← Chapters

။ နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်။

Vol. 6 Ch. 77

။ နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်။

Vol. 6 Ch. 77

ဝမ်ဖုန်း၏စကားများက ရှောင်းယွင်ဖုန်းကို အံ့အားသင့်သွားစေသည်။

လက်ရှိအချိန်တွင် ဝမ်ဖုန်း၏ပုံရိပ်က ရှောင်းယွင်ဖုန်း၏စက္ခုအာရုံ၌ အရောင်များလဲ့နေသကဲ့သို့...

(စက္ခုအာရုံ= အမြင်အာရုံ)

ထိုစကားလုံးများသည် သူကြားခဲ့ဖူးသမျှ စကားလုံးတိုင်းတွင် အလွှမ်းမိုးနိုင်ဆုံးဖြစ်၏။ အထူးဆန်းဆုံးအရာမှာ ရှောင်းယွင်ဖုန်း၏နှလုံးသားက ဝမ်ဖုန်း၏စကားလုံးများကို အပြည့်အဝ ယုံကြည်ထောက်ခံနေခြင်းပင်။

ဤသည်က ရှောင်းယွင်ဖုန်းကို မယုံကြည်နိုင်လောက်အောင် အံ့သြသွားစေသည်။

ကျိုးပျက်ကောင်းကင်မြို့တွင်သော်မှ ထိုသို့သော စကားကြီးစကားကျယ်မျိုးကို မည်သူမှ မပြောဝံ့ကြ။ယခုတော့ ကျက်တီးလွင်ပြင်သာသာ သုံးပြည်ထောင်စုက ဂိုဏ်းတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ထိုမျှကြီးကျယ်သော စကားလုံးများကို ပြောကြားဝံ့သည်လား?

‘’ကြမ်းပြင်က သွေးတွေကို သုတ်ဖို့မမေ့နဲ့ဦး။ ခဏနေရင် မင်းနေမယ့်နေရာကိုလိုက်ပြဖို့ တစ်ယောက်ယောက်လာလိမ့်မယ်။ မင်းရဲ့သတ္တမဂိုဏ်းတူအကိုက အခုလောလောဆယ် ရူးနေတယ်။မင်းတို့နှစ်ယောက် သဟာဇာတဖြစ်အောင် နေနိုင်လိမ့်မယ်လို့ ဒီဂိုဏ်းချုပ်က မျှော်လင့်တယ်!’’

ဝမ့ဖုန်းသည်မြေပြင်ပေါ်က သွေးစသွေးနများကို ညွှန်ပြရင်း ပြောလိုက်သည်။

အမှိုက်ကောင်တစ်ကောင်နဲ့ အရူးတစ်ယောက် လိုက်ဖက်ပါပေတယ်။

ဒီစကားကိုကြားတော့ ရှောင်းယွင်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။ သူသည် ဆန်းကြယ်စွမ်းအားများကို သုံးလျက် မြေပြင်ကို တိတ်တဆိတ်သန့်ရှင်းလိုက်သည်။

သူ ဝမ်ဖုန်းကို ထအော်ချင်နေပေပြီ။ ဘယ်လောက်ပဲ အဆင့်နိမ့်သွားတယ်ပြောပြော သူက ဝိညာဥ်အဆင့် ကျင့်ကြံသူပါဟ။အရူးတစ်ယောက်နဲ့ ဘယ်ကဘယ်လို အဆင့်တူရမှာလဲ?

ကလေးတွေကို သင်ကြားလမ်းညွှန်ပေးရမယ်!

သဘောမတူချင့်တူချင် တူလိုက်ရသော ရှောင်းယွင်ဖုန်းကိုကြည့်လျက် ဝမ်ဖုန်းသည် အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထွက်ခွာရန် ဆိုင်းပြင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို အသံကူးပြောင်းခြင်းနည်းလမ်းဖြင့် သတင်းပို့လျက် ရှောင်းယွင်ဖုန်းကို လာခေါ်ကာ နေထိုင်ရန်နေရာ လိုက်ပြခိုင်းလိုက်သည်။

‘’အထူးပါရမီရှင်တစ်ယောက်ကို ဂိုဏ်းအတွင်း သွတ်သွင်းနိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ နတ်ဘုရားကဲ့သို့ သိမြင်ခြင်းချီကျင့်စဥ် နှင့် ရွှမ်ရှုကွေ့မိန်ဆေးလုံးတို့ကို ဆုချလိုက်သည်!’’

