← Chapters

။အားနည်းသူကို အနိုင်မကျင့်လေနှင့်။

Vol. 6 Ch. 76

။အားနည်းသူကို အနိုင်မကျင့်လေနှင့်။

Vol. 6 Ch. 76

သုံးပြည်ထောင်(အင်ပါယာကြီးသုံးခု) အတွင်းတွင် ကျိုးပျက်ကောင်းကင်မြို့သည် တားမြစ်မြို့တော်ကြီးဖြစ်ပြီး၊လူတချို့ကသာ ထိုမြို့အကြောင်း ပြောဆိုနိုင်စွမ်းရှိကြသည်။

ကျိုးပျက်ကောင်းကင်မြို့သည် သုံးပြည်ထောင်ကို ပြင်ပကမ္ဘာနှင့်လုံးဝ အဆက်အသွယ်ဖြတ်ပိတ်ပင်ထားသော မြို့ကြီးဖြစ်ပြီး၊ ကျိုးပျက်ကောင်းကင်မြို့၏ခွန်အားကလည်း သုံးပြည်ထောင်ထက် အဘက်ဘက်က သာလွန်နေပေသည်။

ကျိုးပျက်ကောင်းကင်မြို့တွင် ဆန်းကြယ်အဓိပတိအဆင့်ပုဂ္ဂိုလ် တစ်ယောက်ထက်မက ရှိသည်။သုံးပြည်ထောင်အတွင်း အထွတ်အထိပ်အဆင့်ဖြစ်သော ဆန်းကြယ်အင်ပါယာများကိုပင် ကျိုးပျက်ကောင်းကင်မြို့တွင်မူ သန်မာသည်ဟုသာ သတ်မှတ်နိုင်ပါသည်။ဤထက်မပို။

အနှီစုတ်တီးစုတ်ပဲ့ လူငယ်လေးက ကျိုးပျက်ကောင်းကင်မြို့က ဖြစ်နေလိမ့်မည်ဟု ဝမ်ဖုန်း ထင်မထားခဲ့။

''ကျိုးပျက်ကောင်းကင်မြို့မှာ မွေးဖွားလာပြီဆိုကတည်းက မင်းရဲ့စမှတ်က သုံးပြည်ထောင်ရဲ့ ပါရမီရှင်တွေအားလုံးထက်ကို သာလွန်နေပြီ။မင်းဘာလို့ ဒီလောက်အဆင့်ထိ နိမ့်ကျသွားရတာလဲ?''

ဝမ်ဖုန်းက ရှောင်းယွင်ဖုန်းကို စိတ်ဝင်တစားကြည့်လိုက်ပြီး ရယ်ကာမောကာ ပြောလိုက်သည်။

ကျိုးပျက်ကောင်းကင်မြို့အတွင်း မိသားစုကြီး တစ်စုအဖြစ် အုတ်မြစ်ချနိုင်ပြီဆိုကတည်းက ထိုမိသားစုသည် အနိမ့်ဆုံးဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်တစ်ယောက် ပိုင်ဆိုင်ထားပေသည်။ထိုသို့သော မိသားစုနောက်ခံမျိုးက သုံးပြည်ထောင်၏မည်သည့်ပါရမီရှင်ထက်မဆို သာလွန်နေပြီဖြစ်သည်။

တစ်ဖက်မှာတော့ ရှောင်းယွင်ဖုန်းသည် ဝိညာဥ်အဆင့်သာရှိသေးပြီး အားနည်းလှသည်။ ဒီ့အကြောင်းနဲ့ပတ်သက်ပြီး ဇာတ်လမ်းတစ်စုံတစ်ရာ မရှိခဲ့ပါဘူးဟုပြောလျှင် ဝမ်ဖုန်းက ယုံမည်မဟုတ်ပါ။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို လူတိုင်းအလွယ်တကူ ဝင်၍မရနိုင်။ကျိုးပျက်ကောင်းကင်မြို့က လာတယ်ဆိုရင်တောင်မှပေါ့။ ရှန်ရှန့်ကျုံဂိုဏ်းရှေ့သို့ရောက်လာလျှင် ကောင်းကင်ဘုံဧကရာဇ်ပင် ဖြစ်လင့်ကစား ရိုသေသမှုပြုရပေမည်။

