ဖျက်သိမ်းခြင်း.....
Vol. 52 Ch. 727
ကျန်းချင်းအာက နှစ်ရက်အကြာတွင်ထွက်သွားဖို့ ပြင်ဆင်ခဲ့သည်။
ဒါကလည်း လော့လန်အိမ်တော်ရဲ့ ယာဉ်တန်းနဲ့အတူ နန်ဖန်းမြို့ကို မပြန်နိုင်ဘူးလို့ ဆိုလိုခြင်းပင်.... သို့သော် ဤအရာသည် ရှောင်လွှဲ၍မရကြောင်း လူတိုင်းသိသည်။ လောင်ကျွမ်းနေသော အလင်းနှလုံးသားသည် သူမ၏ အသက်စွမ်းအားကို ထိခိုက်စေသောကြောင့် စက္ကန့်တိုင်းက သူမအတွက် အဖိုးတန်နေသည်။ ကုန်ဆုံးသွားသောနေ့ရက်တိုင်းသည် သူမ၏အခြေအနေပိုဆိုးလာစေသည်။
မလိုလားသော်လည်း မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်၏ ရောင်ခြည်ရေအိုင်သည် ဤအခြေအနေများကို ဖြေရှင်းပေးနိုင်ကြောင်း သိရှိပြီးသည်နှင့် ကျန်းချင်းအာကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာခွင့်ပေးရမည်ဖြစ်သည်။
................
ကျယ်ပြန့်သောလမ်းများပေါ်တွင် လော့လန်အိမ်တော်၏ယာဉ်တန်းသည် အဝေးကိုဖြတ်သွားသော အဆုံးမဲ့မြွေတစ်ကောင်နှင့်တူသည်။
ရှမြ်ို့တော် အနီးတစ်ဝိုက်မှ တဖြည်းဖြည်း ထွက်ခွာလာသောအခါ လေထုသည် ငြိမ်သက်အေးချမ်းမှုကို ပြန်လည်ရရှိလာပုံရသည်။ ဤနေရာတွင် အမှောင်စွမ်းအင် အရိပ်အယောင်မျှပင် မရှိတော့ဘဲ နေရောင်သည်လည်း ပို၍နွေးထွေးနေပုံရသည်။
အမှောင်စွမ်းအင်၏ လွှမ်းမိုးမှု ပျောက်ကွယ်သွားသော်လည်း ရက်အနည်းငယ်အတွင်း လော့လန်အိမ်တော်ကို ထောက်ပံ့ကူညီပေးနေသော ကျန်းချင်းအာ ထွက်ခွာသွားမည်ဖြစ်ကြောင်းကို လူတိုင်းသိသောကြောင့် ယာဉ်တန်းပေါ်တွင် အုံ့မှိုင်းသောအငွေ့အသက်များရစ်သိုင်းနေ၏။
အိမ်တော်တွင်ကျန်းချင်းအာ၏သြဇာသက်ရောက်မှုက တော်တန်ရုံမဟုတ်သောကြောင့် သူမ ထွက်ခွာသွားခြင်းသည် အိမ်တော်သားများ၏ခံစားချက်ကို သေချာပေါက် ထိခိုက်စေပါသည်။သို့သော်လည်း လီလော့ ခံစားနေရသည့်ပူဆွေးမှုကိုမည်သူမျှမယှဉ်နိုင်ပေ။
လော့လန်အိမ်တော်၏ မရေရာဆုံးအချိန်များတွင် သူမသည် အတွင်းပိုင်းမငြိမ်မသက်မှုများနှင့် ပရမ်းပတာအခြေအနေကို သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင် သူမသည် ကောလိပ်သို့ ဝင်ရောက်ခဲ့ပြီး သူမ၏တည်ရှိမှုက လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း လူအများ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ရေးထိုးထားခဲ့သည်။ သူမကိုမြင်နေရသည်မှာ တန်တိုင်လန်ကိုမြင်နေရသလိုပင်.......
