← Chapters

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ဂ)

Vol. 52 Ch. 806

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ဂ)

Vol. 52 Ch. 806

မဟာအတောင်ပံ၏ ရောက်ရှိလာမှုသည် ချီယွဲ့ထုံဂိုဏ်းမှ တပည့်များအတွင်း ဆူညံ့ပွက်လောရိုက်မှု ဖြစ်စေသည်။ မရေမတွက်နိုင်သော လူများက အပေါ်သို့ မော့ကြည့်နေကြစဉ် ရွှီချင်းသည် သူ၏ ဒုတိယစီနီယာအမဆီသို့ အသံပို့လွှတ်ရန် ကြိုးစားကြည့်သည်။ သို့သော်လည်း ယင်းက အဆင်မပြေချေ။

သတ္တမသခင်ကြီးက သူ့အား လိုက်ပို့ခဲ့စဉ်က ဒုတိယစီနီယာအမသည် တံခါးပိတ်ကျင့်ကြံနေပြီး အဆင့်ချိုးဖြတ်ရန် ကြိုးစားနေကြောင်း ပြောပြခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းသည် ချီယွဲ့ထုံဂိုဏ်းတွင် မနေပေ။ မဟာအတောင်ပံက ရွေ့လျားသွားသည်နှင့် သူက ထိုနေရာမှ ထွက်ခွာသွားပြီး နန်းဟွမ်ကုန်းမြေ၏ အရှေ့ပိုင်းဒေသဆီသို့ အရှိန်တင်လိုက်သည်။

အတိတ်တွင် နန်းဟွမ်ကုန်းမြေသည် ရွှီချင်းအတွက် အလွန်ကြီးမားသည်။ တစ်နေရာရာသို့ သူသွားချင်လျှင် တည်နေရာပြောင်းရွှေ့ခြင်းကို အသုံးပြုရန် လိုအပ်သည်အထိ လွန်စွာမှ ကြီးမားသည်။ သို့သော်လည်း ကိစ္စများစွာကို တွေ့ကြုံပြီးနောက် နန်းဟွမ်ကုန်းမြေကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရသည့်အခါ အတိတ်တွင် သတ္တမသခင်ကြီးက မည်သို့ကြောင့် နန်းဟွမ်ကုန်းမြေကို ကျွန်းလေးတစ်ကျွန်းသာဖြစ်သည်ဟု ပြောခဲ့ကြောင်း သူနားလည်လာသည်။

ဝမ်ကူးကုန်းမြေနှင့် နှိုင်းယှဉ်လျှင် နန်းဟွမ်ကုန်းမြေသည် အမှန်တကယ်ပင် ကျွန်းလေးတစ်ကျွန်းမျှသာ ဖြစ်သည်။

မဟာအတောင်ပံ၏ အလျင်ကြောင့် ရွှီချင်းသည် ရတနာမုဆိုးစခန်းဆီသို့ နေ့တစ်ဝက်ကြာပြီးနောက် ရောက်ရှိသွားသည်။

ထိုနေရာသည် ယခင်အတိုင်း ညစ်ပတ်နေပြီး ပရမ်းပတာဖြစ်နေဆဲ ဖြစ်သည်။ စခန်းထဲမှ ရတနာမုဆိုးများတွင် ရွှီချင်းနှင့် ရင်းနှီးကျွမ်းဝင်သောလူ မရှိတော့ချေ။

ဓားသွားပေါ်တွင် လမ်းလျှောက်နေရသော ရတနာမုဆိုးများအတွက်တော့ အကယ်၍ ကံကြမ္မာက သူတို့ဘက်မှာမရှိလျှင် သူတို့၏ သက်တမ်းသည် များသောအားဖြင့် နှစ်အနည်းငယ်သာ ရှိလိမ့်မည်။

ရွှီချင်းသည် အားလုံးကို ကောင်းကင်ပေါ်မှ ကြည့်နေသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက တစ်ယောက်တည်း လျှောက်သွားကာ တစ်ချိန်က ရင်းနှီးဖူးပြီး ယခု မရင်းနှီးသော ရတနာမုဆိုးစခန်းထဲသို့ ခြေချလိုက်သည်။

အထဲသို့ လျှောက်သွားသည်နှင့် ရွှီချင်းသည် ရတနာမုဆိုးများနှင့် အဆောက်အဦးများကို ဖြတ်ကျော်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ သဘာဝဖုံးကွယ်အရှိန်အဝါက သူ့အား သေမျိုးများ၏ မျက်လုံးထဲတွင် မေ့လျော့သွားစေသည်။

