အကြွေးစုဆောင်းခြင်း
Vol. 15 Ch. 277
ရှဲ့နျိုရှန်း အရှိန်တင်လိုက်သည်။ သူခြေတစ်လှမ်းနောက်ကျသွားပြီး လုသခင်မ အဝေးကို
ထွက်ပြေးသွားမှာ ဒါမှမဟုတ် သေသွားမှာကို စိတ်ပူနေခဲ့သည်။ သူ ထိတ်ထိတ်ပျာပျာ ဖြစ်နေလွန်းတာကြောင့် ချွေးများပင် ထွက်လို့နေလေပြီ။
ထို့နေရာကို ရောက်ရန် အချိန်သိပ်မကြာလိုက်။
အိမ်တော်ထိန်းအသစ်က လုသခင်မ ဘယ်မှာ နေသလဲဆိုတာကို သိတာကြောင့် ရှဲ့နျိုရှန်းအချိန်ခဏ အတွင်း တန်းပြီး ရောက်သွားခဲ့သည်။ ကောင်းကင်တွင် မှောင်နေပြီးဖြစ်သော်လည်း သူ တံခါးကို ကန်ပြီး ဖွင့်လိုက်သည်။
သားအမိနှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။
" သခင်မလု၊ ဒီကို ထွက်လာခဲ့စမ်း" ရှဲ့နျိုရှန်း အော်လိုက်သည်မှာ ဥက္ကာပျံတစ်စင်း ဆင်းသက်
လာသကဲ့သို့ပင်။
လုသခင်မ ရင်တုန်ပမ်းတုန် ဖြစ်သွားခဲ့သည်။ သူမရဲ့ အပေါ်ခြုံထည်ကို ယူလိုက်ရင်း ရှဲ့နျိုရှန်းကို မကျေနပ်မှုရော ကြောက်ရွံ့မှုနှင့်ပါ ကြည့်လိုက်သည်။
" သခင်ကြီး…." လုသခင်မက အလွန်တိုးလျသော အသံဖြင့် ခေါ်လိုက်သည်။
" မင်း ငါ့ရဲ့ သတ္တုသေတ္တာထဲက ပစ္စည်းတွေ အကုန် ပေးပစ်လိုက်တယ်မလား။ မင်း ဘယ်သူ့ကို ပေးလိုက်တာလဲ။ ချရေးပြစမ်း။ တစ်ခုလျော့နေလို့ ငါ့ရဲ့ ဓားရှည်နဲ့ မင်းကို နာအောင်လုပ်တော့မှ ငါ့ကို အပြစ်မတင်နဲ့။" ရှဲ့နျိုရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။
သူဘာလို့ မိန်းမယူခဲ့မိတာလဲ။
ဒီလို မိန်းမတစ်ယောက်ကို လက်ထပ်တာက သူ့မိသားစုပိုင် အမွေတွေ ကုန်စေမယ်မှန်းသိခဲ့ရင် နန်းတော်ထဲမှာပဲ မိန်းမစိုးတစ်ယောက်လုပ်ခဲ့မှာပေါ့။
ဒီရက်စက်တဲ့ မိန်းမက လွန်လွန်းတယ်!!!
သူတို့ လက်ထပ်ခဲ့တာ ဘယ်နှနှစ်တောင်ရှိသွားပြီလဲ။
သေတ္တာအကြောင်းပြောလိုက်သည်နှင့် လုသခင်မ သံသယ ဖြစ်စွာနှင့် မျက်မှောင်ကြုတ်လိုက်သည်
"ကျွန်မ အဲဒါတွေကို ပေးပစ်လိုက်တယ်လေ။
မိသားစုတွေကြား လက်ဆောင်ပေးတာက ပုံမှန်ပဲ မဟုတ်လား။ လက်ဆောင်တွေဝယ်ရင် ပိုက်ဆံကုန်မယ်လို့ ကျွန်မ ထင်လိုက်မိတာလေ။ အိမ်မှာ အသင့်လုပ်ပြီးသားဟာ တွေရှိနေတာနဲ့ …."
