ကောင်းကင်ကျိုးပျက်မြို့တော်မှ ရှောင်းမျိုးနွယ်
Vol. 6 Ch. 75
“ဒင်, တာဝန်ကတော့ : ရွှေအဆင့် တာဝန် - ယောင်ရီအင်ပါယာ အရှင်သခင်၏ သူလျှိုအား သတ်ရန် × 10 ၊ ငွေအဆင့် တာဝန် - အဆင့်အလိုက် ယောင်ရီအင်ပါယာ၏ သူလျှိုအား သတ်ဖြတ်ရန် × 20 ၊ ကြေးအဆင့် တာဝန် - ယောင်ရီအင်ပါယာ၏ ဆန်းကြယ်အကြီးအကဲအဆင့်ရှိ သူလျှိုအား သတ်ဖြတ်ရန် × 100!”
( x 10 ဘာညာဆိုတာ သတ်ရမယ့်အကောင်အရေအတွက်နော်။ဂိမ်းဆော့တဲ့လူတွေဆိုသိပါတယ်)
ဝမ်ဖုန်းသည် အရှေ့တွင် ပေါ်လာသည့် ဇယားအား ကြည့်ကာ သူ၏မျက်လုံးတို့သည် အနည်းငယ်အေးစက်သွားခဲ့သည်။ သူသည် ယောင်ရီအင်ပါယာ၏ ဧကရာဇ် မှ သူ၏ရှန်ရှန့်ကျုံဂိုဏ်းအား ဤမျှ အထင်သေးပြီး ဂိုဏ်းပတ်ပတ်လည်တွင် သူလျှိုများစွာ ဖြန့်ထားမည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ဤသူလျှိုများသည် ဝမ်ဖုန်း၏ ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များအတွက် တာဝန်များ ပြီးမြောက်သွားစေနိုင်ရန် ကူညီပေးပြီး ထိုတပည့်များအတွက် အတွေ့အကြုံပေးရုံမျှသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ဝမ်ဖုန်းသည် ယောင်ရီအင်ပါယာ ဧကရာဇ်ကို ကျေးဇူးပင် တင်ချင်နေခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ဖြစ်မလာခဲ့ပါက သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များသည် ဤကဲ့သို့ ကောင်းမွန်ပြောင်မြောက်လှသည့် လေ့ကျင့်ရန် အခွင့်အရေးအား မည်သို့ ရနိုင်ကြမည်နည်း?
အရေးကြီးဆုံးအချက်မှာ တာဝန်များ၏ ဆုကြေးသည် အလွန် ကောင်းမွန်လှပေသည်။ ရွှေအဆင့် တာဝန်သည် ဆုကြေးငွေအများဆုံးဖြစ်ပြီး တော်ဝင်အဆင့်ရှိ ဆန်းကြယ် စွမ်းအင် သို့မဟုတ် ဆန်းကြယ် ပညာရှင်အား ချီးမြှင့်သွားမည် ဖြစ်သည်။ ငွေအဆင့် တာဝန်သည် ဒုတိယအများဆုံးဖြစ်ကာ ကြေးအဆင့် တာဝန်သည် အနည်းဆုံးဖြစ်ပေသည်။ သို့သော် ကြေးအဆင့် တာဝန်၏ ဆုကြေးငွေသည်လည်း အလွန်ကောင်းမွန်လှသည်။
ထို့အပြင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ်သို့ ရန်လိုနေသည့် ဂိုဏ်းများနှင့် အင်အားကြီးပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှုများကို သေသေချာချာ သိရှိနေနိုင်ခြင်းသည် တာဝန်ခန်းမ၏ ကောင်းကျိုးဖြစ်သည်ကိုလည်း တွေ့ရှိခဲ့ပေသည်။
တာဝန်ခန်းမထဲရှိ ပြန်လည်စတင်နိုင်သည့် တာဝန်တို့သည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ရန်လိုနေကြသူများ ၊ ရှန်ရှန့်ကျုံဂိုဏ်း၏ ရန်သူများနှင့် သက်ဆိုင်သည့် တာဝန်များပင်ဖြစ်သည်။
“ရွှမ်ရှ!”
