တန်ဖိုးအကြီးဆုံးအခန်းကိုငှားနိုင်ပြီ!
Vol. 6 Ch. 74
လီချင်းသည် ဤအသံကိုကြားသောအခါ သူ၏ ခန္ဓာတစ်ခုလုံးသည်အေးခဲသွားခဲ့ပြီး သွေးကြောများထောင်မတ်သွားကာ ပေတံတစ်ချောင်းကဲ့သို့ တည့်မတ်စွာရပ်နေခဲ့သည်။သူ၏မျက်နှာထက်တွင် ဝမ်းနည်းမှုနှင့် ဒေါသများမရှိတော့ဘဲ ချက်ခြင်းပင် လေးနက်သည့် အသွင်ပြောင်းသွားသည်။
လင်းဖေးဝူ နှင့်အနားတွင်ရှိသော အခြားသူများသည် အံ့အားသင့်သွားကြသည်။
"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်!"
ယောင်ယွဲ့သည် လီချင်းရှိရာသို့ ရောက်ရှိလာပြီး လီချင်းကို ကြည့်လိုက်သည်။ ဤအကြည့်သည် လီချင်း၏နှလုံးသားဆီသို့ တည့်တည့်ရောက်သွားစေခဲ့သည်။
"အဟမ်း ၊ ပြီးခါနီးနေပြီပဲ!"
ဝမ်ဖုန်းသည် အသာအယာ ချောင်းဆိုးလိုက်ပြီးမူမမှန်သော အမူအရာဖြင့် ပြောလိုက်သည်။
သူသည် လီချင်း၏ရွှမ်လင်းလိပ်ခန္ဓာအားကို အမှန်တကယ်အသက်သွင်းလိုသော်လည်း ၊ သူသည် လီချင်းကို တစ်ကြိမ်တည်းနှင့် မသေစေလိုသောကြောင့် တစ်ဆင့်ပြီးမှတစ်ဆင့်ပြုလုပ်ချင်ခဲ့သည်။
လီချင်းသာထိုအရာကို တကယ်တောင့်မခံနိုင်ခဲ့ပါက သူ၏ရွှမ်လင်းလိပ်ခန္ဓာကို အသက်သွင်းနိုင်မည်မဟုတ်ကြောင်း ဝမ်ဖုန်းကကောင်းကောင်းသိနေခဲ့သည်။ သေမျိုးဖြစ်သော လီချင်းအနေဖြင့် သူ၏ဂိုဏ်းတူညီမလေးနှင့် ဂိုဏ်းတူညီလေးတို့သည် သူ့ထက် စွမ်းအားပိုသာသည်ကို သိသောအခါ လီချင်းသည် ပိုပြီးစွမ်းအားကောင်းလာစေမည့် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်ခံမည်မဟုတ်ဟု ဝမ်ဖုန်းကယုံကြည်ခဲ့သည်။
"ဂိုဏ်းချုပ် ၊ အခု ဂိုဏ်းချုပ်ရဲ့ ကန်ချက်စွမ်းအင်ကို လီချင်းက ခံနိုင်မယ်လို့ထင်လို့လား" ယောင်ယွဲ့သည် ဝမ်ဖုန်း၏စကားများကိုကြားသောအခါ အဖြေကို တိုက်ရိုက်မဖြေဘဲအော်၍ မေးလိုက်သည်။
ဤစကားကြောင့် ဝမ်ဖုန်းသာမက လီချင်းကို ကြည့်နေကြသော လင်းဖေးဝူ နှင့် အခြားသူများပါ ချက်ချင်းပင်မှင်သက်ကုန်ကြသည်။ ကျန်းစန်ဖုန်းသည်ပင်လျှင် မျက်လုံးများကို ရေးရေးဖွင့်လိုက်မိသည်။
