။ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်လာသော ယုရွှမ်။
Vol. 6 Ch. 79
''ဘယ်ရန်သူကိုမှ အထင်မသေးလေနဲ့!''
မင်းသမီးကြီးယုရွှမ်းသည် စစ်သူကြီးချန်းလီကို ကြည့်ကာ သူမ၏နှုတ်ခမ်းပါးများကို ဖွင့်ဟလိုက်သည်။
''အရှင်မင်းသမီး၊ ဒီစစ်သူကြီးက ဘယ်ရန်သူကိုမှ အထင်မသေးပါဘူး။ ဒါပေမယ့် အရှင်မင်းမြတ်က ဒီတစ်ကြိမ်မှာ ဤမျှလောက်သော စစ်ခွန်အားကို ပေးသနားခဲ့ပါတယ်။တပ်တွေကလည်း ရှင်းယောင်တောင်တန်းအစွန်းအဖျားတစ်လျှောက် တပ်စွဲပြီးပါပြီ။ အခုချိန်ရောက်တဲ့အထိအောင် ကျုပ်တို့ မလှုပ်ရှားသေးရင် အင်ပါယာကို လူထုက ဘယ်လိုရှုမြင်မလဲ?''
''ထိပ်တန်းစစ်တပ်ကြီးနှစ်တပ်၊ဒါ့အပြင် အင်ပါယာအကြီးအကဲအဖွဲ့လည်း ပါသေးတဲ့ စစ်တပ်က ဂိုဏ်းငယ်လေးတစ်ဂိုဏ်းကို မတိုက်ခိုက်ဝံ့ဘူးလား? အရှင်မင်းသမီးသိရဲ့လား? အခုချိန်အတောအတွင်းမှာ ဂိုဏ်းကြီးတွေရဲ့သူလျှိုတွေအများကြီးက အင်ပါယာကို စောင့်ကြည့်နေကြတယ်။''
''ဒါ့အပြင် အရှင်မင်းမြတ်က လင်းမိသားစုရဲ့ အကြွင်းအကျန်ကို ဖမ်းခေါ်ခဲ့ဖို့ အမိန့်တော်ပါးလိုက်ပါသေးတယ်!''
စစ်သူကြီးချန်းလီသည် မင်းသမီးကြီး ယုရွှမ်းကို စိုက်ကြည့်ကာ အမူအရာမဲ့စွာ ပြောလိုက်သည်။
''သူက အဲ့ဒီအရာကို တပ်မက်နေသေးတာလား?''
မင်းသမီးကြီးယုရွှမ်း၏မျက်လုံးများသည် လှုပ်ရှားသွားပြီး၊ တီးတိုးရေရွတ်လိုက်သည်။
ဤသည်ကိုကြားတော့ စစ်သူကြီးချန်းလီသည် တိတ်ဆိတ်သွားသည်။ သူ ဒီအမေးကို ဘယ်လိုပြန်ဖြေရမလဲ မသိ။မဟုတ်သေး၊ သူ ဒီမေးခွန်းကို မဖြေဆိုရဲပါ။
''အရှင်မင်းသမီးကြီး၊ သူလျှိုတွေနဲ့လည်း ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားအစစ်အမှန်ကို မရှာနိုင်ခဲ့ဘူး။'' စစ်သူကြီးချန်းလီသည် ခါးသီးစွာ ပြောလိုက်သည်။
ယခု သူနှင့်အကြီးဆုံး မင်းသမီးကြီး ယုရွှမ်သည် ထိပ်တန်းတပ်မဟာနှစ်ခုကို ဦးဆောင်လျက် ရှင်းယောင်တောင်တန်း အစွန်အဖျားနားကို ရောက်နေပြီဖြစ်သည်။ ဤသို့ရောက်နေခြင်းမှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး၊ အင်ပါယာအတွင်းရှိ အင်အားစုများစွာကလည်း ဒီအကြောင်း သိထားကြသည်။သူတို့သာ ဆက်လက်အချိန် ဆိုင်ငံ့နေပါက အင်ပါယာ၏ဂုဏ်သတင်း ကျဆင်းရုံသာမက သူနှင့်အကြီးဆုံးမင်းသမီးကြီး၏ ဂုဏ်သိက္ခာလည်း ကျဆင်းရပေလိမ့်မည်။
'' ငါ မင်းသမီးကိုယ်တော်တိုင် အဲ့ဒီကို ကြွမြန်းမယ်!''
