← Chapters

ညှို့ယူဖမ်းစားနိုင်သောလမင်း......

Vol. 52 Ch. 724

ညှို့ယူဖမ်းစားနိုင်သောလမင်း......

Vol. 52 Ch. 724

လော့လန်အိမ်တော်၏ယာဉ်တန်း တောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

ရှန်ကျင်းရှောင်ကို တွန်းလှန်ပြီးနောက် အတားအဆီး တစ်စုံတစ်ရာ မကြုံတွေ့တော့ဘဲ ယာဉ်တန်းသည် ထျန်ရှုပြည်နယ်သို့ အမြန်ရောက်ရှိလာခဲ့သည်။

အရာအားလုံးက လွယ်ပေမယ့် စိတ်အစဉ်ကတော့အဆင်ပြေမနေပေ။ ကျန်းချင်းအာ ၏အခြေအနေမှာ မပြေလည်သေးဘဲ သူမတွင် အချိန်သုံးလသာကျန်တော့သည်ကို လူတိုင်းသိကြသည်။ ထို့နောက်တွင်၊ အလင်းနှလုံးသား၏ ယဇ်ပူဇော်မှုကို မဖြေရှင်းနိုင်ခဲ့ပါက သူမ၏ဘဝ အဆုံးတိုင်သွားမည်ဖြစ်သည်။

ကျန်းချင်းအာသည် လော့လန်အိမ်တော် တွင် အထူးရာထူးတစ်ခုရထားပြီး လီလော့အနေဖြင့် မှန်ကန်သောအိမ်တော်သခင်အဖြစ် သတ်မှတ်ခံရသော်လည်း အကြီးအကဲများက ကိစ္စတစ်ခုခုကို သတင်းပို့သည့်အခါတိုင်း ကျန်းချင်းအာကို အရင်လာရှာကြစမြဲပင်....

ထို့ကြောင့် သူမသာ တစ်ခုခုဖြစ်ခဲ့လျှင် လော့လန်အိမ်တော်သားတိုင်း တုန်လှုပ်နေမည်မှာ သေချာပါသည်။

သူတို့နောက်နှစ်ရက်လောက် ခရီးနှင်ကြရင်း လီလော့ဟာ တင်းမာတဲ့ဖိအားကို ခံစားလိုက်ရပေမယ့်၊ သူ့မှာ ဒီတခြားကိစ္စတွေအပေါ် အာရုံစိုက်ဖို့ အချိန်မရှိတော့ဘဲ ချင်းအာနှင့်သာ အချိန်အားလုံးကို ကုန်ဆုံးစေခဲ့သည်။

............................

ညကောင်းကင်ယံသည် အတောက်ပဆုံးသောကြယ်များဖြင့် အစက်ချထားသည့် အနက်ရောင်ကုလားကာကဲ့သို့ လောကတခွငိကိုခြုံလွှမ်းထားလေသည်။

လော့လန်အိမ်တော်၏ ယာဉ်တန်းသည် ရှည်လျားသော နဂါးတစ်ကောင်နှင့်တူသည်။ မီးတုတ်များ ထွန်းညှိထားသော အမိုးဖြူတဲလေးများက မိုးဉီးကျမှိုပွင့်လေးများသဖွယ်အစီအရင်ပင်.....

ကျန်းချင်းအာနှင့် လီလော့တို့သည် လက်ရှိတွင် တောင်ထိပ်တစ်ခုပေါ်တွင် ဘေးချင်းကပ်ရပ်နေကြပြီး အဝေးသို့ငေးမောနေကြသည်။

"လွန်ခဲ့တဲ့နှစ်ရက်က နင် ငါနဲ့ပဲအချိန်ကုန်နေခဲ့တယ်....နင်က လော့လန်အိမ်တော်ရဲ့အိမ်တော်သခင်မို့ သူတို့တွေ စိတ်ချဖို့ အချိန်တစ်ခုယူရမယ်.... လော့လန်အိမ်တော်ရဲ့ ရွှေ့ပြောင်းနေထိုင်မှုက အားလုံးအတွက် လွယ်ကူမှာမဟုတ်ဘူး...ဒါကြောင့် အိမ်တော်သခင်ဖြစ်တဲ့နင်က အရင်လို ပေါ့ပေါ့ပါးပါး နေလို့မဖြစ်တော့ဘူး.."