ရှန်ကျင်းရှောင်ကို တွန်းလှန်ရန်အတွက် သူမသည် အဆုံးစွန်သော အဖိုးအခကို ပေးခဲ့ရပြီး အခန့်မသင့်လျှင် သူမ၏ အသက်သည် လေနှင့်အတူ ငြိမ်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်ခြင်းကြောင့် သူမ ရှေးဟောင်းကောလိပ်သို့ ထွက်ခွာသွားသည်ကို သူတို့တွေ့မြင်လိုကြသည်။
ဒီအခြေအနေကို သူမ ဖြေရှင်းပြီးတာနဲ့ သူမရဲ့ပင်ကိုယ်စွမ်းရည်တွေ ဘယ်နေရာမှာပဲရှိရှိ ပွင့်လန်းလာမယ်လို့ ယုံကြည်ကြသည်။
ရထားလုံးတစ်ခုထဲတွင်.....
လီလော့နှင့်ကျန်းချင်းအာတို့သည် ပြတင်းပေါက်များဖွင့်ထားပြီး တစ်ဖက်စီတွင် ထိုင်နေကြသည်။ နှစ်ဘက်လုံးရှိ တောအုပ်ကြီးသည် နေရောင်ဖြင့် လင်းထိန်နေပြီး ဖြတ်သန်းသွားသူတိုင်းအတွက် ကြီးမားပြီး အရိပ်ရနေသော နေရာများကို ဖန်တီးပေးသည်။
ကျန်းချင်းအာ၏မျက်နှာပေါ်တွင် သိမ်မွေ့သောအမူအရာရှိနေပြီး ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ် သဘောထားမျိုးကို သူမထံမှ တွေ့ရခဲသည်။ဤသည်မှာ သူမ၏ ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုချိန်တွင် သူမသည် လောကကြီးကို ကျောခိုင်းထားပုံရသည်။
လီလော့က သူ့ရှေ့က လှပသော နတ်ဘုရားမကို စူးစိုက်ကြည့်နေသည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က ဤမြင်ကွင်းကို ကြာရှည်စွာ ကျင့်သားရနိုင်သော်လည်း ဘယ်တော့မှ မငြီးငွေ့ခဲ့ပေ။ သူမ၏အလှသည် နတ်ဘုရားများက အစွမ်းကုန်ကြိုးစားပြီးထုဆစ်ထားသော အကောင်းမွန်ဆုံး ကျောက်စိမ်းပန်းပုရုပ်လေးလိုလှပလွန်းသည်။ သူမပြုလုပ်လိုက်သော အမူအရာတိုင်းသည် အဆုံးမရှိ ကျက်သရေနှင့်ပြည့်နှက်နေသည်။
ကျန်းချင်းအာက လက်ဖက်ရည်ခွက်ကိုလှမ်းယူလိုက်ရင်း.... "အားလုံးစိတ်မကောင်းဖြစ်နေကြပုံပဲ... ပြီးတော့ နင်လည်း ထွက်သွားမယ်ဆိုတာ သူတို့ကိုတောင် မပြောပြရသေးဘူး...."
လီလော့ အချိန်ကြာမြင့်စွာ ထွက်ခွာသွားမည့်သတင်းကိုသာ ထုတ်ပြန်လိုက်လျှင် အခြေနေ ပိုဆိုးလာမည်ကို တွေးကြည့်စရာပင်မလိုပေ။
ထို့အပြင် အိမ်တော်ပြိုလဲမည့်အတွက် စိုးရိမ်မှုများလည်း ရှိနိုင်သည်။
အိမ်တော်၏ပင်မထောက်တိုင်နှစ်ခူ ထွက်ခွာသွားသောအခါ၊ လော့လန်အိမ်တော်သည် ပို၍ ရှုပ်ပွနေမည်မှာ သေချာပါသည်။
သို့သော် လီလော့က ပြန်မဖြေခဲ့ပေ။ကျန်းချင်းအာကိုသာ စူးစိုက်စိုက်ကြည့်နေပြီး၊ သူ့အကြည့်များသည် နုပျိုသော နှုတ်ခမ်ပေါ်တွင်သာ အဆက်မပြတ်ငြိတွယ်နေပြီး တစ်ခုခုကို သတိရနေပုံရသည်။