ဝမ်ဖုန်းလှည့်ထွက်လိုက်သည့်အခါ အေးစက်သောအသံတစ်ခုက နားအတွင်းပဲ့တင်ထပ်သွားသည်။ဝမ်ဖုန်းသည် အံ့အားသင့်သွားကာ သူ့မျက်လုံးများသည်လည်း တောက်ပသွားသည်။

နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်တဲ့လား? နာမည်ကြီးက မိမိုက်လိုက်တာကွာ။ရှောင်းယွင်ဖုန်းကို လက်ခံရုံနဲ့ ဒီလိုဆုကြီး ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!

နတ်ဘုရားဟာ အမျက်ထွက်နေပြီး ရယ်မောကာ သတ်ဖြတ်နေသည်!

ထိုဝါကျမှတစ်ဆင့် ထိုကျင့်စဥ် အဘယ်မျှကြောက်လန့်ဖွယ်ကောင်းကြောင်း သိနိုင်ပါသည်။ သို့သော်လည်း စနစ်ကပေးသည့် နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်သည် သူတွေးထားသလို တကယ်ပဲ စွမ်းအားကြီးရဲ့လားဆိုတာကိုတော့ ဝမ်ဖုန်းလည်း သေချာမသိပါ။

‘’စနစ်ရေ နတ်ဘုရားကဲ့သို့ သိမြင်ခြင်းချီကျင့်စဥ်က ဘယ်လိုစွမ်းတာလဲကွ?’’ဒါကို တွေးမိသွားတော့ ဝမ်ဖုန်းသည် စနစ်ကို တိုက်ရိုက်ပဲမေးလိုက်သည်။

‘’ဒင်၊နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ကျင့်စဥ်သည် အဆင့်သတ်မှတ်ချက်မရှိသော အထူးစွမ်းအားတစ်ခုဖြစ်ပါတယ်။ ထိုကျင့်စဥ် ဘယ်လောက်စွမ်းလဲဆိုတာကတော့ ကျင့်စဥ်ကျင့်ကြံသူရဲ့ နားလည်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်!’’

‘’နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်ကို ကျင့်ကြံခြင်းအားဖြင့် ပိုင်ရှင်ဟာ တစ်ဖက်ရန်သူ့အတွင်း စီးဆင်းနေတဲ့ ချီလှည့်ပတ်မှုတွေကို သိမြင်နိုင်မှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာပဲ လူသား၊ကမ္ဘာမြေနဲ့ ကောင်းကင်အဆင့်ဆိုတဲ့ ပြိုင်ဘက်ရဲ့ ပါရမီအဆင့်ကိုလည်း အတိအကျ သိနိုင်မှာပါ။ ဒါ့အပြင် လူငယ်မျိုးဆက်တွေရဲ့ ကံတရား ကိုလည်း သိနိုင်ပါဦးမယ်!’’

‘’ဒီကျင့်စဥ်ကို အထွတ်အထိပ်ထိ ကျင့်ပြီးရင်တော့ တစ်စုံတစ်ဦးဟာ ကောင်းကင်နဲ့မြေပြင်ရဲ့ လျို့ဝှက်ဆန်းပြားမှုတွေကို သိမြင်နိုင်မှာဖြစ်ပြီး၊ ရယ်ကာမောကာနဲ့ လူသတ်နိုင်မှာပါ။ ရန်သူရဲ့ စိတ်နေစိတ်ထားကိုလည်း သိထားနိုင်မှာဖြစ်လို့ တစ်ဖက်လူရဲ့ပျော့ကွက်ကိုလည်း အတိအကျ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်!’’