မင်းသမီးကြီး ယုရွှမ်း၏ မျက်ဝန်းများသည် အရောင်လက်သွားကာ ညင်သာစွာပြောလိုက်သည်။
''အရှင်မင်းသမီး!''
ထိုစကားများကိုကြားလိုက်ရသည်နှင့် ချန်းလီ၏အမူအရာများသည် ပြောင်းလဲသွားကာ ထိတ်လန့်တကြား ပြောလိုက်သည်။
အကြီးဆုံးမင်းသမီးကြီးသည် သန်မာပြီး ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်မှာ ရှိနေသည်ဖြစ်သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာပုဂ္ဂိုလ် ငါးဦးတောင်ရှိနေသည်။ သွားရောက်စူးစမ်းမည်ဆိုပါက သွားလမ်းသာရှိပြီး၊ လာလမ်း မရှိနိုင်။
ထို့အပြင် အရှင်မင်းသမီးသည် မြင့်မြတ်ပြီး တော်ဝင်လှသည်။သူမကို အဘယ်သို့သောအကြောင်းကြောင့်မှ အန္တာရယ်အဖြစ် မခံနိုင်။
''ငါ့နှုတ်ထွက်စကားဟာ ခုကစပြီး တည်ပြီ။ ငါ မင်းသမီး ဆုံးဖြတ်ချက်ချပြီးပြီ။ငါ မင်းသမီးသာ တစ်ရက်ကျော်လို့ ပြန်မလာရင် မင်း တပ်ချီပြီး ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်လိုက်ပါ!''
မင်းသမီးကြီးယုရွှမ်းသည် သူမ၏လက်ကို ဝှေ့ရမ်းလိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဤသည်ကိုကြားတော့ ချန်းလီ၏မျက်နှာသည် စိုးရိမ်ပူပန်သွားသော်လည်း ဘာစကားမှ ထပ်မပြောလာတော့။ အရှင်မင်းသမီးသာ ဆုံးဖြတ်ချက်ချပြီးပါက အရှင်မင်းကြီးကိုယ်တော်တိုင်တောင် မတားဆီးနိုင်ကြောင်း သူသိသည်။
''မှန်လှပါ!''
ချန်းလီသည် လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး တဲစခန်းအပြင် လှည့်ထွက်သွားတော့သည်။
''ရှန်ရှန့်ကျုံဂိုဏ်း....''
မင်းသမီးကြီးယုရွှမ်း၏ မျက်လုံးများအတွင်း၌ ရှုပ်ထွေးသော ခံစားချက်တို့ ဖြတ်သန်းသွားသည်။သူမသည် သူမကိုယ်တိုင်သာ ကြားနိုင်သော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူမ၏လေသံဆုံးသွားသည်နှင့် သူမသည်လည်း တဲစခန်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
မင်းသမီးကြီး၏အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် တဲစခန်းအပြင်ဘက်သို့ရောက်နေပြီဖြစ်သော စစ်သူကြီးချန်းလီသည် တဲစခန်းအပြင်ဘက်က ဒုစစ်သူကြီးကို လက်ဝှေ့ရမ်း၍ ဆင့်ခေါ်လိုက်သည်။
''စစ်သူကြီး!''
ဒုစစ်သူကြီးသည် ချန်းလီဆီအလျင်စလို ပြေးလာပြီး လေးစားစွာပြောလိုက်သည်။
''အမိန့်ပေးမယ်။နောက်သုံးနာရီကြာရင် စစ်တပ်နှစ်တပ်လုံး ရှန်ရှန့်ကျုံဂိုဏ်းဆီ ချီတက်မယ်! ဘယ်စစ်အင်အားမှ မချန်ခဲ့ဘူး!''
ချန်းလီသည် သတ်ဖြတ်ငွေ့များ ထုတ်လွှတ်လျက် အေးစက်စက်ပြောလိုက်တာကြောင့် ဒုစစ်သူကြီး၏ခန္ဓာကိုယ်ပင် တုန်ရင်သွားရသည်။
''ဒီငယ်သား အမိန့်ကို လိုက်နာပါမယ်!''
