် နှစ်နှစ်ကြာပြီးနောက် ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးအသွင်သို့ အမှန်တကယ် ပြောင်းလဲသွားသည်။
လရောင်ခြည်က သိမ်မွေ့နူးညံ့သော ထိုပုံရိပ်ပေါ်သို့ ကျရောက်နေလေရာ မိန်းမပျိုလေး၏ အလှအပကို ထပ်တိုးကြွယ်စေသည်။ ယင်းက ဆန့်ကျင်ဘက်လိင်၏ စိတ်အာရုံကို ယစ်မူးသွားစေရန် လုံလောက်သည်။ ဖိုးလမင်းသည်ပင် မျက်နှာပူသွားဟန်ရသည်။ ၎င်းထုတ်လွှတ်နေသော လရောင်ခြည်ထဲမှာ ရှက်ရွံ့မှုအငွေ့အသက်တို့ ပါရှိသည်။
ရွှီချင်းသည်လည်း အနည်းငယ် အံ့ဩသွားသည်။ သူက ချက်ချင်း အဝေးမှ ပင်လယ်ကမ်းစပ်ဆီသို့ ကြည့်လိုက်သည်။
“ ဘာလို့ ညီမကို အဲ့ဒီလိုမျိုး ကြည့်နေတာလဲ အကိုရွှီချင်း ”
ထင်ရွှယ်သည် ယာဉ်ပျံခန်းထဲသို့ ခြေချလိုက်သည်နှင့် သူ၏ ပါးနှစ်ဖက်သည် အနည်းငယ် နီမြန်းသွားသည်။
“ ငါမင်းကို ကြည့်နေတာမဟုတ်ဘူး… ငါက ကျောက်ကျုံးဟမ့်ကို ရှာနေတာ ”
ရွှီချင်းက ရိုးသားစွာ ပြောသည်။
ထင်ရွှယ်၏ ကြီးမားသော ရင်သားနှစ်ခုက အနည်းငယ် လှုပ်ခါသွားလေရာ ရွှီချင်း၏ အဓိပ္ပာယ်မရှိသော မှတ်ချက်က သိသာသော သက်ရောက်မှုရှိကြောင်း ဖော်ပြနေလေသည်။ သို့သော်လည်း ထင်ရွှယ်အတွက်တော့ ထိုစကားက အနည်းငယ် အရေးပါပေသည်။
အခက်အခဲဟူသည် ကျော်လွှားရန် တည်ရှိနေခြင်းမဟုတ်ပေဘူးလား။
သူ၏ လှပသော မျက်တောင်များက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်နှင့် ထင်ရွှယ်သည် ရွှီချင်း၏ အရှေ့သို့ လျှောက်သွားသည်။ မတွေ့ရကြာပြီဖြစ်သော သူ၏ အရှေ့မှ မျက်နှာလေးကိုကြည့်ရင်း ထင်ရွှယ်၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ သူက တံတွေးမျိုမချဘဲ မနေနိုင်ပေ။
ထင်ရွှယ်သည် သူ့ကိုယ်သူ ပြန်ထိန်းသိမ်းရန် သတိရှိစွာ ကြိုးစားနေစဉ် အတိတ်တုန်းက ရေသူကျွန်းပေါ်မှာ ရွှီချင်းကို အပိုင်သိမ်းရန် ကျရှုံးသွားခဲ့ခြင်းနှင့်ပတ်သက်ပြီး အနည်းငယ် နောင်တရနေတုန်းပင်။
‘ ဟွန့် အဲ့ဒါ ကျောက်ကျုံးဟမ့်ရဲ့ အမှားပဲ… ဒါပေမဲ့ ကိစ္စမရှိပါဘူး… ဆန္ဒရှိရင် နည်းလမ်းတစ်ခုတော့ အမြဲတမ်းရှိတယ် ’
ထင်ရွှယ်သည် သူ့ကိုယ်သူ အားပေးလိုက်သည်။ သူက ဝိညာဉ်လက်မှတ်တစ်ပုံတစ်ခေါင်းကို ထုတ်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ချထားလိုက်သည်။ ထိုသို့လုပ်ဆောင်နေစဉ် နှင်းကဲ့သို့ ဖွေးဖွေးဖြူသော သူ၏ လက်ကို ရည်ရွယ်ချက်ရှိစွာ ထုတ်ဖော်ပြလိုက်သည်။
“ အကိုရွှီချင်း… အဲ့ဒါက ဒီနှစ်နှစ်အတွင်းမှာ ချီယွဲ့ထုံဂိုဏ်းရဲ့ ဆိပ်ကမ်းအမှတ်(၁၇၆)ရဲ့ အကျိုးအမြတ်တွေပဲ… ကျန်းစန်း ဘယ်လောက်ပဲ ဉာဏ်များပါစေ ညီမရဲ့ စေ့စပ်သေချာမှုကို သူမယှဉ်နိုင်ပါဘူး… ဒီထဲမှာ ဝိညာဉ်ဒင်္ဂါးတစ်ပြားတောင် မလျော့ဘူး ”
ရွှီချင်းသည် ခေါင်းညိတ်ပြသည်။ အစောနက စီနီယာအကိုကျန်းနှင့် သူစကားပြောခဲ့စဉ် ထင်ရွှယ်သည် ဤနှစ်နှစ်အတွင်း အကျိုးအမြတ် သိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး သူ့အား ကူညီပေးနေသည်ကို သိရှိခဲ့သည်။ ထင်ရွှယ်၏ ကြင်နာမှုအပေါ် သူသည် အလွန်ကျေးဇူးတင်သည်။
