← Chapters

တပည့် သည်းမခံနိုင်‌တော့ဘူး

Vol. 6 Ch. 73

တပည့် သည်းမခံနိုင်‌တော့ဘူး

Vol. 6 Ch. 73

မီး၊ နှင်းမြူ၊ သောကငိုကြွေးခြင်း၊ တောက်ပနေမင်း၊ ပြီးနောက် လျှို့ဝှက်အဆန်းပြားဆုံးသော တစ္ဆေစစ်တပ်တို့သည် အင်ပါယာ၏ ထိပ်တန်း စစ်တပ် ငါးတပ်အနေနှင့် လူသိများကြပေသည်။ ထိုအထဲမှ မည်သည့် စစ်တပ်ကိုဖြစ်စေ အသုံးပြုလိုက်ခြင်းသည် လောကကြီးတစ်ခုလုံးအား အံ့အားသင့်သွားစေမည်ဖြစ်သည်။

ယခုတွင် ဧကရာဇ်မင်းကြီးသည် ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရန်အတွက် မီးစစ်တပ်ကို အမှန်တကယ် အသုံးပြုခဲ့ပေသည်။

ရေးကြီးခွင်ကျယ် လုပ်နေခြင်း မဟုတ်ဘူးလား?

ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် ငါးဦးရှိနေခဲ့သော်လည်း ထိပ်တန်းစစ်တပ်တွင်တော့ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့် ၌ရှိသည့် စစ်သည်တော် ငါးထောင်ရှိပေသည်။ ထို့ကြောင့် ရှန်ရှန့်ကျုံဂိုဏ်း၌ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် ငါးဦးသာမက ဆယ်ဦးရှိနေခဲ့သည်ဆိုလျှင်ပင် သူတို့ဘက်မှ တပ်ပြန်ဆုတ်ရပေလိမ့်မည်။

ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် ရှိနေခြင်းသည် အမှန်တကယ်ပင် အင်အားကြီးသော်လည်း အင်ပါယာ၏ ထိပ်တန်း စစ်တပ်နှင့်ယှဉ်လျှင် အားနည်းနေဆဲပင်ဖြစ်သည်။

ထို့ကြောင့် စစ်သူကြီး ချန်းလီသည် ဧကရာဇ်မင်းကြီးမှ ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရန်အတွက် ရုတ်တရက် မီးစစ်တပ်အား အသုံးပြုလိုက်ခြင်းကို နားမလည်နိုင်ခဲ့ပေ။

“ချန်လင် မြို့စား က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လက်ထဲမှာ သေသွားခဲ့တာ!”

ယောင်ရီ အင်ပါယာ ဧကရာဇ်သည် သူ၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းတစ်ခု ဖြတ်သွားခဲ့ပြီး အံကြိတ်ကာ ပြောခဲ့သည်။

သူသည် ဤသတင်းအား မကြာသေးခင်ကသာ ကြားခဲ့ရသည်ဖြစ်ပြီး ထို့ကြောင့်ပင် ဒေါသထွက်နေခဲ့ခြင်းဖြစ်ပေသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏ယောင်ရီအင်ပါယာ၏ ဂုဏ်သတင်းတို့အား သူ၏ရှေ့တည့်တည့်၌ပင် ပျက်စီးနေစေခဲ့သည်။ အကယ်၍ သူသာ ကလဲ့စားမချေပါက ယောင်ရီအင်ပါယာ၏ ဂုဏ်သတင်းက မည်သို့ဖြစ်သွားပါမည်နည်း?

“ဘယ်လို?”

စစ်သူကြီး ချန်းလီသည် အံ့အားသင့်သွားခဲ့ပြီး မျက်လုံးပြူးသွားခဲ့သည်။ သူသည် ဤအကြောင်းအား စိတ်ထဲတွင် ခန့်မှန်းခဲ့ပြီးသားဖြစ်သော်လည်း ချန်းလီသည် ဤရှန်ရှန့်ကျုံဂိုဏ်းက အင်ပါယာ၏ မင်းသားတို့အား တိုက်ခိုက်ရလောက်အောင် သတ္တိရှိနေမည်ဟုအတည်မပြုရဲခဲ့ပေ!