အေးစက်သော အသံက ဝမ်ဖုန်း၏နှလုံးသားကို လှုပ်ရှားစေခဲ့ပြီး သူ့ကို အလွန်အမင်း ဝမ်းမြောက်သွားစေခဲ့သည်။ဤသည်က သူ အထူးစွမ်းအားများကို ပထမဆုံးအကြိမ် ရရှိဖူးခြင်းပင်။

ကျင့်ကြံဆင့်မြင့်လျှင်တောင်မှ ထိုသို့သော အထူးစွမ်းအားများကို ရရှိရန် မလွယ်ကူလှပါ။

နတ်ဘုရားကဲ့သို့သိမြင်ခြင်း ချီကျင့်စဥ်ကို ရရှိပြီးဖြစ်တာကြောင့် ဝမ်ဖုန်းသည် နောင်အခါ တပည့်များကို စိတ်ခံစားချက်အလျောက် လက်ခံမည် မဟုတ်တော့ပါ။ သူသည် တပည့်များ၏ကံတရားနှင့် ပါရမီစွမ်းအားတို့ကို မြင်နိုင်တော့မှာ ဖြစ်သည်။ ဤနည်းအားဖြင့်ဆိုလျှင် သူ့ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များသည် အရှားပါးဆုံးသော ပါရမီရှင်များ ဖြစ်လာပေတော့မည်!

ဒီလိုဆိုမှတော့ ရှန်ရှန့်ကျုံဂိုဏ်းကြီး စွမ်းအားကြီးမလာမှာကို အဘယ်မှာ စိုးရိမ်ရအံ့နည်း?

‘’စနစ်ရေ၊ နတ်ဘုရားကဲ့သို့သိမြင်ခြင်း ချီကျင့်စဥ်ကို ပိုင်ရှင်နဲ့ တွဲစပ်ပေးပါတော့!’’

အဆိုပါကျင့်စဥ်၏ စွမ်းအားများကို သိရှိပြီးနောက် ဝမ်ဖုန်းသည် နည်းနည်းလေးတောင် ထပ်မစောင့်ချင်တော့ပါပေ။

ဟမျ့

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် ဆန်းပြားသော စွမ်းအားတစ်ရပ်က သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်သွားပြီး၊ လျှို့ဝှက်ဆန်းပြားသော မှတ်ဥာဏ်များသည် သူ့စိတ်အာရုံအတွင်း ထင်ဟပ်လာသည်။

အနှီမှတ်ဥာဏ်များမှာ ကြီးမားများပြားလွန်းတာကြောင့် ဆန်းကြယ်အင်ပါယာအဆင့် အထွတ်အထိပ်ဖြစ်သော ဝမ်ဖုန်းသည်ပင် မူးဝေခြင်းကို ခံစားလိုက်ရသည်။

နှစ်ဘဝတိုင်ကျင်လည်ပြီးဖြစ်တာကြောင့် ဝမ်ဖုန်း၏စိတ်ဝိညာဥ်က အလွန်သန်မာနေ၍ မဟုတ်လျှင်၊ သူ၏ခန္ဓာကိုယ်ကလည်း ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေခဲ့၍မဟုတ်လျှင် ဝမ်ဖုန်းသည် အနှီ အဆမတန်နာကျင်ခံစားရမှုကြီးကို သည်းခံနိုင်မှာ မဟုတ်ပါချေ။

မဟာတာအို၏အနှစ်သာရသည် လျှို့ဝှက်နက်နဲ၏။ အဆုံးစွန်သော မဟာတာအိုသည် ဖျော့တော့ကာ ငြိမ်းအေး၏။ လျစ်လျူရှုခြင်းနှင့်ကြားနာခြင်း ၊ဝိညာဥ်အားထိန်းချုပ်ခြင်း၊ စက္ခုအာရုံဖြင့် မရှုမြင်ခြင်း၊သောတအာရုံဖြင့် မကြားသိခြင်း၊ နှလုံးသားဖြင့် မခံစားခြင်း၊ စသော တာအို၏ငြိမ်းအေးခြင်း အခြေအနေသို့ရောက်ရှိပါမှသာ ဘဝ၏အနှစ်သာရကို ခံစားရပေလိမ့်မည်။

(ဘာသာပြန်အဆို: စက္ခုအာရုံ= မျက်စိ။ သောတအာရုံ=နား။)

