အမျိုးသမီးသုံးယောက် မြွေတစ်ကောင် အမျိုးသားတစ်ယောက်(ဃ)
Vol. 52 Ch. 803
ရင်းနှီးကျွမ်းဝင်သော မွှေးရနံ့က သူ၏ နှာခေါင်းဝဆီသို့ လေနှင့်အတူ တိုးဝင်လာသည်။ နတ်မိမယ်ကျစ်ရွှမ်းသည် ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်သည်နှင့် သူ၏ ဆံနွယ်ထက်မှ ပန်းဖွားများသည် ညင်သာစွာ လှုပ်ယမ်းသွားကြသည်။ တစ်ချက်ကြည့်ရုံဖြင့် အတွေးများသည် ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားနိုင်ပြီး စိတ်ဝိညာဉ်ကိုပင် စည်းချက်ညီစွာ လှုပ်ခါသွားစေနိုင်သည်။
ရွှီချင်းသည် မိန်းမောတွေဝေသွားပြီး အနည်းငယ် စိတ်မသက်မသာ ခံစားရလာသည်။
နတ်မိမယ်ကျစ်ရွှမ်း၏ သိမ်မွေ့ညင်သာသော အသံက ယာဉ်ပျံခန်းထဲသို့ ပျံ့လွင့်သွားသည်နှင့် သူ၏ လှပသော မျက်ဝန်းထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်သွားသည်။
“ မင်းရဲ့ နှလုံးသားထဲက ဆန္ဒကို အမနားလည်တယ်… ရှေ့ဆက်မယ့် မင်းရဲ့လမ်းကြောင်းကိုလည်း အမမြင်တယ်… အမ မင်းကို မတားဘူး… ဒါပေမဲ့ တစ်ခုတော့ အမပြောချင်တယ်… တကယ်လို့ အဲ့ဒီအချိန်တုန်းက အမသာရှိနေမယ်ဆိုရင် မင်းဘက်မှာ အမရပ်တည်မယ် ”
“ အခု အမပြောတာက စိတ်ရင်းမှန်ဆိုတာ မင်းသိထားသင့်တယ် ”
“ အမရဲ့ အကျင့်စရိုက်က တည်ကြည်ခိုင်မြဲတယ်… တစ်ခုခုကို စိတ်ဆုံးဖြတ်ပြီးသွားရင် ဘယ်တော့မှ ပြန်ပြောင်းလေ့မရှိဘူး… ဘယ်သူက အမကို ဘယ်လိုပဲ ကြိုးစားဖျောင်းဖျပါစေ ကမ္ဘာကြီးက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားမယ်ဆိုရင်တောင် အမရဲ့ဆုံးဖြတ်ချက်ကို နောင်တရမှာမဟုတ်ဘူး ”
နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် ရွှီချင်း၏ နှလုံးသားထဲမှာ တအိအိလှုပ်ခတ်သွားမည့် လှိုင်းဂယက်များသို့ ပြောင်းလဲသွားသည်။ ယင်းတို့က သူ၏ နှလုံးသားထဲမှာ တတ်လိုက်ကျလိုက် ဖြစ်နေသည်။
ယင်းကို သူယုံကြည်သည်။
ရွှီချင်းသည် အင်မော်တယ်တားမြစ်နယ်မြေထဲရှိ နန်းဆောင်ထဲမှ အဖြစ်အပျက်ကို မမှတ်မိချေ။ ထိုနေရာတွင် သက်စောင့်မီးအိမ်တစ်ခုနှင့် နတ်မိမယ်ကျစ်ရွှမ်နှင့်ဆင်တူသော ပုံရိပ်တစ်ခုရှိကြောင်းကိုသာ သူမှတ်မိသည်။
သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်း၏ စကားကို သူကြားသည့်အခါ သူ့မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံခံထားရသော အဖြစ်အပျက်တစ်ခုက ထပ်ဆင့်ပြန်ပေါ်လာဟန် ရသည်။ ထိုအဖြစ်အပျက်၏ အသေးစိတ်ကို သူမမှတ်မိသော်လည်း ထိုခံစားမှုကိုတော့ မှတ်မိသည်။
အမှန်တကယ်ပင် နတ်မိကျစ်ရွှမ်း၏ အကျင့်စရိုက်အရ မည်သူမှ သူ့ကို စိတ်ပြောင်းလဲအောင် မဖျောင်းဖျနိုင်ပေ။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ ငါသိတယ် ”
နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာပေါ်မှ အပြုံးသည် ပိုပြီးပင် လှပလာသည်။
“ မင်းရဲ့ဆရာက ရွှမ်ယုံဂိုဏ်းကို ချီယွဲ့ထုံဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းနဲ့အတူ ဒေသငယ်မြို့တော်ဆီသွားဖို့ အမကို လာဖိတ်ခေါ်တယ်… ဂိုဏ်းနှစ်ဂိုဏ်းက အနာဂတ်မှာ အတူပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဂိုဏ်းသစ်တစ်ခု တည်ဆောက်လိမ့်မယ်… အဲ့ဒါ အမသဘောတူလိုက်တယ် ”
