နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(က)
Vol. 52 Ch. 804
ယင်ဟွမ်ပြည်နယ်၏ အပြင်ဘက် တားမြစ်ပင်လယ်နက်ပေါ်တွင် လှိုင်းလုံးများသည် တိအိအိ ရွေ့လျားနေကြသည်။ ထူထဲသော ဒြပ်နှောအရှိန်အဝါက အေးစက်စက်လေထုကို ဖြစ်ပေါ်စေပြီး အမျိုးမျိုးသော ပင်လယ်မျိုးနွယ်များကို တိုက်စားနေသည်။ နေမွန်းတည့်ချိန်၏ ပူပြင်းသော နေရောင်ခြည်သည်ပင် ထိုဒြပ်နှောများကို အရည်မပျော်စေနိုင်ပေ။
ယင်းက ဆန်းကြယ်သော ပင်လယ်အနက်ပိုင်းထဲသို့လည်း မထိုးဖောက်နိုင်ပေ။
ထို့ကြောင့်ပင် နှစ်ပေါင်းများစွာကြာအောင် တားမြစ်ပင်လယ်နှင့်ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိနေရခြင်းဖြစ်သည်။ အထူးသဖြင့် နတ်ဘုရားသက်ရှိများနှင့်ပတ်သက်သော ပုံပြင်များ ဖြစ်သည်။
ပင်လယ်ထဲမှ မျိုးနွယ်စုကြီးများနှင့် အဆင့်မြင့်ကျင့်ကြံသူများသာလျှင် ထိုနတ်ဘုရားသက်ရှိများသည် စွမ်းအားကြီးမားကြသော်လည်း ပြိုင်ဘက်ကင်းတည်ရှိမှုမဟုတ်ကြောင်း သိရှိထားကြသည်။
ထို့အပြင် ဤလောကကြီး၌ နတ်ဘုရားမျက်နှာပျက်ကြီးတစ်ခုတည်းသာ နတ်ဘုရားမဟုတ်ပေ။ ထို့ကြောင့် တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲမှ ကြောက်စရာအကောင်းဆုံး တည်ရှိမှုများသည် နတ်ဘုရားသက်ရှိများမဟုတ်ကြပေ။ အိပ်ပျော်နေကြသော နတ်ဘုရားများ ဖြစ်ကြသည်။
နတ်ဘုရားများသည် နေနှင့်လပေါ်မှာ အိပ်စက်နိုင်ကြသည်။ အင်မော်တယ်တားမြစ်နယ်မြေထဲသော်လည်းကောင်း မီးစာကုန်းမြေထဲသော်လည်းကောင်း နေထိုင်နိုင်ကြသည်။ သို့ဖြစ်၍ ရှေးခေတ်ကုန်းမြေကို ဝန်းရံထားသော တားမြစ်ပင်လယ်သည်လည်း နတ်ဘုရားများအတွက် အိပ်စက်ရန် ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
အထူးသဖြင့် တားမြစ်ပင်လယ်သည် အလွန်တရာ ကျယ်ပြောသည်။ နန်းဟွမ်ကုန်းမြေ၏ အပြင်ဘက်ကိုမဆိုထားနှင့် နန်းဟွမ်ကုန်းမြေနှင့် ယင်ဟွမ်ပြည်နယ်ကြားမှ ပင်လယ်ဧရိယာသည်ပင် အတိုင်းအဆမဲ့စွာ ကျယ်ပြောသည်။
အမှန်မှာတော့ နန်းဟွမ်ကုန်းမြေတည်ရှိသော ပင်လယ်ဧရိယာသည်ပင် တားမြစ်ပင်လယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လိုက်သည့်အခါ ယင်းက ကမ်းစပ်ဒေသတစ်ခုမျှသာ ဖြစ်သည်။
တားမြစ်ပင်လယ်၏ ယခင်နာမည်ဖြစ်သော အဆုံးမဲ့ပင်လယ်သည် ၎င်း၏ အကျယ်အဝန်းကို ဖော်ညွှန်းထားပြီး ဖြစ်သည်။
၎င်းက သူ့ဘာသာ ကမ္ဘာတစ်ခုဖြစ်တည်နေပြီး ကုန်းမြေကို မျက်နှာချင်းဆိုင်ကာ မိုးကောင်းကင်ကို စိန်ခေါ်နေလျက် သီးခြားဘုံဌာနတစ်ခုအဖြစ် ရပ်တည်နေဟန် ရသည်။
ယင်ဟွမ်ပြည်နယ်၏ အပြင်ဘက်တွင် ရေလှိုင်းများသည် လှုပ်ရှားထကြွနေသည်။
ကောင်းကင်ပေါ်တွင် အနက်ရောင် မဟာအတောင်ပံသည် အရှေ့သို့ ရွေ့လျားသွားနေသည်။