ဤသို့ စဉ်းစားမိသွားသည့်အခါတွင် ဝမ်ဖုန်း၏ မျက်လုံးတို့သည် အနည်းငယ် အရောင်လက်သွားခဲ့ပြီး ညင်သာစွာ ပြောခဲ့သည်။ သူ၏ အသံသည် ညင်သာလှသော်လည်း အသံလှိုင်းလုံးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုလှိုင်းလုံးများသည် အခန်းထဲတွင် မျက်လုံးမှိတ်ကာ ကျင့်ကြံနေခဲ့သည့် မဟာနတ်ဆိုး ရွှမ်ရှ၏ နားရွက်နားအထိသို့ ချက်ချင်း ပြန့်နှံ့သွားခဲ့လေသည်။
ဝမ်ဖုန်၏အသံကို ကြားလိုက်ရသည့်အခါတွင် မဟာနတ်ဆိုး ရွှမ်ရှသည် ထိုအသံအား လှစ်လျှူရှုထား၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် မြန်မြန်ဆန်ဆန် လှုပ်ရှားလာခဲ့ပြီး ဂိုဏ်းချုပ် ခန်းမထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ မဟာနတ်ဆိုး ရွှမ်ရှသည် ဝမ်ဖုန်းအား လေးစားစွာ ဦးညွတ်ခဲ့ပြီး ကျယ်ကျယ် ပြောခဲ့သည်။
“ဂိုဏ်းချုပ်၊ တပည့်ကို ဘာကြောင့်များ ရှာနေတာလဲ?”
ရွှမ်ရှသည် သတိမထားမိလိုက်ခင်တွင်ပင် သူသည် မဟာနတ်ဆိုးတစ်ယောက်၏ မာန်မာနအား စွန့်လွှတ်ကာ ရှန်ရှန့်ကျုံဂိုဏ်းထဲ၌ စိတ်အားထက်သန်စွာ နေရစ်ခဲ့ပေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်မက်ဖွယ် အင်အားနှင့် ဆန်းကြယ်လှသည့် ဇာစ်မြစ်ဖြစ်ပေါ်လာပုံအား သိရှိခဲ့ပြီးနောက်တွင် မဟာနတ်ဆိုး ရွှမ်ရှသည် ဂိုဏ်းထဲဝင်ရုံမှလွဲ၍ အခြားအတွေးမရှိတော့ပေ။
“ဂိုဏ်းရဲ့ တာဝန် ခန်းမက ပွင့်သွားပြီ။ မင်းနဲ့အတူ တပည့်တွေ အဲ့ဒီကိုသွား။ လုပ်နိုင်တာတွေလုပ်ပြီး သူတို့ စွမ်းအားအလိုက် တာဝန်တွေ လက်ခံ။ တာဝန်ခန်းမရဲ့ ဆုကြေးငွေရအောင် တာဝန်ကို ပြီးမြောက်အောင် လုပ်ကြ!”
ဝမ်ဖုန်းသည် မဟာနတ်ဆိုး ရွှမ်ရှအား ကြည့်ပြီး အမိန့်ပေးခဲ့သည်။
ဤသို့ကြားခဲ့သည့်အခါတွင် မဟာနတ်ဆိုး ရွှမ်ရှသည် အံ့အားသင့်သွားခဲ့ပေသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အမှန်တကယ်ပင် ဖုံးကွယ်ထားသည့် ဂိုဏ်းဖြစ်ကာ တာဝန်ခန်းမတစ်ခုပင် ရှိနေသေးသည်။ ထို့အပြင် ထိုခန်းမသည် ၎င်းကိုယ်တိုင်ပင် တာဝန်အသစ်များဖြစ်ပေါ်စေနိုင်ပေသည်။
ဤအရာအား တွေးတောမိသွားသည့်အခါတွင် မဟာနတ်ဆိုး ရွှမ်ရှ၏ ခနွာကိုယ်သည် ကွေးညွတ်သွားခဲ့ကာ မြန်မြန်ဆန်ဆန်ပင် ပြောခဲ့သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။ ကျွန်တော် သွားပြီး စီစဉ်လိုက်ပါ့မယ်!”