“ သူက ဂိုဏ်းသစ်အတွက် နာမည်ကို အမကိုမေးတယ် ”
“ အမ ဒီကိုလာတာ အဲ့ဒီဂိုဏ်းသစ်ကို ချင်းရွှမ်းလို့ နာမည်ပေးရင် မင်းဘယ်လိုသဘောရလဲ လာမေးတာ ”
ရွှီချင်းသည် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သို့သော် နောက်ဆုံးမှာ သူက ခေါင်းညိတ်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်း၏ ညင်သာသော အကြည့်သည် ရွှီချင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ ကော်လံပေါ်သို့ ကျရောက်သွားသည်။ အဆုံးမှာ သူက ပြုံးလိုက်ပြီး ရွှီချင်းကို ချင်းရွှမ်းဂိုဏ်း၏ အနာဂတ်အစီအစဉ်များအား ပြောပြသည်။
သူက လေးနက်သော ကိစ္စများကို ပြောပြနေခြင်းဖြစ်သည်။ သို့သော်လည်း သူ၏ သာယာနာပျော်ဖွယ်အသံက အလွန်အမင်း သက်တောင့်သက်သာ ခံစားရစေပြီး တစ်စုံတစ်ယောက်ကို အချိန်မည်သို့ကုန်ဆုံးသွားမှန်း မသိရလေအောင် ဖြစ်စေသည်။
ရွှီချင်းသည် တဖြည်းဖြည်း စိတ်ပြေလက်ပျောက်ဖြစ်လာသည်။
ထိုသို့ဖြင့် နတ်မိမယ်ကျစ်ရွှမ်းနှင့် စကားပြောခြင်းသည် ညဉ့်နက်အချိန်သို့ ရောက်ရှိလာသည်။
“ အမ ဒီကိုလာတာ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်… အမ မင်းအတွက် အကာအကွယ်ဆေးမင်ကြောင်အသစ် ရေးဆွဲပေးချင်တယ်… လာ မင်းရဲ့အဝတ်အစားတွေ ချွတ်လိုက်ပါ ”
ရွှီချင်း၏ ခန္ဓာကိုယ်က ပြန်လည်တောင့်တင်းသွားသည်ကို မြင်သောအခါ နတ်မိမယ်ကျစ်ရွှမ်းသည် သာယာသော ရယ်မောသံကို ထုတ်ဖော်လိုက်သည်။ ကျီစယ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက မတ်တတ်ရပ်လိုက်ပြီး မှော်ယာဉ်ပျံထဲမှ ထွက်ခွာသွားသည်။ သူ၏ သိမ်မွေ့နူးညံ့သော အသံသည်သာ ယာဉ်ပျံခန်းထဲ၌ ပဲ့တင်ထပ်သွားသည်။
“ ဒါဆို ကောင်လေးချင်း ဒေသငယ်မြို့တော်မှာ တွေ့ကြမယ် ”
ယာဉ်ပျံခန်းသည် ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ကော်လံကို ခေါင်းငုံ့ကြည့်လိုက်သည့်အခါ လင်းအာသည် ဖြည်းဖြည်းချင်း တွားသွားထွက်လာသည်။ သူ၏ မျက်လုံးထဲမှာ စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်နေပြီး မြန်ဆန်စွာ ပြောသည်။
“ အကိုရွှီချင်း… ဒါက အန္တရာယ်အရှိဆုံးပဲ… သူက မိစ္ဆာဘုရင်မပဲ ”
“ အရမ်းကြောက်စရာကောင်းတာပဲ… အကိုရွှီချင်း ဒီမိစ္ဆာဘုရင်မနဲ့ နှိုင်းယှဉ်ရင် စောစောက မိန်းကလေးနှစ်ယောက်က တူညီတဲ့အဆင့်မှာတောင် မရှိဘူး ”
ရွှီချင်းသည် ချောင်းဟန့်လိုက်ပြီး လင်းအာကို နှစ်သိမ့်ပေးလိုက်သည်။
လင်းအာက ဆက်ပြီးသံသယရှိနေစဉ် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
ထိုအတောအတွင်း ယန်ယန်သည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားပြီး နတ်မိမယ်ကျစ်ရွှမ်းသည် နောက်ထပ်ပေါ်မလာတော့ပေ။ ထင်ရွှယ်တစ်ယောက်တည်းသာ ရံဖန်ရံခါ ရွှီချင်း၏ ဘေးသို့ ရောက်လာလေ့ရှိသည်။ သို့သော်လည်း သူ၏ အစီအစဉ်များကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် တစ်ဖက်တွင် ကျောက်ကျုံးဟမ့်က ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ သူက ရွှီချင်းကို လွန်စွာမှ စိုးရိမ်ကြောင့်ကြသော်လည်း အံတင်းတင်းကြိတ်ပြီး ထင်ရွှမ်နောက်မှ လိုက်လာခဲ့သည်။ ထင်ရွှယ်ဆီသို့ ကြည့်နေစဉ် သူ၏ မျက်နှာပေါ်မှ စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင်သည် ရွှီချင်းကို အတော်လေး အံ့ဩစေသည်။
