အမျိုးသမီးသုံးယောက် မြွေတစ်ကောင် အမျိုးသားတစ်ယောက်(ဂ)
Vol. 52 Ch. 802
အော်ဟစ်သံများသည် နားကွဲလုမတတ် ပိုပြီးကျယ်လောင်လာသည်။
ထိုအခါ ပြင်းပြသော အလင်းရောင်သည် ယန်ယန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အသက်ရှူသံသည်လည်း ပြန်လည်မြန်ဆန်လာသည်။ အသစ်တဖန် ထွက်ပေါ်လာသော စိတ်လှုပ်ရှားမှုနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။
ရွှီချင်းသည် ယင်းကို အာရုံမထားဘဲ ယန်ယန်ဆီသို့ ရေခဲအပိုင်းအစများကို ပစ်ပေးလိုက်သည်။ သူက နောက်တစ်ခါ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒုတိယမီးခိုးအမျှင်တန်းက မြှောက်တတ်လာသည့်အခါ သူက လက်ဆန့်တန်းလိုက်ပြီး ယင်းကို ဖမ်းဆုပ်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ ရွှီချင်းသည် ရေခဲကို အသုံးမပြုပေ။ ယင်းအစား သူက အဆိပ်ကို အသုံးပြုလိုက်သည်။
အဆိပ်သည် ပျောက်ကွယ်သွားပြီး မီးခိုးငွေ့နှင့် အလျှင်အမြန် ရောထွေးသွားသည်။ အဆိပ်သည် ၎င်း၏ ဒြပ်မဲ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိရုံသာမက ဝိညာဉ်ကိုလည်း တိုက်စားနေသေး၏။
ထို့ကြောင့် သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်ငိုကြွေးသံများသည် ယာဉ်ပျံခန်းထဲတွင် ပိုပြီးကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ယန်ယန်သည် ထပ်မံစိတ်လှုပ်ရှားသွားသည်။ ထိုအော်ဟစ်ငိုကြွေးသံများသည် သူ၏ နားထဲမှာတော့ သာယာနာပျော်ဖွယ်အကောင်းဆုံး တေးဂီတသံအလားပင်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်းသည် အေးစက်စွာ ပြောသည်။
“ မင်းရဲ့အဝတ်အပိုင်းအစတစ်ခုကို ဆုတ်ဖြဲလိုက်ပါ ”
ယန်ယန်သည် အလွန်အမင်း နာခံသည်။ သူက ချက်ချင်း ခန္ဓာကိုယ်ပေါ်မှ အဝတ်အပိုင်းအစတစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။ သူက အလွန်အားထည့်လိုက်သဖြင့် အဝတ်အောက်မှ အမာရွတ်များဖြင့် ပြည့်နှက်နေသော သူ၏ အရေပြားပင် ပေါ်ထွက်လာသည်။
သို့သော်လည်း ယင်းကို သူက လုံးဝအရေးထားပေ။ သူက ခွေးပေါက်လေးတစ်ကောင်နှယ် ရွှီချင်း၏ အရှေ့သို့ အမြန်တွားသွားလိုက်ပြီး အဝတ်စကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ရွှီချင်းသည် အဝတ်စကို ကိုင်ထားလျက် လက်ဝှေ့ယမ်းလိုက်သည်။ အဝတ်စသည် စိုစွတ်သွားပြီး ချိပ်ပိတ်စွမ်းအားဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထို့နောက် သူက တတိယမီးခိုးအမျှင်တန်းကို ထုတ်ယူလိုက်ပြီး ၎င်းကို အဝတ်စပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။
ချက်ချင်းဆိုသလို အဝတ်စသည် အနက်ရောင်သို့ ပြောင်းလဲသွားပြိး မီးခိုးမျိုးနွယ်ဝင်၏ ပုံရိပ်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် အဝတ်စကို ယန်ယန်ဆီသို့ ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီနည်းနဲ့ဆို အဲ့ဒါရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ရောက လွတ်လပ်မှုကို ဆုံးရှုံးသွားလိမ့်မယ် ”