ဝမ်ဖုန်း၏စကားကိုကြားတော့ ရှောင်းယွင်ဖုန်းသည် တဒင်္ဂတိတ်ဆိတ်သွားသည်။ မလိုလားမနှစ်သက်သော အကြည်တစ်ချက်က သူ့မျက်လုံးများအတွင်းတွင် ဖြစ်တည်လာသည်။

ဤသည်ကိုမြင်တော့ ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက လူငယ်လေးတစ်ယောက်သာဖြစ်တာမို့ စိတ်ခံစားချက်များကို မည်သို့သိုဝှက်ရမည်မှန်း မသိသေးပေ။ ကြည့်ရတာ သူ့စကားလုံးများက ရှောင်းယွင်ဖုန်း၏ နှလုံးသားကို ထိခတ်သွားပုံပင်။

''ဒီဂိုဏ်းချုပ်ပြောမယ်။ ကျိုးပျက်ကောင်းကင်မြို့မှာ မွေးတယ်ဆိုပြီး သုံးပြည်ထောင်က ဂိုဏ်းတွေကို အထင်သေးလို့မရဘူးကွ။ မင်းသာရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင် ဂိုဏ်းတံခါးဝမှာ သေတဲ့အထိဒူးထောက်ရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ပြုမှာမဟုတ်ဘူး။''

ဝမ်ဖုန်းသည် ပြုံးလိုက်ကာ ရှောင်းယွင်ဖုန်းကို အလေးအနက်ပြောလိုက်သည်။

သူက သူတော်စင်တစ်ယောက် မဟုတ်ပါဘူး။ တွေ့သမျှလူတိုင်းကို သူ့ဂိုဏ်းထဲ အလွယ်တကူ ပေးဝင်လို့ ဘယ်ဖြစ်မလဲ?

တကယ့်လက်တွေ့လောကကြီးက ရက်စက်လှသည်။သင်က တစ်ယောက်ယောက်ကို ကယ်တင်ခဲ့ရင်တောင်မှ ထိုလူက သင့်ကို ဒုက္ခပေးမလာနိုင်ဘူးလို့ မပြောနိုင်။

''ကျုပ်က ပါရမီရှင်ပဲ!''

တစ်ခဏကြာတိတ်ဆိတ်သွားပြီးနောက် ရှောင်းယွင်ဖုန်းသည် ဝမ်ဖုန်းကို မော့ကြည့်ကာ အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။

ရှောင်းယွင်ဖုန်း၏ စကားများကို ကြားတော့ ဝမ်ဖုန်းသည် ကြောင်အသွားသည်။ဒီလောက်အရှက်မဲ့တဲ့လူ လောကကြီးမှာ ရှိသေးတယ်လား?

သူသာ ရှောင်းယွင်ဖုန်း၏ဇစ်မြစ်ကို စိတ်ဝင်စားနေ၍ မဟုတ်လျှင်၊ဝမ်ဖုန်းမှာ သကောင့်သားကို ရိုက်ထုတ်လိုက်ပြီဖြစ်သည်။

သူဆိုတဲ့ ဝမ်ဖုန်းရှေ့မှာတောင် ပါရမီရှင်လို့ ပြောရဲသေးတယ်လား? ဒီကောင် ဝက်ဝံအသည်းနဲ့ကျားသစ်နှလုံးသားတွေ စားထားတယ်လားဟ!

ဝိညာဥ်အဆင့်သာရှိသေးသည့် ငတိလေးတစ်ကောင်က ဆန်းကြယ်အင်ပါယာအဆင့် ဂိုဏ်းချုပ်ဝမ်ဖုန်းရှေ့မှာ ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ပြောပြီး မော်ကြွားရဲသည်လား? ဒါကိုတွေးမိတော့ ဝမ်ဖုန်းတစ်ယောက် ရယ်ချင်လာမိသည်။

''ကျုပ်အသက်ငါးနှစ်အရွယ်မှာ စတင်ကျင့်ကြံခဲ့တယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ဖို့ တစ်ရက်ပဲကြာခဲ့တယ်။တစ်နှစ်တည်းနဲ့ ဝိညာဥ်အဆင့်ကို ကျုပ်ရောက်ခဲ့တယ်။ ဆန်းကြယ်အကြီးအကဲအဆင့်ကို ၂နှစ်တည်းနဲ့ ရောက်ခဲ့ပြီး၊အသက်ဆယ်နှစ်အရွယ်မှာ ကျုပ် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကို ရောက်ခဲ့တယ်!''