ဒုစစ်သူကြီးသည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
ထွက်ခွာသွားသော ဒုစစ်သူကြီး၏နောက်ကျောကိုကြည့်လျက် ချန်းလီ၏စိတ်ဆုံးဖြတ်ချက်သည် ပိုမိုခိုင်မာလာခဲ့သည်။ မင်းသမီးကြီးယုရွှမ်း တစ်ခုခုဖြစ်သွားမှာကို သူ လက်မခံနိုင်ဘူး။အဲ့ဒီရှန်ရှန့်ကျုံသာ အရှင်မင်းသမီးရဲ့ ဆံချည်တစ်မျှင်ကို ထိရဲရင် ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံးကို မြေမြှပ်သတ်ပစ်မယ်!
ထိုအတွေးများနှင့်အတူ ချန်းလီသည် သူ့ဘေးနားက တဲထဲဝင်ရောက်သွားတော့သည်။
ချန်းလီဝင်လာသည့်အခါ အဝါရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးငါးယောက်သည် မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြကာ ချန်းလိီကိုစူးစိုက်ကြည့်လာသည်။
''စစ်သူကြီး၊ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်တော့မလို့လား?''
ခေါင်းဆောင်ဖြစ်ဟန်တူသော အဖိုးကြီးက မေးလိုက်သည်။
''အကြီးအကဲတို့၊ အရှင့်သမီးတော်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အချက်အလက်တွေကို စုံစမ်းဖို့ဆိုပြီး တစ်ကိုယ်တော် ထွက်ခွာသွားပါပြီ။ ဒီစစ်သူကြီး အမိန့်ချပြီးပြီ။ နောက်သုံးနာရီကြာရင် စစ်တပ်နှစ်တပ်လုံး ရှန်ရှန့်ကျုံဂိုဏ်းဆီ ချီတက်မယ်!''
စစ်သူကြီးချန်းလီက အကြီးအကဲငါးယောက်ကိုကြည့်လျက် အမူအရာမဲ့စွာ ပြောလိုက်သည်။
''ဘာ!''
''ချန်းလီ ၊မင်းရူးသွားတာလား?''
စကားဆုံးသွားသည်နှင့် အကြီးအကဲငါးယောက်သည် ထိတ်လန့်သွားကြသည်။ရှေ့ဆုံးကအကြီးအကဲက ချန်းလီကို စိုက်ကြည့်ကာ တုန်ရင်နေသောအသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။
''အရှင့်သမီးတော်က ဘယ်လောက်မြင့်မြတ်လဲဆိုတာ မင်းမသိဘူးလား ချန်းလီ? အရှင်မင်းသမီးတစ်ယောက်တည်း ထွက်သွားတာကို မင်းခွင့်ပြုစရာလား? မင်းသမီးတစ်ခုခုသာဖြစ်သွားရင် အရှင်မင်းကြီးရဲ့အမျက်ဒေါသကို မင်းရင်ဆိုင်နိုင်လို့လား?''
ရှေ့ဆုံးမှခေါင်းဆောင်အကြီးအကဲက အေးစက်စွာ အော်ပြောလိုက်သည်။
သူသည် ချန်းလီ၏အဆင့်အတန်းကို လုံးဝကြောက်လန့်ခြင်းမရှိပါ။ ချန်းလီသည် အင်ပါယာ၏စစ်သူကြီးဖြစ်သလို၊ အကြီးအကဲများသည်လည်း အင်ပါယာ၏အခြေခံအုတ်မြစ်ဖြစ်သည်။ သူတို့ကို လူတော်တော်များများက မသိကြသော်လည်း သူတို့၏အဆင့်အတန်းသည် ချန်းလီထက် နည်းနည်းလေးတောင်မှ နိမ့်ကျခြင်းမရှိပါ။
အင်ပါယာအကြီးအကဲဟူသော ဖြစ်တည်မှုတိုင်းသည် ဆန်းကြယ်အင်ပါယာ နှောင်းပိုင်းအဆင့် ပုဂ္ဂိုလ်များသာ ဖြစ်သည်။ သူတို့ငါးယောက်သည် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်တွင်ရှိပြီး သူတို့၏ ကျင့်ကြံမှုသည် ချန်းလီထက် စိုးစဥ်းမျှ အားနည်းခြင်းမရှိ။
အင်ပါယာအကြီးအကဲများသည် ယောင်ရီဧကရာဇ်၏ဝှက်ဖဲများ ဖြစ်ကြသည်!
ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို အရှင်မင်းကြီးက ပူပန်တော်မူခဲ့၍သာမဟုတ်လျှင် သူတို့ကို လူအများရှေ့ချပြမှာတောင် မဟုတ်ပါ!