ကျန်းချင်းအာသည် လီလော့ကိုပြုံးပြရင်း အေးစိမ့်သောညလေတိုက်မှုကြောင့် လွင့်ပါးသွားသော ဆံပင်စများကို ဖယ်ထုတ်လိုက်သည်။

ကျန်းချင်းအာအလှတရားသည် လရောင်အောက်တွင်ပို၍ထင်ရှားနေပါသည်။ သူမ၏လှပသောမျက်နှာလေးသည် အကောင်းမွန်ဆုံးကျောက်စိမ်းနှင့်တူအောင်ချောမွေ့တောက်ပနေပြီး ဆံစအချို့ကလည်း အေးမြသောလေနုအေးအောက်တွင် ညင်သာစွာလွင့်ပျံနေသည်။ လရောင်သည် သူမ၏ သွယ်လျပြီး လက်ရာမြောက်သော ခန္ဓာကိုယ်ပေါ် ပက်ဖြန်းထားပြီး အနုပညာလက်ရာတစ်ခုကိုပုံဖော်နေသလို လှပအေးချမ်းနေ၏။

"အခု မင်းဒီလိုဖြစ်နေတော့ ငါဘယ်လိုလုပ်ရမှာလဲ..." လီလော့ သက်ပြင်းချလိုက်သည်။

"လော့လန်အိမ်တော်က အရေးကြီးပေမယ့် မင်းနဲ့ ယှဉ်လို့မရဘူး!"

"ဒီလောက် စိတ်ဓာတ်ကျမနေပါနဲ့.... အနည်းဆုံးတော့ ငါတို့မှာ နောက်ထပ် သုံးလရှိသေးတယ် မဟုတ်လား"

ကျန်းချင်းအာ က သူ့ကို နှစ်သိမ့်ပေးရင်း အလွန်စိတ်အေးလက်အေး ဖြစ်နေပုံရသည်။

"မင်း တကယ်ကိုပေါ့ပေါ့တွေးနေတာပဲ....!"

လီလော့၏ အသံ အနည်းငယ် ပိုလေးလံလာပြီး သူ့အကြည့်များ ပျက်ယွင်းသွားသည်။

"တကယ်ဆို ကောင်းကင်ဧကရာဇ်စာချွန်တော်ကို ဒုတိယအကြိမ်သုံးပြီး ကျန်တဲ့ရဲတိုက်တွေအားလုံးကို ဖြိုချနိုင်တယ်!"

လီလော့ သည် ဒေါသထွက်သော်လည်း နောင်တရသည့် အရိပ်အယောင်ကိုလည်းမြင်နေရသည်။

သူအသုံးမကျလို့သာ ကျန်းချင်းအာအခုလိုဖြစ်ရသည့်အတွက် ပြီးခဲ့တဲ့ နှစ်ရက်စလုံး ကိုယ့်ကိုယ်ကိုယ် ရွံရှာခဲ့သည်။

"ဘာပဲဖြစ်ဖြစ် မင်းမှာ အချိန်သုံးလပဲကျန်တော့တယ်"

ကျန်းချင်းအာက ခေါင်းယမ်းကာ"မင်းကိုအဲ့လိုလုပ်ခွင့်ပေးလိုက်ရင် ငါရူးသွားလိမ့်မယ်"

"အင်း၊ ငါလည်းဒီအကြောင်းတွေကို တွေးပြီး ရူးနေပြီ.... မင်းတစ်ကိုယ်ကောင်းဆန်နေတာပဲ...."