“နေဦး ၊ ဒီမှာ ဂိုဏ်းဝတ်စုံ အစုံ နှစ်ဆယ်ရှိတယ်။ အဲ့တာတွေ ယူသွားပြီး သူတို့ကို ဝတ်ခိုင်းလိုက်!”
ဝမ်ဖုန်းသည် လက်ခုတ်တီးလိုက်သည့်အခါတွင် သူ၏အရှေ့မှ စားပွဲခုံပေါ်တွင် လှပသည့် ဝတ်စုံ အထည်ပေါင်း နှစ်ဆယ်သည် သပ်ရပ်စွာ ပေါ်လာခဲ့လေသည်!
ဤ ဝတ်စုံများအားလုံးသည် ဝတ်ရုံများဖြစ်ကြသည်။ အမျိုးသားဝတ်ရုံတို့သည် တင့်တယ်သော နဂါးသဏ္ဍာန်အား ချည်ထိုး အလှဆင်ထားကာ ပထမဆုံး အကြည့်တစ်ချက်ဖြင့်ပင် အင်အားကြီးပုံပေါက်စေပေသည်။ အမျိူးသမီးဝတ်ရုံတို့ကို ဒဏ္ဍာရီလာဖီးနစ်ငှက်များနှင့် ချည်ထိုးအလှဆင်ထားကာ ကြော့ရှင်းပြီး မြင့်မြတ်လှပေသည်။
တစ်ချိန်က ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည့် မဟာနတ်ဆိုး ရွှမ်ရှပင် တစ်ချက်ကြည့်ရုံဖြင့် ဤ ဂိုဏ်းဝတ်စုံ အစုံနှစ်ဆယ်သည် မရိုးရှင်းကြောင်း တွေ့ရှိခဲ့ကာ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားခဲ့လေသည်။
ဤသည်မှာ ဖုံးကွယ်ထားသည့်ကမ္ဘာ့ရှေးဟောင်း ဂိုဏ်း၏ အနှစ်သာရပင်ဖြစ်သည်!
ဂိုဏ်း၏ ဝတ်စုံတို့သည် အလွန်ပင် ထူးခြား ပြောင်မြောက်သောကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် ဤရှန်ရှန့်ကျုံဂိုဏ်းသို ဝင်ခဲ့ရသည်မှာ ကံကောင်းသည်ဟု တွေးတောနေခဲ့မိလေသည်!
ထိုဝတ်စုဲအား ဝတ်ဆင်ရုံဖြင့် အပြင်ဘက်ကမ္ဘာမှ ကျင့်ကြံသူတို့အား အလွန် မနာလိုသွားစေမည်ပင်မဟုတ်ပါလော?
“ဟုတ်ကဲ့ ၊ ကျွန်တော် စီစဉ်လိုက်ပါ့မယ်!”
မဟာနတ်ဆိုး ရွှမ်ရှသည် ဝမ်ဖုန်းအား လက်အုပ်ချီကာ ရိုရိုသေသေ ဦးညွတ်ခဲ့သည်။ ဖြေကြားပြီးသွားနောက်တွင် သူ၏အရှေ့၌ရှိသည့် ဂိုဏ်းဝတ်စုံများကို ယူဆောင်ရန် လက်ကို ဝေ့ယမ်းခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ဂိုဏ်းဝတ်စုံတို့အား ဝတ်ဆင်ကြည့်ရန် စိတ်လောနေခဲ့ပေသည်။
“ရပြီ၊ သွားတော့!”