“ တခြားလူကိုဖြစ်စေ ကိုယ့်ကိုယ်ကိုဖြစ်စေ ရုပ်ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်တာက နည်းလမ်းတွေအများကြီးထဲက တစ်ခုပဲ… အဲ့ဒါက ထာဝရလုပ်ရမယ့်ဟာ မဟုတ်ဘူး… အလွန်အကျူးလုပ်ဆောင်တာက ကိုယ့်ကိုယ်ကို မရင့်ကျက်သေးဘူးလို့ ဖော်ပြလိုက်တာပဲ ”
“ စိတ်ဝိညာဉ်ကို ညှဉ်းပန်းနှိပ်စက်တာက ပိုပြီးအဆင့်မြင့်တယ် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
ဤသည်ကိုကြားသောအခါ ယန်ယန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ အနီရောင်နှုတ်ခမ်းသည် အနည်းငယ် ပွင့်ဟသွားသည်။ ရွှီချင်းဆီက ပိုပြီးဆူပူခံရလေ သူက ပိုပြီးပျော်ရွှင်လာလေ ဖြစ်သည်။ သူ၏ မျက်လုံးထဲမှ ရူးသွပ်စွဲလမ်းမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူက လက်ကို မြှောက်တင်လိုက်ပြီး လက်ချောင်းကို ကိုက်လိုက်သည်။ ထို့နောက် လက်ချောင်းကို ရွှီချင်းဆီသို့ ဖြည်းဖြည်းချင်း တိုးသွားစေသည်။
ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။
ယန်ယန်သည် ခေါင်းငုံ့လိုက်ပြီး လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ကာ သူ၏ ပါးစပ်ထဲသို့ ထည့်စုပ်လိုက်သည်။
သူ၏ အသိစိတ်ထဲမှာ စုပုံနေသော အနှောင့်အယှက်များက အလျှင်အမြန် လွင့်ပြယ်သွားနေပြီး သူ၏ ကျင့်ကြံခြင်းက မြင့်တတ်လာနေဟန် တူသည်။
ပထမနတ်နန်းတော်က ဒြပ်ထည်ဖြစ်တည်လာတော့မည့်ဟန် ရသည်။
သို့သော်လည်း ယင်းက အနည်းငယ် လိုအပ်နေသေးပေသည်။
ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ သူက လက်ညှိုးကို မြှောက်တင်လိုက်သည်။
သူက လက်ညှိုးကို မြှောက်တင်လိုက်သည်နှင့်တစ်ပြိုင်နက် ယန်ယန်သည် အရှေ့သို့ တွားသွားလာပြီး ယင်းကို အမြန်စုပ်လိုက်သည်။ သူ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်က နူးညံ့ပျော့ပျောင်းလာတော့မည့်ဟန် ရသည်။ သူ၏ မျက်နှာပေါ်မှာ လွန်စွာမှ သက်တောင့်သက်သာရှိသော အမူအရာ ထွက်ပေါ်လာသည်။ ယခု သူက ပြောမပြနိုင်အောင် စိတ်ကျေနပ်နေဟန် ရသည်။
သူက ဤသို့နေ့ရက်မျိုးကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည့်အလားပင်။
ထိုအခိုက်အတန့်မှာ သူ၏ နတ်နန်းတော်က ရုတ်တရက် ဒြပ်ထည်ဖြစ်တည်လာသည်။
သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုက လက်ခံနိုင်သည်ထက် ကျော်လွန်သွားသည့်အခါ ယန်ယန်သည် သတိမေ့သွားသည်။
နောက်အခိုက်အတန့်မှာ ဆရာသခင်တုံးယို၏ ကျေးဇူးတင်သော အသံသည် ယာဉ်ပျံခန်း၏ အပြင်ဘက်မှ မြည်ဟိန်းထွက်လာသည်။
“ ကျေးဇူးတင်ပါတယ်… ”
ချက်ချင်းဆိုသလို ယန်ယန်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး ဆရာသခင်တုံးယို၏ အဝေးသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။
