← Chapters

။ ကျောက်စိမ်းလို အရှင့်သမီး။

Vol. 6 Ch. 78

။ ကျောက်စိမ်းလို အရှင့်သမီး။

Vol. 6 Ch. 78

''စနစ်ရေ၊ ဒီဂိုဏ်းချုပ်ရဲ့စွမ်းရည်ဇယားကို စစ်ဆေးမယ်!''

ဂိုဏ်းချုပ်ခန်းမကို ပြန်ရောက်လာသော ဝမ်ဖုန်းသည် တိတ်တဆိတ်ပြောလိုက်သည်။

''ဒင်၊ပိုင်ရှင်၏ စွမ်းရည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပိုင်ရှင်: ဝမ်ဖုန်း

ကျင့်ကြံမှု: ဆန်းကြယ်အင်ပါယာအထွတ်အထိပ်။

ရုပ်ခန္ဓာ: မရှိ။

သွေးမျိုးဆက်: မရှိ။

ထူးခြားသိုင်းကွက်များ: ကောင်းကင်ယံအထက်ပျံဝဲနေသော အမတအရှင်၊ မင်ယွီသိုင်းကွက်၊ဟွာကွမ်းဓါးသိုင်း၊ သေမင်းဓါးဆယ့်ငါးချက်၊ကောင်းကင်ဘုံနတ်ဆိုး သိုင်းကျမ်း။

အထူးစွမ်းအင်များ: နတ်ဘုရားကဲ့သို့သိမြင်ခြင်း ချီကျင့်စဥ်။

ဂိုဏ်းအမည်: ရှန်ရှန့်ကျုံ။

ဂိုဏ်းအမှတ်: ၈၀၀၀၀! ''

စွမ်းရည်ဇယားကိုကြည့်နေရင်း ဝမ်ဖုန်းသည် အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်သည်။သို့သော် သူ မကျေမနပ်ဖြစ်နေသော အရာတစ်ခုရှိသည်။ သူ ဘယ်တော့များမှ မိမိုက်တဲ့ရုပ်ခန္ဓာနဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ရမှာလဲကွာ။

ဒိရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းတပည့်တွေအားလုံးက သောက်ရမ်းမိုက်တာ။ မိမိုက်တဲ့ရုပ်ခန္ဓာပိုင်ရှင်တွေ၊ ဆန်းကြယ်အင်ပါယာအဆင့်လူဝင်စားတွေ၊ ပြီးတော့ ကံတရားရဲ့သားတော်တွေ။ ဒါပေမယ့် ဂိုဏ်းချုပ်ဖြစ်တဲ့ သူကတော့ သာမန်တဲ့လား?

သောက်ကျိုးနည်းလှချည်လား?

''စနစ်ရေ၊ဒီပိုင်ရှင်ကို ဆန်းကြယ်ရုပ်ခန္ဓာရရှိစေမယ့် အရာများ မရှိဘူးလားကွာ? '' ထိုအကြောင်းတွေးရင်း ဝမ်ဖုန်းက မေးလိုက်သည်။

''အိပ်မက်မက်နေလိုက်!''

အသံကိုကြားလိုက်ရတော့ ဝမ်ဖုန်းသည် ဂိုဏ်းပုလ္လင်ပေါ်နောက်ပြန်လန်သွားသည်။ ဒီစနစ်ကတော့ သူ့ကိုဆို မျက်နှာသာကို မပေးဘူး!

''ရှန်ရှန့်ကျုံရဲ့စွမ်းရည်ဇယားကို ဆင့်ခေါ်မယ်!''