" အသင့်လုပ်ပြီးသား လက်ဆောင်တွေတဲ့လား။မင်း ရူးနေလား။ အဲဒါတွေသာ ဈေးချိုတဲ့ဟာတွေဆို၊ ငါ သေတ္တာထဲကို ဒီတိုင်း ထည့်ထားပါ့မလား" ရှဲ့နျိုရှန်း သွေးတစ်ပွက် အန်ထုတ်မိလုနီးပါးပင်။
ရှဲ့နျိုရှန်းကို ဒီလိုပုံစံနှင့် မြင်လိုက်ရသည့်အခါ လုသခင်မ တကယ်ကို ကြောက်နေပြီဖြစ်သည်။
အဲဒီပစ္စည်းတွေက ထူးထူးခြားခြား အဖိုးတန်နေတာလား?
ထိုပစ္စည်းတွေကို လက်နက်တိုက်ထဲမှာ သိမ်းထားတာကြောင့် သိပ်ပြီး တန်ဖိုးမရှိလောက်ဘူးဟု သူမ ထင်ခဲ့မိသည်။ ကျောက်စိမ်းလက်ကောက်နဲ့ ဈေးအတူတူလောက်ပဲရှိလိမ့်မယ်လို့လေ!!!
အလေးချိန် အများကြီးရှိသည့် ရွှေလင်းယုန်ကို သူမ မုန့်မိသားစုဆီ ပေးပစ်ခဲ့သည်။ မုန့်မိသားစုသည် တော်ဝင်မိသားစု၏ ဆွေမျိုးအသစ်ဖြစ်၏။ ထိုမျှမက၊ စတုတ္ထမင်းသားက ဘုရင် ဖြစ်လာလိမ့်မည်ဟုလည်း တခြားသူတွေကဆီကနေ ကြားခဲ့သေးသည်။ မုန့်မိသားစုက စတုတ္ထမင်းသားရဲ့ အပြင် မိသားစုဖြစ်လို့…..
လုသခင်မသည် အတော်လေးမှားသွားသည့်ပုံနှင့် ကူကယ်ရာမဲ့သွားသလို ဖြစ်သွားခဲ့၏။
ရှဲ့နျိုရှန်းက စာရွက်တစ်ရွက်ကို သူမရှေ့မှာ ချ
လိုက်ရင်း "ရေးစမ်း၊ မင်း ဘယ်သူ့တွေဆီကို ပို့ခဲ့သလဲဆိုတာ၊ ရှင်းရှင်းလင်းလင်းရေး"
လုသခင်မ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်နေပြီး မျက်လုံးများမှာလည်း နီရဲနေခဲ့သည်။
ဖေဝမ်ယွဲ့သည်လည်း ထွက်မလာရဲဘဲ အနောက်ဘက်အခန်း၏ တံခါးနောက်တွင် ပုန်းနေခဲ့၏။
လုသခင်မရဲ့ နှလုံးသားမှာ ဗြောင်းဆန်နေသော်လည်း ရှဲ့နျိုရှန်းရဲ့ အကြည့်အောက်တွင် ရွေးချယ်စရာမရှိဘဲ ရေးရုံသာ ရှိတော့သည်။
သေတ္တာထဲ၌ ဘာတွေရှိသလဲဆိုတာ သူမ မှတ်မိနေဆဲဖြစ်သည်။ နောက်ပြီး၊ အထဲက ပစ္စည်းများသည် သာမန် အလှတန်ဆာဆင်ထားတာနဲ့ မတူဘဲ ကွဲပြားပုံရသည်။
ဒါ့အပြင်၊ ရှဲ့မိသားစုမှ တခြား မိသားစုအများကြီးကို လက်ဆောင် မပေးပစ်ခဲ့….