ဒါကတော့ ယောင်ရီအင်ပါယာကို သက်သက်မဲ့ လာရန်စနေတာပဲ!

“ကျွန်‌ေတာ် သဘောပေါက်ပါပြီ။ အရှင်မင်းကြီး ဒီတစ်ခါတော့ ကတိပေးပါတယ်။ ကျွန်တော်ကိုယ်တိုင် မီးစစ်တပ်ကို ဦးဆောင်ပြီး အရှင်မင်းကြီးအတွက် ရှန်ရှန့်ကျုံ ဂိုဏ်းချုပ်ရဲ့ ခေါင်းကို ဖြတ်ယူလာခဲ့ပါ့မယ်!”

ချန်းလီသည် ဦးညွတ်လိုက်ပြီး လေးနက်စွာပြောခဲ့သည်။ သူ၏မျက်နှာထက်တွင် ဒေါသထွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ ချန်းလီသည် ဤအင်ပါယာ၏ စစ်သူကြီးတစ်ဦးဖြစ်သောကြောင့် အင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဆိုလျှင်လည်း မမှားပေ။ ထို့ကြောင့် ဧကရာဇ်၏ မျက်နှာတွင်သာမက သူ၏မျက်နှာပေါ်တွင်လည်း ဒေါသထွက်ပုံပေါ်နေခဲ့ပေသည်။

ယခုတွင် အင်ပါယာ၏ မင်းသားအား သတ်ဖြတ်လိုက်ခဲ့ပြီဖြစ်သောကြောင့် အင်ပါယာမှသာ ပြန်လည်မတုံ့ပြန်ပါက သူတို့၏ ယောင်ရီအင်ပါယာအား ‌အခြားသူများ မည်သို့ မြင်ပါမည်နည်း?

ယောင်ရီအင်ပါယာ၏ စစ်သူကြီးဖြစ်သော ချန်းလီကိုလည်း မည်ကဲ့သို့ မြင်ကြမည်နည်း?

“မီးစစ်တပ်အပေါ်ယုံကြည်ပေမဲ့လည်း ဒီ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်း ထူးဆန်းလွန်းလို့ နှင်းမြူ စစ်တပ်ကိုလည်း တိုက်ခိုင်းဖို့ ငါ ဆုံးဖြတ်ထားတယ်!”

ယောင်ရီအင်ပါယာ၏ ဧကရာဇ်သည် ချန်းလီအား ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်ခဲ့သည်။

ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ် ငါးဦးကို စိတ်တိုင်းကျ စေလွှတ်နိုင်ခဲ့သောကြောင့် ယောင်ရီအင်ပါယာ၏ ဧကရာဇ်မင်းကြီးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားသည် အလွန်ကြီးမားလှပြီး ထိုထက်ပင် ပိုနေသေးသည်ဟု ထင်နေခဲ့ပေသည်!

ယောင်ရီအင်ပါယာ၏ ဧကရာဇ်ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါတွင် ချန်းလီသည် အံ့အားသင့်သွားခဲ့သည်။ သူသည် အကြံတစ်ခု တွေးမိသွားသကဲ့သို့ သူ၏မျက်လုံးနက်တို့တွင် လေးစားမှုအကြည့်တို့ ဖြစ်ပေါ်လာခဲ့သည်။

နှင်းမြူ စစ်တပ်အား ဦးဆောင်သည့် အင်ပါယာ၏ အကြီးဆုံး မင်းသမီးလေးသည် ယောင်ရီအင်ပါယာ၏ ထိပ်တန်း အလှအ‌ပလေးသာ မကဘဲ အင်ပါယာ၏ ထိပ်တန်း သေမင်းသံတမန်ပင်ဖြစ်သည်။ သူမသည် နာမည်ကြီးလှပြီး တော်ဝင်မိသားစုထဲမှ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