ဤသည်မှာ (ဃ၁၃၂)ဝိညာဉ်နတ်သူငယ်၏ စွမ်းရည်ဖြစ်သည်။

ယင်းက ကျင့်ကြံသူများအပေါ် သက်ရောက်ပြီး သူတို့ကို မေ့လျော့သွားစေရန် ခက်ခဲသည်။ သို့သော်လည်း ဤရတနာမုဆိုးစခန်းအတွင်းဝယ် ထိုစွမ်းရည်သည် အားလုံးကို ဖျောက်ဖျက်ပစ်နိုင်သည်။

ရွှီချင်းသည် အရှေ့သို့ တိတ်တဆိတ် လျှောက်သွားသည်။ သူ၏ ပန်းတိုင်သည် အလွန်ရှင်းလင်းသည်။

သူဦးတည်သွားနေသော နေရာသည် ယခင်က သူ၏ နေအိမ်မဟုတ်ပေ။ ယင်းအစား လွန်ခဲ့သောနှစ်များတုန်းက သွေးများဖြင့် စွန်းထင်ခဲ့သော လမ်းကျဉ်းလေးဖြစ်သည်။

ထိုနေရာတွင် အထွေထွေဈေးဆိုင်တစ်ဆိုင် ရှိသည်။

ဈေးဆိုင်သည် ထိုနေရာတွင် ဆက်ရှိနေသော်လည်း ဆိုင်ပိုင်ရှင်သည်တော့ ယခင်တုန်းကနှင့် မတူညီတော့ချေ။

ဈေးဆိုင်၏ မျက်နှာချင်းဆိုင်လမ်းရှိ အဆောက်အဦးတစ်ခုမှ တံစက်မြိတ်အောက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထိုင်နေသည်။

ဝတ်ရုံနက်သည် သူ၏ ပိန်ပါးသေးသွယ်သော ခန္ဓာကိုယ်နှင့် မျက်နှာကို ဖုံးကွယ်ထားသည်။ ကြီးမားသော မိစ္ဆာတံစဉ်သည်သာ သူ၏ ပခုံးပေါ်မှာ ထင်ထင်ရှားရှား ရှိနေသည်။

ထိုသူသည် ချင်းချိုးဖြစ်သည်။

သူ၏ ဘေးပတ်ပတ်လည်တွင် မည်သူမှလာမယူဝံ့သော ရတနာမုဆိုးများ၏ အလောင်းတချို့ ပြန့်ကျဲနေသည်။ သူတို့အဆင့်သူတို့မသိဘဲ သူ့ကို ရန်သွားစမိသော လူများရှိသည်မှာ ရှင်းလင်းသည်။ မည်သို့ဖြစ်စေ ဤလောကတွင် မည်သူ့ကိုမှ ပုံမှန်အမြင်ဖြင့် ဆုံးဖြတ်၍မရပေ။

ချင်းချိုး၏ တည်ရှိမှုကြောင့် ဤလမ်းကျဉ်းလေးက အလွန်တိတ်ဆိတ်နေခြင်း ဖြစ်သည်။ ဈေးဆိုင်များ၏ ပိုင်ရှင်အားလုံးသည် တုန်ယင်နေကြပြီး မည်သည့်စကားမှ မပြောဝံ့ကြချေ။

သူက ဤနေရာသို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ရှင်းလင်းသည်။

သူက သဲလွန်စတချို့ကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဒေသငယ်မြို့တော်ထဲမှာ သူမြင်တွေ့ခဲ့ရသောအရာကို မယုံကြည်နိုင်သောကြောင့် ဤနေရာကို ရောက်လာခဲ့ခြင်း ဖြစ်နိုင်၏။

သို့ဖြစ်၍ သူက ဤနေရာမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

သူကိုယ်တိုင်ပင် ဤနေရာမှာ မည်သည်ကို စောင့်ဆိုင်းနေကြောင်း မသိသည်မှာ ဖြစ်နိုင်သည်။

ခြေလှမ်းသံများသည် လူသူကင်းမဲ့နေသော လမ်းကျဉ်းလေးထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်းသည် ချင်းချိုး၏ ဘေးသို့ မရောက်ခင်အထိ တစ်လှမ်းချင်း လျှောက်သွားသည်။

ချင်းချိုးသည် အရှေ့သို့ ကြည့်လိုက်သော်လည်း ခေါင်းမမော့ချေ။ မကောင်းဆိုးဝါးတံစဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ၏ လက်သည် ဖြည်းဖြည်းချင်း ဖြေလျှော့သွားသည်။ သူက မည်သည့်စကားမှ မပြောချေ။