သူမ တုန်ယင်နေသော လက်ဖြင့် ရေးလိုက်သည်။
ခဏကြာပြီးနောက်၊ နောက်ဆုံးမှာ သူမ ရေးလို့ ပြီးသွားခဲ့သည်။
ပစ္စည်းများ၏ နာမည်ကို မသိတာကြောင့် သူတို့ကို ဖော်ပြနိုင်တဲ့ စကားလုံးတွေနဲ့သာ သူမ ရေးခဲ့သည်။
သူ့မှာ ခက်ခဲတဲ့ အချိန်ကာလ ဖြစ်နေပုံပေါ်သော်လည်း ထိုပစ္စည်းတွေ ဘယ်သူ့ဆီမှာလဲဆိုတာ သိရတာနဲ့တင် လုံလောက်နေပြီဖြစ်သည်။
လုပ်စရာရှိတာ လုပ်ပြီးသွားသည့်နောက်၊ နောက်ပင် ကျနေပြီဖြစ်သည်။ ရှဲ့နျိုရှန်း သူပိုင်တဲ့ဟာတွေ ပြန်ရဖို့ မစောင့်နိုင်တော့သော်လည်း သူသည်းခံပြီး အိမ်ပြန် အိပ်ရုံသာ တတ်နိုင်တော့သည်။
နောက်တစ်နေ့နံနက်စောစော၌၊ ရှဲ့နျိုရှန်းသည် စစ်တန်းလျားဆီကိုတောင် မသွားတော့ဘဲ၊ သခင်မကြီးရှိရာ အရင်ဆုံးသွားလိုက်သည်။
သူ့ညီအစ်ကိုတွေရဲ့နေရာကို အရင်ဆုံးသွားရခြင်းမှာ အကြောင်းရှိသည်။
သူ့မိသားစုက အခုချိန်မှာ ပိုက်ဆံပြတ်လပ်နေတာကြောင့် သူရဲ့ ပစ္စည်းတွေကို မြန်မြန် ပြန်ရဖို့ လိုသည်။
လုသခင်မသည် အနည်းငယ် အလှမ်းဝေးသည်ဖြစ်ရာ အကြောင်းကြားမည်ဆိုလျှင် အချိန်တစ်ခုတော့ ကြာမည်ဖြစ်တာကြောင့် နည်းနည်း နောက်ကျသွားခဲ့သည်။
မုန့်မိသားစုနှင့် သူရဲ့ လုပ်ဖော်ကိုင်ဖက်တချို့စီမှာလည်း သူရဲ ပစ္စည်းတွေ ရှိသည်။ သူတို့နှင့် က မနီးတာကြောင့် သူရဲ့ ညီအစ်ကိုဆီတွေကနေ ပြန်ယူတာက ပိုပြီးလွယ်ပေလိမ့်မည်။ ဒါတင်မက၊ သူရဲ့ ညီအစ်ကိုတွေထံ၌ ရတနာများစွာ ရောက်နေသည်။
မနက်ခင်း စောစောစီးစီးတွင် ရှဲ့နျိုရှန်း တံခါးခေါက်လိုက်သည်။ သခင်မကြီးကတော့ သူ့ကို ပျော်ရွှင်စွာနှင့် အထဲကို ဖိတ်ခေါ်လိုက်သည်။
ရှဲ့ညီအစ်ကိုများသည် အိမ်ကနေ မထွက်သွားရသေးပေ။ သူရောက်လာတာ ထူးဆန်းတယ်လို့ ခံစားရတာကြောင့် သူတို့ သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။
"ဒုတိယ ညီလေး၊ အစ်ကို အပြင်က လူတွေ ပြောတာကြားတာ ညီလေးနဲ့ ခယ်မလေး ကွာရှင်းလိုက်ကြပြီဆို။ ဟူး..လုသခင်မက တော်တော်လေး ကောင်းတဲ့သူတစ်ယောက်ပါ။ ညီလေး တို့ ဘာလို့ ဒီ အခြေအနေထိ ရောက်သွားရလဲ အစ်ကို မသိတော့ပါဘူး။ အစ်ကိုကြီး ပြောတာကို နားထောင်။ ညီလေး သူကို လက်ထပ်ပြီးပြီဆိုမှတော့ ကောင်းကောင်း ဆက်ဆံသင့်တယ်။ ကလေးတွေကို ဒီလမ်းစဉ်လိုက်ဖို့ ခွင့်မပြုလိုက်သင့်ဘူးလို့ ညီလေး မထင်ဘူးလား" ရှဲ့မန်ရှန်းက ပြောလိုက်သည်။
••••••