မည်မျှလောက် ကြာသွားသည်မသိ။ ဝမ်ဖုန်း၏တင်းကျပ်စွာ ပိတ်ထားသော မျက်ဝန်းများသည် ရုတ်တရက်ပွင့်ဟလာခဲ့သည်။ အလင်းတန်းတစ်ခုသည် သူ့မျက်လုံးများအတွင်း ဖြတ်သန်းသွား၏။ သူ၏အသက်ရှုသံများသည်လည်း ပြောင်းလဲသွားကာ ပိုမိုတည်ငြိမ်လာပြီး သဘာဝဆန်လာသည်။ ဝမ်ဖုန်း၏မျက်ဝန်းများသည် ညည့်ကောင်းကင်ယံရှိ ကြယ်စင်များအလား တောက်ပနက်ရှိုင်းနေကာ ကြည့်မြင်မိသူ၏စိတ်ကို ဖမ်းစားသွားစေနိုင်၏။

ဝမ်ဖုန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူသည် နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်ကို နားလည်သဘောပေါက်အောင် သင်ယူနိုင်ခဲ့လေပြီ။ ဝမ်ဖုန်းသည် ယခုအခါမှသာ အဆိုပါကျင့်စဥ်၏ ထိတ်လန့်ဖွယ်ကောင်းမှုကို ရှင်းရှင်းလင်းလင်း သိလာရသည်။ သူသည် ထိုကျင့်စဥ်ကို ခုမှစတင်သင်ယူပြီးခါစဖြစ်သည်။ သူသည် အနှီကျင့်စဥ်ကို အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံဖို့ မလွယ်ကူမှန်း သိပါသည်။

တဒင်္ဂတွေးတော ဆင်ခြင်အပြီးမှာ ဝမ်ဖုန်းသည် ဂိုဏ်းဂိတ်ဝရှိရာကို ပြန်လှည့်လာခဲ့သည်။သူသည် နတ်ဘုရားကဲ့သို့သိမြင်ခြင်း ကျင့်စဥ်ကို ရှောင်းယွင်ဖုန်းအပေါ်၌ အသုံးပြုချင်လာသည်။

‘’ဂိုဏ်းချုပ် အပြင်သွားမလို့လား?’’

ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေသော ရှောင်းယွင်ဖုန်းက ဝမ်ဖုန်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။သူက အံ့အားတသင့်ဖြင့် လျင်မြန်စွာ ဂါရဝပြုလိုက်သည်။

‘’နတ်ဘုရားကဲ့သို့ သိမြင်ခြင်း!’’

ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းကို ပြန်မဖြေခဲ့။သူသည် နှလုံးသားအတွင်း တီးတိုးရေရွတ်လိုက်သည်။ လျှို့ဝှက်ဆန်းပြားသော အလင်းရောင်ခြည်တစ်ခုက ဝမ်ဖုန်း၏မျက်လုံးသူငယ်အိမ်များအတွင်း ဖြစ်တည်လာသည်။

ဤအချိန်တွင် ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်း၏ခန္ဓာကိုယ်ပေါ်၌ ခရမ်းရွှေရောင် ကံတရားအလင်းတန်းကိုတွေ့မြင်လိုက်ရသည်။ယင်းက ထိပ်တန်းကံတရားဖြစ်သည်။

ရှောင်းယွင်ဖုန်း၏ခန္ဓာကိုယ်မှ ခရမ်းရွှေရောင်ချီအလင်းတန်းကြီးတစ်ခု ထွက်ပေါ်နေပြီး၊ယင်းက ကောင်းကင်ယံထိတိုင် ထိုးဖောက်မြင့်တက်နေပါ၏။ သို့သော်လည်း အနှီခရမ်းရွှေရောင် ချီအလင်းတန်းကြီး၏ပတ်လည်တွင် မြူနှင်းငွေ့များက သံကြိုးများသဖွယ် မြဲမြံစွာ ရစ်ပတ်ထားပြီး၊ ချီလမ်းကြောင်းကို နှောင့်ယှက်နေသည်။

ဝမ်ဖုန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူသည် မြူနှင်းငွေ့များကို စူးစိုက်ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများက အေးစက်လာခဲ့သည်။သူက ရှောင်းယွင်ဖုန်းကို လက်ဝှေ့ရမ်းပြလိုက်ပြီး ပြောလိုက်သည်။

‘’ သန့်ရှင်းရေးလုပ်ပြီးပြီဆိုတော့ ဂိုဏ်းထဲဝင်သွားတော့ ။ မင်းကိုလာခေါ်ဖို့ တစ်ယောက်ယောက်ကို ငါပြောပြီးပြီ။’’

‘’ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!’’