''အရှင်မင်းသမီးရဲ့ စိတ်နေစိတ်ထားကို အကြီးအကဲတို့မသိပါဘူး။ ကျွန်တော်သာ တားနိုင်ရင် ဒီလိုတောင်ဖြစ်သွားမှာတဲ့လား?'' ချန်းလီက အကြီးအကဲများကိုကြည့်ကာ အမူအရာမဲ့စွာ ပြောလိုက်သည်။
ဤသည်ကိုကြားတော့ အကြီးအကဲများအားလုံးသည် တိတ်ဆိတ်သွားကြသည်။သူတို့သည် ယုရွှမ်းကြီးပျင်းလာသည်ကို စောင့်ကြည့်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် သူမ၏စိတ်သဘောကို သိထားကြသည်။သူမကို အရှင််မင်းကြီးတောင်မှ တားနိုင်မည်မဟုတ်။ ချန်းလီဆိုရင်တော့ ထားလိုက်ပါတော့...
'' ထားလိုက်တော့။ နောက်သုံးနာရီမှာသာ အားလုံးအဆင်သင့်ဖြစ်ပါစေ။မင်းသမီးတစ်ခုခုထိခိုက်သွားရင် ရှန်ရှန့်ကျုံဂိုဏ်းကို တစ်စစီချေမွပစ်မယ်!''
အကြီးအကဲငါးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ အကြီးအကဲခေါင်းဆောင်က အော်ပြောလိုက်သည်။ ဘဝတစ်သက်တာကာလအတွင်း သူ ဤလောက်အထိ ဒေါသထွက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။အခန်းအပူချိန်သည် ရေခဲမှတ်ထိတိုင် ထိုးကျသွားလေ၏။
ချန်းလီလည်း ခေါင်းညိမ့်လိုက်ကာ ထွက်လာခဲ့သည်။
........
ရှန်ရှန့်ကျုံဂိုဏ်း။
တောင်ကြားထိပ်ရှိ စံအိမ်တော်အတွင်းတွင် ဝမ်ဖုန်းနှင့်ယဲ့မုချင်သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်များရှိနေသည်။ယဲ့မုချင်က ဝမ်ဖုန်းကို လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး ပြောလိုက်သည်။
''ယောက်ျား၊လက်ဖက်ရည်လေး သောက်ပါဦး''
ဝမ်ဖုန်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်စုပ်ယူလိုက်သည်။ လက်ဖက်ရည်သည် မွှေးကြိုင်ကာချိုမြိန်လှသည်။သူ့အရှေ့က နတ်မိမယ်လေးလို ပြီးပြည့်စုံလှချေသည်။
''ကျေးဇူးပဲ။ချင်အာ!''
ယဲ့မုချင်က သူနှင့်အတူထိုင်နေပြီး ခန်းမတစ်ခုထဲမှာ အတူနေသော်လည်း ဝမ်ဖုန်းသည် သူမကို တွေ့သည့်အခါတိုင်း ဤမှလောက်ပြီးပြည့်စုံသော အမျိုးသမီး ကမ္ဘာမှာရှိသေးတယ်လားဟု အကြိမ်တိုင်းအံ့အားသင့်ရစမြဲပင်။
''တစ်နေ့နေ့ကျ မင်းရဲ့ယောက်ျားက မင်းနဲ့ကမ္ဘာ့အနှံ့ခရီးတွေထွက်ပြီး ရှုခင်းတွေလိုက်ပြမယ်!''
ဝမ်ဖုန်းသည် ယဲ့မုချင်ကိုကြည့်ကာ ရယ်မောရင်းပြောလိုက်သည်။သူ့မျက်လုံးများက ဆုံးဖြတ်ချက် ခိုင်မာနေသည်။
''ကောင်းတာပေါ့! ဒါပေမယ့် ဘာလို့တစ်နေ့နေ့လဲ? အခုမဟုတ်ဘူးလား?'' ဝမ်ဖုန်း၏စကားကိုကြားတော့ ယဲ့မုချင်က ရယ်လိုက်သည်။သူမ၏မျက်လုံးလေးများက လခြမ်းသဏ္ဌာန်ကွေးညွှတ်သွားကာ စိတ်ရှုပ်ထွေးနေသော ဟန်အမူအရာလေးဖြင့် မေးလိုက်သည်။
''ဘာလို့ဆို ကမ္ဘာကြီးမှာ လူဆိုးတွေအများကြီးရှိတယ်။မင်းရဲ့ယောက်ျားက လုံလောက်အောင် မသန်မာသေးဘူးလေ။တကယ်လို့ ခုချိန်အပြင်ထွက်ပြီး သန်မာတဲ့ရန်သူနဲ့ရင်ဆိုင်ရရင် ယောက်ျားက ချင်အာကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး!'' ဝမ်ဖုန်းက ချင်အာကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
''ချင်အာက ယောက်ျားကို ကာကွယ်ပေးနိုင်ပါတယ်နော်!''