လီလော့၏ အထိန်းအကွပ်မဲ့သော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ ကျန်းချင်းအာ ၏ တည်ငြိမ်မှုလေး တစ်ခဏချင်း ပျောက်ကွယ်သွားကာ ပုံမှန်အတိုင်း၊ ဂရုမစိုက်ဘဲ စူးရှသော အကြည့်များကို ပြန်လည်ရရှိကာ လီလော့ကို ပြင်းထန်သောသတိပေးချက် ပေးလိုက်သည်။
အကြည့်ဖြင့် ခြိမ်းခြောက်ခံလိုက်ရမှသာအခါ လီလော့က အကြည့်များကို မကျေမနပ် ဖယ်ခွာသွားခဲ့သည်။
" ရွေးချယ်စရာမှမရှိတာ...သွားရမှာ သေချာနေပြီပဲ.... စိတ်ဓာတ်ရေးရာအရ ထိခိုက်နိုင်ပေမယ့် ကောင်းတဲ့အချက်ကတော့ ရှပြည်ထောင်စုရဲ့ အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီလေ....ကျင်းချွဲ့အိမ်တော်၊ဂျိယန်အိမ်တော်နဲ့ ကိုယ်စားအုပ်ချုပ်သူတို့တွေ မြောက်ဘက်ကို ထွက်ခွာသွားကြပြီမို့ လော့လန်အိမ်တော်ကို ပစ်မှတ်ထားနိုင်မှာမဟုတ်ဘူး....လတ်တလောအတွက် ပြင်ပရန်သူတွေ အများကြီးရှိတော့မှာ မဟုတ်ဘူး၊ လော့လန်အိမ်တော်ကို အစ်မချိုင်ဝေနဲ့ အစ်မယန်လင်းချီတို့လက်ထဲမှာ ထားခဲ့ရင် တိုးချဲ့နိုင်မှာ မဟုတ်ပေမယ့် သေချာပေါက် ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်..... နည်းပြချီချန်းက သူတို့ကိုစောင့်ရှောက်ပေးမှာမို့ ဘာပြဿနာမှ မဖြစ်နိုင်ဘူး....”
လီလော့က ပြောနေရင်းကနေ မကျေမနပ်ဖြစ်လာပြီး.... "ဌာနမှူးလင်းက ဘာလို့ တစ်ယောက်ထဲကိုပဲ ဝင်ခွင့်ရအောင်လုပ်ပေးနိုင်တာလဲ...."
ကလေးတစ်ယောက်လိုချင်တာနရလို့စိတ်ကောက်နေသလိုဖြစ်နေသည့် လီလော့ကြောင့် ကျန်းချင်းအာ ပြုံးလိုက်မိသည်။
"အခုလို ဝင်ခွင့်တစ်နေရာရတာကလဲ ဌာနမှူးလင်းက မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်မှာ နည်းပြလုပ်ခဲ့ဖူးလို့ပဲ....ဒါကြောင့် ရှပြည်ထောင်စု တစ်ခုလုံးမှာ သူမတစ်ယောက်တည်း လုပ်ပိုင်ခွင့်ရှိတယ်...."
လီလော့ စိတ်ဓာတ်ကျနေပုံကို ကြည့်ရင်း ကျန်းချင်းအာ အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရကာ လက်ကို ဆန့်ထုတ်လိုက်သည်။
"နောက်နှစ်ရက်နေရင် ငါက ဌာနမှူးလင်းနဲ့ ခရီးထွက်ရတော့မှာ.... နန်ဖန်းမြို့ကို မပြန်နိုင်တော့တဲ့အတွက် အခု ငါ့ကိုကတိပေးထားတဲ့အတိုင်း လုပ်သွားပေးပါ...."
"ဘာလုပ်စေချင်တာလဲ...?"