ရှောင်းယွင်ဖုန်းက ဝမ်ဖုန်းကို ဂါရဝပြုလိုက်ကာ ဂိုဏ်းထဲသို့ ဝင်ရောက်သွားတော့သည်။

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ရှောင်းယွင်ဖုန်း ထွက်သွားတာကို စောင့်ကြည့်နေသည်။ ရှောင်းယွင်ဖုန်း မြင်ကွင်းက ပျောက်ကွယ်သွားမှ ဝမ်ဖုန်းသည် တီးတိုးရေရွတ်လိုက်မိသည်။

‘’ ဒီဂိုဏ်းရဲ့တပည့် ပါရမီရှင်တစ်ယောက်ကနေ အမှိုက်ကောင်ဖြစ်သွားရတာ မင်းကြောင့်ပေါ့လေ!’’

ဟမျ့!

ဝမ်ဖုန်း၏အသံဆုံးသည်နှင့် သူ့ရှေ့ကလေထုသည် တွန့်လိမ်လာကာ ပုံရိပ်ယောင် မြူနှင်းငွေ့များသည် လေထုအတွင်း ထွက်ပေါ်လာသည်။

အနှီ မြူနှင်းငွေ့က မလှုပ်မယှက် မတ်တပ်ရပ်နေသည်။ ၎င်း၏ဘေးက လေထုသည် ပိတ်လှောင်ခံထားရပုံပေါ်သည်။ သာမန်လူများကတော့ အနှီမြူနှင်းငွေ့ကို တွေ့မြင်နိုင်မည် မဟုတ်ပါ။ဝမ်ဖုန်း၏ ကျင့်ကြံဆင့်က ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်မှာ ရှိတာတောင်မှ အနှီမြူနှင်းငွေ့၏ တည်ရှိမှုကို ယခင်က မတွေ့မြင်နိုင်ခဲ့ပေ။

‘’မင်းလိုလူတစ်ယောက် ကျက်တီးနယ်မြေမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ငါ ထင်မထားဘူး။’’

ရှေးဆန်ပြီး နက်ရှိုင်းသောလေသံတစ်ခုက မြူနှင်းငွေ့များအတွင်းမှ ထွက်ပေါ်လာသည်။ ထူးဆန်းသည့်အရာတစ်ခုမှာ ယင်းအသံသည် ဝမ်ဖုန်း၏နားအတွင်းမှာသာ ပဲ့တင်ထပ်ကြားနေရတာဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်အကြားမှာတော့ အမှန်တကယ် တည်ရှိမနေပါ။

ယင်းအသံက တခြားသော ဘုံလောကတစ်ခုက ထွက်ပေါ်လာသလိုမျိုးဖြစ်၏။

‘’အရင်ကဆို ဒီဂိုဏ်းချုပ်က ဂရုစိုက်မှာ မဟုတ်ဘူး။ဒါပေမယ့် ရှောင်းယွင်ဖုန်းက အခု ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်နေပြီ။ မင်းသာ သူ့ကို ထိခိုက်အောင်လုပ်ရဲရင် ဒီဂိုဏ်းချုပ်က မင်းကို တစ်စစီဆွဲဖြဲပစ်မယ်ကွ!’’

မှုန်ရီရီအရိပ်၏အသံကိုကြားတော့ ဝမ်ဖုန်း၏မျက်လုံးများက အေးစက်လာသည်။သူသည် မှုန်ဝါးဝါးအရိပ်ကို စူးစိုက်ကြည့်ကာ အေးတိအေးစက်ပြောလိုက်သည်။

ယခုအချိန်တွင် ဝမ်ဖုန်းထံမှ မည်သည့်သတ်ဖြတ်ခြင်းအရှိန်အဝါကိုမှ ထုတ်လွှတ်မနေသော်လည်း၊ အရိုးထိအေးခိုက်စေသည့် အေးစက်စက်ခံစားမှုမျိုး ပေးစွမ်းနေသည်။ ဝမ်ဖုန်း၏အသံကလည်း ယမမင်း၏ အမိန့်သံအလား ထင်ရှားပြတ်သား၏။

‘’ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် ဂျူနီယာတစ်ယောက်ကို ကြောက်ရွံနေလိမ့်မယ်လို့ မင်းထင်နေတာလား?’’