ယာဉ်ပျံခန်းသည် လုံးလုံးတိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် လင်းအာသည် ရွှီချင်း၏ ကော်လံအောက်မှ ခေါင်းတိုးထွက်လာပြီး အစောနက ယန်ယန်ရှိနေခဲ့သော နေရာကို မျက်တောင်တဖျပ်ဖျပ်ခတ်၍ စူးစိုက်ကြည့်လိုက်သည်။ ရွှီချင်းသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသွားပြီး ရှင်းပြတော့မည့်အချိန် လင်းအာသည် ရုတ်တရက် ပင့်သက်ရှိုက်လိုက်သည်။
“ အကိုရွှီချင်း အဲ့ဒါ မိစ္ဆာမပဲ… သူက စောစောတုန်းက တစ်ယောက်ထက် ပိုပြီးတော့တောင် ဆိုးသေးတယ်… သူက အကို့လက်ချောင်းကို တကယ်ကိုက်သွားတယ်… အကို သူ့ကို သတိထားရမယ် ”
ရွှီချင်းစကားပြန်မပြောနိုင်ခင် နူးညံ့သော ရယ်သံသည် ယာဉ်ပျံခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဘယ်လောက်ချစ်စရာကောင်းတဲ့ မိန်းကလေးလဲ ”
ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားသည်။
ထင်ရွှယ်ထွက်ပေါ်လာစဉ်က သူ့ကို သူလျစ်လျူရှုနိုင်သည်။ ယန်ယန်ရောက်လာသည့်အခါမှာလည်း သူ့ကို သူဖိနှိပ်နိုင်သည်။ သို့သော်လည်း ဤဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အတွင်းမှာ ရွှီချင်း၏ တည်ငြိမ်သောစိတ်ကို ဖရိုဖရဲဖြစ်အောင် အမြဲလုပ်နိုင်သော အမျိုးသမီးတစ်ယောက် ရှိသည်။
ပထမဆုံးအကြိမ် သူတို့တွေ့ဆုံခဲ့စဉ်က သူ၏ မေးစေ့ကို တစ်ဖက်လူက ကိုင်မြှောက်ခဲ့စဉ်ကဖြစ်စေ သင်္ဘောဖြင့် ခရီးထွက်ခဲ့စဉ်က အမြဲပြောင်းလဲသွားသော သူ၏ ပုံစံဖြစ်စေ ဒေသငယ်မြို့တော်အတွင်းမှာ မခွဲရက်မခွာရက်သော အကြည့်ဖြစ်စေ အကာအကွယ်စည်းအတွင်းမှာ အသားချင်းထိတွေ့မှုဖြစ်စေ အစရှိသောဖြစ်စဉ်အားလုံးသည် သူ၏ စိတ်ကို ပရမ်းပတာဖြစ်စေသည်။
မင်းသိထားရမည်မှာ သူက မင်းလုပ်ခဲ့သည်ထက် ပိုပြီးသိသည်။ မင်းမသိသည့်အရာကိုပင် သူက သိနေနိုင်သည်။
မင်းက နှလုံးသားထဲမှာ မည်သည့်အရာကို တွေးတောနေကြောင်း သူက သိသည်။ မင်းသတိမထားမိမည့်အရာကိုပင် သူက သိနေနိုင်သည်။
မည်သည့်အားနည်းချက်မှ မရှိပေ။
နူးညံ့သော အသံက ပဲ့တင်ထပ်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားသည်နှင့်ချက်ချင်း တုနှိုင်းမဲ့အလှပိုင်ရှင် အမျိုးသမီးတစ်ဦးသည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။
သူက ခရမ်းရောင်ဖျော့ဖျော့ပါသော အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူ၏ ခါးတစ်ဝိုက်တွင် လမင်းပုံသဏ္ဍာန် ပိုးသားခါးပတ်ကို ဂါဝန်နှင့်လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ သူ၏ တလက်လက်တောက်ပသော အနက်ရောင်ဆံနွယ်ကို တော်ဝင်မင်းသမီးတစ်ပါး၏ ဆံထုံးပုံစံ ထုံးဖွဲ့ထားသည်။ ဆံထုံးကို ပန်းဖွားပါသော ပုလဲပန်းပွင့်ဆံထိုးဖြင့်လည်း အလှဆင်ထားသေးသည်။