အချိန်အတော်လေးကြာသွားမှ ဝမ်ဖုန်းသည် ခါးကိုမတ်လိုက်ပြီး ပြောလိုက်သည်။

''ဒင် ရှန်ရှန့်ကျုံ၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုဏ်း: ရှန်ရှန့်ကျုံ။

ဂိုဏ်းအဆင့်: ဒုတိယအဆင့်။

ဂိုဏ်းချုပ်(တစ်ယောက်တည်းသာ): ဝမ်ဖုန်း(ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)

ဂိုဏ်းအစောင့်အရှောက်အကြီးအကဲများ(ငါးယောက်အထိ): ကျန်းစန်ဖုန်း( ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်)။

ဂိုဏ်းအကြီးအကဲများ(ဆယ်ယောက်အထိ): ယဲ့ကူချန်(ဆန်းကြယ်အင်ပါယာအထွတ်အထိပ်) ၊ချီမိန်ချွှေရွှယ်(ဆန်းကြယ်အင်ပါယာအထွတ်အထိပ်)၊ ယောင်ယွဲ့(ဆန်းကြယ်အင်ပါယာ အစောပိုင်း)၊ ယင်ဧကရီ ကျူးယုယန်(ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)၊ ယန်စယ်ဆန်း( ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)၊ နံပါတ်ဆယ့်တစ် ရှောင်းလန်( ဆန်းကြယ်အင်ပါယာ)၊ ဘုန်းတော်ကြီးဝူရှန်း(ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)

တပည့်များ (အယောက်တစ်ရာထိ): လီချင်း(ရွှမ်လင်းလိပ် မသေမျိုးခန္ဓာပိုင်ရှင်)၊ လင်းဖေးဝူ( အပြောင်းအလဲသို့ဝင်ရောက်ခြင်း အထွတ်အထိပ်)၊ လီဟေး( အင်ပါယာလူဝင်စား)၊ မုယွင်ဖေး၊လီထျန်းရှင်း၊ဝူနျာန်၊ယန်ရှန်း၊ ရှောင်းယွင်ဖုန်း၊ ရွှမ်ရှ၊ ချုံဖုန်း၊ယန်တောက်။

ဂိုဏ်းတည်နေရာ: ရှင်းယောင်တောင်ကြား အစွန်ဘက်။''

ဂိုဏ်း၏စွမ်းရည်ဇယားကိုကြည့်ရင်း ဝမ်ဖုန်း၏မျက်လုံးများသည် ကျဥ်းမြောင်းသွားသည်။ယခုတွင် သူ့ဂိုဏ်း၏အကြီးအကဲများမှာ စွမ်းအားကြီးသော်လည်း တပည့်များကတော့ နည်းနေသေးသည်။ယေညင်ရီအင်ပါယာရဲ့ဂိုဏ်းတိုင်းလိုလိုတွင် တပည့်များ ရာချီထောင်ချီရှိကြသည်။

သူ့ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားသည် သုံးပြည်ထောင်ရှိ မည်သည့်ဂိုဏ်းကြီးများထက်မဆို သာလွန်ပါ၏။ ဤမျှနည်းပါးသော ဂိုဏ်းသားအရေအတွက်က သူ့ဂိုဏ်း၏ အဆင့်အတန်းနှင့် မကိုက်ညီပါ။

ဝမ်ဖုန်းသည် မေးစေ့လေးကို ပွတ်သပ်ကာ စဥ်းစားလိုက်သည်။ သူ ဂိုဏ်းသားလက်ခံပွဲဘာညာ ကျင်းပသင့်လား? သုံးပြည်ထောင်ကနေ ဂိုဏ်းသားတွေ စုဆောင်းဖို့လေ?

သူသည် ဒီအကြောင်း တစ်ခဏတာ တွေးတောလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။လက်ရှိတွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီအင်ပါယာနှင့် စစ်ဖြစ်နေသည်။ ဂိုဏ်းသားစုဆောင်းပွဲကျင်းပလျှင်သော်မှ ဘယ်လူမှ ရောက်လာရဲကြမှာ မဟုတ်ပါ။

''ထားလိုက်တော့။ဒီလိုဆိုမှတော့ ယောင်ရီအင်ပါယာကို ခြေနင်းကျောက်တုံးအဖြစ် အသုံးချလိုက်ကြတာပေါ့ကွာ!''

ဝမ်ဖုန်း၏မျက်လုံးများက အေးစက်လာကာ အမူအရာမဲ့စွာ ပြောလိုက်သည်။

''ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ်ကိုသုံးပြီး အဆင့်မြင့်ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ်၊ လဲလှယ်လိုက်!''