ယင်းသည် သတ္တမသခင်ကြီး၏ မဟာအတောင်ပံဖြစ်သည်။ သူက ရွှီချင်းကို မဟာအတောင်ပံအား ဖုန်းဟိုင်ဒေသငယ်အတွင်း အသုံးပြုရန် ခွင့်ပြုထားသည်။
မဟာအတောင်ပံတွင် စိတ်ဝိညာဉ်ရှိသောကြောင့် ယင်းကို ကိုယ်တိုင်ထိန်းချုပ်ရန် မလိုအပ်ပေ။ လုံလောက်သော စွမ်းအင်အရင်းအမြစ်နှင့် အခွင့်အာဏာရှိသရွေ့ မည်သူမဆို ယင်းကို အချိန်ခဏတာ ထိန်းချုပ်နိုင်ပေသည်။
ရွှီချင်းနှင့်လိုက်ပါလာသူများသည် ဒေသငယ်မြို့တော်မှ ဓားကိုင်တစ်ထောင်နှင့် တာအိုပညာရှင်စစ်မာတို့ ဖြစ်ကြသည်။ ငှက်ကြီးချင်းချင်းသည်လည်း ကောင်းကင်ပေါ်တွင် ပျံသန်းနေသည်။
ငှက်ကြီးချင်းချင်း၏ စူးစူးဝါးဝါး အော်မြည်သံကြောင့် တခြားငှက်များသည် သင့်တင့်လျောက်ပတ်သော အမြင့်သို့ မပျံဝံ့ကြချေ။ ၎င်းတို့သည် နိမ့်သော အမြင့်တစ်ခုတွင်သာ ပျံသန်းနေကြသည်။ ၎င်းတို့သည် သားကောင်ဖမ်းရန် ရံဖန်ရံခါ ပင်လယ်ထဲသို့ ထိုးဆင်းသွားကြပြီး အမြန်ပြန်တတ်သွားကြသည်။
ယင်းက အရေအတွက်များပြားသော ရေဒိုင်နိုဆောများကို ဆွဲဆောင်သွားသည်။ ၎င်းတို့သည် ပင်လယ်မျက်နှာပြင်ထက်သို့ ဝုန်းခနဲ မကြာခဏ ခုန်ထွက်လာကြပြီး အနိမ့်မှာ ပျံသန်းနေကြသော ငှက်ကြီးများကို ဖမ်းကိုက်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က မြည်ဟိန်းသံနှင့်အတူ ပင်လယ်ထဲသို့ ပြန်ပြုတ်ကျသွားကြလေရာ ပို၍ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။
ရွှီချင်းသည် မဟာအတောင်ပံ၏ လသာဆောင်ပေါ်တွင် ရပ်နေလျက် ပင်လယ်မျက်နှာပြင်သို့ ကြည့်လိုက်သည်။ ရေဒိုင်နိုဆောတစ်ကောင်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများကို မြင်သွားသည့်အခါ အတိတ်တွင် သူ၏ ပထမဆုံးအကြိမ် ခရီးစဉ်မှ အဖြစ်အပျက်များကို ပြန်လည်သတိရသွားသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော နတ်ငါးအရိုးဆူးချွန်ကို ကြည့်လိုက်သည်။
နေရောင်အောက်တွင် ဆူးချွန်နက်သည် အနက်ရောင်တွင်းပေါက်တစ်ခုနှင့် တူသည်။ ယင်းက နေရောင်ခြည်ကို စုပ်ယူနေလျက် ပို၍အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
မျှော်စင်အပြင်ဘက်ရှိ ဓားကိုင်အများအပြားသည် ယင်းကို အာရုံခံမိသွားကြသောအခါ သူတို့၏ အမူအရာသည် လေးနက်သွားကြသည်။ ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်မှတဆင့် ဆူးချွန်နက်နှင့်ဆက်သွယ်မှုကြောင့် ဖိနှိပ်မှုကို ခံစားနေရသော်လည်း ပို၍အားကောင်းသော ပဲ့တင်ထပ်မှုကိုလည်း ခံစားနေမိသည်။
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ကံကြမ္မာဆိုးဆူးချွန်ပေါ်သို့ ကျရောက်သွားသည့်အခါ ရွှီချင်း၏ မျက်လုံးထဲတွင် စဉ်းစားချင့်ချိန်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက ရုတ်တရက် ပြောသည်။
“ ယိုလင်းဇီ ”