ဟုတ်တာေပါ့ ၊ ဂိုဏ်းချုပ်ရဲ့ဖြစ်တည်မှုက ဘာမို့လို့လဲ ၊ ကြုံရာ ကန်ချက်တစ်ခုသာဖြစ်လျှင်တောင်မှ ဂိုဏ်းတူအစ်ကိုလို သေမျိုးက တောင့်ခံနိုင်မည့်အရာမဟုတ်ပေ။
သို့သော် ဂိုဏ်းချုပ်၏ကန်ချက်ထိပြီးသော်လည်း ဂိုဏ်းတူအစ်ကိုသည် အနည်းငယ်မျှပင်ဒဏ်ရာမရဘဲ အသက်ရှင်လျက်ပင်ခုန် ပေါက်နေသဖြင့် လင်းဖေးဝူနှင့်အခြားသူများက အံ့ဩကုန်ကြသည်။
"စနစ်၊ လီချင်းရဲ့ ရွှမ်လင်းလိပ်ခန္ဓာကို ဘယ်လောက်ထိအသက်သွင်းပြီးပြီလဲ။ စစ်ဆေးပါ"
ဝမ်ဖုန်းသည် မျက်မှောင်ကြုံ့၍ တိတ်တဆိတ်မေးလိုက်သည်။ဝမ်ဖုန်းသည် သူ၏ မသိစိတ်အလျောက်ကန်ချက်၏ စွမ်းအားကမည်မျှရှိသည်ကို အသေအချာသိသောကြောင့် လီချင်းကို တစ်ယောက်ထဲပေးနားလိုက်သည်။ ဝိညာဉ်အထွတ်အထိပ်အဆင့်ရှိ ပါရမီရှင်ပင် သူ၏ကန်ချက်ကြောင့် သေသွားလောက်ပြီး ဆန်းကြယ်အကြီးအကဲအဆင့်ရှိ ပါရမီရှင်လည်း မခံနိုင်ပေ။
" ဒင်၊ လီချင်းရဲ့ ရွှမ်လင်းလိပ်ခန္ဓာကို ၁၀% အထိ အသက်သွင်းပြီးပါပြီ။ သူရဲ့ ပြိုင်ဘက်ကင်းခန္ဓာရဲ့ ခွန်အားက အခု တော်ဝင်မင်းသား အဆင့် ပါရမီရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်ပြီး၊ သူ၏ ရွှမ်လင်းလိပ်ခန္ဓာရဲ့ အမွေဆက်ခံမှုက တဖြည်းဖြည်း အသက်ဝင်လာနေပါပြီ !"
"ရွှမ်လင်းလိပ်ခန္ဓာကို ၂၀% အထိတိုးတက်လာတာနဲ့ တပြိုင်နက် လီချင်း ရဲ့ ရွှမ်လင်းလိပ်ခန္ဓာ အမွေဆက်ခံမှုက အပြည့်အဝအသက်ဝင်လာမှာဖြစ်ပြီး၊ သူရဲ့ ကျင့်ကြံဆင့်က ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကို ချက်ချင်းတက်သွားနိုင်ပါတယ်"
စနစ်၏အသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသောအခါ ဝမ်ဖုန်းအံ့အားသင့်သွားသည်။
"သေစမ်း!"
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကို တိုက်ရိုက်ရောက်သွားမှာလား! !
ကြောက်စရာပါလား။
ယခုအချိန်မှစ၍ လီချင်း၏ ခန္ဓာ ခွန်အားသည် တော်ဝင်မင်းသားအဆင့် ပါရမီရှင်တစ်ဦးနှင့်ပင် နှိုင်ယှဉ်နိုင်သည်။ ပြောရမည်ဆိုလျှင် လီချင်း၏ ခန္ဓာကိုယ်ကြောင့်ပင် လီချင်းသည် တော်ဝင်မင်းသားအဆင့်သို့ရောက်သွားပြီဖြစ်သည်။
အရမ်းကြီးမားတဲ့ပြောင်းလဲမှုပဲ!