ဟမ်!?

ကြားလိုက်ရသောစကားများကြောင့် ဝမ်ဖုန်းသည် တုန်လှုပ်သွားသည်။ သူသည် ရှောင်းယွင်ဖုန်းကို စိုက်ကြည့်လျက် မျက်မှောင်ကြုတ်လိုက်သည်။ဒီကောင်လေးက တကယ်ပဲ ပါရမီရှင်လား?

အခြေခံတည်ဆောက်ခြင်းအဆင့်ကို တစ်ရက်တည်းနှင့် ရောက်ရှိခြင်း။ဝမ်ဖုန်းသည် ဒီလိုဖြစ်ရပ်မျိုးကို သုံးပြည်ထောင်အတွင်း တစ်ခါမှမကြားခဲ့ဖူးပါ။ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကို ဆယ်နှစ်သားအရွယ်မှာ ရောက်ရှိခဲ့ခြင်းကလည်း ဒဏ္ဍာရီအလားပင်။

ရှောင်းယွင်ဖုန်း လိမ်ညာနေသလားဆိုတာကိုတော့ သူ သံသယမဝင်ပါ။ ထိုလူငယ်လေး၏နာကျင်နေသော မျက်ဝန်းများမှတစ်ဆင့် ဝမ်ဖုန်းသည် သူကြုံတွေ့ခဲ့ရသော ဇာတ်လမ်းမှာ အသက်အရွယ်နှင့်မလိုက်အောင် နာကျည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

''အဲ့ဒီနေ့...မက်မွန်ပန်းတွေ ဝေဆာနေအောင် ပွင့်တဲ့နေ့မှာ ကျုပ် သူမကို တွေ့ခဲ့ရတယ်။ ပထမဆုံးကြည့်မိတဲ့ အကြည့်တစ်ချက်မှာပဲ ကျုပ် သူမကို ချစ်မိသွားပြီး၊သူမလည်း ကျုပ်ကို ချစ်မိသွားတယ်!''

????!

ဒီကောင်လေး ရဲတင့်လိုက်တာ! ငါ့အရှေ့မှာတောင် ချစ်ရေးချစ်ရာတွေ ပြောရဲတယ်ပေါ့!

ဝမ်ဖုန်း၏နှလုံးသားသည် ချဥ်တူးနေသော်လည်း ရှောင်းယွင်ဖုန်း၏စကားများကို နှောင့်ယှက်ခြင်း မပြုဘဲ ခပ်မဆိတ်သာ ဆက်လက်နားထောင်နေသည်။

''ဒီလို ကောင်းတဲ့လူတစ်ယောက်ကို ရှာတွေ့တာက ကျုပ် ရှောင်းယွင်ဖုန်းရဲ့ အကောင်းမွန်ဆုံး ကံတရားကြောင့်လို့ ကျုပ်ထင်ခဲ့တယ်! ''

ဒါတကယ့်ကို ကောင်းချီးတစ်ခုလို့ သူထင်ခဲ့တာ!

ဝမ်ဖုန်းသည် အနှီအသည်းကွဲဇာတ်လမ်းကို အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။ ဒါနဲ့ ဘာလို့ ငါ့ဂိုဏ်းရှေ့လာပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် ပြောပြနေရတာလဲကွာ။

''ကျုပ် အသက်ဆယ့်ငါးနှစ်အရွယ်မှာ တော်ဝင်မင်းသားအဆင့်အထွတ်အထိပ်ကို ရောက်ခဲ့ပြီး၊ ဆန်းကြယ်အင်ပါယာအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒါပေမယ့် ကျုပ် ဆန်းကြယ်အင်ပါယာအဆင့်ကို ချိုးဖျက်တက်ရောက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး.. ကျုပ်ရဲ့ကျင့်ကြံမှုကလည်း ဝိညာဥ်အဆင့်ထိအောင်ကို ဆက်တိုက်နိမ့်ကျသွားတယ်..''

'' ပြီးခဲ့တဲ့တစ်နှစ်က ကျုပ် ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။ကျုပ်မိသားစုကတောင် ကျုပ်ကို အရေးမစိုက်တော့ဘူး။ ကမ္ဘာကြီးတစ်ခုလုံးက ကျုပ်ကိုလှောင်ရယ်နေရင်တောင် သူမ ကျုပ်အနားမှာ ရှိနေသေးသရွေ့ အဆင်ပြေပါတယ်လို့ ကျုပ်ထင်ခဲ့တာ!''