ကျန်းချင်းအာရဲ့ အခြေအနေဟာ သူ့နှလုံးသားကို နာကျင်စေခဲ့ပြီး တခြားဘာကိုမှ တွေးတောချင်စိတ်လည်း မရှိတော့ပေ။
ကျန်းချင်းအာက.... "စေ့စပ်ကြောင်းလမ်းမှု သဘောတူညီချက်" လို့သတိပေးရင်း ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။
လီလော့က ကျန်းချင်းအာကို စက္ကန့်အနည်းငယ်ကြာ အာရုံစိုက်နေချိန်တွင် သူမက အိတ်ဆောင်စက်လုံးအတွင်းမှ သပ်ရပ်စွာ ထွင်းထုထားသည့် သေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။ သေတ္တာကိုဖွင့်လိုက်တော့ အဝါရောင်ဖျော့ဖျော့စာရွက်တစ်ရွက် ပေါ်လာခဲ့သည်။
စာရွက်ပေါ်တွင်သိမ်မွေ့ပြီး အနည်းငယ် မရင့်ကျက်သော လက်ရေးဖြင့် ရေးထားသော စကားလုံးများ ပါဝင်သည်။
ကျန်းချင်းအာသည် ဤစာရွက်ကို ကြည့်ရင်း ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများတွင် အမှတ်တရ အရိပ်အယောင်အချို့ ပေါ်လာသည်။ သူမ မြှုပ်နှံထားခဲ့သော အမှတ်ရစရာများ နက်နက်ရှိုင်းရှိုင်း ပေါ်လာခဲ့ပုံပင်.... ငယ်စဉ်ကပင် သူမသည် ဤစေ့စပ်ကြောင်းလမ်းမှုဆိုင်ရာ သဘောတူညီချက်က စကားလုံးတိုင်းကို ဂရုတစိုက် ရေးသားခဲ့သည်။
ဤသဘောတူညီချက်တွင်ခိုင်လုံသောအထောက်အထားမရှိသောကြောင့် အတွင်း၌ ရေးထားသည်များကို မည်သူမျှ အရေးတယူဂရုစိုက်မည်မဟုတ်ပေ။ ပြင်ပလူတစ်ဦးအတွက်တော့ ဤအရာသည် အပျော်တမ်းဆော့ကစားချင်သည့် ကလေးမလေးတစ်ဦးမှ ရေးဆွဲခဲ့ခြင်းဖြစ်ပေလိမ့်မည်။ သို့သော် ကျန်းချင်းအာသည် ဤသဘောတူညီချက်ကို အမှန်အတိုင်း အလေးထားခဲ့သည်။
" အဲ့တုန်းက အမေ အဖေ့ကို သုံးရက်ဆက်တိုက် ရိုက်နှက်ပြီး ခါးသီးတဲ့ ငိုကြွေးသံတွေ တစ်အိမ်လုံးကို ပြန့်နှံ့နေခဲ့တာ......"
လီလော့က ဒါကို မြင်တော့ သက်ပြင်းချလိုက်လေသည်။
ထိုအချိန်က တန်တိုင်လန် အတော် ဒေါသထွက်နေခဲ့သည်။ သူ့အဖေက မူးမူးနဲ့ စကားနည်းနည်းပြောပလိုက်တာကို ကျန်းချင်းအာ ကလည်း အလားတူ ခေါင်းမာစွာလက်ခံခဲ့သည်။သူမက တစ်ခုခုကို သဘောတူပြီးရင် ဘယ်တော့မှ နောက်ပြန်ဆုတ်မှာ မဟုတ်ပေ။
ထို့ကြောင့် တန်တိုင်လန်သည် သူမ၏ ဒေါသကြောင့် အိမ်တော်တစ်ဝက်လောက်ကို ဖြိုဖျက်ခဲ့ပြီး အိမ်ရှိလူတိုင်းက သူမကိုတားဆီးဖို့ ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း လီလော့မှလွဲ၍ သူမအနားတွင် မည်သူမျှ မနေရဲခဲ့ပေ။
ကျန်းချင်းအာ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပြီး...
"ငါ ဒီမိသားစုကို တကယ်ချစ်တယ်.... ဒါကြောင့် သူတို့စကားကို ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ဘူး....."
" ချင်းအာ...နင် ငါမိဘတွေရဲ့စကားကိုမငြင်းဆန်နိုင်တာနဲ့ ဒီမိသားစုကို စိတ်နှလုံးအကြွင်းမဲ့ ချစ်တာက သပ်သပ်စီပါ..." ဟု လီလော့က ဂရုတစိုက် ထောက်ပြခဲ့သည်။
"ဒါဆို ငါက အခု အကြွင်းမဲ့ သရုပ်ဆောင်နေတယ်လို့ ထင်နေတာလား"
လီလော့ ခဏစဉ်းစားလိုက်ပြီး...
"အင်းး..ဒါတွေငါ့အတွက် အရေးမကြီးဘူး...... ငါ မင်းကို အကြွင်းမဲ့ သဘောကျတယ်...."
" ဘယ်တုန်းက စတာလဲ..."