အထူးသဖြင့် သူ့အတွက် အဆင်းရဲဆုံးအချိန်ကာလကို ပြန်အမှတ်ရသွားသည့်အခါ ဖြစ်သည်။ ထင်ရွှယ်သည် ထိုဝိညာဉ်ကျောက်တုံးများကို အသိပညာအတွက် ပေးကမ်းခြင်းဖြင့် သူ့အား လေးစားခဲ့သည်။ ယင်းက ထင်ရွှယ်အပေါ် ကောင်းမွန်သောအမြင်ရှိလာရန် ရွှီချင်းအား ခွင့်ပြုခဲ့သည်။
ထို့ကြောင့် သူက ပြုံးလိုက်ပြီး ဝိညာဉ်လက်မှတ်များကို ယူလိုက်သည်။ ထိုအထဲမှ တချို့တလေကို သူက ထုတ်လိုက်ပြီး ထင်ရွှယ်ဆီသို့ ကမ်းပေးလိုက်သည်။
“ အဲ့ဒါက မင်းအတွက် ”
ထင်ရွှယ်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ဝိညာဉ်လက်မှတ်များကို ချက်ချင်း မယူပေ။ ယင်းအစား သူက အင်္ကျီအစကို ဆော့ကစားလိုက်သည်။ တုံ့ဆိုင်းသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အချိန်ကျပြီဖြစ်ကြောင်း သူ၏ နှလုံးသားထဲမှ ခံစားမိသွားသည်။ သူက သိုလှောင်အိတ်ထဲမှ သန့်စင်သော ပုလင်းဖြူတစ်လုံးကို ထုတ်လိုက်ပြီး ဘေးတွင် ချထားလိုက်သည်။
“ အကိုရွှီချင်း ဒါက ညီမကိုယ်တိုင် ကျိုထားတဲ့ ကြာစေ့စွပ်ပြုတ်ပါ… ညီမက ဦးလေးနဲ့ ဒေါ်လေးဆီ အဲ့ဒါသွားပို့မလို့ပါ… အကိုက အရင်မြည်းကြည့်ပေးပါလား ”
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက မငြင်းပေ။ ထို့ကြောင့် သူက ပုလင်းကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်လေရာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ အချိုဘက် နည်းနည်းကဲတယ် ”
ထင်ရွှယ်၏ မျက်နှာလေးသည် နီမြန်းသွားသည်။ သူက ရှက်ရွံ့စွာ ပြောသည်။
“ အကိုရွှီချင်း အကို… အင်း ညီမသိပြီ ”
ထင်ရွှယ်၏ စကားက အနည်းငယ် ထူးဆန်းသည်ဟု ရွှီချင်း ခံစားမိသည်။ သူက စကားပြောတော့မည့်အချိန် ထင်ရွှယ်သည် နီရဲနေသော မျက်နှာဖြင့် မတ်တတ်ထရပ်နေပြီး ဖြစ်သည်။
“ အကိုရွှီချင်း ညီမပြန်တော့မယ်… အကိုက အခုမှ ပြန်ရောက်တာဆိုတော့ စောစောအနားယူပါ… ညီမ မနက်ဖြန်မှ အကို့ကို ထပ်လာတွေ့မယ် ”
“ ပြီးတော့ မုန့်ဖိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ထင်ရွှယ်သည် ဘေးမှ ဝိညာဉ်လက်မှတ်များကို ကောက်ယူလိုက်သည်။ သူ၏ မျက်နှာက ပို၍ပင် နီရဲလာလေရာ အလျှင်အမြန် ပြေးထွက်သွားသည်။ မှော်ယာဉ်ပျံထဲမှ ထွက်ခွာလာပြီးနောက် ကမ်းစပ်ပေါ်သို့ရောက်သည့်အခါ သူက ဂုဏ်ယူသော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒေါ်လေး ငါ့ကို သင်ပေးတဲ့နည်းလမ်းတွေက ထိရောက်တယ်… ငါ့ကိုယ်ငါ ဘဏ္ဍာစိုးအဖြစ် သဘောထားတာက တကယ်အလုပ်ဖြစ်တယ်… ဒါပေမဲ့ အကိုရွှီချင်းစိတ်ကို အပိုင်သိမ်းဖို့က ငါအလျင်လိုလို့မဖြစ်သေးဘူး… စိတ်ရှည်ရှည်ထားပြီး တိတ်တိတ်ဆိတ်ဆိတ် လုပ်ရမယ်… ဒါမှ အကိုရွှီချင်းက ငါ့အပေါ် သတိလျော့ကျလာမယ်… ပြီးတော့ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ငါ့ကို အရည်ပျော်လာလိမ့်မယ် ”