အင်ပါယာ၏ အကြီးဆုံး မင်းသမီးသည် ယခုအချိန်အထိ လက်မထပ်ရသေးကာ သူမသည် မည်သည့်အခါကမှ လက်မထပ်ချင်ခဲ့ပေ။ သူမသည် နှင်းမြူ စစ်တပ်အား လေ့ကျင့်ပေးခဲ့ကာ ထိုစစ်တပ်ကို အင်ပါယာ၏ ထိပ်တန်း စစ်တပ်ငါးတပ်ထဲမှ တစ်တပ် ဖြစ်လာစေခဲ့သည်။ ဧကရာဇ်မင်းကြီးသည်ပင် သူမအား မထိန်းချုပ်နိုင်ပေ။

သို့သော် ချန်းလီသည် ဤအင်ပါယာကြီးတစ်ခုလုံးတွင် ဧကရာဇ်မင်းကြီးအား သူမအပေါ် မေတ္တာထားလာရန် လုပ်နိုင်သူသည် အကြီးဆုံး မင်းသမီးကိုယ်တိုင်ပင်ဖြစ်ကြောင်း သေချာ သိ‌ရှိနေခဲ့သည်။

ဤအင်ပါယာကြီးတစ်ခုလုံးထဲ၌ ချန်းလီအပါအဝင် အမျိုးသားများစွာသည် အကြီးဆုံးမင်းသမီးအပေါ်တွင် ချစ်မြတ်နိုးကြသော်လည်း မည်သူမျှ ချစ်မြတ်နိုးကြောင်း မပြောဆိုရဲကြပေ။

သူတို့၏ အဆင့်အတန်းများက မထိုက်တန်သောကြောင့်သာမဟုတ်ဘဲ အကြီးဆုံး မင်းသမီးသည် မည်သူပင်ဖြစ်စေ သူမအား ဖွင့်ပြောခဲ့ပါက သတ်ပစ်မည်ဟု ရှင်းရှင်းလင်းလင်း ပြောထားခဲ့သောကြောင့် ‌ဖြစ်ပေသည်။

တစ်ခါတွင် သူမက ဤသို့ ပြောခဲ့ဖူးသည် : ဒီကမ္ဘာကြီးထဲမှာတော့ ငါနဲ့ ထိုက်တန်တဲ့ ယောက်ျား ဘယ်သူမှ မရှိဘူး!

“အမတ်မင်း နဲ့ အကြီးဆုံး တော်ဝင်မင်းသမီးက ဒီရှန်ရှန့်ကျုံဂိုဏ်းကို လုံးဝ ပျက်စီး‌ေကျမွှသွားအောင် ဖျက်ဆီးပစ်ပြီး ချန်လင် မြို့စားအတွက်ပါ ကလဲ့စားချေပေးရင်းနဲ့ ကိုယ်တော်တို့ ယောင်ရီအင်ပါယာအတွက်လည်း ဂုဏ်ဆောင်ပေးခဲ့နိုင်ကြပါစေ!”

ချန်းလီသည် ထပ်ကာ ဦးညွတ်လိုက်ခဲ့သည်။ သူသည် ထိုမိန်းကလေးနှင့် ဘေးချင်းဆိုင်လျှောက်ရမည်မှာ သူ ကံကောင်းသွားသောကြောင့်ပင် ဖြစ်ရမည်!

“ငါကိုယ်တော်ကတော့ မင်းနဲ့ ရွှမ်းအာ တို့ အောင်အောင်မြင်မြင်နဲ့ ပြန်လာတာကို စောင့်နေရမှာပဲကွ! မှတ်ထားဦးနော် အလျင်စလိုမဖြစ်စေနဲ့။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အသေးစိတ်အချက်အလက်တွေကို ရှာ၊ ပြီးရင် သူတို့ကို တိုက်တဲ့အခါ လုံးဝ ထွက်ပြေးလို့မရလောက်အောင်လုပ်ကြ!”

ယောင်ရီအင်ပါယာ၏ ဧကရာဇ်သည် ခေါင်းညိတ်ပြီး လေးနက်စွာ ပြောလိုက်ခဲ့သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး! ကျွန်တော် သွားလိုက်ပါဦးမယ်!”