ရွှီချင်းသည် သူ၏ အကြည့်နောက်သို့လိုက်၍ အထွေထွေဈေးဆိုင်ဆီသို့ ကြည့်လိုက်သည်။

မျက်နှာပေါ်တွင် အမာရွတ်ရှိပြီး ညစ်ပတ်စုတ်ပြတ်နေသော ကလေးမလေးတစ်ယောက်က ဈေးဆိုင်ထဲမှာ သူ့ဘာသာ အလုပ်ရှုပ်နေပုံကို မသဲမကွဲ သူမြင်နေရဟန် ရသည်။

ခုနစ်နှစ်ကြာသွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော ခုနစ်နှစ်တုန်းက ရတနာမုဆိုးများကြားတွင် ဤနေရာ၌ သူတို့တွေ့ဆုံကြသည့်အခါ သူတို့အားလုံးသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်အောက်မှ ကံကောင်းထောက်မ၍ လွတ်မြောက်လာခဲ့ကြသူများ ဖြစ်သည်။

ခုနစ်နှစ်ကြာပြီးနောက် သူတို့သည် နောက်တစ်ကြိမ် ပြန်တွေ့ဆုံသွားကြသည်။

ရွှီချင်းသည် စကားမပြောပေ။ ချင်းချိုးသည်လည်း နှုတ်ဆိတ်နေသည်။ သို့သော်လည်း သူ၏ ပခုံးက စတင်တုန်ရီလာသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ဆီစိမ်စက္ကူလုံးတစ်လုံးကို ထုတ်လိုက်ပြီး ချင်းချိုး၏ အရှေ့မှ မြေပြင်ပေါ်မှာ ချပေးလိုက်သည်။

“ တစ်ယောက်ယောက်က ဒီနေရာမှာ ငါ့ကို သကြားလုံးတစ်လုံး ပေးခဲ့တယ်… ဝမ်းနည်းတဲ့အခါ သကြားလုံးစားလိုက်ရင် ပြေပျောက်သွားလိမ့်မယ်လို့ သူက ပြောတယ် ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

“ မင်းရဲ့ နှလုံးသားထဲမှာ ဘယ်လိုခံစားနေရမလဲ အကြမ်းဖျဉ်း ငါနားလည်နိုင်တယ်… ဒါပေမဲ့ ငါမင်းကို တစ်ခုပြောချင်တယ်… အတိတ်မှာတုန်းက ငါက အဲ့ဒီသကြားလုံးကို စားခဲ့ပြီး ငါ့နှလုံးသားထဲက ဝမ်းနည်းမှုကို သက်သာစေခဲ့တယ်… ဒီသကြားလုံးကို မင်းအတွက် ချီယွဲ့ထုံဂိုဏ်းကနေ ငါဝယ်လာခဲ့တာ ”

ရွှီချင်း၏ အသံထဲတွင် အတိတ်ကို လွမ်းဆွေးတမ်းတမှုဖြင့် ပြည့်နှက်နေသည်။ သူက စကားဆုံးသည်နှင့် အနောက်သို့ လှည့်လိုက်ပြီး ထွက်သွားသည်။ ခြေလှမ်းဆယ်လှမ်းထက်မနည်း လျှောက်ပြီးနောက် ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက ခေါင်းမလှည့်ဘဲ တည်ကြည်လေးနက်စွာ ပြောသည်။

“ ပြီးတော့ အတွင်းရေးမှူးဌာနဆီ သတင်းပို့ဖို့ကို မမေ့နဲ့ဦး ”

“ ဟုတ်ကဲ့ပါ ”

ချင်းချိုးသည် ချက်ချင်း ပြန်ဖြေသည်။ သူက စကားပြောပြီးနောက် အသိဝင်လာပြီး ချက်ချင်း ခေါင်းငုံလိုက်ကာ တံစဉ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

ရွှီချင်း၏ ပါးစပ်ထောင့်သည် အပေါ်သို့ ပင့်တတ်သွားသည်။ သူက နောက်ထပ် မည်သည့်စကားမှမပြောတော့ဘဲ အဝေးသို့ လျှောက်သွားသည်။

သူထွက်ခွာသွားပြီးနောက် လေသည် တဟူးတူး တိုက်ခတ်လာပြီး မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များကို မွှေနှောက်ပစ်လိုက်သည်။ ယင်းက ဆီစိမ်စက္ကူကိုလည်း လွင့်မျောသွားစေသည်။