လီလော့က ရယ်မောနေသော မိန်းကလေးကို ခံစားချက်မဲ့ ကြည့်နေလိုက်သည်။

လီလော့၏စွပ်စွဲချက်များနှင့်ရင်ဆိုင်ရသောအခါ ကျန်းချင်းအာက ပန်းတစ်ပွင့်လိုပြုံးရယ်နေ၏ သူမ၏ အသက်စွမ်းအား အဆက်မပြတ် လောင်ကျွမ်းနေသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

"မင်းရဲ့အခြေနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါစဉ်းစားပြီးပြီ... ဘာမှ မပြောင်းလဲရင် ဒေါ်လေးယွင့်နောက်ကို လိုက်သွားကြမယ်...." လီလော့ သက်ပြင်းချလိုက်သည်။

သူတို့သည် ရှပြည်ထောင်စုနှင့် လော့လန်အိမ်တော်မှ ထွက်ခွာရန် ဆန္ဒမရှိသော်လည်း အခြားရွေးချယ်ခွင့်မရှိပေ။ ကျန်းချင်းအာ၏ဘဝသည်သာ အမြင့်ဆုံးဦးစားပေးဖြစ်သည်။

ကျန်းချင်းအာ၏ အကြည့်များ အနည်းငယ် ရွေ့လျားသွားသည်။

"လော့လန်အိမ်တော်က ငါတို့ထွက်သွားရင် ပြာပုံထဲကနေ ပြန်တည်ဆောက်ဖို့ ခက်လိမ့်မယ်...."

" ဒါဆို အစ်မချိုင်ဝေဆီမှာအပ်ခဲ့ရမှာပဲ..... ဘာပဲဖြစ်ဖြစ် သိသိသာသာကြီး ကြီးထွားလာဖို့ မမျှော်လင့်ပါဘူး...အမွေအနှစ်တွေကို ကာကွယ်နိုင်သရွေ့ ငါတို့ တစ်နေ့ ပြန်လာမှာပါ" လို့ လီလော့က ပြန်ဖြေခဲ့သည်။ ကျန်းချင်းအာက လီလော့၏ ဆုံးဖြတ်ချက်ကို ငြင်းဆိုခြင်းမရှိပေ။ ရှပြည်ထောင်စုအတွင်း အပြောင်းအလဲများနှင့်အတူ အရာအားလုံး ဖရိုဖရဲဖြစ်ခဲ့ရသည်။ အချို့သော ရှုထောင့်မှကြည့်လျှင် နောက်ထပ် အမြင့်မားသောနယ်ပယ်များကိုတက်လှမ်းချင်ပါက အရင်းအမြစ်များ ပိုမိုပေါများသော နေရာသို့ ထွက်ခွာသွားရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အလယ်ပိုင်းကုန်းမြေသည် ကျင့်ကြံခြင်းအတွက် သန့်ရှင်းသောမြေများသဖွယ်ဖြစ်သည်။

ကျန်းချင်းအာသည်လည်း လီလော့ ၏ကိုယ်ပိုင်လက်ကျန်သက်တမ်းကို မမေ့ခဲ့ပေ။ သူသည် မြို့စားအဆင့်သို့ရောက်ရန်အချိန်လေးနှစ်သာကျန်တော့သည်။

တိတိကျကျပြောရရင် သူ့မှာ လေးနှစ်ပဲကျန်တော့သည်။ သူသည် နတ်ဆိုးနန်းတော်အဆင့်တွင်ရှိသော်လည်း မြို့စားအဆင့် မတိုင်မီ နောက်ထပ်အဆင့်အနည်းငယ်ရှိသေးသည်။

ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်ကို မှီခိုအားထားပြီး အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်ခြင်းသည် သူ့လမ်းကြောင်းကို ပိုမိုချောမွေ့စေမည်မှာ သေချာပါသည်။

"သေချာစဉ်းစားကြည့်တော့ ငါတို့နှစ်ယောက်စလုံး တူညီတဲ့ကျိန်စာနဲ့ ဒုက္ခရောက်နေကြပြီမဟုတ်လား? ငါတို့ထဲက တစ်ယောက်က အချိန်သုံးလလောက်ပဲကျန်တယ်.... ကျန်တစ်ယောက်က လေးနှစ်ပဲကျန်တယ်.... တကယ်ကို ကြေကွဲစရာကောင်းတဲ့ စုံတွဲပဲနော်...."

ကျန်းချင်းအာ၏ ခပ်လေးလေး စကားသံကို

လီလော့က အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး....