ချန်းလီ၏ ပျောက်ကွယ်နေသည့် နောက်ကျောအားကြည့်ကာ ယောင်ရီအင်ပါယာ ဧကရာဇ်သည် မျက်‌ေမှာင်ကြုတ်ခဲ့သည်။ ထို့နောက် သူ၏‌မျက်နှာပေါ်တွင် ကဲ့ရဲ့ပုံ ထွက်ပေါ်လာခဲ့သည်။

“ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား? ကျေးဇူးပဲကွာ, မင်းတို့က ဒီဧကရာဇ်ရဲ့ ကစားပွဲကို တွန်းအား‌ပေး လိုက်တာပဲ !”

ခန်းမထဲတွင် ဝေဆာလှသည့် ရယ်မောသံတစ်သံထွက်ပေါ်လာခဲ့ပြီးနောက် ယောင်ရီအင်ပါယာဧကရာဇ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် စံအိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည့် တော်ဝင်မင်းသား ယုဖေးသည် သူ့ကိုယ်သူ အခန်းထဲ၌ ပိတ်လှောင်ခဲ့ပြီး သူ၏မျက်နှာတွင်လည်း ဝမ်းနည်းပူဆွေးနေပုံပေါက်ကာ ယုဖေး၏ မျက်လုံးများထဲတွင် အမုန်းတရားတစ်မျိုး ပေါ်နေခဲ့သည်။

“ဒီအဖိုးကြီးက ငါမင်းသားကိုတောင် အော်ရဲတယ်ပေါ့လေ, သေလိုက်စမ်း!”

ယုဖေး၏ မျက်နှာသည် အလွန် ရက်စက်ပုံပေါက်နေခဲ့ပြီး သူသည် အသံတိုးတိုးဖြင့် ဟစ်ကြွေးခဲ့သည်။ ယုဖေး၏ ဆုပ်ထားသော လက်သီးများမှ သွေးများ တစိမ့်စိမ့်ထွက်ကျလာခဲ့လေသည်။

''ဆရာ၊ ဆရာဘယ်တော့များမှ အောင်မြင်မှာလဲဗျာ။ကျုပ်လူတွေ မစောင့်နိုင်ကြတော့ဘူးဗျ"

ယုဖေး၏ သွေးနီရောင် ‌မျက်လုံးများတွင် မျှော်လင့်ချက်အနည်းငယ် ပေါ်လာခဲ့ကာ သူသည် သိမ်မွေ့စွာနှင့် တီးတိုးပြောလိုက်ခဲ့သည်။

“အရှင် မင်းသား!”

ဤအချိန်တွင် အခန်းအပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာခဲ့သောကြောင့် တော်ဝင်မင်းသား ယုဖေး၏ ရက်စက်သော မျက်နှာထားသည် ချက်ချင်း တည်ငြိမ်သွားခဲ့သည်။ ထိုသို့တည်ငြိမ်သွားသည့် အရှိန်သည် အလွန် မြန်ဆန်လွန်းလှပေသည်။

“ဘာဖြစ်တာလဲ?”

“ ချန်းလီက မီးစစ်တပ်ကို ဦးဆောင်၊ အကြီးဆုံး မင်းသမီးက နှင်းမြူ စစ်တပ်ကို ဦးဆောင်ပြီး တော်ဝင်မြို့တော်ကနေ တစ်ချိန်တည်း ထွက်ခွာသွားကြတယ်လို့ ကျွန်တော် ကြားခဲ့ပါတယ်!”

တံခါးအပြင်မှ အသံသည် အသံတိုးတိုးနှင့် ပြန်ဖြေခဲ့သည်။

“ဘာ?”

ဤသို့ကြားလိုက်ရသည့်အခါတွင် ယုဖေးသည် အံ့ဩသွားခဲ့ကာ ချက်ချင်းပင် မတ်တပ်ထရပ်ခဲ့ပြီး အခန်းအပြင်ဘက်သို့ ကျော်လျှောက်သွားခဲ့သည်။ ထို့နောက် ယုဖေးသည် တံခါးအပြင်ဘက်မှ လူယုံတော်အား ကြည့်ခဲ့ပြီး အသံအောအောနှင့် ပြောခဲ့သည်။

“သူတို့ ဘယ်ဘက်ကို သွားနေကြတာလဲဆိုတာရော သိလား?”