ယခု သူ့လက်ထဲတွင် ကျပန်းဆင့်ခေါ်ခွင့် ရှစ်ခုရှိသည်။ဒါက သူ့ဂိုဏ်း၏အင်အားကို ကြီးကြီးမားမားတိုးချဲ့ဖို့ လုံလောက်ပါသည်။

ရန်သူ မရှိတာကတော့ အကောင်းဆုံးပင်။ ရန်သူရှိလာရင်တော့ အမြစ်ဖြတ်သုတ်သင်တာက အကောင်းဆုံးသာ!

ယောင်ရီအင်ပါယာကိုသာ ခြေနင်းကျောက်အဖြစ် အသုံးချပြီးပါက သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် သုံးပြည်ထောင်တွင် ကျော်ကြားလာပေလိမ့်မည်။ မဟုတ်ပေလော?

ယင်းနောက်မှ သူဟာ ဂိုဏ်းသားစုဆောင်းပွဲကို ကျင်းပလိုက်မည်။ထိုသို့ဆိုပါက သုံးပြည်ထောင်ရှိ ပါရမီရှင်များ ရောက်မလာမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

''ဒင်၊အဆင့်မြှင့်ထားသော ဆင့်ခေါ်ခွင့်တစ်ကြိမ် ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆင့်ခေါ်ခွင့်ကို ယခုအသုံးပြုပါမည်လား?''

''သုံးလိုက်!'' ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိမ့်ပြောလိုက်သည်။

''ဒင်၊မှော်ဓါးရှင် တင်းဖန်းကိုဆင့်ခေါ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။သူ့ စွမ်းရည်ဇယားကို ကြည့်ရှုပါမည်လား?''

အေးစက်စက်အသံကိုကြားလိုက်ရသည်။ ဝမ်ဖုန်းသည် ခေါင်းညိမ့်ကာ ပြန်ပြောလိုက်သည်။

''စစ်ဆေးမယ်!''

''ဒင်၊မှော်ဓါးရှင် တင်းဖန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်: တင်းဖန်း

ဘွဲ့: မှော်ဓါးရှင်။

ကျင့်ကြံဆင့်: ဆန်းကြယ်အဓိပတိ အစောပိုင်းအဆင့်၏ အထွတ်အထိပ်အခြေအနေ။

ထူးခြားသိုင်းကွက်များ: ကောင်းကင်ဘုံ ဥက္ကာပျံသိုင်း၊ ကောင်းကင်နှင့်မြေပြင် ယင်နှင့်ယန်၏ မဟာကရုဏာသိုင်း။

အထူးစွမ်းအား: နတ်ဘုရားဓါးချက်။

လက်နက်: လပြည့်ဝန်းဓါးမော့

(ဘာသာပြန်အဆို။ ။ ဒီနေရာမှာ လပြည့်ဝန်းဓါးမော့ကို Full Moon Scimitar ဆိုပြီးသုံးထားတာပါဗျ။ scimitar ဆိုတာ အဖျားကော့တက်ပြီးကွေးနေတဲ့ ရှေးဟောင်းဓါးတစ်မျိုးပါ။အနီးစပ်ဆုံးဓားမော့လို့ပြန်လိုက်ပါတယ်။ ဒါနဲ့ တင်းဖန်းဆိုတာ လပြည့်ညရဲ့ဓါးကောက်ရှင်ကို ပြောတာလားမသိဘူး။အဲ့ကားရှိတယ်လေ။ ကျွန်တော်က ဝူရှအကြည့်နည်းတော့ သိပ်မသိဘူး။သိုင်းနာမည်တွေကလည်း အဲ့ဇာတ်ကားမကြည့်ဖူးတော့ လက်တန်းပြန်တာမို့ မတူတာဖြစ်နိုင်ပါတယ်)

တင်းဖန်း၏ စွမ်းရည်ဇယားကိုကြည့်ရင်း ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ ရှဲရှောင်းဖုန်းနဲ့အဆင့်တူဇာတ်ကောင်လို ပြောဖို့ထိုက်တန်လောက်အောင် တကယ်ပဲ သန်မာပါပေတယ်။