သူ၏ အနုစိတ်လှပသော မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော မျက်ခုံးများနှင့် ကြယ်ကလေးများနှယ် တလက်လက်တောက်ပသော မျက်လုံးများ ရှိသည်။
သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ မသိမသာ ပင့်တတ်သွားသည်နှင့် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက သူ့ကို ကြည့်ရှုနေသော လူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိသည်။ သူ၏ ကိုယ်ဟန်လှုပ်ရှားပုံသည် တော်ဝင်ဆန်ပြီး တင့်တယ်လှပသည်။
သူ၏ ခန္ဓာကိုယ်မှ နတ်ကျက်သရေကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေလေရာ ဤလောက၏ မည်သည့်အမှုန်အမွှားမှ မကပ်တွယ်နိုင်သော ကြာပန်းပွင့်တစ်ခုနှယ်ပင်။
သို့တိုင် သူ၏ မျက်နှာပေါ်မှ အပြုံးသည် ရိုးစင်းသောအပြုံး မဟုတ်ပေ။ သူက ရွှီချင်းဆီသို့ လှမ်းကြည့်နေစဉ် ဘဝင်မကျခြင်းနှင့် ဝမ်းနည်းသော ခံစားမှုအငွေ့အသက်တချို့ ထွက်ပေါ်နေသည်။
ထိုအမျိုးသမီးသည် ပြိုင်ဘက်ကင်းအလှပိုင်ရှင် နတ်မိမယ်ကျစ်ရွှမ်းသာ ဖြစ်သည်။
လင်းအာ၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားပြီး ချက်ချင်း ပုန်းအောင်းလိုက်သည်။
ရွှီချင်းသည် လေကို တစ်ဝကြီးရှူသွင်းလိုက်ပြီး မတ်တတ်ထရပ်ကာ အရိုအသေပေးလိုက်သည်။
“ နတ်မိမယ်ကို နှုတ်ဆက်ပါတယ် ”
နတ်မိမယ်ကျစ်ရွှမ်းသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူက ထုံးစံအတိုင်း ရွှီချင်းဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ရွှီချင်း၏ ကိုယ်ပေါ်မှာ ကပ်တွယ်နေသော ဖုန်မှုန့်တချို့ကို အဝေးသို့ ခါထုတ်ပစ်လိုက်သည်။
သူ၏ အဝတ်အစားပေါ်မှာ ဖုန်မှုန့်တစ်စက်မှ ရှိမနေတော့ကြောင်း သေချာသွားမှ နတ်မိမယ်ကျစ်ရွှမ်းသည် စိတ်ကျေနပ်သွားသည်။
ထို့နောက် သူက ရွှီချင်း၏ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။
အဝတ်အစားပြင်ပေးပြီးလျှင် သူက ရွှီချင်း၏ မျက်လုံးထဲသို့ လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အခိုက် နတ်မိမယ်ကျစ်ရွှမ်းက နူးညံ့စွာ ပြောသည်။
“ မင်း ဘေးကင်းကင်းနဲ့ရှိနေတာ ကောင်းတယ် ”
ယင်းက ရိုးရှင်းသော စကားမျှသာဖြစ်ပြီး စကားလုံးငါးလုံးထက်မပိုပေ။ သို့သော်လည်း ထိုစကားထဲမှာ ဂရုစိုက်ခြင်း၊ စိုးရိမ်ခြင်းနှင့် သတိရခြင်းတို့ ပါရှိသည်။ ထိုခံစားမှုအားလုံးသည် စကားလုံးငါးလုံးထဲမှာ စုစည်းရှိနေသည်။
ယင်းက ရွှီချင်း၏ နှလုံးသားထဲသို့ တိုက်ရိုက် စီးဆင်းသွားပြီး သူ့ကို နွေးထွေးစေသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူမသိလိုက်ခင်မှာ သူ၏ နှလုံးသားထဲမှ နွေးထွေးမှုသည် တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားပြီး တောင့်တင်းနေသော သူ့ခန္ဓာကိုယ်ကို အနည်းငယ် ဖြေလျော့သွားစေသည်။ သူက နတ်မိမယ်ကျစ်ရွှမ်းကို သူ့လက်အား ကိုင်ခွင့်ပြုလိုက်ပြီး သူ၏ ဘေးမှာ ထိုင်စေသည်။