← Chapters

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ဃ)

Vol. 52 Ch. 807

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ဃ)

Vol. 52 Ch. 807

သူက ဆီစက္ကူကို ညင်သာစွာ ဖွင့်လိုက်လေရာ အထဲမှ တောက်ပသော သကြားလုံးတစ်လုံး ထွက်ပေါ်လာသည်။

သူက ယင်းကို မစားပေ။ သကြားလုံးကို စိုက်ကြည့်နေစဉ် မျက်နှာဖုံးအောက်မှ သူ၏ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

မကောင်းဆိုးဝါးတစ္ဆေတံစဉ်သည် အားလုံးကို ဘေးမှ ကြည့်နေပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ ကောင်မလေးချင်း… နင် ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ရမယ်… ဒါက ကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးကောင်းတစ်ခုပဲ… အနာဂတ်မှာ နင်က အရှင်ရွှီချင်းပြောတဲ့ ဘာကိုမဆို နာခံရမယ်… သူက ဘာလဲလုပ်ခိုင်းလုပ်ခိုင်း နင်လုပ်ရမယ်… မငြင်းရဘူး ”

“ ဒီလိုမှပဲ ငါတို့တွေ အနာဂတ်မှာ ဗလာနတ္ထိကျင့်ကြံသူတွေနဲ့ အတူတူ သေဆုံးဖို့ အခွင့်အရေးရလာမှာ… တကယ်တော့ နတ်ဘုရားတစ်ပါးနဲ့ အတူသေဆုံးဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”

“ ဘုရားရေ… တကယ်လို့ ငါတို့သာ ဒီဘဝမှာ နတ်ဘုရားတစ်ပါးနဲ့ အတူသေဆုံးနိုင်မယ်ဆိုရင် အဲ့ဒါက ငါတို့ရဲ့ အမြင့်မြတ်ဆုံး ဂုဏ်ကျက်သရေဖြစ်လာလိမ့်မယ် ”

မကောင်းဆိုးဝါးတစ္ဆေတံစဉ်သည် အလွန်စိတ်လှုပ်ရှားသောကြောင့် ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ ၎င်း၏ မျက်လုံးထဲမှာ အနီရောင်အလင်း ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်မှာတော့ ချင်းချိုးသည် ၎င်းကို ပါးစပ်ပိတ်နေရန် မအော်ငေါက်တော့ပေ။ ယင်းအစား သူက အတွေးနက်သွားသည်။

ရတနာမုဆိုးစခန်းမှ ထွက်ခွာလာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်လဲ့၏ အုတ်ဂူဆီသို့သွားရန် တားမြစ်ဇုန်ထဲသို့ လျှောက်သွားသည်။

ဤတစ်ကြိမ်မှာတော့ လင်းအာသည် စကားမပြောပေ။ သူက တစ်စုံတစ်ရာကို ပြောချင်သော်သည်း တားမြစ်ဇုန်ထဲသို့ ဝင်ရောက်ပြီးနောက် ရွှီချင်း၏ စိတ်အခြေအနေက အနည်းငယ် ထိုင်းမှိုင်းနေကြောင်း အာရုံခံမိသည်။ သို့ဖြစ်၍ သူက နာခံစွာ ဆက်လက်တိတ်ဆိတ်နေပြီး ရွှီချင်း၏ ပါးပြင်ပေါ်မှာ ပူးကပ်ထားသည်။

သို့သော်လည်း သူ၏ နှလုံးသားထဲမှာတော့ တီးတိုးရေရွတ်လိုက်သည်။

‘ အဲ့မိန်းကလေးက အကိုရွှီချင်းငယ်ငယ်တုန်းက မိတ်ဆွေလား… သူ့ရဲ့ ခံစားချက်တွေက အစပိုင်းမှာ ယောက်ယက်ခတ်နေပေမဲ့ သကြားလုံးကို မြင်လိုက်တဲ့အခါ သူက ချက်ချင်း သက်သာသွားတယ် ’

‘ သကြားလုံးက အရမ်းအသုံးဝင်တာပဲ… အပြန်ကျရင် ငါလည်း တချို့တလေကို ဝယ်သွားရမယ် ’

‘ တကယ်လို့ အကိုရွှီချင်း စိတ်မပျော်ရွှင်တဲ့နေ့ ရှိလာတဲ့အခါ ငါက သကြားလုံးကိုထုတ်ပြီး ပေးလိုက်မယ် ’