လွန်ခဲ့သည့်ရက်အနည်းငယ်အထိ လီချင်းသည် သေမျိုးဖြစ်ပြီး ယခုအချိိန်ထိ သေမျိုးဖြစ်နေသေးသော်လည်း သာမန်လူမဟုတ်တော့ဘဲ ဆန်းကြယ်အကြီးအကဲအဆင့်ရှိပါရမီရှင်တစ်ဦးကိုပင် အလွယ်တကူသတ်ပစ်နိုင်လောက်သောစွမ်းအားရှိနေလေပြီ။
"သူ့ကိုခေါ်သွားပြီး ကောင်းကောင်းလေ့ကျင့်ပေးလိုက်"
ဝမ်ဖုန်းသည် လီချင်းကိုကြည့်ကာသူ၏ လက်ကိုဝှေ့ယမ်းပြခဲ့သည်။
ဝမ်ဖုန်းက ဤကဲ့သို့ပြောသောအခါ၌ လီချင်းသည် အံ့သြသွားသည်။ သူသည် စိတ်ဆိုးနေသည့် ချွေးမငယ်တစ်ယောက်ကဲ့သို့ ဝမ်ဖုန်းကို စိတ်ထိခိုက်စွာ ကြည့်လိုက်သည်။ ဂိုဏ်းချုပ်သည် သူ၏ ကယ်တင်ရှင်ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ဂိုဏ်းချုပ်က သူ့အားတွန်းအားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ခေါ်သွားလိုက်တဲ့။
ယောင်ယွဲ့၏မျက်နှာသည် အလင်းတန်းတစ်ခုထွက်ပေါ်လာသကဲ့သို့ တောက်ပသွားပြီး လီချင်းကို စကားတစ်ခွန်းမျှမပြောဘဲ သူမ၏လှပသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဒီတပည့်က ဒီနေ့တာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ဖို့အတွက် သွားရပါလိမ့်မယ်"
စိုက်ကြည့်ခံနေရသော လီချင်းသည် လျင်မြန်စွာပြော၍ လှည့်ထွက်ကာ ပြေးနိုင်သမျှ အစွမ်းကုန်ပြေးသွားလေသည်။
တဖြည်းဖြည်း ပျောက်ကွယ်သွားသော လီချင်း၏ နောက်ကျောကိုကြည့်ကာ ဝမ်ဖုန်း၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များပေါ်လာကာ သူ၏နှုတ်ခမ်းများလည်း လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။လီချင်း အမှန်တကယ် နိုးထလာသည့်အခါ သူသည် ရှန်ရှန့်ကျုံဂိုဏ်း၏ တကယ့် ဂိုဏ်းတူအစ်ကိုတစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ဖေးဝူ နဲ့ ယွင်ဖေး ၊ မင်းတို့နှစ်ယောက်က သင့်တော်တဲ့ နေရာတစ်ခုကိုရှာဖို့ ဝူနျာန်နဲ့ ထျန်းရှင်းကို ခေါ်သွားပေးလိုက်"
ဝမ်ဖုန်းသည် မုယွင်ဖေးနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ဝမ်ဖုန်း၏ အမိန့်ကိုကြားသောအခါ လင်းဖေးဝူနှင့် အခြားသူများသည် မဆိုင်းမတွ အမိန့်ကိုလက်ခံလိုက်ကြသည်။
ထို့နောက် လင်းဖေးဝူနှင့် လီထျန်းရှင်း တို့သည် အလျင်အမြန် ထွက်ခွာသွားကြသည်။
"ရွှမ်ရှ ၊ မင်းက ယန်တောက်ကိုခေါ်သွားပြီး နေစရာနေရာတစ်ခုရှာပေးလိုက်"
"အမိန့်အတိုင်းပါ၊ ဂိုဏ်းချုပ်"
မဟာနတ်ဆိုးရွှမ်ရှသည် ယန်တောက်ကိုကြည့်လိုက်ရာ သူ၏မျက်လုံးသည် တလက်လက် တောက်ပနေသည်ကိုတွေ့ခဲ့သည်။ယောင်ရီအင်ပါယာကို သူဖျက်ဆီးခဲ့စဉ်က ဓားဧကရာဇ် မပေါ်သေးသော်လည်း မဟာနတ်ဆိုးရွှမ်ရှသည် ယန်တောက်ကို တစ်ချက်ကြည့်ရုံဖြင့် ယန်တောက်၏ အကျပ်အတည်းကို ခံစားနိုင်သည်။
သို့သော် ယန်တောက်သည် တစ်လှမ်းမှမရွေ့ဘဲ ဝမ်ဖုန်းကိုသာ မျှော်လင့်ချက်မျက်ဝန်းများဖြင့်ကြည့်နေခဲ့သည်။