ဝမ်ဖုန်းသည် လက်ခါပြပြီး အနည်းငယ် ရယ်ခဲ့သည်။
ဝမ်ဖုန်း၏ အမိန့်များအား နားထောင်ပြီးနောက်တွင် မဟာနတ်ဆိုး ရွှမ်ရှသည် ဝမ်ဖုန်းအား နောက်တစ်ကြိမ် ထပ်ပြီး ဦးညွတ်ကာ လှည့်ထွက်သွားခဲ့သည်။
မဟာနတ်ဆိုး ရွှမ်ရှထွက်သွားသည်ကို ကြည့်ကာ ဝမ်ဖုန်းသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်နေခဲ့သည်။ သူသည် မဟာနတ်ဆိုး ရွှမ်ရှအား ရှန်ရှန့်ကျုံဂိုဏ်း၏ စီမံခန့်ခွဲသူ ဂိုဏ်းတော်ဘဏ္ဍာစိုး တစ်ဦးဖြစ်လာရန် လေ့ကျင့်ပေးဖို့ တွေးထားပေသည်။ သူသည် ယောင်ရီအင်ပါယာမှ သူများအား ကောင်းကောင်းမသိသော်လည်း မဟာနတ်ဆိုးရွှမ်ရှသည် လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီတွင် နိုင်ငံတော်ကြီးတစ်ခုလုံးအား ဖျက်ဆီးခဲ့ကြောင်း သိထားပေသည်။ အကယ်၍ ယောင်ရီအင်ပါယာအား ဖျက်ဆီးခဲ့သည့် မဟာနတ်ဆိုး ရွှမ်ရှက ရှန်ရှန့်ကျုံဂိုဏ်း၏ စီမံခန့်ခွဲသူတစ်ဦးဖြစ်သွားခဲ့မည်ဆိုပါက ထိုသူများက အလွန် အံ့အားသင့်သွားမည်လား?
…………
မဟာနတ်ဆိုး ရွှမ်ရှသည် ထွက်သွားပြီးနောက်တွင် သူသည် လုံးဝတုံ့ဆိုင်းနေခြင်း မရှိဘဲ တပည့်များစွာအား ဆင့်ခေါ်ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ စုဝေးကွင်းသို့ သွားရန်စေလွှတ်ခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များစွာသည် စုဝေးကွင်းသို့ ရောက်လာခဲ့ကြလေသည်။ ယခုအချိန်တွင် အရူး ယန်ရှန်းအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်း၌ တပည့် ဆယ်ယောက်ရှိနေပြီဖြစ်သည်။
ထိုသူတို့မှာ ရွှမ်လင်းလိပ် မသေမျိုးခန္ဓာပိုင်ရှင် ပထမဆုံးတပည့်ကြီး လီချင်း၊ဒုတိယတပည့် လင်းဖေးဝူ၊ တတိယတပည့် ကွေ့လင်း၊ဆန်းကြယ်အင်ပါယာလူဝင်စား စတုတ္ထတပည့် လီဟေး၊ထျန်းမင်၏အဓိကဇာတ်လိုက် ပဥ္ဧမတပည့် မုယွင်ဖေး၊ အဆင့်ရှစ်အဂ္ဂိရိတ်ပညာရှင် ဆဌမတပည့် လီထျန်းရှင်း၊ သတ္တမတပည့်ဖြစ်သော ဗုဒ္ဓလမ်းစဥ်၏ဆက်ခံသူ ဘုန်းတော်ကြီးဝူနျာန်၊ အဌမတပည့် အရူးယန်ရှန်းတို့အပါအဝင် ဝမ်ဖုန်းဂိုဏ်းထဲခေါ်ဆောင်လာသော မဟာနတ်ဆိုးရွှမ်ရှ၊ဓါးဧကရာဇ်ယန်တောက်၊ ဓါးနတ်ဆိုးဖုန်း တို့ဖြစ်ကြသည်။
ထို တစ်ဦးတစ်ယောက်ချင်းစီတိုင်းတွင် ထူးခြားသော စွမ်းရည်များရှိနေကြပေသည်။ အားအနည်းဆုံးဟု ထင်ရသည့် လင်းဖေးဝူသည်ပင် သူမ၏ နောက်၌ ထူးခြားလှသည့် နောက်ခံရှိနေခဲ့ကာ အရူး ယန်ရှန်းသည်တော့ အရူးပင်ဖြစ်သော်လည်း သူ၏ ကောင်းကင်ဘုံစိတ်ဝိဉာဉ်အား ပြန်လည်ပြုပြင်ပြီးနောက်တွင် သူ၏ အနာဂါတ်သည် တွေးတော၍ မရနိုင်အောင်ပင် တောက်ပနေလိမ့်မည်။
“အားလုံးပဲ ဂိုဏ်းရဲ့ တာဝန်ခန်းမ ပေါ်လာခဲ့ပါပြီ။ ဂိုဏ်းချုပ်က ကျုပ် နဲ့ အခြားသူတွေကို ကိုယ်လုပ်နိုင်တာတွေ လုပ်ပြီး ကိုယ်ရွေးထားတဲ့ တာဝန်အရ လုပ်ဆောင်ရမယ့် တာဝန်တွေရလိမ့်မယ်။ တာဝန်ကို လုပ်ဆောင်ပြီးတဲ့အခါမှာ တာဝန်ခန်းမမှာ တင်ပြပြီး ဆုကြေးငွေတွေယူလို့ရပါတယ်!”