ချင်အာ၏စကားကိုကြားတော့ ဝမ်ဖုန်းက ပြုံးသာပြုံးပြီး ခွန်းတုံ့မပြန်ခဲ့။သူက ဒါကို ဟာသတစ်ခုလို့သာ မှတ်ယူလိုက်သည်။
ယဲ့မုချင်၏ဇစ်မြစ်က ထူးဆန်းသော်လည်း သူမတွင်ကျင့်ကြံမှုအခြေခံရှိမနေဘဲ သာမန်လူတစ်ယောက်သာဖြစ်သည်။ သူကတော့ ဆန်းကြယ်အင်ပါယာအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ပင်။
''ယောက်ျားတွေက မိန်းမတွေကို ကာကွယ်ဖို့မွေးလာတာကွ။ချင်အာက ဘာမှလုပ်စရာမလိုဘူး။ယောက်ျားနောက်မှာပဲနေ။ မင်းယောက်ျားရှိနေရင် ဘယ်လူဆိုးမှ မင်းကို မထိခိုက်စေရဘူး!''
ဝမ်ဖုန်းက ပြုံးကာပြောလိုက်သည်။သို့သော်သူ့စကားများက ခိုင်မာပြတ်သား၏။
ယဲ့မုချင်ကလည်း ရယ်လိုက်သည်။သူမသည် ဝမ်ဖုန်းကို လှပသောမျက်ဝန်းလေးများဖြင့် ငေးကြည့်နေပြီး၊သူမ၏အကြည့်များက ညင်သာလှသည်။
ဟမ်?
ဒီအချိန်မှာ ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်သွားသည်။သူသည် အေးစက်သော မျက်ဝန်းများဖြင့်လေထုအတွင်း တစ်နေရာကို စိုက်ကြည့်လိုက်သည်။
''ချင်အာ ခဏထိုင်နေဦးနော်။ယောက်ျား တစ်ယောက်ယောက်ကို သွားဖမ်းလိုက်ဦးမယ်!'' ဝမ်ဖုန်းက ယဲ့မုချင်ကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။
''ယောက်ျား၊သွားသာသွားပါ။ ချင်အာရှင့်အတွက် လက်ဖက်ရည် လုပ်ထားပေးမယ်!'' ယဲ့မုချင်က ပြုံးကာပြောလိုက်သည်။
''ဟားဟားဟား၊ကျေးဇူးပါပဲ ချင်အာ။''
ဒါကိုကြားတော့ ဝမ်ဖုန်းက ရယ်မောကာပြောလိုက်ပြီး သူ့ပုံရိပ်က လေထုအတွင်းရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
''မင်းကိုယ်တိုင် ထွက်လာမလား? ဒီဂိုဏ်းချုပ်က မင်းကို ဆွဲထုတ်ရမလား?''
လေထုအတွင်းမှ ထွက်ပေါ်လာသော ဝမ်ဖုန်းသည် လေထုတစ်နေရာကို စိုက်ကြည့်ကာ မေးလိုက်သည်။
ရှန့်ရှန့်ကျုံဂိုဏ်း၏အကြီးအကဲများစွာသည် စိမ်းသက်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ကြသော်လည်း၊ ဝမ်ဖုန်းကိုင်တွယ်နေတာကိုမြင်တော့ ထွက်မလာကြတော့ပေ။
ဟမ်!
ဝမ်ဖုန်း၏စကားဆုံးသည်နှင့် ငွေရောင် ချပ်ဝတ်တန်ဆာနှင့် မျက်နှာဖုံးတပ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ထွက်ပေါ်လာသည်။ယင်းသည် ဧကရာဇ်၏အကြီးဆုံးသမီးတော် မင်းသမီးကြီးယုရွှမ်းဖြစ်သည်။
ထွက်ပေါ်လာသည့် လှပသော အမျိုးသမီးကိုမြင်တော့ ဝမ်ဖုန်းသည် ကြောင်အသွားသည်။
အနှီအမျိုးသမီးသည် မျက်နှာဖုံးတပ်ထားသော်လည်း သူမ၏လှပသော မျက်ဝန်းများမှတစ်ဆင့် ဝမ်ဖုန်းသည် သူမမှာ အလွန်အမင်းလှပကြောင်း ခန့်မှန်းနိုင်ပါသည်။
ဒီလိုလူမျိုး ယောင်ရီအင်ပါယာမှာ ဘယ်တုန်းက ပေါ်လာတာလဲ?