လင်းအာက အလွန်အသုံးဝင်သော တစ်စုံတစ်ရာကို သင်ယူခဲ့ရသည်ဟု ခံစားမိသွားစဉ် ရွှီချင်းသည် ခေါင်းဆောင်လဲ့၏ အုတ်ဂူဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် မြက်ရိုင်းများသည် ပိုမိုများပြားလာသည်။

အုတ်ဂူကျောက်တိုင်သည် ထိုနေရာတွင် ရှိနေဆဲပင်။

ရွှီချင်းသည် သစ်ပင်ကြီးတစ်ပင်ကို ကျောပေးမှီလိုက်ပြီး အုတ်ဂူကျောက်တိုင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ အချိန်သည် မှောင်ရီစပျိုးချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ ပါးလွှာသော မြူခိုးထုသည် တဖြည်းဖြည်း သိပ်သည်းလာသည်။

ရွှီချင်းသည် ထိုအရာကို ဂရုမစိုက်ချေ။ သူက ဝိုင်အိုးနှစ်လုံးကို ထုတ်လိုက်သည်။ တစ်အိုးကို အုတ်ဂူရှေ့မှာ ထားလိုက်ပြီး တခြားတစ်အိုးကို သူ့လက်ဖြင့် ကိုင်ထားကာ မြင့်မြင့်မြှောက်လိုက်သည်။

“ ခေါင်းဆောင်လဲ့ မကြာသေးခင်က ကျွန်တော် ကိစ္စကြီးတစ်ခုကို လုပ်ခဲ့တယ်… ”

ရွှီချင်းသည် ပြုံးလိုက်ပြီး သေရည်သောက်ရင်း ပြောသည်။

သူက ဒေသငယ်မြို့တော်အကြောင်း၊ ဓားကိုင်အကြောင်း၊ စစ်ပွဲအကြောင်းနှင့် ရုံးတော်သခင်အကြောင်းကို ပြောပြသည်။

“ စီနီယာအကိုကြီးကတော့ ကျွန်တော် အရွယ်ရောက်ပြီလို့ ပြောတယ်… ဟုတ်တယ် ခုနစ်နှစ်တောင်ရှိသွားပြီ… ခေါင်းဆောင်လဲ့ အချိန်က အားလုံးကို ဝေဝါးစေနိုင်တယ်လို့ ခင်ဗျား ကျွန်တော့်ကို ပြောခဲ့ဖူးတယ်… ဒါကြောင့် ခင်ဗျားက အချိန်အကြာကြီး စောင့်ဆိုင်းနေပြီးတဲ့နောက် ထပ်မစောင့်ချင်တော့တာပဲ ”

“ ဒါပေမဲ့ ဘာလို့မှန်းမသိဘူး… တစ်ခါတစ်လေ ကျွန်တော် မျက်လုံးမှိတ်လိုက်တဲ့အခါ အတိတ်တုန်းက ခင်ဗျားချက်ကျွေးခဲ့တဲ့ဟာတွေကို တကယ်စားချင်နေတုန်းပဲ… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ပြိုင်ဘက်ကင်းမြို့တော် ပျောက်ကွယ်သွားပြီးနောက် သူသည် ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။ ခေါင်းဆောင်လဲ့သည် သူမေ့လျော့နေပြီဖြစ်သော မိသားစု၏ နွေးထွေးမှုကို ပထမဆုံးပေးခဲ့သူ ဖြစ်သည်။ သူ့ကို သူမမေ့နိုင်ပေ။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သေရည်ကို တစ်ကျိုက်ပြီးတစ်ကျိုက် သောက်လိုက်သည်။

မှောင်ရီစပျိုးချိန်ကို ကျော်လွန်ပြီး ညအချိန်သို့ ကျရောက်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ မြူခိုးသည် သိပ်သည်းသထက် ပိုပြီးသိပ်သည်းလာသည်။ ယင်းက အားလုံးကို ဖုံးလွှမ်းတော့မည့်အချိန် ရွှီချင်း၏ တီးတိုးရေရွတ်သံသည် မြူခိုးအတွင်းမှ ပျံ့လွင့်ထွက်လာသည်။