ယင်းက ချင်းချိုး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ စိတ်ကို တုန်လှုပ်သွားစေသည်။

ယခင်က ဒေသငယ်မြို့တော်၏ စင်မြင့်ထက်မှာ ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်ကို သူမြင်လိုက်ရစဉ်က သူ၏ နှလုံးသားထဲတွင် တစ်ခါမှမဖြစ်စဖူး လှိုင်းထသွားသည်။

ထိုမြင်ကွင်းသည် သူ့အတွက် လက်ခံရန် အနည်းငယ် ခက်ခဲသည်။

သူက ပိုပြီးသန်မာလာချင်ရသည့် အဓိကဇစ်မြစ်၊ နန်းဟွမ်ကုန်းမြေတွင် အချိန်အကြာကြီး သူလိုက်ရှာနေခဲ့သော လူက လွန်ခဲ့သောနှစ်နှစ်အတွင်း သူ၏ ဘေးမှာ အမှန်တကယ် ရှိနေခဲ့သည်ကို သူမယုံကြည်နိုင်ပေ။

ထို့အပြင် သူက အလွန်ထူးချွန်ပြီး သူ့ထက်ပင် အများကြီး ပိုအစွမ်းထက်သည်။ ယင်းက အားနည်းသည်ဟု ဝန်ခံရန် ဆန္ဒမရှိသော သူ့ကို ရွေးချယ်စရာမရှိဘဲ ထိုအချက်ကို လက်ခံရစေသည်။

ယင်းက သူ့အား ဆုံးရှုံးမှုကို ခံစားရစေသည်။ အဆုံးမရှိသော ခံစားချက်အရှုပ်အထွေးများက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောနှစ်များတွင် သူ၏ ကြိုးစားမှုအားလုံးနှင့် ခါးသီးသော ကျင့်ကြံခြင်းက တစ်နေ့နေ့တွင် ထိုလူကို ကာကွယ်ပေးရန် ဖြစ်သည်။

အတိတ်တုန်းကလို တဖက်လူက သူ၏ အရှေ့မှာ ရပ်ပြီး သူ့ကို ကာကွယ်ပေးရန် ဝါးခြမ်းပြားကို အစားထိုးခဲ့သလိုမျိုး ဖြစ်သည်။

ဤသည်မှာ သူရှာဖွေနေသော အရာဖြစ်ပြီး သူ၏ အိမ်မက်လည်း ဖြစ်သည်။

သို့သော်လည်း ယခုတော့ သူကာကွယ်ပေးချင်သော လူသည် သူ၏ ကာကွယ်ပေးမှုကို လုံးဝမလိုအပ်ပေ။

အမှန်မှာတော့ ဤရက်များတွင် သူသည် ဒေသငယ်မြို့တော်ထဲမှ အဖြစ်အပျက်များကို ပြန်တွေးတောမိသည်။ အင်မော်တယ်အူခွေသစ်ပင်မှာကတည်းက သူသည် တိတ်တဆိတ် ကာကွယ်ပေးခြင်းခံခဲ့ရသည်။

ထို့ကြောင့် သူက ဤနေရာသို့ ရှုပ်ထွေးသော ခံစားချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သူက ထိုအရှုပ်အထွေးကို ဖြည်းဖြည်းချင်း ပြန်ဖြေနေစဉ် သူ့မှာ မျှော်လင့်မှုတချို့လည်း ရှိသည်။ အကိုလေးကို ဤနေရာတွင် သူတွေ့နိုင်မည်လော။

ယခု သူသည် အမှန်တကယ် သူနှင့် တွေ့ဆုံခဲ့သည်။

“ သေစမ်း ”

ချင်းချိုးသည် အံတင်းတင်းကြိတ်လိုက်ပြီး စောစောက သူ၏ အလိုအလျောက် တုံ့ပြန်ပုံကို ပြန်တွေးမိသွားလေရာ ဒေါသကြီးစွာ လက်မြှောက်လိုက်ပြီး သူ၏ အရှေ့မှ ဆီစက္ကူကို လှမ်းယူလိုက်သည်။ သို့သော်လည်း ယင်းကို သူထိတွေ့လိုက်သည့်အခါ လွန်စွာမှ ညင်သာလာသည်။ သူက လက်ဖဝါးပေါ်မှ ဆီစက္ကူလုံးကို ရတနာတစ်ခုပမာ သဘောထားသည်။

All Chapters