တစ်ဖက်တွင် ရွှီချင်းသည် ဂိုဏ်းသို့ပြန်မရောက်ဖြစ်သည်မှာ နှစ်နှစ်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူလုပ်ဆောင်ရမည့် ကိစ္စများသည် အတော်လေး များပြားသည်။
သူ၏ တခြားသရုပ်ကလည်း ဤရက်များတွင် ယင်ဟွမ်ပြည်နယ်အတွင်းမှ ဂိုဏ်းအသီးသီးကို သတ္တမသခင်ကြီးဆီသို့ လာရောက်ဂါရဝပြုစေသည်။
သတ္တမသခင်ကြီးသည် ရွှီချင်းကိုလည်း ရံဖန်ရံခါ ပါဝင်စေခဲ့သည်။
ထိုသို့ဖြင့် ဆယ်ရက်ကြာပြီးနောက် ထင်ရွှယ်က စိတ်ပျက်အားငယ်နေစဉ် ရွှီချင်းသည် ထွက်ခွာရန် ပြင်ဆင်တော့သည်။
သူသည် ခေါင်းဆောင်လဲ့ကို အရိုအသေပေးရန် နန်းဟွမ်ကုန်းမြေဆီသို့ ခရီးထွက်မည်ဖြစ်သည်။
သူခရီးမထွက်ခင် သတ္တမသခင်ကြီးသည် သူ့အား ရှည်လျားသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ပေးသည်။
“ ဒီသေတ္တာထဲမှာ နတ်ငါးအရိုးကို အသုံးပြုပြီး ငါဖန်တီးထားတဲ့ နတ်လက်နက်ရှိတယ်… အပြင်ကို မင်းခရီးထွက်တဲ့အခါ အဲ့ဒါနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် အသုံးပြုနိုင်တယ်… ဒီလက်နက်ထဲမှာ ကြီးမားတဲ့စွမ်းအား ရှိတယ်… အဲ့ဒါကို မင်းရဲ့ အကာအကွယ်အဆောင်အဖြစ် အသုံးပြုနိုင်တယ် ”
“ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ငါးအရိုးလက်နက်နဲ့ တူညီတဲ့ ဇစ်မြစ်ရှိတယ်… ဒါကြောင့် အဲ့ဒါက မင်းသုံးဖို့ အသင့်တော်ဆုံးပဲ ”
ကျောက်စိမ်းသေတ္တာအထဲတွင် လက်တစ်ချောင်းအရွယ်ခန့် ထူထဲသော ဆူးချွန်နက်တစ်ချောင်း ရှိသည်။ ဆူးချွန်ပေါ်တွင် မှော်အစီအရင်များစွာ ရေးဆွဲထားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ယင်း၏ အတွင်းပိုင်းထဲမှာ လှည့်ပတ်နေပြီး နတ်ဘုရားစွမ်းအင်လှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ပျံသွားနေကြသည်။
ယင်းက သက်မဲ့ရုပ်ဝတ္ထုဖြစ်သော်လည်း ရွှီချင်း ကြည့်လိုက်သည့်အခါ ဆူးချွန်၏ ကိုယ်ထည်တစ်ခုလုံးသည် တုန်ယင်လာသည်။ ယင်းက အသက်ရှူလာသည့်အလားပင်။
ယင်းက ရွှီချင်း၏ အသက်ရှူသံကို တုံ့ပြန်နေပြီး သူ၏ သွေးမျိုးစက်ပေါ်မှာ ဆွဲငင်အားတစ်မျိုးကို ဖြစ်ပေါ်စေသည်။
ရွှီချင်းသည် သူ့ကိုယ်သူ စွမ်းအားတိုးမြှင့်လိုက်သည့်အခါ ဆူးချွန်၏ ထက်ရှမှုကို ကောင်းမွန်စွာ အာရုံခံနိုင်လာသည်။ နှလုံးတုန်သောခံစားမှုက ပေါထွက်လာသည်နှင့် သတ္တမသခင်ကြီးသည် နူးညံ့စွာ ပြောသည်။
“ နတ်ဘုရားရဲ့ မျက်လုံးထဲမှာ သာမန်ရုပ်ဝတ္ထုတွေက ပျက်စီးလွယ်တယ်… သူတို့ကို ဒဏ်ရာရစေဖို့က အရမ်းခက်ခဲတယ်… ဒါပေမဲ့ ဒီလက်နက်ကတော့ နတ်ဘုရားကို ဒဏ်ရာရစေနိုင်တယ်… အဲ့ဒီထဲမှာ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာလည်း ပါရှိတယ် ”
“ ဒါကြောင့် အဲ့ဒါကို ကံကြမ္မာဆိုးဆူးချွန်လို့ ငါနာမည်ပေးထားတယ် ”