မဟာနတ်ဆိုး ရွှမ်ရှသည် နေရာ၌ရှိနေသည့် လူတိုင်းအားကြည့်ပြီး ကျယ်လောင်စွာပြောခဲ့ပေသည်။ အရူး ယန်ရှန်းမှအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်ငယ်များသည် ထိုနေရာ၌ရှိနေခဲ့လေသည်။
သူတို့သည် မဟာနတ်ဆိုး ရွှမ်ရှပြောသည်များကို ကြားခဲ့သည့်အခါတွင် တပည့်ငယ်များအားလုံးသည် အံ့ဩသွားခဲ့ကြကာ မျက်နှာပေါ်တွင် မတူညီသော မျက်နှာထားများ ပေါ်လာခဲ့သည်။
လင်းဖေးဝူနှင့် လီချင်းတို့သည် သူငယ်ချင်းကောင်းများ ဖြစ်နေကြပြီး အချင်းချင်းတီးတိုးတိုင်ပင်နေကြသည်။ မုယွင်ဖေးသည် အံ့အားသင့်နေခဲ့သည်။ လီဟေး၏ မျက်လုံးများသည် ရှင်းပြ၍မရနိုင်သည့် လေးနက်သော အလင်းရောင်များနှင့် လင်းလက်နေခဲ့ပြီး လီထျန်းရှင်းနှင့် ဘုန်းတော်ကြီး ဝူနျာန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်ခဲ့ကြကာ သူတို့သည်လည်း အလွန် အံ့အားသင့်နေခဲ့ကြသည်။
ဓားဧကရာဇ် ယန်တောက်နှင့် ဓါးနတ်ဆိုးဖုန်းသည်တော့ စုဝေးကွင်းသို့ ရောက်မလာခဲ့ကြပေ။ သူတို့၏ အင်အားနှင့်ဆိုလျှင် ထိုသူလျှိုများသည် သူတို့အတွက် အတွေ့အကြုံတစ်ခုပင် မဟုတ်သောကြောင့် ဖြစ်ပေသည်။
“ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ်!”
“ကျုပ််က တာဝန်ခန်းမဆီကို ခေါ်သွားပေးပါ့မယ်။ လုပ်နိုင်တာကိုပဲ လုပ်ကြဖို့ မှတ်ထားကြပါ!”
မဟာနတ်ဆိုး ရွှမ်ရှသည် ခေါင်းညိတ်ခဲ့ကာ လင်းဖေးဝူနှင့် အခြားသူတို့ကို တစ်ချက်ကြည့်ခဲ့ပြီး လေးလေးနက်နက်နှင့် ပြောခဲ့သည်။
“ပြီးတော့ ဒါက ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းဝတ်စုံပဲ။ တစ်ယောက်ကို ဝတ်စုံ နှစ်စုံစီယူလို့ရတယ်!”