“ဟုတ်ကဲ့ပါ မင်းသား၊ သူတို့က ရှင်းယောင် တောင်တန်းဘက်ကို သွားနေကြတာပါ!”

“ဟက်, ကောင်းကင်ကြီးက ဘယ်လောက် မြင့်လဲမသိတဲ့ ပုရွက်ဆိတ်တွေက ငါတို့အဖိုးကြီးကိုတောင် မျက်နှာပျက်စေပြီး သတ်ဖို့ကြံရတဲ့အထိတောင် ဒေါသထွက်သွားစေတယ်ပေါ့လေ!”

ဤသို့ကြားခဲ့သည့်အခါတွင် ယုဖေး၏ မျက်နှာပေါ်တွင် ကဲ့ရဲ့ပုံပေါ်လာခဲ့ပြီး စနောက်လိုက်ခဲ့သည်။

လူယုံတော်သည် သူ၏ခေါင်းအား ငုံ့ခဲ့ပြီး ယုဖေးစကားကို မကြားချင်ယောင်ဆောင်ခဲ့သည်။

“ ဖန့်လျှို့ ကို ရှင်းယောင် တောင်တန်းဘက်က ရှန်ရှန့်ကျုံဂိုဏ်းကိုသွားပြီး အဲ့ဒီ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ရဲ့ ဘေးက မိန်းကလေးကို သွားခေါ်ခိုင်းလိုက်တော့!”

ယုဖေး၏ မျက်လုံးတို့တွင် လိုအင်ဆန္ဒများ ထွက်ပေါ်လာခဲ့ပြီး ညွှန်ကြားခဲ့သည်။

ယုဖေးသည် ယနေ့တိုင်အထိ ထိုမိန်းကလေး၏ လှပတင့်တယ်ပြီး နတ်သမီးဆန်သည့် ပုံရိပ်၊ သူမ၏ နတ်သမီးကဲ့သို့သော ရုပ်အသွင်အား မမေ့ပျောက်နိုင်ခဲ့ကာ သူ၏စိတ်ထဲတွင် ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ထိုကဲ့သို့သော မိန်းကလေးသည်သာ သူနှင့် ထိုက်တန်ပြီး ထိုအမျိုးသမီးသည် သူ့အတွက်သာ ဖြစ်နေရမည်!

“ဟုတ်ကဲ့ပါ!”

လူယုံတော် ထွက်သွားခဲ့သည်ကို ‌တွေ့လိုက်ပြီးနောက်တွင် တော်ဝင်မင်းသား ယုဖေးသည်စိတ်ပျက်စရာကောင်းစွာ ပြုံးခဲ့သည်။ သူသည် ထို အံ့ဩဖွယ်ကောင်းလှသည့် လှပသော အမျိုးသမီးအား ပွေ့ဖက်ထားသည့် မြင်ကွင်းအား မျှော်လင့်စောင့်စားနေခဲ့သည်။

တော်တော် ‌နှစ်သက်စရာကောင်းမှာပဲ။

…………

ရှင်းယောင် တောင်တန်းသို့ ပြန်လာခဲ့သည့် ဝမ်ဖုန်းသည် ယောင်ရီအင်ပါယာ ဧကရာဇ်က သူ့အပေါ်တွင် တိုက်ခိုက်ရန် ကြံစည်နေမည်ဟု ထင်မထားခဲ့ပေ။ သို့သော် ဝမ်ဖုန်းသည် သိထားခဲ့လျှင်ပင် အဖက်လုပ် တွေးတောနေမည်မဟုတ်ပေ။

နောက်ဆုံးမှာ အခြားကမ္ဘာတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးတာတောင်မှ တစ်ပါးသူကို နာခံနေရဦးမယ်တဲ့လား?

ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ?

သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီးပဲလေ!