“ ဒါပေမဲ့ ငါကချည်း လက်ဦးမှုယူလို့ မဖြစ်သေးဘူး… ဒေါ်လေးပြောသလိုမျိုး ငါ့ကိုယ်ငါ သားကောင်နေရာမှာ သဘောထားဖို့လည်း လိုတယ်… ဒေါ်လေးက ဦးလေးအနားကို ချည်းကပ်ဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာ ”
ထိုသို့တွေးမိသောအခါ ထင်ရွှယ်သည် သူလုပ်ဆောင်ရမည့် အစီအစဉ်များကို စတင်ရေးဆွဲတော့သည်။ ယင်းက အလွန်အသေးစိတ်ကျသည်။
ယာဉ်ပျံခန်းထဲတွင် ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အစောနက ထင်ရွှယ်၏ စကားသည် အနည်းငယ် ဒွိဟဖြစ်စရာကောင်း၏။
“ အကိုရွှီချင်း ”
လင်းအာသည် ရွှီချင်း၏ ကော်လံထဲမှ တွားသွားထွက်လာသည်။ သူက လေးနက်စွာ ပြောသည်။
“ အကို အဲ့မိန်းကလေးကို သတိထားရမယ်… စောစောက အကို့ကိုကြည့်တဲ့ သူ့အကြည့်ထဲမှာ လိုချင်တပ်မက်မှုတွေနဲ့ ပြည့်နေတယ်… သူ့မှာ ကြီးမားတဲ့ ရည်ရွယ်ချက် သေချာပေါက် ရှိရမယ်… ခန္ဓာကိုယ်သိမ်းပိုက်ခြင်းကို ကျွမ်းကျင်တဲ့လူတွေ အများကြီးရှိတယ်လို့ အဖေ့ဆီကနေ ညီမကြားဖူးတယ်… သူ့အကြည့်က အဲ့လိုအဓိပ္ပာယ်မျိုးပဲ… အကိုရွှီချင်း သူက လူဆိုးပဲ ”
လင်းအာ၏ စကားကိုကြားသောအခါ ရွှီချင်း၏ ပထမဆုံး တုံ့ပြန်မှုသည် သတိထားခြင်းဖြစ်သည်။ သို့သော်လည်း ယင်းက အနည်းငယ် အကျိုးအကြောင်းမဆီလျော်ကြောင်း သူခံစားမိသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းသည် သူ၏ နှလုံးသားထဲမှာ ပိုပြီးသတိထားလာသည်။
ရွှီချင်းက သူ၏ စကားကို လက်ခံသေးကြောင်း မြင်သွားသောအခါ လင်းအာသည် အလွန်ပျော်ရွှင်သွားသည်။
“ အကိုရွှီချင်း ညီမက အရမ်းတော်တာပဲ… တခြားလူတွေရဲ့ အမူအရာကနေ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ညီမပြောနိုင်တယ်… အကို့အနားမှာ ညီမရှိနေရင် ဘယ်သူက လူဆိုးလဲ ဘယ်သူက လူကောင်းလဲ အကိုခွဲခြားနိုင်အောင် ညီမကူညီပေးနိုင်တယ် ”
ရွှီချင်းသည် ပြုံးလိုက်ပြီး တရားထိုင်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူက အမြန်ခေါင်းမော့လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
များမကြာမီ အမျိုးသမီးတစ်ဦး၏ စိတ်လှုပ်ရှား၍ တုန်ယင်နေသော အသံသည် မှော်ယာဉ်ပျံ၏ အပြင်ဘက်မှ ပျံ့လွင့်လာသည်။
“ အကိုရွှီချင်း နောက်ဆုံးတော့ အကိုပြန်ရောက်လာပြီ… ”
မှော်ယာဉ်ပျံ၏ အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦး ရှိသည်။ သူက လက်ထဲမှာ ကြီးမားသော မြေအိုးတစ်လုံးကို ကိုင်ထားပြီး ပခုံးထက်သို့ ပင့်မထားသည်။
ထိုမြေအိုးက သူ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးထက် အများကြီး ပိုကြီးမားလေရာ မည်သို့မှ အမြင်မသင့်တော်ပေ။
သို့သော်လည်း ယင်းကြောင့်ပင် သူ၏ ဖြူဖျော့သော အသားအရေ၊ နူးညံ့သော မိုးမခမျက်တောင်များနှင့် မျက်လုံးများသည် ပို၍ထင်ပေါ်နေခြင်း ဖြစ်သည်။ ယင်းတို့က မြေအိုးနှင့် နှိုင်းယှဉ်လျှင် လွန်စွာမှ သေးငယ်သော်လည်း သူ၏ အတွင်းစိတ်လောကတစ်ခုလုံးကို ဖော်ပြနေဟန် ရ၏။