ဂန္တဝင်တွင်မယ့် ဇာတ်လမ်းလေးပါလား။

ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းကို စိုက်ကြည့်လိုက်ကာ စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။

''ဒါပေမယ့် အရာအားလုံးက သူမရဲ့ဟန်ဆောင်မှုတွေလို့ ကျုပ်ထင်မထားခဲ့ဘူး။ ကျုပ်အမှိုက်ကောင်ဖြစ်သွားတာတောင် သူမကျုပ်ဘေးမှာ နေပေးခဲ့တဲ့ ရည်ရွယ်ချက်က ရှောင်းမိသားစုရဲ့ကျင့်စဥ်တွေကို ခိုးယူပြီး ဒုက္ခိတတစ်ယောက်ကို ပေးဖို့တဲ့လား!? ထျန်ချန်းမြို့အရှင်ဆိုတဲ့ကောင်ကိုလေ! တကယ့်ကို သွေးစုပ်ကပ်ပါးကောင်ပဲ!''

ဒီအကြောင်းပြောနေစဥ်အတွင်း ရှောင်းယွင်ဖုန်း၏ မျက်နှာမှာ ဒေါသတရားတို့ဖြင့်ဖုံးလွှမ်းနေပြီး၊ သူ၏မျက်လုံးများသည်လည်း နီရဲနေသည်။သူ့လက်များမှာ တဆတ်ဆတ်တုန်ရင်နေပြီး သူ့လက်ချောင်းထိပ်များမှတစ်ဆင့် သွေးစက်များက တတောက်တောက်ကျဆင်းနေသည်။

''ကျုပ်တို့ ရှောင်းမိသားစုရဲ့ လျို့ဝှက်ကျင့်စဥ်တွေကိုရပြီးတော့ သူမရဲ့သရုပ်မှန်ကို ဖော်ပြလာတယ်လေ။ကျုပ်တို့ရဲ့ လက်ထပ်ပွဲကိုဖျက်သိမ်းရုံသာမက ကျုပ်ကိုပါ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သေးတယ်!''

''ဒီလိုအကြွေးကိုမှ ပြန်ပေးဆပ်ရအောင် မလုပ်နိုင်ရင် ကျုပ်ဆိုတဲ့ ရှောင်းယွင်ဖုန်းက ဘာသောက်သုံးကျတော့မှာလဲ!?''

ရှောင်းယွင်ဖုန်းသည် ဝမ်ဖုန်းကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။သူ့မျက်လုံးများအတွင်း၌ ရူးသွပ်မှုတို့ ထင်ဟပ်နေသည်။

ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။

ပြိုင်ဘက်ကင်း ပါရမီရှင်က အမှိုက်ဖြစ်သွားပြီး၊သတို့သမီးလောင်းကလည်း စေ့စပ်ပွဲကိုဖျက်သိမ်းတယ်။ဒါသူ့အရင် ကမ္ဘာကဖတ်ခဲ့ဖူးတဲ့ ဖန်တစ်ရာထေနေတဲ့ ဝတ္ထုဇာတ်ကြောင်း အဖွင့်ကြီးမဟုတ်ဘူးလား? သူတို့အားလုံးက ဝတ္ထုရဲ့ဇာတ်လိုက်တွေလေ။ သေချာသွားပြီ။ သူတို့ရှန်ရှန့်ကျုံဂိုဏ်းက ကံမခေလှဘူးပဲ။ ကိုယ့်ဘာသာအေးဆေးနေတာတောင် ဝတ္ထုဇာတ်လိုက်က တံခါးဝအထိ ရောက်လာတယ်။

ဝမ်ဖုန်းသည် ဘာစကားမှပြန်မပြောဘဲ ရှောင်းယွင်ဖုန်းကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

''လက်ထပ်ပွဲလည်း ဖျက်သိမ်းပြီးရော ကျုပ်မိသားစုလည်း ကျုပ်ကို လုံးဝစိတ်ပျက်သွားပြီး၊ မိသားစုက ထုတ်ပယ်လိုက်တာပဲ!''

''ကျုပ် ရှောင်းမိသားစုကို မုန်းတယ်! သူမကိုလည်း မုန်းတယ်!''