ဝမ်ဖုန်း၏အသံကိုကြားတော့ မြူနှင်းများကြားမှ အရိပ်သည် တဒင်္ဂတိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။

‘’ဒီဂိုဏ်းချုပ်က မင်းရဲ့သာလွန်ဖြစ်တည်မှုကို သိတဲ့အပြင် မင်းရဲ့ဇစ်မြစ်ကိုလည်း သိထားတယ်။ ရှောင်းယွင်ဖုန်းအတွက်တော့ အကျိုးများလောက်ပါပေရဲ့။ဒါပေမယ့် ဒီဂိုဏ်းချုပ်ပြောမယ်။ မင်း ငါတို့ဂိုဏ်းရဲ့ အချက်အလက်တွေကို မထိတာကောင်းမယ်။ဒီလိုမှမဟုတ်ရင်.....’’

ဝမ်ဖုန်းသည် မြူနှင်းငွေ့အရိပ်ကို စူးစိုက်ကြည့်ကာ ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

စကားဆုံးလျှင်ဆုံးချင်း ဝမ်ဖုန်းသည် မြူနှင်းငွေ့အရိပ်ကို လျစ်လျူရှုလိုက်ကာ လှည့်ထွက်လာခဲ့သည်။ သူ ပြောစရာရှိတာကို ပြောခဲ့ပြီးပြီဖြစ်သည်။ ထိုအရာကသာ သူ့ဂိုဏ်းကိုထိခိုက်ဝံ့ပါက ထိုအရာက နတ်ဘုရားပင်ဖြစ်ပါစေဦးတော့ ဝမ်ဖုန်းက သင်ခန်းစာကောင်းကောင်း ပေးပစ်မှာဖြစ်သည်။ သေခြင်း၏အရသာကို သိသွားစေရမည်!

ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းထံမှ ထိုအရိပ်ကို ခွဲထုတ်ပစ်လိုခြင်းမရှိပါ။ စိတ်ကူးယဥ်ဝတ္ထုများ၏ ဥပဒေသများအရဆိုလျှင် အနှီအရိပ်မှာ ရှောင်းယွင်ဖုန်းတစ်ဖြစ်လဲ အဓိကဇာတ်လိုက်၏လျို့ဝှက်ဆန်းပြားမှုဖြစ်၏။ ယင်းက ရှောင်းယွင်ဖုန်းကိုယ်တိုင် စူးစမ်းရမည့်အရာဖြစ်ပြီး၊ ရှောင်းယွင်ဖုန်းကို ကံတရား၏သားတော်ဖြစ်လာစေခဲ့သည့် အရာလည်းဖြစ်သည်။

သူသည် ရှောင်းယွင်ဖုန်း၏အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း ရှောင်းယွင်ဖုန်းမှာ ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်လာပြီဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ရှောင်းယွင်ဖုန်းကို ကူညီထောက်ပံ့ရပေလိမ့်မည်။

ရှန်ရှန့်ကျုံဂိုဏ်းသားများကို ထိခိုက်ဝံ့သူဆိုပါက မည်သူမဆို သေရပေမည်!

မြူနှင်းငွေ့အရိပ်ထံမှ ထွက်လာပြီးနောက် ဝမ်ဖုန်းသည် တိတ်တဆိတ်ပြောလိုက်သည်။

‘’စနစ်၊အဲ့ဒီအရာရဲ့ ဇစ်မြစ်ကို စုံစမ်းပေးနိုင်လား?’’