"ဒီနေ့တော့ အနားယူလိုက်ပါဦး၊ မနက်ဖြန်ကျရင် မင်းရဲ့သားကို ကုသပေးဖို့အတွက် ဂိုဏ်းရဲ့ အင်အားကြီးတဲ့သူတွေကို ခေါ်လာပေးပါ့မယ်"
ဝမ်ဖုန်းသည် ယန်တောက်၏အကြည့်ကို သိသောကြောင့်ပြုံး၍ပြောခဲ့သည်။
ဝမ်ဖုန်း၏အဖြေကိုကြားပြီးနောက် ယန်တောက်သည် မဆိုင်းမတွဘဲ မဟာနတ်ဆိုး ရွှမ်ရှနောက်သို့ လိုက်သွားခဲ့သည်။
ဝမ်ဖုန်း၏ဘေးတွင် ယောင်ယွဲ့၊ ဘုန်းတော်ကြီးဝူရှန်း ၊ ရှောင်းရှီရိလင် နှင့် ကျန်းစန်ဖုန်းတို့သာ ကျန်ခဲ့ကြသည်။
"မကြာခင် ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကြီးက မငြိမ်းချမ်းတော့မှာကို စိုးရိမ်မိတယ်"
ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသူများကို ကြည့်ကာပြောလိုက်သည်။
ဝမ်ဖုန်းသည် ယခုအကြိမ် နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံတွင် ကျော်ကြားမှုကိုပြသခဲ့သော်လည်း လျှို့ဝှက်အန္တရာယ်များကို ဖုံးကွယ်ထားခဲ့သည်မှာထင်ရှားပါသည်။ သူသည် ယခု တွင် မဟာ ဧကရာဇ် ယောင်ရီက သူ၏ရှန်ရှန့်ကျုံဂိုဏ်းအား အရေးယူတော့မည်ကို စိုးရိမ်နေလေသည်။
ယောင်ယွဲ့နှင့် အခြားသူများသည် မျှော်လင့်ချက်မျက်လုံးများဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ညီတစ်ညွတ်တည်း ခေါင်းငြိမ့်ခဲ့ကြသည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို သူလျှိုလုပ်နေတဲ့ကြွက်တွေ ရှိတယ်၊ အဲ့ဒီ့ကြွက်တွေကိုရှင်းလင်းသုတ်သင်ဖို့ ဒီလူအိုကြီးကိုအလိုရှိပါသလား"
ဝမ်ဖုန်း၏ အနားတွင်ရှိသော ကျန်းစန်ဖုန်းက မျက်မှောင်ကြုံ့ကာ တိုးတိုးလေးပြောလိုက်သည်။
ကျန်းစန်ဖုန်း၏ကျင့်ကြံခြင်းအခြေခံအဆင့်ဖြင့် ရှင်းယောင်တောင်တန်းတစ်ခုလုံးကို သူ၏စိတ်ဝိညာဉ်အတွေးများဖြင့် အလွယ်တကူ ဖုံးလွှမ်းနိုင်ပြီး သူ၏သိမြင်မှုမှမည်သူမျှ မလွတ်မြောက်နိုင်ပေ။
ကျန်းစန်ဖုန်းစကားသံရပ်သွားသောအခါ၌ ယောင်ယွဲ့နှင့် သူတို့သုံးယောက်လုံး၏အကြည့်များသည် အေးစက်သွားခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများအနေဖြင့် ဂိုဏ်းထဲသို့ ခိုးဝင်လာသူများသည် သူတို့အတွက် စိန်ခေါ်မှူတစ်ရပ်သာဖြစ်သည်။
"မဟုတ်ဘူး၊ ဒါတွေက အမြည်းဘဲရှိပါသေးတယ် တအားကြီး မလန့်ကြပါနဲ့ဦး"
ဝမ်ဖုန်းသည် လက်ကိုရမ်းကာ ရယ်မော၍ပြောခဲ့သည်။
ဤလူ၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား စိတ်ရှိသလို ခြယ်လှယ်၍ရသော ဂိုဏ်းတစ်ခုဟု တွေးထင်နေသူသည် ရှန်ရှန့်ကျုံဂိုဏ်း၏ရှေ့တွင် ကျွမ်းထိုးမှုကြီးတစ်ခုပြုလုပ်ရန်ကံဇာတာပါလာသူ(ဟာသလာလုပ်သူ) ပင်ဖြစ်သည်ဟု ဝမ်ဖုန်းက ပြောနိုင်ပေသည်။
သူ၏ ရှန်ရှန့်ကျုံဂိုဏ်းသည် စိတ်ရှိသည့်အတိုင်း အနိုင်ကျင့်တတ်သော အင်ပါယာထဲရှိ အခြားဂိုဏ်းများနှင့်မတူပေ။
သူ၏ ရှန်ရှန့်ကျုံဂိုဏ်းကို ထိရဲပါက ယောင်ရီအင်ပါယာတစ်ခုလုံးကို တော်လှန်ပစ်လိုက်မည်!