"တကယ်တော့ ဘဝက ခက်ခဲတယ်.... ဒါကြောင့် ငါ့ရဲ့ စိတ်နှလုံးထဲမှာ ချိုမြိန်မှုလေး နည်းနည်းတော့ လိုအပ်နေပြီ... "

ကျန်းချင်းအာ အနည်းငယ် ထိတ်လန့်သွားပြီး တုံ့ပြန်မှု မရှိခဲ့ပေ။ သို့သော်လည်း လီလော့ ဘာကိုဆိုလိုသည်ကို သူမ မမေးနိုင်ခင် လီလော့က သူမ၏ ညာလက်ကို ဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ စကားစဖြတ်တောက်လိုက်လေသည်။

"ချင်းအာ...ငါနှလုံးသားလေးနာကျင်နေလို့ ချိုမြိန်မှုနည်းနည်းလိုနေပြီ...."

လီလော့က ထိုသို့ဆိုရင်း သူမကို မြတ်နိုးစွာ ကြည့်နေသည်။ ယခု သူနှင့် အလွန်နီးကပ်နေသော သူမ၏ သိမ်မွေ့သော အသွင်အပြင်သည် လရောင်အောက်တွင် ပို၍ပင်စွဲမက်ဖွယ်ကောင်းနေ၏။ သူမကို တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ ခေါင်းငုံ့ကာ ခပ် ကြမ်းကြမ်း သူ့နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။

သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေး ရုတ်တရက်တောင့်တင်းသွားပြီး နားရွက်နှစ်ဖက်စလုံး ရဲတွတ်နေသည်။

လီလော့ ဤမျှ ကြမ်းကြမ်းရမ်းရမ်း ပြုမူမည်ဟု သူမ မျှော်လင့်ခဲ့ပေ။

သူတကယ် ခိုးနမ်းရဲတယ်ပေါ့....

သူမ၏ နှုတ်ခမ်းမှတဆင့် အပူများ စိမ့်ဝင်သွားခြင်းကြောင့် သူမ၏ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။

သူမ၏ ကြည်လင်တောက်ပသော ရွှေရောင်မျက်လုံးများသည် လီလော့၏ ချောမောလှပသော မျက်နှာကို စူးစိုက်စိုက်ကြည့်နေပြီး အကြည့်ချင်းဆုံသွားချိန်တွင် ကျန်းချင်းအာ၏မျက်လုံးထဲတွင် နက်နဲသော ခံစားချက်များ တဟုန်ထိုး ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

လီလော့၏ အကြည့်ထဲတွင် ထိတ်လန့်ခြင်းများနှင့် ကြောက်ရွံခြင်းများကိန်းအောင်းနေသည်။

အချိန်သုံးလအတွင်း သူမအတွက် အဖြေမရှာနိုင်တော့မှာကို သူတကယ်ကြောက်နေသည်။

အပြင်ဘက်တွင် ငြိမ်သက်နေပုံရသော်လည်းလီလော့ ဘယ်လောက်ထိ သွေးပျက်နေသည်ကို ယခုမှပင် နက်နက်ရှိုင်းရှိုင်းကို သိလိုက်ရသဖြင့် ကျန်းချင်းအာ လုံးဝကို ထိတ်လန့်သွားသည်။

ဒါဟာ ဘယ်တုန်းကမှ ပေါ်မလာခဲဖူးသော အကြောက်တရားပင်....အိမ်တော်တွေ့ဆုံပွဲတွင် ကိုယ်စားအုပ်ချုပ်သူနှင့် တိုက်ခိုက်သည့်အချိန်တုန်းကတောင် လီလော့ဤမျှလောက် မကြောက်ရွံနေပေ။

ရုတ်တရက် သူ့အပေါ် နက်ရှိုင်းသော နူးညံ့သိမ်မွေ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

သူမလက်ကို မြှောက်လိုက်သည်နှင့် လီလော့ ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး မျက်နှာကို လက်နှစ်ဘက်ဖြင့်အုပ်ကာ အရှိန်ပြင်းပြင်းဖြင့် ပြန်ဆုတ်သွားသည်။

"ပါးမရိုက်နဲ့နော်....!"