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများသည် ဤအချိန်တွင် တောက်ပနေပုံရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ စကားများသည် ရဲရင့်ပြီး ရှက်ရွံ့မှု ကင်းမဲ့နေခဲ့သည်။
"ကလေးဘဝတုန်းက နင်ငါ့ကို ပထမဆုံး ရိုက်နှက်ခဲ့တုန်းကဖြစ်မယ် ထင်တယ်..."
"ဒါဆို နင်ကအသားနာခံရတာကြိုက်တဲ့သူပေါ့... "
" ဒီအကြောင်းဆက်မပြောနဲ့တော့....ဒါနဲ့ နင့်ရဲ့နောက်ကြောင်းရာဇဝင်အကြောင်း ငါ့မိဘတွေပြောတာ တစ်ခါမှမကြားဖူးဘူး..."
ပြန်တွေးကြည့်တော့ လီတိုင်ရွှမ်နဲ့ တန်တိုင်လန် တို့ဟာ ကျန်းချင်းအာကို လေးနှစ်ငါးနှစ်သားအရွယ်မှာ ရုတ်တရက် ခေါ်လာကြသည်။ သို့သော် သူမ၏ဇာစ်မြစ်အကြောင်း တစ်ခါမျှ မပြောခဲ့ကြပေ။
ကျန်းချင်းအာ ခေတ္တတိတ်ဆိတ်သွားပြီး...
"ငါလည်း ဘာမှမမှတ်မိဘူး...."
သူမ မျက်မှောင်ကြုတ်လိုက်ပြီး.... "ဆရာနဲ့ဆရာကတော်တို့ကိုစတွေ့တဲ့အချိန်ပဲမှတ်မိတယ်.... ကျန်တာတွေအားလုံးက အမှောင်ထုတွေချည်းပဲ"
လီလော့လည်း အလားတူ မျက်မှောင်ကြုတ်လိုက်သည်။ နည်းနည်းထူးဆန်းမနေဘူးလား? သူမ၏ဇာစ်မြစ်သည် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ပြီး တန်တိုင်လန်က သူမကို များစွာအကြွေးတင်ကြောင်း ပြောခဲ့ဖူးသည်ကို သတိရမိသည်။ အဲဒါ ဘာကို ဆိုလိုတာလဲ....
သူ့စိတ်ထဲမှာ ဒီအတွေးတွေကို ဆက်တွေးနေပေမယ့် ဘာမှစဉ်းစားမရတာကြောင့် ခေါင်းခါပြလိုက်သည်။
ထို့နောက် စေ့စပ်ရေး သဘောတူညီချက်စာချူပ်ကိုထုတ်ပြီး သူမဆီ ပြန်ပေးလိုက်သည်။
"ချင်းအာ၊ သဘောတူညီချက်ကို မင်းဆီ ပြန်ပေးမယ်...."
သူသည် မြင့်မြတ်သော အခမ်းအနားတစ်ခု ပြီးမြောက်သွားသည့်နှယ် အလွန်လေးနက်သောပုံပေါက်သည်။
ကျန်းချင်းအာက သူ့ကို ငေးကြည့်ရင်း သဘောတူညီချက်ကို ညင်သာစွာ ကောက်ယူလိုက်သည်။
"လီလော့၊ ဒီအချိန်ကစပြီး ငါတို့မှာကြားမှာ ဘာဆက်နွယ်မှုမှ မရှိတော့ဘူး...."
သူမ၏ လေသံက အနည်းငယ် ကွဲလွဲသွားပြီး.... "ငါ နန်ဖန်းမြို့ကို ပြန်ရောက်တုန်းကအချိန်ကို မှတ်မိသေးလား.... သဘောတူညီချက်ကို ဖျက်သိမ်းဖို့ နင်ပဲအစပြုခဲ့တာလေ..... ဒီလိုအခွင့်ရေးမျိုး နောက်တစ်ကြိမ်မရနိုင်တော့ဘူးနော်.... အခု နောင်တရနေပြီလား....."
စိတ်မငြိမ်မသက်ဖြစ်နေသော လီလော့ကို စိုက်ကြည့်သောအခါ သူမ၏ ရွှေရောင်မျက်လုံးများတွင် ရယ်မြူးရိပ်သန်းနေသည်။
"လီလော့၊ ငါ့ကိုပြောစမ်းပါ...... နင် အခုစိတ်ပူနေပြီလား....."