မဟာနတ်ဆိုး ရွှမ်ရှသည် ပြောရင်းဖြင့် လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူ၏အရှေ့၌ ဝတ်ရုံပေါင်း အစုံ နှစ်ဆယ် ပေါ်ပေါက်လာခဲ့လေသည်။
လင်းဖေးဝူနှင့် အခြားသူတို့သည် ဤဂိုဏ်းဝတ်စုံတို့အား တွေ့ခဲ့သည့်အခါ သူတို့၏ မျက်လုံးများသည် ချက်ချင်း အရောင်တောက်သွားခဲ့ပြီး အလွန် ပျော်ရွှင်သွားခဲ့ကြပေသည်။ ဂိုဏ်းဝတ်စုံတို့သည် အလွန် လှပတင့်တယ်လွန်းပေသည်။ ထိုဝတ်စုံအား ဝတ်ဆင်ထားပါက လူတိုင်း၏ အာရုံစိုက်မှုခံရမည်ဖြစ်ပေသည်။
ဤသို့စဉ်းစားခဲ့သည့်အခါတွင် လင်းဖေးဝူနှင့် အခြားသူတို့သည် မြန်မြန်ဆန်ဆန်ပင် အရှေ့သို့ ပြေးထွက်သွားကြပြီး ဂိုဏ်းဝတ်စုံနှစ်စုံကို ပျော်ပျော်ရွှင်ရွှင်နှင့် ယူခဲ့ကြသည်။
ထို့နောက်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံးသည် တာဝန်ခန်းမဘက်သို့ ထွက်လာခဲ့ကြလေသည်။
…………
ဂိုဏ်းချုပ်ခန်းမထဲတွင် ပျင်းနေခဲ့သည့် ဝမ်ဖုန်းသည် လက်နောက်ပစ်ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။ ဝမ်ဖုန်းသည် ခန်းမမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အဝေးရှိ ကောင်းကင်ပေါ်မှ တိမ်တိုက်မည်းကြီးများအား မြင်ခဲ့ရသည်. !
“ ငါဂိုဏ်းချုပ်ရဲ့လက်တွေက တိမ်မည်းတွေကို တွန်းဖယ်ပြီး နေမင်းကြီးကိုမြင်ရအောင် လုပ်နိုင်စွမ်းရှိတယ်ကွ”
ဝမ်ဖုန်းသည်သူ၏ မျက်စိကိုမှေးကာ ပြုံးပြီး တီးတိုးပြောခဲ့သည်။
ဝမ်ဖုန်းသည် ခေါင်းခါပြီး လက်နောက်ပစ်ကာ ဂိုဏ်းတော်ကြီးအတွင်းလှည့်ပတ်သွားလာနေသည်။ဂိုဏ်းကြီးအား ကြည့်နေချိန်တွင် သူ၏ မျက်နှာထက်၌ ကျေနပ်အားရနေပုံ ပေါ်နေခဲ့သည်။ ဤအခြားကမ္ဘာသို့ ရောက်လာခဲ့ပြီး လအနည်းငယ်အကြာတွင် သူသည် အခြေခံတစ်ခု တည်ဆောက်နိုင်ခဲ့လေပြီ။ ဝမ်ဖုန်းသည် တနေ့တွင် ရှန်ရှန့်ကျုံဂိုဏ်းက ရှန်းလန်တိုက်ကြီးထက်ပင် သာလွန်နေပြီး ရှန်းလန်တိုက်ကြီး၌ အင်အားအကြီးဆုံး ဂိုဏ်းတစ်ခုဖြစ်လာသည်အထိ ဦးဆောင်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
လမ်းလျှောက်နေချိန်တွင် ဝမ်ဖုန်းသည် ဂိတ်ပေါက်သို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း သတိထားမိခဲ့သည်။ ဝမ်ဖုန်း ပြန်လှည့်ရန် လုပ်နေချိန်တွင် သူသည် မျက်မှောင်ကြုတ်ခဲ့သည်။
ဟိုက ခိုးကြောင်ခိုးဝှက်နဲ့သူက ဘာလုပ်နေတာပါလိမ့်?
သောက်ကျိုးနည်း ယောင်ရီအင်ပါယာက သူလျှိုတစ်ယောက်က ငါ့ ရှန်ရှန့်ကျုံဂိုဏ်း ဂိတ်ပေါက်နားထိတောင် လာရဲတယ်ပေါ့လေ?
အရမ်းမလွန်လွန်းဘူးလားကွ?
ငါတို့ဂိုဏ်းကို ဘာများထင်နေတာလဲကွ!