တင်းဖန်းသည် ဓါးမော့တာအိုကို လေ့လာရာတွင် အလွန်အမင်းပါရမီကြီးပြီး၊ရှောင်းရှီရိလင်သည်တောင် သူ၏ပြိုင်ဘက် မဟုတ်ပါ။

သူ၏အဆင့်သည် ဓားကငါ၊ငါကဓားဆိုသည့် အခြေအနေသို့တောင် ရောက်ရှိသွားပြီးဖြစ်သည်။ ဓါးမော့တာအိုတွင် တင်းဖန်း၏အဆင့်အတန်းက ကမ္ဘာ့ထိပ်တန်းဟု ပြောနိုင်ပါသည်။

တင်းဖန်၏ဓါးသည် နတ်ဆိုးဂိုဏ်းတစ်ခု၏ လျို့ဝှက်လက်နက်ဖြစ်ပြီး လူသားများနှင့် မသက်ဆိုင်ပါ။ အင်မတန် ဥာဏ်ပညာကြီးမားပြီး၊ စိတ်ဓာတ်ကြံ့ခိုင်သူမှသာ ၎င်းဓါးကိုထိန်းချုပ်နိုင်မှာဖြစ်သည်။တင်းဖန်းက ယင်းဓါးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်!

ဤဓားတွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိဟန်မကျသော်လည်း၊ အနှီဓါးတွင် ဓါးပညာ၏အနှစ်သာရများ ပါဝင်နေသည်။ ယင်းဓါးသည်ကား ပြည့်စုံခက်ထန်သော လူသတ်လက်နက်ပင် ဖြစ်ချေ၏။

တင်းဖန်၏ခွန်အား မည်မျှ မြင့်မားကြောင်း တွေးကြည့်ပါလေ။

မှော်ဓါးရှင် တင်းဖန်းကို ဆင့်ခေါ်ပြီးနောက် ဝမ်ဖုန်းသည် အနည်းငယ်တောင် တုံ့ဆိုင်းခြင်းမရှိဘဲ စနစ်ကို ဆက်လက် အမိန့်ပေးလိုက်သည်။

'' စနစ်၊ကျပန်းထီလက်မှတ်အားလုံးကို သုံးလိုက်!''

''ဒင်၊ ကျန်းစန်ဖုန်း၏ကျင့်ကြံဆင့် ဆယ်ပုံတစ်ပုံရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!''

'' ဒင်၊ဓါးပညာရပ်နှစ်ခုရရှိသည့်အတွက် ဂုဏ်ပြုပါတယ်!''

''ဒင်၊ မှော်ဓါးရှင်တင်းဖန်း၏ ကျင့်ကြံမှု ဆယ်ပုံတစ်ပုံရရှိသည့်အတွက် ဂုဏ်ပြုပါတယ်....!''

''ဒင်....''

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် စနစ်၏အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ဝမ်ဖုန်းသည် စိတ်လှုပ်ရှားလာသည်။

ထီလက်မှတ်များအသုံးပြုရာတွင် ဝမ်ဖုန်းသည် ဓါးပညာနှစ်ခုရလိုက်ပြီး၊ကျန်သည့်ဆုများမှာ ကျန်းစန်ဖုန်းနှင့်တင်းဖန်း၏ ကျင့်ကြံမှုများဖြစ်သည်။

''စနစ်၊ကျင့်ကြံမှုတွေ လွှဲပြောင်းပေးပါတော့!''

ဝမ်ဖုန်းသည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်နှစ်ယောက်၏ကျင့်ကြံမှုများက သူ့ကိုရော ဆန်းကြယ်အဓိပတိအဆင့်ရောက်အောင် လုပ်ပေးလိုက်နိုင်မလား?

ဘုန်း!