''ကျုပ်ဘဝ တောက်ပြောင်ခဲ့တုန်းက လူတိုင်းက ကျုပ်ကို ဖားယားကြပြီး၊ကျုပ်နိမ့်ကျသွားတော့ ဘယ်သူမှ မကူညီကြဘူး! ဒီကမ္ဘာကြီးက သိပ်ရက်စက်လွန်းတယ်။ဒါကို စောစောမမြင်နိုင်တဲ့ထိအောင်ကို ကျုပ်မျက်လုံးတွေ ကန်းနေခဲ့တာပဲ!''

''အရှက်တရားကို သွေးကြွေးနဲ့ပြန်ဆပ်စေရမယ်။ဒါကြောင့်မလို့ ကျုပ် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်တယ်!''

ရှောင်းယွင်ဖုန်းက ဝမ်ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သူသည် ရှောင်းမိသားစုနှင့် ကျိုးပျက်ကောင်းကင်မြို့ကို စွန့်ခွာခဲ့ပြီး၊ ကျက်တီးလွင်ပြင်ဟု ယူဆထားသော သုံးပြည်ထောင်ရှိရာကို ထွက်လာခဲ့သည်။

သူသည် ဂိုဏ်းကြီးများစွာကို သွားရောက်ခဲ့သော်လည်း၊ ဘယ်ဂိုဏ်းကမှ သူ့ကို လက်မခံချင်ကြပေ။ ထပ်ခါထပ်ခါ ငြင်းဆန်ခံရပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာခဲ့သည်။

သူ၏လက်ရှိအသက် ကျင့်ကြံဆင့်အရ အင်ပါယာသုံးခုတွင် ပါရမီရှင်ဟု မဆိုနိုင်တော့။သို့သော် ကျိုးပျက်ကောင်းကင်မြို့တွင်မူ သူသည် ပါရမီရှင်မဟုတ်ရုံသာမက အမှိုက်တစ်စသာဖြစ်သည်။

သို့ရာတွင် ရှောင်းယွင်ဖုန်းသည် အရှုံးမပေးခဲ့ပါ။ သူ့ရင်ထဲရှိ အမုန်းတရားများက သူ့ကို တွန်းအားပေးနေကာ ကောက်ရိုးတစ်မျှင်စာမျှ မျှော်လင့်ချက်ရှိရင်တောင် သူဟာ ဆက်လက်ကြိုးစားနေမှာ ဖြစ်သည်။ သို့မှသာ သူအရှက်ရခဲ့သမျှကို ပြန်လည် သင်ပုန်းချေနိုင်မှာဖြစ်ပြီး သူဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်ရနိုင်မှာဖြစ်သည်။

''မင်းမှာ အမုန်းတရားတွေပဲရှိတယ်ဆိုရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်နိုင်ဖို့ အရည်အချင်းမမှီသေးဘူး။ဒီအစား မင်း မိုင်ရာချီမြင့်တဲ့ တောင်စောင်းပေါ်တက်ပြီး ခုန်ချလိုက်သင့်တယ်!''

ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

ရှောင်းယွင်ဖုန်းသည် ဝမ်ဖုန်းကို အမူအရာမဲ့စွာ ငေးကြည့်ရင်းပြောလိုက်သည်။

'' ကျုပ် တကယ့်ကို အသက်မရှင်သင့်တော့ဘူးလား? ကျုပ်ရဲ့အရှက်ရမှုတွေကို ပြန်ပြီး မချေဖျက်ရတော့ဘူးလား?''

''မင်းရဲ့နှလုံးသားထဲမှာ အငြိုးအတေး အာဃာတ တရားတွေနဲ့ပဲပြည့်နေတယ်။ မင်း အသက်ရှင်နေရင်တောင် အမုန်းတရားကြောင့်ပဲ။ ဒီလိုထက် သေတာကမှ ပိုကောင်းလိမ့်မယ်!'' ဝမ်ဖုန်းသည် ခေါင်းကိုတွင်တွင်ခါကာ ပြောလိုက်သည်။

''ကျုပ် အမှိုက်ဖြစ်လာပြီးကတည်းက...သူမကျုပ်ကို စွန့်ပစ်လိုက်ပြီးကတည်းက... ရှောင်းမိသားစုရဲ့စွန့်ပစ်မှုကို ကျုပ်ခံလိုက်ရပြီးကတည်းက...ကျုပ်ကို ဆက်လက်ရှင်သန်နိုင်အောင် တွန်းအားပေးနေတာ အမုန်းတရားပဲ ရှိတော့တယ်ဗျ!'' ရှောင်းယွင်ဖုန်းသည် ဝမ်းနည်းစွာပြုံးလိုက်သည်။

'' မုန်းတယ်? ဟုတ်လား? မင်းက တကယ့်ကို အသုံးမကျတာပဲ။နားလည်ရဲ့လား!''