ဝမ်ဖုန်း၏ ခန္ဓာကိုယ်သည် တစ်ချက်ပျောက်ကွယ်သွားပြီး ထိုသူ၏ အရှေ့တည့်တည့်တွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။သူသည် ထိုသူ၏ ပခုံးကို ကိုင်လှုပ်ပြီး အော်ပြောခဲ့လေသည်။
“ ဘာလဲ ၊ ဝက်ဝံ နှလုံး နဲ့ ကျားသစ် ကလီစာတွေစားပြီး အရမ်းသတ္တိတွေရှိလာတာလား? ငါ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိတ်ပေါက်အထိတောင် လာပြီး ချောင်းရဲတယ်ပေါ့လေ?”
ဝမ်ဖုန်းသည် ထိုသူကို သေသွားသည်အထိ ရိုက်ရန် ရွယ်နေချိန်တွင် သူသည် ထိုအမျိုးသား၏ မျက်နှာကို သေသေချာချာ မြင်ခဲ့ရပေသည်။ထိုသူသည် ရုပ်ချောချောနှင့် ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်။ ဝမ်ဖုန်းသည် အလွန် အံ့ဩသွားခဲ့သည်။
ယောင်ရီအင်ပါယာက ဒီလောက်တောင် မဆင်မခြင် လုပ်ရဲတယ်ပေါ့လေ?
ကလေးတွေကိုတောင် အလုပ်လုပ်ခိုင်းနေတုန်းလားဟ?
“ခင်ဗျားက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ဖုန်းလားခင်ဗျ?”
ဝမ်ဖုန်းသည် တစ်ခဏမျှ အံ့အားသင့်သွားခဲ့ပြီး ထိုကောင်လေးသည် ဝမ်ဖုန်းအား တည်တည်ငြိမ်ငြိမ် ကြည့်ခဲ့သည်။ ကောင်လေး၏ မျက်လုံးများပေါ်တွင် သူ၏အသက်နှင့်ပင် မလိုက်သည့် ရင့်ကျက်မှုများ ရှိနေခဲ့သည်။
“အော်? ကောင်လေးက ငါဂိုဏ်းချုပ်ကို သိလို့လားကွဲ့?”
ဝမ်ဖုန်းသည် ကောင်လေးအား လွှတ်ပေးခဲ့ပြီး စိတ်ဝင်စားစွာ ကြည့်နေခဲ့ကာ ပြောခဲ့သည်။
ထိုကောင်ကလေးသည် စုတ်စုတ်ပြတ်ပြတ်ဖြစ်နေပုံပေါက်သော်လည်း စစချင်း စိတ်ခြောက်ခြားသွားသည်မှ လွဲ၍ လုံးဝ အံ့ဩသွားပုံမပေါ်ခဲ့ပေ။ ထိုကောင်လေး၏ မျက်နှာပေါ်မှ တည်ငြိမ်နေမှုသည် သူ၏အသက်အရွယ်အရ ရရှိထားနိုင်သည့် အရာတစ်ခုမဖြစ်နိုင်ပေ။
ထိုကြောင့် ဝမ်ဖုန်းသည် ထိုကောင်လေးအပေါ်တွင် ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်။
ကောင်လေးသည် ပြန်ဖြေကြားခဲ့သည်မှာ: “ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေက နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံမှာ အနိုင်ရသွားကြတယ်။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ဖုန်းက အင်ပါယာရဲ့ ထိပ်တန်း ဂိုဏ်းသုံးဂိုဏ်းကို သတ်ဖြတ်ဖို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေအများကြီးကို ဦးဆောင်ခဲ့သေးတယ်။ ဂိုဏ်းချုပ် ဝမ်ရဲ့ နာမည်ကိုတော့ ဒီ အင်ပါယာကြီးထဲမှာ မသိတဲ့သူ ရှိဦးပါ့မလားဗျာ?”
“ဒီလိုကို !”
ဝမ်ဖုန်းသည် ကျေကျေနပ်နပ်နှင့် ခေါင်းညိတ်ခဲ့ပေသည်။
သူက နာမည်ကြီးသွားခဲ့တာလား?