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုသည် လေထုအတွင်းဖြစ်ပေါ်လာသည်။ ကောင်းကင်ဘုံရေစင်ကို ဝမ်ဖုန်း၏ခန္ဓာကိုယ်သို့ ပက်ဖျန်းပေးလိုက်သည့်အလား ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် တုန်ရင်လာသည်။

စွမ်းအားများက သူ့ခန္ဓာကိုယ်မှ လျှံကျပျံ့ထွက်လာကာ ခမ်းနားထည်ဝါသော ပေါက်ကွဲမှုကြီး ရုတ်တရက်ဖြစ်လာသည်။

ဝမ်ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။သူ၏မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေသည်။

''ဘယ်လောက်ပဲ နာကျင်နာကျင်၊ဒီဂိုဏ်းချုပ်က သည်းခံနိုင်တယ်ကွ!''

''ဂုဏ်ပြုပါတယ်ပိုင်ရှင်၊ ကျင့်ကြံမှုအဆင့်တို့ ပြည့်ဝသွားပါပြီ။''

''ဒင်၊ ဆန်းကြယ်အဓိပတိအဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အမှတ် ငါးသောင်းနဲ့ ကျပန်းထီလက်မှတ် သုံးစောင်ဆုချလိုက်ပါတယ်!''

ဝမ်ဖုန်း၏နှုတ်ခမ်းများသည် မြောက်တက်လာသည်။ ကျင့်ကြံမှုအဆင့်ပြည့်ဝတာကလည်း မြန်လိုက်တာ? သူ အရမ်းနာကျင်ရမယ်၊ သေရေးရှင်ရေးတမျှနာကျင်ပြီးမှ ဆန်းကြယ်အဓိပတိအဆင့်ကိုရောက်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ခုဟာက အရမ်းကိုသာမန်ဆန်းလွန်း ရိုးရှင်းလွန်းတယ် မဟုတ်လား?

ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်ဖို့က အဲ့လောက်တောင် လွယ်တယ်လား?

နောက်တစ်ခဏတွင်....

ဝမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူသည် ကောင်းကင်နှင့်မြေကြီးအကြားရှိ ချီစွမ်းအင်များ ပိုမိုလှုပ်ရှားနေသည်ကို သတိပြုမိလိုက်သည်။ သူသာ နည်းနည်းလောက် လှုပ်ရှားလိုက်ပါက ထိုစွမ်းအင်များကို စုပ်ယူနိုင်လေသည်။

ဒါ့အပြင် ဆန်းကြယ် အဓိပတိအဆင့်ကိုရောက်ပြီးနောက် ကမ္ဘာကြီးအတွင်းရှိပြောင်းလဲမှုများကို ဝမ်ဖုန်း သတိပြုမိလိုက်သည်။ လျို့ဝှက်ဆန်းပြားသော ရှေးသင်္ကေတများက ကမ္ဘာကြီးအတွင်း ဝဲလွင့်နေကြကာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကြသည်။

ယင်းတို့က ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းဥပဒေသများဖြစ်ကြောင်း ဝမ်ဖုန်းသိလိုက်ရသည်။ တစ်စုံတစ်ယောက်သည် ဆန်းကြယ်အဓိပတိအဆင့်သို့ရောက်ရှိပါက ထိုလူသည် ကောင်းကင်နှင့်မြေကြီး၏ဥပဒေသများကို စတင်ထိတွေ့နိုင်မှာဖြစ်သည်။

ဝမ်ဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ခမ်းနားထည်ဝါသော စွမ်းအားများကို ခံစားရင်း လက်သီးဆုပ်ကာ ရယ်မောလျက်ပြောလိုက်သည်။

'' ပိုသန်မာလာရတဲ့ ခံစားချက်က တကယ့်ကို ကောင်းတာပဲကွ!''

ဆန်းကြယ်အင်ပါယာအဆင့်နှင့် ဆန်းကြယ်အဓိပတိအဆင့်တို့က တကယ့်ကို မတူညီသော အဆင့်ကြီးနှစ်ခုဖြစ်သည်။ဆန်းကြယ် အင်ပါယာအဆင့်ကို ရောက်ရှိပါက ယခင်က စွမ်းအားကြီးလှပြီဟု သူထင်ခဲ့သည်။ အခုတော့သူသည် ဆန်းကြယ်အဓိပတိအဆင့်ကိုရောက်မှသာ တကယ့်စွမ်းအားရှင်တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သူ သိလိုက်ရလေသည်!