ဝမ်ဖုန်းသည် မြူနှင်းငွေ့အရိပ်ကို နတ်ဘုရားကဲ့သို့သိမြင်ခြင်း ချီကျင့်စဥ်ကြောင့် တွေ့မြင်နိုင်ခဲ့သော်လည်း ထိုအရာ၏မူလဇစ်မြစ်ကိုတော့ မသိနိုင်ခဲ့ပါ။

သူသည် နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဥ်ကို ယခုမှ စတင်လေ့ကျင့်ထားတာဖြစ်ပြီး၊ ကနဦးအဆင့်သာ ပေါက်မြောက်ထားသေးတာဖြစ်သည်။ အတိတ်နှင့်ပစ္စုပ္ပန်ကို မြင်နိုင်စွမ်းကိုမူကား မရရှိသေးပေ။

‘’ဒင်၊ပိုင်ရှင်၏ကျင့်ကြံမှုအဆင့် မလုံလောက်ပါ။ အဖြေရှာ၍မရနိုင်ပါ!’’

အေးစက်စက်အသံတစ်သံကို ကြားလိုက်ရသည်။ကြည့်ရတာ အဲ့ဒီအရာက သူ ထင်ထားတာထက်ပိုပြီး လျို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးနေတာပဲ။

သူ၏ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ကို အခြေပြုပြီး စနစ်သည် သန်မာသော မည်သည့်ဆန်းကြယ်အင်ပါယာအဆင့်များကိုမဆို ထောက်လှမ်းနိုင်သည်။ ဆိုလိုသည်က ရှောင်းယွင်ဖုန်း၏ခန္ဓာကိုယ်မှ မြူနှင်းငွေ့အရိပ်သည် ဆန်းကြယ်အင်ပါယာအဆင့်ထက် ကျော်လွန်သော ဖြစ်တည်မှုကြီးတစ်ခုဖြစ်သည်။

ဒါကိုတွေးမိတော့ ဝမ်ဖုန်းသည် တံတွေးမျိုချလိုက်မိသည်။ သူ၏အဌမဂိုဏ်းတပည့်မှာ တကယ့်ကို ကောင်းကင်၏ပါရမီရှင်ကြီးဖြစ်သော်လည်း သူ့နောက်ကွယ်မှ ပြဿနာများနှင့်အရှုပ်အထွေးများကတော့ မသေးလှပေ။

သာမန်ဂိုဏ်းတစ်ဂိုဏ်းသာဆိုပါက ရှောင်းယွင်ဖုန်းကြောင့်ဖြစ်ပေါ်လာမည့် များစွာသော ပြဿနာရပ်များနှင့်ဘေးဒုက္ခများကို ကြံ့ကြံ့ခံနိုင်မည်မဟုတ်ပါ!

သူ၏ရှန်ရှန့်ကျုံဂိူဏ်းမှာ တည်ထောင်ပြီးခါစဖြစ်သော်လည်း သူ့တွင် စနစ်ရှိနေလေရာ သာမန်ဂိုဏ်းဟု ပြော၍ မရတော့ပေ။

တစ်ဖက်မှာတော့ လျို့ဝှက်ဆန်းပြားသည်ဆိုသော မြူနှင်းအရိပ်သည် လေထုအလယ်၌ မတ်တပ်ရပ်နေသည်။ အကြည့်တစ်ချက်သည် အရိပ်ထံမှ ထွက်ခွာလာပြီး၊အတားအဆီးဟူသမျှကို ဖြတ်ကျော်လျက် ဝမ်ဖုန်းအပေါ် ကျရောက်သွားသည်။

‘’နှစ်ပေါင်းဘယ်လောက်ကြာသွားပြီလဲ? ဒီရှန်းလန်တိုက်ကြီးထဲမှာ ငါ သူတော်စင် ထွင်းဖောက်မမြင်နိုင်တဲ့ လူတစ်ယောက်ရှိနေလိမ့်မယ်လို့ ထင်မထားဘူး!’’

‘’စိတ်ဝင်စားစရာပဲ။ ဒီဂိုဏ်းနဲ့ ဂိုဏ်းချုပ်က ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို ဒီသူတော်စင်က ကြည့်ချင်မိပါရဲ့။’’

အက်ရှနက်ရှိုင်းပြီး ခမ်းနားသော လေသံသည် ပဲ့တင်ထပ်လာကာ အရိပ်သည်လည်း မည်သည့်အခါကမှ တည်ရှိမနေခဲ့သလိုမျိုး ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။

All Chapters