ဝမ်ဖုန်း၏ အေးအေးဆေးဆေးသာ နေတတ်သည့် စရိုက်နှင့်တော့ သိပ်မကိုက်လှပေ။
ဝမ်ဖုန်းသည် ထင်ပေါ်ကြွားဝါချင်စိတ်မရှိသော်လည်း ဂိုဏ်းအား လူသိများလာစေရန်အတွက်နှင့် ဂိုဏ်း၏ အင်အားတိုးလာစေရန်အတွက် သူ၏ အယူအဆများကို ပယ်ချထားပစ်ခဲ့ရပေသည်။
ကြီးမြတ်လှသည့် ဂိုဏ်းချုပ်ဖြစ်သော သူသည် ရှန်ရှန့်ကျုံဂိုဏ်း တိုးတက်လာရေးအတွက် အလွန် ကြိုးစားခဲ့ပေသည်!
ဝမ်ဖုန်းသည် ကောင်လေးအား ကြည့်ပြီး ပြုံးကာ ပြောခဲ့သည်။
“ရှင်းယောင်တောင်တန်းမှာ မင်းကဝိဉာဉ်အဆင့်လောက်နဲ့ ဘာလာလုပ်တာလဲကွ?”
“ကျွန်တော် ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်ချင်ပါတယ်။ ဂိုဏ်းချုပ်ဝမ်က လက်ခံပေးဖို့လည်း တောင်းဆိုချင်ပါတယ်ဗျ!”
ကောင်လေးသည် လက်အုပ်ချီ ဦးညွတ်ပြီး ပြောခဲ့လေသည်။
သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အေယာင်များကို မြင်နေခဲ့ရသည်။ ဤသို့ ရုတ်တရက် နာမည်ကြီးသွားသည့် ရှန်ရှန့်ကျုံဂိုဏ်းမှ လွဲ၍ အင်ပါယာထဲမှ အခြား မည်သည့်ဂိုဏ်းက သူ့အား ဝင်ခွင့်ပြုမည်နည်း?
“ငါ့ ရှန်ရှန့်ကျုံဂိုဏ်းက လွယ်လွယ်ကူကူနဲ့ ဝင်လို့ရတာမဟုတ်ဘူးကွ။ မင်း မျိုးရိုးနာမည်ကဘာလဲ? ဘယ်မှာနေတာလဲ?”
ဝမ်ဖုန်းသည် ကောင်လေးအား ကြည့်ကာ မေးခဲ့လေသည်။
ဤသို့ကြားခဲ့သည့်အခါတွင် ကောင်လေးသည် အသက်ပြင်းပြင်းရှူသွင်းခဲ့ကာ အံကြိတ်ပြီး ပြောခဲ့သည်။
“ကျွန်တော့် နာမည် ရှောင်းယွင်ဖုန်းပါ။ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမျိုးနွယ်ကပါဗျ!”
“မင်းက ကျိုးပျက်ကောင်းကင်မြို့ကလား?”
ဝမ်ဖုန်းသည် မျက်မှောက်ကြုတ်ပြီး ရှောင်းယွင်ဖုန်းအား လေးလေးနက်နက် ကြည့်နေခဲ့ပေသည်။
ကျိုးပျက်ကောင်းကင်မြို့ သည် အင်ပါယာကြီးသုံးခု၏ အစွန်အဖျားမှ မြို့တော်ကြီးတစ်ခုဖြစ်ပေသည်။ ထိုမြို့တော်ကြီးသည်ပင် အင်ပါယာကြီးသုံးခုနှင့် အခြားနေရာတို့အား ဆက်သွယ်ထားသည့် နေရာဟု ကောလဟာလများ ရှိခဲ့ကြသည်. .
အင်ပါယာကြီးသုံးခု၏ အစွန်ဆုံးအပိုင်းတွင် အင်ပါယာကြီးသုံးခုအား ပို၍ ကျယ်ပြန့်သည့်ကမ္ဘာကြီးနှင့် ခြားနားနေစေသည့် အဆုံးအစမဲ့သည့် တောင်တန်းကြီးရှိပေသည်။ ကျိုးပျက်ကောင်းကင်မြို့ သည် ထိုတောင်တန်းရှည်ကြီး အလယ်၌ တည်ရှိပြီး တောင်တန်းကြီးအား နှစ်ပိုင်း ပိုင်းပေးထားလေသည်။
ထို ကျိုးပျက်ကောင်းကင်မြို့ မည်သို့ ဖြစ်ပေါ်လာခဲ့သည်ကိုတော့ မည်သူမှ မသိကြပေ!