သူသည် ယောင်ရီအင်ပါယာမှ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရန် ကြံနေသည်ကို သိခဲ့လျှင်ပင် ဝမ်ဖုန်းသည် ကြောက်ရွံ့နေမည်မဟုတ်ပေ။ သို့သော် အခြားသူတို့မှ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား ယောင်ရီအင်ပါယာက အနိုင်ရသွားနိုင်ခဲ့မည်ဟု ထင်နေကြသည့်အခါတွင် သူသည် ယောင်ရီအင်ပါယာ၏ စစ်တပ်အား ချက်ချင်း သတ်ဖြတ်လိုက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အခြားသူတို့ အံ့ဩသင့်သည့်နှုန်းက ပို၍ပြင်းထန်မည်ဖြစ်သည်။

ထိုသို့ အံ့ဩသွားစေခြင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းအား မြှင့်တင်ပေးနိုင်ရုံပင်မက ယောင်ရီအင်ပါယာသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းအား အနိုင်မရနိုင်ကြောင်း သိသွားစေမည်ဖြစ်သည်!

သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအတွက်လည်း တပည့်များ စုဆောင်းနိုင်ကာ ဂိုဏ်းအား တိုးချဲ့ပေးနိုင်မည် ဖြစ်သည်!

သို့သော် ဤအချိန်တွင် ဝမ်ဖုန်းသည် အင်ပါယာမှ မည်သို့ လုပ်ဆောင်နေခဲ့သည်ကို မသိခဲ့ပေ။ သူသည် ရင်းနီးနေသည့် တောင်တန်း ဂိတ်ပေါက်အား သိမ်မွေ့သော အပြုံးနှင့် ကြည့်နေခဲ့သည်။

ဝမ်ဖုန်းသည် အဝေးမှ မွေးရပ်မြေသို့ ပြန်ရောက်လာခဲ့သည့် စွန့်စားခန်းခရီးထွက်သူနှင့်ပင် တူနေခဲ့ကာ သူ၏မွေးရပ်မြေတွင် မရင်းနီးသည့်အရာတစ်ခုမျှမရှိဘဲ ရင်းနီးနေပြီး အတိတ်အား လွမ်းဆွတ်စေသည့် ခံစားချက်တို့သာ ရှိနေခဲ့သည်!

သူ၏ ဂိုဏ်းချုပ်ရာထူး ဂုဏ်ပုဒ်ကို မပျက်စီးစေချင်သည့် စိတ်ကြောင့်သာမဟုတ်ပါက ဝမ်ဖုန်းသည် အမှန်တကယ်ပင် အော်ပြောလိုက်ချင်ခဲ့သည် : ငါ ပြန်လာပြီဟေ့!

“ဂိုဏ်းချုပ်!”

ဝမ်ဖုန်းသည် လင်းဖေးဝူနှင့် အခြားသူတို့အား မြေပြင်သို့ ဦးဆောင်သွားသည့်အခါတွင် အသံရှရှနှင့် ဟစ်ကြွေးသံကို ကြားလိုက်ရခဲ့ကာ ထိုအသံသည် ဝမ်ဖုန်း၊ လင်းဖေးဝူနှင့် အခြားသူတို့အား အံ့အားသင့်သွားစေခဲ့သည်။

ထိုသို့ကြားလိုက်ရပြီးနောက် ချက်ချင်းတွင် ဝမ်ဖုန်းသည် ကျောက်မီးသွေးကဲ့သို့ မည်းနက်နေသည့် ပုဂ္ဂိုလ်တစ်ဦးသည် သူ့ဘက်သို့ ပြေးလာသည်ကို တွေ့လိုက်ခဲ့ပြီး ဝမ်ဖုန်းသည် အလွန် လန့်ဖြတ်သွားသောကြောင့် သူသည် အမှတ်တမဲ့ ကန်ထုတ်ခဲ့လေသည်။

ဗုံး!