“ ခေါင်းဆောင်လဲ့ ကျွန်တော် ခင်ဗျားကို လွမ်းတယ်… ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး အုတ်ဂူကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။ သူက တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

အတိတ်တွင် သူသည် အရိပ်လေးကို ထိုနေရာမှ ရရှိခဲ့သည်။ သို့ဖြစ်၍ ၎င်းကို အမြန်ဆုံးအဆင့်တတ်စေရန် တားမြစ်ဇုန်ထဲမှ ဒြပ်နှောများကို စုပ်ယူခိုင်းမည် ဖြစ်သည်။

ရွှီချင်းက တားမြစ်ဇုန်ထဲသို့ ဝင်ရောက်သွားပြီးနောက် အရိပ်လေးသည် တုန်ရီလာသည်။

ထို့အပြင် ရွှီချင်းက အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းသည် ပိုပြီးတုန်ရီလာသည်။ ၎င်းသည် အဆုံးမဲ့သော လိုအင်ဆန္ဒကို ထုတ်ဖော်လျက် ရွှီချင်း၏ ခြေဖဝါးအောက်မှစ၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားသည်။

၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း သစ်ပင်ကြီးများသည် စတင်လှုပ်ယမ်းလာကြပြီး မျက်လုံးများနှင့် ပြည့်နှက်နေသော ခေါင်းတလားများသို့ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။

အရိပ်လေးက ဖြန့်ကားထွက်လာသည်နှင့် ဤနေရာမှ မြူခိုးသည် ရုတ်ချည်း ပိုပြီးသိပ်သည်းလာပြီး လောဘတတ်သော စိတ်ဆန္ဒလှိုင်းများကို ထုတ်လွှတ်လာသည်။ ဤသည်မှာ မြူခိုး၏ အနက်ပိုင်းထဲမှ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ရွှီချင်းနှင့် အရိပ်လေးပေါ်သို့ ကျရောက်လာဟန် တူသည်။

ထို့နောက်တွင် မရေမတွက်နိုင်သော တည်ရှိမှုများက တိးတိုးပြောနေကြသည့်အလား တရှဲရှဲမြည်သံများ ထွက်ပေါ်လာကြသည်။ သူတို့က တိတ်ဆိတ်နေသော ဤတားမြစ်ဇုန်ထဲမှာ သွားလာလှုပ်ရှားနေကြဟန် တူသည်။

ရွှီချင်းသည် မြူခိုးကို လှမ်းကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတန်း ထွက်ပေါ်လာသည်။ သို့သော်လည်း သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ သူက အတိတ်တုန်းက ဘုရားကျောင်းပျက်ကြီးကို ဖြတ်ကျော်သွားပြီး တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ ဦးတည်သွားသည်။

မြူခိုးသည် ဤနေရာတွင် အထူးသိပ်သည်းပြီး အဆက်မပြတ် ပျံ့နှံ့နေသည်။ မြူခိုးထဲမှ သက်ပြင်းချသံကို မသဲမကွဲ သူကြားရလိုက်သည်။

ဤသည်မှာ တားမြစ်ဇုန်ထဲ၌ သက်ပြင်းချသံကို သူကြားရသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။

တားမြစ်ဇုန်နှင့်ပတ်သက်ပြီး ဒဏ္ဍာရီတစ်ပုဒ်ရှိသည်။ သက်ပြင်းချသံကိုကြားပြီးနောက် အသက်ရှင်နိုင်သည့်လူသည် တားမြစ်ဇုန်မှ လက်ဆောင်တစ်ခုရရှိမည်ဟု ပြောကြသည်။ ဒုတိယအကြိမ် သက်ပြင်းချသံကို ကြားရသည့်အခါ သူတို့ဆန္ဒရှိသော တစ်စုံတစ်ယောက်ကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။

ဤအခိုက်အတန့်မှာ သက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်သည် အေးစက်လာသည်။ အေးစက်စက်အရှိန်အဝါသည် အရပ်မျက်နှာအသီးသီးထံမှ ပျံ့လွင့်ထွက်လာသည်။

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ခေါင်းမော့လိုက်ကာ အဝေးမှ မြူခိုးကို စူးစိုက်ကြည့်လိုက်သည်။ ထိုနေရာမှ ခြေသံများ ထွက်ပေါ်လာနေသည်။

All Chapters