နောက်အခိုက်အတန့်မှာ သံချောင်းနက်သည် ရွှီချင်း၏ သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာပြီး သူ့အရှေ့မှာ မျောလွင့်သွားသည်။ သံချောင်းနက်က တုန်ယင်သွားသည်နှင့် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ပုံရိပ်သည် ထွက်ပေါ်လာပြီး ရွှီချင်းကို နှုတ်ဆက်လိုက်သည်။
“ ဆရာသခင် ”
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အလွန်အမင်း စိုးရိမ်ကြောင့်ကြနေသည်။ ကဒ်ဘေးကျရောက်လာတော့မည့် အာရုံခံစားမှုသည် လွန်စွာမှ ပြင်းထန်သည်။ သူ၏ အသံသည် တုန်ယင်နေပြီး သူ၏ နှလုံးသားထဲမှာ စိတ်ပျက်အားလျော့မှုဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူသာ အလုပ်မကြိုးစားလျှင် သေချာပေါက် ရွှီချင်း၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု အမြဲခံစားမိသည်။ ထိုအတွေးသည် သူ၏ အကျင့်စရိုက်မှ ဆင်းသက်လာခြင်းဖြစ်ပြီး သူ၏ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်တတ်သွားသည့်အခါတိုင်း သူသည် နှလုံးတုန်လာသည်။
ယနေ့ နတ်ငါးအရိုး၏ ထွက်ပေါ်လာမှုက ထိုအချိန်သည် ကျရောက်လာတော့မည်ဖြစ်ကြောင်း သူ့အား နားလည်သွားစေသည်။
သူသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ရွှီချင်း၏ အမြန်နှုန်းကို မည်သို့မှလိုက်မမီခဲ့ပေ။
သူက အလုပ်မကြိုးစားခြင်းမဟုတ်ပေ။ တစ်ဖက်လူ၏ အဆင့်တတ်နှုန်းက လွန်စွာမှ မြန်ဆန်နေခြင်းသာ ဖြစ်သည်။
“ ဆရာသခင်… ကျုပ် အဆင်သင့်ဖြစ်ပါပြီ… ကျုပ်ဘဝတစ်လျှောက် ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေထဲမှာ အဓိကဇာတ်ဆောင်တွေက သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဝုန်းခနဲ ဒိုင်းခနဲ ခုန်ပျံကျော်လွှားနိုင်ကြပါတယ်… သာမန်လူတွေက သူတို့နဲ့ တစ်သက်လုံးအတူရှိနေဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ် ”
“ ဆရာသခင်က အဲ့ဒီလိုမျိုး ဇာတ်ဆောင်တစ်ယောက်လို့ ကျုပ်ယုံကြည်ပါတယ် ”
“ ဆရာသခင်ကို ကျုပ် မဆွဲချနိုင်ဘူးဆိုတာ နားလည်ပါတယ်… ကျုပ်ဘာမှမတောင်းဆိုပါဘူး… ဒါပေမဲ့ ဒီနှစ်တွေမှာ ကျုပ်ရဲ့ အလုပ်ကြိုးစားမှုကို ထောက်ထားပြီး ဆရာသခင်က ကျုပ်ကို အမြန်ဆုံး သေဆုံးစေဖို့ပဲ မျှော်လင့်ပါတယ် ”
“ တကယ်လို့ နောက်ဘဝရှိမယ်ဆိုရင် ကျုပ်သေချာပေါက် ဆရာသခင်နောက်ကို ထပ်လိုက်ပါမယ်… ဆရာသခင်ရဲ့ဘေးမှာ အမှူထမ်းပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ အထွတ်အထိပ်ကို တတ်လှမ်းမယ့် ဆရာသခင်ရဲ့ ခရီးစဉ်ကို မျက်မြင်တွေ့ချင်ပါတယ် ”
ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မျက်နှာပေါ်မှာ ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေသည်။ ယခုအခိုက်အတန့်မှာပင် ရွှီချင်းကိုကြည့်သော သူ၏ အကြည့်ထဲမှာ သစ္စာရှိမှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူ့ကိုယ်သူ ကယ်တင်နိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်းဟု သူတွေးမိသည်။
လျှို့ဝှက်ချက်အများအပြားကို သူက သိထားကြောင်း နားလည်သည်။ အကယ်၍ သူသာ ရွှီချင်းဆိုလျှင်လည်း သတ်ဖြတ်ချင်သော စိတ်ဆန္ဒရှိလိမ့်မည်။ သို့ဖြစ်၍ သူက ရွှီချင်း စိတ်ပြောင်းလဲသွားအောင် အကောင်းဆုံး ကြိုးစားနေခြင်းဖြစ်သည်။ တစ်ဖက်လူက သူ့အပေါ် သတ်ဖြတ်ချင်သော စိတ်ဆန္ဒမရှိတော့လျှင် လုံလောက်ပြီ ဖြစ်သည်။
အကယ်၍ သူက နှလုံးသားပျော့ပျောင်းလာပြီး သူ့ကို ရုတ်ချည်း လွှတ်ပေးမည်ဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်လေသည်။
တစ်ဖက်လူ၏ သစ္စာရှိမှုကို သူအာရုံမခံမိချေ။ သို့သော်လည်း ဤနှစ်များတွင် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ထင်သာသော လုပ်ဆောင်မှုများကို သူမြင်တွေ့ခဲ့သည်။ သူတို့သည် သူ့ကို အများကြီး အကူအညီပေးခဲ့သည်။
အတိတ်တုန်းက သူတို့ကြားမှ ရန်ကြွေးသည် ပြေလည်သွားပြီဟု မှတ်ယူနိုင်သည်။
မည်သို့ဖြစ်စေ သံချောင်းနက်သည် သူ၏ ကျင့်ကြံခြင်းကို ဆက်လက်ထောက်ပံ့ရန် မလုံလောက်တော့ပေ။ ယင်းကို တစ်ခါတုန်းက ယဇ်ပူဇော်ခြင်းဖြင့် သူသန့်စင်ခဲ့သော်လည်း နတ်ငါးအရိုးနှင့် နှိုင်းယှဉ်သော် ယင်းတို့ကြားမှ အဆင့်ခြားနားမှုသည် အတော်လေး ကြီးမားသည်။
သို့ဖြစ်၍ ယနေ့ ရွှီချင်းသည် တစ်ဖက်လူ၏ ချိပ်တံဆိပ်ကို ဖြေလျှော့ပေးပြီး ကမ္မကို ဖြေရှင်းရန် သူ့အား ထွက်သွားခွင့်ပေးမည်ဟု အစက ရည်ရွယ်ထားခဲ့သည်။ သူ၏ လျှို့ဝှက်ချက်များအတွက်တော့ ယင်းတို့ကို မပေါက်ကြားစေရန် သူ့မှာ တခြားနည်းလမ်းများ ရှိပေသည်။
သို့သော် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားကို ရွှီချင်းကြားသောအခါ ဆက်ပြောတော့မည့် သူ၏ စကားကို ပြန်ရုပ်သိမ်းလိုက်သည်။
တစ်ခဏကြာ တွေးတောပြီးနောက် ချင့်ချိန်စဉ်းစားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ တစ်ဖက်လူကို အခွင့်အရေးတစ်ခု သူပေးနိုင်သည်ဟု ခံစားမိသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် စိုးရိမ်ကြောင့်ကြနေစဉ် စိတ်ထဲမှ တိတ်တခိုး သက်ပြင်းချလိုက်လေသည်။
သူ၏ စကားက အလုပ်ဖြစ်သည်ဟု ခံစားမိသည်။ သူ၏ အရှေ့မှ မိစ္ဆာကောင်သည် နောက်ဆုံးမှာတော့ သူ့ကြောင့် စိတ်လှုပ်ရှားသွားရချေ၏။ သူ၏ မျက်လုံးထဲမှ တုံ့ဆိုင်းမှုက သက်သေဖြစ်သည်။ တစ်ဖက်လူသည် သူ့အား သေခြင်းမှ လွတ်မြောက်ခွင့်ပေးသင့် မပေးသင့်ကိုသိရန် အတိတ်မှာ သူ၏ အကျိုးဆောင်မှုများနှင့် အလုပ်ကြိုးစားမှုကို ချင့်ချိန်စဉ်းစားနေကြောင်း ထင်ရှားသည်။