ဟမ်!
ထိုအချိန်တွင် ဝမ်ဖုန်းနှင့် အခြားသူများ၏ ရှေ့ရှိလေထုသည် တွန့်လိမ်သွားပြီး ချီမိန်ချွေရွယ်နှင့် အခြားသူများ၏ ပုံရိပ်များသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။
"ဂိုဏ်းချုပ်ကိုနှုတ်ဆက်ပါတယ် ၊ ကံကောင်းလို့ ငါ အရှက်တကွဲမဖြစ်ခဲ့ဘူး"
ချီမိန်ချွေရွယ်နှင့် အခြားသူများ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံးသည် ဝမ်ဖုန်းကို ဂါရဝပြုကာ သိုလှောင်လက်စွပ်တစ်ခုပေးအပ်ခဲ့သည်။
"အားလုံးဘဲ တော်လိုက်ကြတာ အရမ်းတော်ကြပါတယ်!"
ဝမ်ဖုန်းက ချီမိန်ချွေရွယ်နှင့် အခြားသူများကို ကျေနပ်သောအပြုံးနှင့်ကြည့်ကာ ပြောလိုက်သည်။ ထို့အပြင် ဝမ်ဖုန်း၏မျက်နှာမှအပြုံးသည် သိုလှောင်လက်စွပ်ထဲရှိ ရတနာပုံများကို အာရုံခံမိသောအခါ ပို၍လေးနက်သွားခဲ့သည်။
"မင်းတို့လည်းပင်ပန်းသွားကြပြီ ၊ ပြန်ပြီးအနားယူကြတော့ ၊ နောက်ပြီးတော့ ငါတို့ဂိုဏ်းမှာ တိုက်ပွဲတစ်ခုရှိလာမယ်။ အဲ့ဒီတိုက်ပွဲမှာ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝချပြရမယ် "
ဝမ်ဖုန်းသည် ချီမိန်ချွေရွယ်နှင့် အခြားသူများအား လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူ့စကားဆုံးသွားပြီးနောက် ဝမ်ဖုန်းသည် ယဲ့မုချင်ကို ခေါ်ကာ သူ၏ ဂိုဏ်းချုပ်ခန်းမ ဆီသို့ တည့်တည့်လျောက်သွားခဲ့ပြီး ချီမိန်ချွေရွယ်နှင့်အခြားသူများသာ ကျန်ခဲ့တော့သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေခဲ့ကြသည်။
"ဟားဟား ဒီနည်းလမ်းက ချမ်းသာဖို့ အမြန်ဆုံးပဲ"
ဂိုဏ်းချုပ်စံအိမ်သို့ပြန်ရောက်ပြီးနောက်တွင် ဝမ်ဖုန်းသည် ယဲ့မုချင်အား ပွေ့ဖက်၍ရယ်မောချင်သော်လည်း ယဲမုချင် နှင့် အကြည့်ချင်းဆုံသွားသောအခါ အလိုလို ပျော်ရွှင်သွားခဲ့သည်။
ဘေးတွင်ရှိနေသော ယဲ့မုချင်သည် တခစ်ခစ်ရယ်နေလေသည်။သူမ၏ လှပသောမျက်ဝန်းများသည် လခြမ်းသဏ္ဌာန်ကဲ့သို့ ကွေးညွှတ်ကာ အလွန်ပင် ချစ်စဖွယ်ကောင်းလှသည်။