........

အကျွနုပ်တို့၏ဂိုဏ်းချုပ်ကြီး ဝမ်ဖုန်း ဆန်းကြယ်အဓိပတိအဆင့်သို့ တက်ရောက်နေစဥ်တွင် ရှင်းယောင်တောင်တန်းအစွန်းအဖျားသို့ လူများစွာ ရောက်ရှိလာကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိသော တောင်ကြားနှင့် မိုင်ငါးရာအကွာတွင် တပ်စခန်းများ အလျှိုအလျှိုထွက်ပေါ်လာပြီး စစ်သည်များ ခြေချင်းလိမ်နေကြသည်။ စစ်သည်တော်တစ်ဦးချင်းစီတိုင်း၏ မျက်နှာများက တည်တံ့နေပြီး ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေကြသည်။

စစ်သည်အချို့က အနီရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ထိုသူတို့၏ရင်ဘက်ပေါ်တွင် မီးလျှံပန်းပွင့်သဏ္ဌာန် အမှတ်အသားများပါရှိသည်။ တချို့သောစစ်သည်များကတော့ အပြာရောင် ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး၊သူတို့၏ရင်ဘက်မှာတော့ ရေခဲပွင့်ချပ်သဏ္ဌာန် အမှတ်တံဆိပ်ရှိနေသည်။

ယောင်ရီအင်ပါယာရှိ ကျင့်ကြံသူများသာ ထိုလူများကိုတွေ့လိုက်ရပါက အလွန်အမင်း ထိတ်လန့်သွားပေလိမ့်မည်။ ထိုသည်မှာ အင်ပါယာ၏အသန်မာဆုံး စစ်တပ်များထဲမှ နှစ်တပ်ဖြစ်သော မီးလျှံစစ်တပ်နှင့် နှင်းမြူစစ်တပ်တို့ပင်!

ထိုတပ်စခန်းများအလယ်တွင် မီးလျှံစစ်သည်များနှင့် နှင်းမြူစစ်သည်များ ဝိုင်းဝန်းစောင့်ကြပ်နေသော ရှည်လျားသည့် တပ်တဲစခန်းကြီးတစ်ခုရှိသည်။

ယောင်ရီအင်ပါယာ၏စစ်သူကြီး ချန်းလီမှာ ထိုတဲစခန်းထဲတွင် ရှိနေသည်။

''မြင့်မြတ်လှတဲ့ အရှင့်သမီးတော်၊ ကျုပ်တို့အခု ရှင်းယောင်တောင်တန်းအစွန်ကို ရောက်လာပြီပဲ။ ဘာလို့ အခုပဲ တပ်ချီပြီး ရှန်ရှန့်ကျုံဂိုဏ်းကို အမြစ်ဖြတ်မသုတ်သင်ရတာလဲ?''

ချန်းလီသည် ထိုင်ခုံအမြင့်ပေါ်တွင်ထိုင်နေသော ပုံရိပ်ကို တလေးတစားကြည့်လျက် မေးလိုက်သည်။

အနှီပုံရိပ်သည် သေးသွယ်ပျော့ပြောင်းသော ကိုယ်ခန္ဓာရှိပြီး၊ ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ မျက်နှာကို မျက်နှာဖုံးတပ်ထားပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားပါ၏။

သို့ပေသိ အနှီမျက်ဝန်းတစ်စုံမှာ ဆောင်းဦးရေအလား အေးစက်ကြော့ရှင်းနေလေသည်။

ထိုပုံရိပ်မှာ မိန်းမသားတစ်ဦးဖြစ်သည်။ အလွန်အမင်းလှပသော မျက်ဝန်းများရှင် မိန်းမသားတစ်ဦးဖြစ်ပေသည်!

သူမဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာမှာ သူမ၏ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ရုံသာမက အပြည့်အဝတောင် လှစ်ဟပြနေသေးသည်။ သူမ၏ရဲရင့်လှပသော ကိုယ်နေဟန်ထားက မည်သည့်ပုရိသအမျိုးသား၏ နှလုံးသားကိုမဆို ခုန်လှုပ်သွားစေနိုင်သည်။

အင်ပါယာအကြောင်းသိနားလည်ထားသော မည်သူမဆို ထိုအမျိုးသမီး၏ သရုပ်သကန်ကို ခန့်မှန်းနိုင်လေသည်။

သူမသည်ကား ယောင်ရီအင်ပါယာ၏ နံပါတ်တစ် ထိပ်တန်းအလှပိုင်ရှင် အင်ပါယာဘုရင်မင်းမြတ်၏ အကြီးဆုံးသမီးတော် ဒဏ္ဍာရီလာ နတ်ဘုရားမလေးဖြစ်ပေသည်။သူမ၏မျက်နှာကို မည်သူကမှ မတွေ့မြင်ဖူးကြသော်လည်း လူတိုင်းက သူမကို အင်ပါယာ၏နံပါတ်တစ်အလှလေးအဖြစ် မှတ်ယူထားကြသည်။ သူမသည်ကား ကျင့်ကြံသူအမျိုးသားတိုင်း၏ အိပ်မက်နတ်သမီးလေး ဖြစ်ပါ၏။

''နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ရှန်ရှန့်ကျုံဂိုဏ်းက ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်ပုဂ္ဂိုလ်ငါးယောက်ကို ပွဲထုတ်လာခဲ့တယ်။ သူတို့အကြောင်း ရေရေရာရာဘာမှမသိရသေးဘူး။ ဘယ်လိုလုပ် အလျင်စလိုပြုမူလို့ ဖြစ်ပါ့မလဲ။ ရှင်က ယောင်ရီအင်ပါယာရဲ့စစ်သူကြီးပဲလေ။ မိမိကိုယ်တိုင်နဲ့ရန်သူ့အကြောင်း ကောင်းကောင်းသိရင် တိုက်ပွဲတစ်ရာကိုအောင်နိုင်တယ်ဆိုတဲ့ ဆိုရိုးကို ရှင်မကြားဖူးဘူးလား?''

ကြည်လင်ပြတ်သား၊ ချိုမြနူးညံ့သော အသံတစ်သံက မင်းသမီးကြီးယုရွှမ်း၏နှုတ်ဖျားမှ ထွက်ပေါ်လာသည်။

''အရှင့်သမီးတော် ပြောတာလည်း မှန်ကန်ပါတယ်။ ဒါပေမယ့်အခု ကျုပ်ရဲ့အဓိကစစ်တပ်နှစ်တပ်ကလည်း ဒီမှာရှိနေပြီ။ ဒါ့အပြင် အရှင်မင်းကြီးလည်း အကြီးအကဲတွေ ထည့်ပေးလိုက်သေးတယ်။ဒီလိုအင်အားမျိုးကို ဂိုဏ်းတစ်ဂိုဏ်းက ဘယ်မှာရင်ဆိုင်နိုင်မှာလဲ?'' စစ်သူကြီးချန်လီက လျင်မြန်စွာ ပြောလိုက်သည်။

သူသည် သူချစ်သော အမျိုးသမီး၏ရှေ့တွင် မျက်နှာမပျက်လိုပါ။ တိုက်ပွဲတိုင်းလိုလိုအောင်နိုင်ခဲ့သော စစ်သူကြီးတစ်ယောက်ဖြစ်တဲ့ သူက မင်းသမီးပြောတဲ့စကားပုံကို ဘယ်မှာမကြားဖူးဘဲ နေပါ့မလဲ?

သို့သော် စစ်သူကြီးချန်းလီ ယုံကြည်ထားသည်။ လက်ရှိသူတို့အဖွဲ့၏အင်အားဖြင့်ဆိုပါက အင်ပါယာတစ်ခုလုံးရှိ မည်သည့်ဂိုဏ်းကမှ သူတို့၏ပြိုင်ဘက်မဖြစ်နိုင်ပါ။ ရှန်ရှန့်ကျုံဂိုဏ်း အပါအဝင်ပေါ့.....

All Chapters