ထိုမည်းနက်သော ပုဂ္ဂိုလ်သည် ချက်ချင်း လွင့်ထွက်သွားခဲ့ပြီး အဝေး၌ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့သောကြောင့် မြေကြီးသည် တုန်ခါသွားခဲ့လေသည်။ ထိုပုဂ္ဂိုလ်သည် မြေပြင်၏ အလယ်၌ရှိနေကာ ထိုမြေကြီးသည် ပင့်ကူအိမ်ကဲ့သို့သော အပ်ကွဲရာ ပေါ်လာခဲ့သည်။ ဤအဖြစ်အပျက်မှ ဝမ်ဖုန်း၏ အင်အားသည် မနည်းပါးကြောင်း တွေ့နိုင်ပေသည်။

ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ချိန် သနားစရာအသံကထွက်‌ပေါ်လာခဲ့သည်။

“ဂိုဏ်းချုပ် , ကျွန်တော် လီချင်းပါဗျ!”

ထိုမည်းနက်နေသည့် ပုဂ္ဂိုလ်သည် ချက်ချင်း ကုန်းထလိုက်ပြီး သူ၏ နှာရည်များ မျက်ရည်များနှင့် သနားစရာကောင်းပုံသည် လူများအား ကရုဏာသက်စေနိုင်ခဲ့သည်။

“ဘာ????”

ဝမ်ဖုန်းသည် အံ့ဩသွားခဲ့သည်! လင်းဖေးဝူနှင့် အခြားသူတို့သည်လည်း အံ့ဩသွားခဲ့လေသည်!

“အစ်…အစ်ကိုကြီး?”

လင်းဖေးဝူသည် ချစ်စဖွယ်ကောင်းသည့် မျက်နှာထားနှင့် အော်ပြောခဲ့ကာ လီချင်းက ဘယ်လိုလုပ် ထိုသို့ဖြစ်လာခဲ့ကြောင်း တွေးနေခဲ့လေသည်။

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးဆုံး တပည့်က ဘယ်လိုတောင်ဖြစ်နေရတာလဲကွ?”

ဝမ်ဖုန်းသည် ထိုမည်းနက်နေသည့် ပုဂ္ဂိုလ်ကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက်တွင် ထိုပုဂ္ဂိုလ်သည် လီချင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက်တွင် ဝမ်ဖုန်းသည် ချက်ချင်း မျက်မှောင်ကြုတ်ခဲ့ပြီး အော်ဆူခဲ့လေသည်။

သောက်ကျိုးနည်း, ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ တပည့်အသစ် စုစည်းနိုင်ခဲ့ပြီး ပြန်လာခဲ့ချိန်တွင် လီချင်းသည် ဤကဲ့သို့ လုပ်ဆောင်ခဲ့လေသည်။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းအား ဖျက်ဆီးနေခဲ့ခြင်းပင် မဟုတ်ပါလား?

“ဂိုဏ်းချုပ်ရယ်, ကျွန်တော်လည်း ဒီလိုမဖြစ်ချင်ပါဘူးဗျာ။ ဆရာ ယောင်ယွဲ့က ဒီအချိန်အတော်အတွင်းမှာ ကျွန်တော့်ကို ဘယ်လောက်တောင် နှိပ်စက်ခဲ့လဲဆိုတာ ဂိုဏ်းချုပ်မှ မသိတာကိုဗျ!”

“တစ်ခါကဆို ကျွန်တော် ကျောက်တုံးကြီးကို တံခါးထိ တွန်းခဲ့ရတယ်၊ တစ်ခါက ကျောက်တုံးကြီးကို ပခုံးပေါ်ထမ်းပြီး တောင်အောက်ကို ပြေးဆင်းခဲ့ရတာ၊ တစ်ခါကဆို ကျောက်ဆောင်ပေါ်ကနေပြီး ဒီတိုင်း ခုန်ချခဲ့ရတာ၊ ဟိုတစ်ခါတုန်းကဆို နံရံနဲ့ ခေါင်းနဲ့ဆောင့်ခဲ့ရတာဗျ။”

“ဂိုဏ်းချုပ် ထွက်သွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ တပည့်လေး ကျွန်တော်ကတော့ နေတိုင်း ကြောက်စရာ အခက်အခဲတွေကြားမှာ နေနေခဲ့ရပြီး ကျွန်တော်လည်း ဆက်မခံနိုင်တော့ဘူး။ ဒီလိုသာ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကျွန်တော် သေရတော့မှာပဲဗျ!”