ကျန်းချင်းအာ လုံးဝ ထိတ်လန့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ကြည်နူးမှု အရိပ်အယောင်များပေါ်လာသည်။

"ခုနကတုန်းကတော့ သတ္တိကောင်းနေတာမဟုတ်ဘူးလား..?အခုမှဘာလို့ အရိုက်ခံရမှာကို ကြောက်နေတာလဲ..."

လီလော့က ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ ရှုပ်ထွေးသော အတွေးများ သူ့အား လွှမ်းခြုံထားသဖြင့် ကျန်းချင်းအာရဲ့ အင်အားဘယ်လောက်ရှိနေပြီဆိုတာကို သူ မေ့လုနီးပါးဖြစ်ခဲ့ရသည်။ တကယ်ဆို ကျန်းချင်းအာက သူ့ကို ယင်ကောင်တစ်ကောင်လိုအလွယ်တကူရိုက်သတ်နိုင်သည်။

သို့သော် နှစ်များသွာကြာပြီးနောက်... သူမကို အမှန်တကယ် နမ်းနိုင်ခဲ့ပြီ...ထို့ကြောင့် အခုချက်ချင်း အရိုက်ခံရတာက ထိုက်တန်ပါလိမ့်မယ်။

လီလော့က သူမ၏ နီရဲနေသော နှုတ်ခမ်းလေးကို ငုံ့ကြည့်ကာ တံတွေး မျိုချလိုက်သည်။ သူသည် ပေါ့ပေါ့ဆဆ ပြုမူလွန်းသော်လည်း ထိုအနမ်းသည် အကောင်းမွန်ဆုံးသောနတ်သုဓ္ဓါနှင့်တူပြီး အံ့သြဖွယ်ကောင်းသော အရသာကို ချန်ထားခဲ့လေသည်။

လီလော့၏ အနည်းငယ် ညစ်ညမ်းသော အကြည့်ကို သတိပြုမိလိုက်ရာ၊ ရှုပ်ထွေးသော စိတ်ခံစားမှုများသည် ကျန်းချင်းအာ၏ရွှေရောင်မျက်လုံးများမှ ထွက်ပေါ်လာသည်။ သို့သော် အမြဲတမ်း ထက်ထက်သန်သန် သတ္တိရှိရှိ ပြုမူတတ်သော သူမသည်လည်း မိန်းကလေးထဲက မိန်းကလေးတစ်ဉီးပင်..

" လီလော့ ငါ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ?"

လီလော့ကတော့ သိပ်စိုးရိမ်ပုံမပေါ်တော့ဘဲ.... “မင်းငါ့ကို ရိုက်ချင်ရင် ရိုက်လိုက်”

ကျန်းချင်းအာ သက်ပြင်းချလိုက်ပြီး လီလော့ ၏ ၀တ်စုံကို ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ဆွဲယူလိုက်သည်။

လီလော့ ရှေ့သို့ ခြေလှမ်းတစ်လှမ်း ဆွဲသွားသည်ကို ခံစားလိုက်ရသဖြင့် အံ့ဩသွားပြီး နောက်တခဏတွင် ကျန်းချင်းအာ၏ ရင်းနှီးသော ရနံ့တစ်ခု သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။

သူ့နှုတ်ခမ်းမှာ နူးညံ့ပြီး နွေးထွေးတဲ့ ခံစားမှုမျိုးကို ခံစားရသေးသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ခန္ဓာကိုယ်နှစ်ခု ထိကပ်သွားသောအခါ အေးမြသော ခံစားမှုတစ်ခုက သူ့ထံ ဖြတ်သန်းသွားသည်။

လီလော့ မျက်လုံးပြူးသွားသည်။ ဤအကွာအဝေးတွင် ကျန်းချင်းအာ ရှက်သွေးဖြာနေသည်ကိုမြင်တွေ့နေရသည်။သူမတွင် ရဲရင့်သော စရိုက်လက္ခဏာရှိသော်လည်း ၎င်းသည် အတွင်းစိတ်တွင် မိန်းသားဆန်သော ရှက်ကြောက်ခြင်းမျိုးရှိနေသည်။