ဝမ်ဖုန်းက အော်ငေါက်လိုက်သည်။ဒီကလေးက မုန်းတယ်ဆိုတာကိုသာ သိသည်။ သူ၏ပါရမီက ပြိုင်ဘက်ကင်းရင်တောင်မှ သူဟာ အမှိုက်တစ်စထက် တန်ဖိုးရှိမှာ မဟုတ်ပါ။

''ဘဝဆိုတာ ကိုယ်တိုင်ရှင်သန်ရတယ်။အမုန်းတရားကြောင့် စုံလုံးမကန်းစေနဲ့ကွ! မင်းက ရှောင်းယွင်ဖုန်းဆိုတာကို မှတ်ထားရမယ်! သန်မာတဲ့နှလုံးသားပိုင်ရှင်တွေကသာ တကယ့်သန်မာသူတွေပဲ!''

''သူမ မင်းကိုစွန့်ပစ်သွားတာ၊ရှောင်းမိသားစုက မင်းကိုစွန့်ပယ်သွားတာကို မင်း ဝမ်းသာရမယ်။ဒါကြောင့်ပဲ သူတို့ရဲ့သရုပ်မှန်ကို မင်း သိလိုက်ရတာပဲလေ!''

''မင်းအရင်က တောက်ပထင်ရှားခဲ့တယ်ဆိုပေမယ့် မင်းဟာ မသိခြင်းတရားတွေထဲမှာ ရှင်သန်နေခဲ့ရတာပါ။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ မင်း ဝါးမျိုခံလိုက်ရလိမ့်မယ်!''

ဝမ်ဖုန်းသည် ရှောင်ယွင်ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ဝမ်ဖုန်း၏စကားများက လေးလံသောတူကြီးအလား ရှောင်းယွင်ဖုန်း၏နှလုံးသားကို ထိခတ်သွားသည်။ တင်းကျပ်စွာဆုပ်ထားသော လက်သီးများက တဖြည်းဖြည်းပြေလျော့သွားသည်။လက်ချောင်းထိပ်များမှ သွေးစက်များက မြေပြင်ပေါ် ကျဆင်းနေဆဲ။

''မင်း မုန်းနေတုန်းပဲလား?''

ဝမ်ဖုန်းက ညင်သာစွာ ပြောလိုက်သည်။

ရှောင်းယွင်ဖုန်းက ခေါင်းခါလိုက်ကာ မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။

''မင်း ဘာလုပ်ရမှာလဲ?''

''ပိုသန်မာလာရမယ်!''

''ဘာအတွက် ပိုသန်မာလာရမှာလဲ!?''

''ကျွန်တော် ကိုယ်တိုင်အတွက်၊ သန်မာခြင်းရဲ့ ပကတိရည်မှန်းချက်အတွက်!''

ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ သူ သက်ပြင်းပုန်းချကာ တီးတိုးပြောလိုက်သည်။ နောက်ဆုံးတော့ ဒီကောင်လေးကို အမုန်းတရားတွေကနေ ဆွဲထုတ်နိုင်ခဲ့ပြီ။

အမုန်းတရားက အသန်မာဆုံးသော တွန်းအားဖြစ်နိုင်သော်လည်း အမုန်းတရားလွန်ကဲခြင်းက လူအများကို မိမိကိုယ်တိုင်အား ပျောက်ဆုံးစေနိုင်ပြီး၊ အာဃာတ တရားတို့၏ရုပ်သေးဖြစ်သွားစေနိုင်သည်။

ရှောင်းယွင်ဖုန်းသည်လည်း အငြှိုးနတ်ဆိုး၏ဖမ်းစားခြင်းကို မူလက ခံခဲ့ရသည်။သူသည် အမုန်းတရားများကို လွှတ်ချနိုင်ခြင်းမရှိပါက ဝမ်ဖုန်းသည်လည်း သူ့ကို ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ဝင်ခွင့်ပေးမည် မဟုတ်ပါ။

''မင်း ဒီနေ့ပြောခဲ့တာတွေကို မှတ်ထားပါ!''