လီချင်းသည် အားကောင်းမောင်းသန် လူကြီးဖြစ်သော်လည်း ဤကဲ့သို့ ထပ်ကာ ထပ်ကာ ဝမ်နည်းပက်လက် အော်ငိုနေခဲ့သည်ကို မြင်ရသည့်အခါတွင် လီချင်းသည် ဤအချိန်ပိုင်းအတွင်း၌ မည်သို့ တွေ့ကြုံခဲ့ရသည်ကို မတွေးနိုင်ခဲ့ကြပေ။

ဝမ်ဖုန်း၏ ပါးစပ်‌ထောင့်စွန်းသည် တဆတ်ဆတ်လှုပ်ခပ််သွားခဲ့သည်။ သူသည် ယောင်ယွဲ့က ဤမျှပင် ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လီချင်း၏ ရွှမ်လင်းလိပ်ခန္ဓာနှင့် ဆန်းကြယ်သည့် နတ်ခန္ဓာကိုယ်ကြောင့်သာမဟုတ်ပါက အသက်ပျောက်သွားခဲ့မည်ဖြစ်သည်။

ဝမ်ဖုန်းအနောက်မှ လင်းဖေးဝူနှင့် အခြားသူတို့သည် ဤစကားများအား ကြားလိုက်ရသည့်အခါတွင် ရေခဲတုံးကြီးကဲ့သို့ အေးစက်သော သူအား တွေးတောနေမိပြီး တုန်လှုပ်သွားခဲ့ကြကာ လီချင်းအား သနားသည့်အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

ဂိုဏ်းတူအစ်ကိုကြီးသည် ဆရာ ယောင်ယွဲ့‌ သင်ကြားပေးခြင်းကို ခံနိုင်သည့် တစ်ဦးတည်းသောသူသာ ဖြစ်ရမည်။

“လီချင်း!”

ဝမ်ဖုန်းက စကားပြောတော့မည့်အချိန်တွင် အေးစက်သည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လင်းဖေးဝူနှင့် အခြားသူတို့သည် သူတို့အားလုံးကို လန့်ဖြတ်သွားစေသည့် သူအား တွေ့ခဲ့ရပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအား မကြာ‌သေးခင်ကမှ ဝင်လာခဲ့ကြသည့် လီထျန်းရှင်းနှင့် ဘုန်းကြီး ဝူနျာန်တို့သည် ရုတ်တရတ် အံ့ဩသွားခဲ့ကြသည်။ ထွက်ပေါ်လာသူသည် ဤကမ္ဘာပေါ်တွင် ရှားပါးလှသည့် ပြိုင်ဘက်ကင်းသော အလှအား ပိုင်ဆိုင်ထားသူ နောက်ထပ်တစ်ဦးဖြစ်လေသည်!

ရှန်ရှန့်ကျုံဂိုဏ်းသည် တကယ်ပင် အင်အားကြီးလှသည်ကို ဖုံးကွယ်ထားခြင်းဖြစ်ပေသည်။ လီထျန်းရှင်းသည်ပင် သူမက ထိုကဲ့သို့ ချောမောလှပသည့် ပုဂ္ဂိုလ်နှင့် မယှဉ်နိုင်ပေဟု ကိုယ့်ဘာသာ တွေးနေမိခဲ့သည်။ လီထျန်းရှင်း သည် မလှပသည်မဟုတ်သော်လည်းစိတ်နေသဘောထားနှင့် ယှဉ်လိုက်လျှင် သူမသည် ပိုဆိုးရွားပုံ ပေါက်နေခဲ့သည်။

ယောင်ယွဲ့၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ ဆန်းကြယ်အင်ပါယာအဆင့် အင်အားကြီးပုဂ္ဂိုလ်တွေက ဘယ်အချိန်က ပေါသောလာရတာလဲ"

All Chapters