"ချင်းအာရေ ၊မင်း ရဲ့ ယောက်ျားက လူချမ်းသာတစ်ယောက်နော် ၊ မျက်တောင်မခတ်ဘဲ မင်းဝယ်ချင်တာတွေမှန်သမျှကို မင်းေယာက်ျားကိုသာ ပြောလိုက်"
ဝမ်ဖုန်းသည် ရယ်မောပြီး ယဲ့မုချင် ကိုကြည့်ပြီး သူ၏ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူစွာဖြင့်ပြောခဲ့သည်။
သူသည် ဤချီကျောက်တုံးများနှင့် ရတနာများကို အမှန်တကယ် မလိုအပ်သော်လည်း ဤသိုလှောင်လက်စွပ်များထဲရှိ ရတနာများသည် ဝမ်ဖုန်း ဒီကမ္ဘာသို့ ရောက်ကတည်းက မြင်ဖူးသမျှထဲတွင် တန်ဖိုးအရှိဆုံးရတနာများပင်ဖြစ်သည်။ထို့ပြင် သူပိုင်ဆိုင်သမျှထဲတွင်လည်း တန်ဖိုးအကြီးမားဆုံးပင်ဖြစ်သည်။
ဤစည်းစိမ်များနှင့်သာဆိုလျှင် သူသည် နောင်အနာဂတ်တွင် အခန်းတစ်ခန်းငှားရန် ကုန်ကျစရိတ်ကို တွေးပူရန်မလိုတော့ပေ။နောက်ဆုံး၌ သူသည် လက်ခုပ်အကျယ်ကြီးတီးကာ ဒီလောင်ဇူအတွက် ဈေးအကြီးဆုံး အခန်းကို ပေးစမ်း ဟု ပြောနိုင်ပေပြီ။
"ကောင်းပါပြီ။ ဒါပေမဲ့ ချင်အာ က ဘာမှမလိုအပ်ပါဘူး"
ဝမ်ဖုန်း၏ စကားကိုကြားသောအခါ ယဲ့မုချင်သည်ပွင့်ဖတ်များအပြည့်နှင့်လှပနေသော ပန်းလေးတစ်ပွင့်ကဲ့သို့ပြုံး၍ပြန်ပြောခဲ့သည်။ အဝါရောင်တေးသီငှက်ကလေးကဲ့သို့ နူးညံ့ငြင်သာလှတဲ့ ယဲ့မုချင်၏အသံက ဝမ်ဖုန်းကို အတောမသတ်နိုင်အောင် ယစ်မူးသွားစေသည်။
"ဒါဆို ချင်အာ အတွက် ဒီပိုက်ဆံကို သိမ်းထားပေးနိုင်မလား"
ဝမ်ဖုန်းသည် သိုလှောင်လက်စွပ်ကို ယဲ့မုချင်အားပေးကာ ပြုံးလိုက်သည်။
"ကျွန်မ ယောက်ျားက အခုဆို ဂိုဏ်းတစ်ခုရဲ့ဂိုဏ်းချုပ်ဖြစ်နေပြီမို့လို့ သူ့မှာ ပိုက်ဆံမရှိလို့တော့မရဘူး။ ဒါကြောင့် ဒီနှစ်ခုလုံးကို ချင်အာက သိမ်းထားလိုက်မယ်" ယဲ့မုချင်သည် သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ယူလိုက်ကာ သူမ၏ခင်ပွန်းကို ခင်ပွန်းကောင်းတစ်ယောက်ပဲဟု ချိုသာသောအသံလေးဖြင့် ပြောခဲ့သည်။
ယဲ့မုချင်က အလွန်တွေးတတ်သည်ကို မြင်သောအခါ ဝမ်ဖုန်းသည် သူမအားနမ်း၍ ပွေ့ဖက်ချင်သော်လည်း သူမ၏အလှထိခိုက်စေမည်ကို စိုးရိမ်နေလေသည်။