ဝမ်ဖုန်းက ရှောင်းယွင်ဖုန်းကို စိုက်ကြည့်ကာ အမူအရာမဲ့စွာ ပြောလိုက်သည်။

ရှောင်းယွင်ဖုန်းသည် မျှော်လင်ချက်မျက်ဝန်းများဖြင့် ဝမ်ဖုန်းအား မော်ကြည့်ကာ ခေါင်းညိမ့်လိုက်ပါ၏။

ခုချိန်ကစပြီး မင်းက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အဌမမြောက် လူငယ်မျိုးဆက် တပည့်ပဲ!''

''ရှင်သန်ရာ ကာလပတ်လုံး အားနည်းသူကို အနိုင်မကျင့်လေနဲ့! သန်မာတဲ့နှလုံးသားသာ ပိုင်ဆိုင်ထားပါစေ ဘယ်သူကမှ မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး!''

ရှောင်းယွင်ဖုန်း၏မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများကို စိုက်ကြည့်ရင်း ဝမ်ဖုန်းကပြောလိုက်သည်။

''ကျေးဇူးကြီးပါတယ် ဂိုဏ်းချုပ်၊ တပည့်ရှောင်းယွင်ဖုန်းက ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်!''

ရှောင်းယွင်ဖုန်း၏မျက်လုံးများသည် စိုစွတ်နေသည်။သူသည် ကြမ်းပြင်ကို ဦးခေါင်းဖြင့် သုံးကြိမ်တိုက်လျက် ဂါရဝပြုလိုက်လေသည်။

အနှီဆယ့်ခြောက်နှစ်သား လူငယ်လေးသည် မျက်ရည်များစီးကျလျက် ငိုကြွေးနေ၏။သူသည် အစဥ်အမြဲ အမုန်းတရား၏နှိပ်စက်ခြင်းကို ခံခဲ့ရသည်။

ဤသို့သော လောကဓံထိုးနှက်ချက်မျိုးက ဆယ့်ခြောက်နှစ်သား ကောင်ငယ်လေးအတွက်တော့ ပြင်းထန်လွန်းပါ၏။ ရှောင်းယွင်ဖုန်းကို ယခုချိန်ထိ မပြိုလဲအောင် ထောက်ပံ့ခဲ့သည်မှာ အမုန်းတရားတို့ပင်။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရပြီး သကာလတွင် အမုန်းတရားများက သူ့ရင်ဘက်အတွင်း တည်ရှိနေသေးဆဲပင်။ သို့ပေသော်ငြားလည်း လက်ရှိ သူ့ကို ထောက်ပံ့တွန်းအားပေးနေသည်မှာ အမုန်းတရားတို့မဟုတ်တော့။ သူ၏နှလုံးသား မျှော်လင့်ခြင်းတို့သာဖြစ်၏!

''ကျွန်တော်က အမှိုက်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ကျွန်တော်ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆင့်မတက်နိုင်ခဲ့ဘူး။ဂိုဏ်းချုပ်က တကယ်ပဲ အမှိုက်ကောင် ကျွန်တော့်ကို ပျိုးထောင်ပေးမှာလား?''

ရှောင်းယွင်ဖုန်းသည် မတ်တပ်ရပ်လိုက်ကာ ဝမ်ဖုန်းကို မြဲမြံစွာ ကြည့်လျက် မေးလိုက်သည်။ သူသည် သုံးပြည်ထောင်အတွင်းရှိ ဂိုဏ်းများစွာကို လှည့်လည်သွားလာခဲ့သော်လည်း မည်သည့်ဂိုဏ်းကမှ သူ့အား လက်မခံခဲ့ကြ။သို့သော် ယခုတော့ သုံးပြည်ထောင်၏အသန်မာဆုံး ဂိုဏ်းကြီးက သူ့ကို လက်ခံပေးနေပြီ။ ဤသည်က အိပ်မက်တစ်ခုလို ခံစားရစေသည်။

''ငါ့ဂိုဏ်းကိုဝင်လာရင် အမှိုက်ဆိုရင်တောင်မှ နဂါးဖြစ်စေရမယ်! '' ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ် မတ်တပ်ရပ်လျက် တည်ငြိမ်သောလေသံဖြင့် ဖြည်းလေးစွာပြောလိုက်လေ၏။

All Chapters