ချိုမိန်သောအနမ်းတစ်ပွင့်က လီလော့၏ နှလုံးသားကို မုန်တိုင်းတစ်ခုလို ဖြတ်သန်းသွားသည်။

သူ နောက်ပြန်ဆုတ်ဖို့မတွေးတော့ဘဲ ကျန်းချင်းအာကိုခါးကနေ ပွေ့ဖက်လိုက်တော့သည်။

ကြယ်ရောင်စုံလင်းလက်နေသော ညကောင်းကင်အောက်က ဒီမြင်ကွင်းဟာ ရင်သပ်ရှုမောဖွယ်ကောင်းနေလေတော့သည်။

တောင်အောက်ရှိ နွားသိုးကြီးပေါင်ပေါင်၊ ချီချန်း၊ ချိုင်ဝေနှင့် လော့လန်အိမ်တော်သားများက ရုတ်တရက် ခေါင်းမော့ကာ နှစ်ယောက်တစ်ကမ္ဘာတည်နေသော လီလော့တို့ကို ကြည့်ကာ အပြုံးများ ပွင့်လန်းနေကြသည်။

သို့တိုင်၊ ကောင်းသောအရာအားလုံးသည်တခဏမျှသာကြာရှည်ခဲ့သည်။

အလင်းတန်းနှစ်စင်းက ကောင်းကင်ကိုဖြတ်၍ တောင်ထိပ်သို့ တိုက်ရိုက် ဆင်းသက်လာသည်။

လီလော့သည် ထိုသူတို့ရောက်ရှိနေခြင်းကို ခံစားမိသောကြောင့် မကျေမနပ်ဖြစ်နေလေ၏။ တစ်ဖက်တွင် ကျန်းချင်းအာသည် လီလော့၏ရင်ခွင်ထဲတွင် မျက်နှာအပ်ထားပြီး အသက်ရှူသံများပြင်းထန်နေသည်။

လီလော့ ခေါင်းကို မော့ကာ ကောင်းကင်မှ ဆင်းသက်လာသူနှစ်ယောက်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

သူတို့ထဲက တစ်ယောက်က ဒုကျောင်းအုပ်စုရှင်းဖြစ်ပြီး ကျန်တစ်ယောက်က လီလော့ကို အံ့အားသင့်စေခဲ့သည်။ သူမသည် ရှည်လျားသော ရွှေရောင်ဆံပင်နှင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ လီလော့ သူမကို ယခင်ကတစ်ကြိမ်မြင်ဖူးသည်။

သူမသည် ပဲ့တင်ထပ်သံပြုပြင်ခြင်းခန်းမ၏ခေါင်းဆောင် လင်းကျောက်ယင်ဖြစ်သည်။

ထိုအချိန်တွင် သူမသည် နှစ်ယောက်သားအား ရွှင်မြူးစွာ ပြုံးပြလိုက်ပြီး....

"ငါတို့တွေအချိန်မှားပြီးရောက်လာကြတယ်ထင်တယ်...."

လီလော့က ခေါင်းညိတ် သဘောတူလိုက်သည်။

တစ်ဖက်တွင် ဒုကျောင်းအုပ်ကြီးစုရှင်းက မကျေနပ်ဟန်ဖြင့် ခပ်ရွဲ့ရွဲ့ပြုံးကာ....

"ဒီလို နွေးထွေးတဲ့ အခိုက်အတန့်က ပိုအရေးကြီးတယ်လို့ မင်းထင်လား... ဒါမှမဟုတ် သူ့အသက်ကို ကယ်တင်တာက ပိုအရေးကြီးလား...."

လီလော့ ထိုစကားများကို ကြားလိုက်သောအခါတွင် ကျင်စက်နှင့်တို့လိုက်သလို ခံစားရပြီး သူ့မျက်လုံးများ ပန်းကန်ပြားများသဖွယ်ပြူးကျယ်လာသည်။

အလွန်အမင်း ပျော်ရွှင်မှုဟာ သူ့နှလုံးသားရဲ့ နက်နဲရာကနေ ထွက်ပေါ်လာတယ်။

All Chapters