"ယောင်္ကျား၊ ချင်အာအပေါ် အခွင့်ကောင်းမယူရဘူးနော်"
ယဲ့မုချင် သည် သူမ၏လက်ကို နောက်ဆုတ်လိုက်ပြီး ဝမ်ဖုန်းကို မျက်စိမှိတ်ပြကာ ရွှတ်နောက်နောက်ပြောလိုက်သည်။
"အဟွတ် ၊ အခွင့်ကောင်းယူစရာလား"
ယဲ့မုချင်၏စကားကြောင့် စိတ်ထိခိုက်သွားသော ဝမ်ဖုန်းသည် အားတင်း၍ ပြုံးကာပြောလိုက်သည်။
"ချင်အာ မင်း အခန်းတစ်ခုကိုရှာဖို့ ခန်းမ ကိုအရင်သွားလိုက်။ မင်းရဲ့ ယောက်ျားကတော့ ဒီဂိုဏ်းချုပ်ခန်းမမှာဘဲ နေခဲ့ဦးမယ်။''
ဝမ်ဖုန်းသည် ခန်းမ၏အနောက်ဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ကောင်းပါပြီ" ယဲ့မုချင်သည် ဝမ်ဖုန်းကို ခေါင်းငြိမ့်ပြကာ ခန်းမ ဆီသို့ လျှောက်သွားခဲ့သည်။ယဲ့မုချင်၏ လှပသော နောက်ကျောကိုကြည့်ရင်း ဝမ်ဖုန်းသည် ရင်ခုန်လာသဖြင့် အလျင်အမြန်စိတ်ထိန်းလိုက်ရသည်။
"စနစ်၊ ဖွင့်လှစ်မဲ့ တာဝန်ခန်းမကို ဒီဂိုဏ်းရဲ့ လွတ်တဲ့ခန်းမထဲမှာ နေရာချထားမယ်"
" ဒင်၊ တာဝန်ခန်းမကို အလိုအလျောက် သတ်မှတ်ပြီးပါပြီ"
စနစ်မှ အသံထွက်ပေါ်လာပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်း၏ အပြင်ဘက်နေရာရှိ ခန်းမအလွတ်တစ်ခုသည် ရုတ်တရက်တုန်ခါသွားပြီး အလင်းတန်းများ ဖြတ်ပြေးကာ လင်းလက်သွားသည်။
ထိုအချိန်တွင် မူလခန်းမအလွတ်ကြီး၌ ကြီးမားသော ဖန်သားပြင်တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့သည်။ထိုဖန်သားပြင်တွင် မရေမတွက်နိုင်သော စကားလုံးများထွက်ပေါ်လာပြီး ၎င်းပေါ်တွင် ရှင်းလင်းတိကျသော အဆင့်များနှင့် အမျိုးအစားခွဲခြားမှုများလည်း ရှိပါသည်။
ဤအမျိုးအစားများကို -တာဝန်များ၊ ပြီးမြောက်မှုဆုလာဒ်များ ၊ တပည့်များကတာဝန်ကိုလက်ခံခြင်း ၊ တာဝန်ပြီးမြောက်ခြင်း သို့မဟုတ် တာဝန်မပြီးမြောက်ခြင်း စသဖြင့် အပိုင်းများခွဲခြားထားပါသည်။
"ဒင်၊ပိုင်ရှင်အနေဖြင့် အသစ်ပြန်လည်မွမ်းမံထားတဲ့ တာဝန်တွေကို စစ်ဆေးပါမည်လား?''
ဝမ်ဖုန်းသည် သူ၏စိတ်ထဲတွင် အသံတစ်ခုကြားလိုက်သောအခါ မတုံ့ဆိုင်းဘဲ ခေါင်းငြိမ့်ခဲ့သည်။