အကြည့်တစ်ချက်နဲ့တင် ဝမ်ဖုန်းသည် သူမ၏ကျင့်ကြံဆင့်မှာ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်ဖြစ်ကြောင်း သိလိုက်ရသည်!
''မင်းက ဘယ်သူများလဲ? တခြားလူတစ်ယောက်ရဲ့ဂိုဏ်းထဲ ခိုးဝင်တာ အပြုအမူကောင်း မဟုတ်ဘူးဆိုတာ မင်းမသိဘူးလား?'' ဝမ်ဖုန်းသည် လှပသော ပုံရိပ်ကို စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် အော်ပြောလိုက်သည်။
သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ လူတိုင်းအလွယ်တကူ ရန်စနိုင်သော အရာမဟုတ်ပါ။ ဆန်းကြယ်အင်ပါယာအဆင့် အထွတ်အထိပ်ပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ကင်းအလှလေးပဲဖြစ်ဖြစ်၊ ဘယ်သူမဆို သူ့ဂိုဏ်းကိုရန်စရင် ဒီဂိုဏ်းချုပ်က ပြာအဖြစ်အဆုံးသတ်ပေးလိုက်မယ်!''
''ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ် ပီသပါပေတယ်!''
မြတ်စွာဘုရား။အသံလေးက သာယာလှပါတကား။
သူ၏နားစည်ကို လာရောက်ထိခတ်သော ညင်သာပျော့ပြောင်းသည့်အသံလေးက ဝမ်ဖုန်းကို ကြောင်အသွားစေသည်။
''မင်းလာရတဲ့အကြောင်းအရင်းကိုပြောပါ! မဟုတ်ရင် ဒီဂိုဏ်းချုပ်ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့!''
ဒီအမျိုးသမီး၏အလှနှင့်အသံက သူ့ကို မှင်သက်စေသော်လည်း ဝမ်ဖုန်းကတော့ မျက်နှာသာပေးမှာ မဟုတ်ပါ။
''ဂိုဏ်းချုပ်ဖုန်းက ကောလဟာလတွေထဲကအတိုင်း တကယ်ပဲစွမ်းအားကြီးရဲ့လားဆိုတာ ဒီမင်းသမီးက သိချင်ရုံပါ!'' မင်းသမီးကြီးယုရွှမ်းက ဝမ်ဖုန်းကို လှပသောမျက်လုံးလေးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
သူမ၏မျက်လုံးများအတွင်း၌ နားမလည်နိုင်သော အလင်းတန်းတစ်ခုရှိနေသည်။သူမ ဘာတွေးနေသလဲဆိုတာကို မည်သူကမှ မသိနိုင်ပါ!
မင်းသမီးကြီးယုရွှမ်းပြောသော သွားရောက်စုံစမ်းခြင်းဆိုသည်က ဂိုဏ်းထဲဝင် ချက်ချင်းပဲရုပ်လုံးထွက်ပြတာဖြစ်တယ်ဆိုတာကို စစ်သူကြီးချန်းလီသာသိပါက သူမကို ဘယ်လိုနည်းနဲ့မှ သွားရောက်ခွင့်ပြုခဲ့မည် မဟုတ်ပါ!
ဘယ်သူကများ ဘွင်းဘွင်းရှင်းရှင်းကြီးပေါ်လာပြီး တခြားသူကို စုံစမ်းတာရှိလို့လဲ?
''မင်း ဒီမင်းသမီးနဲ့ ပူးပေါင်းပေးမလား?''
ဝမ်ဖုန်း၏မျက်နှာသည် အံ့အားသင့်သွားပြီး၊ မင်းသမီးကြီးယုရွှမ်းကို ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ဒီထူးဆန်းတဲ့အမျိုးသမီး ဘာတွေးနေသလဲဆိုတာကို သူ တကယ်ပဲ လိုက်မမှီတော့ဘူး။
ဂိုဏ်းချုပ်ဝမ်တစ်ယောက် ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်လာလာပြီးချင်းပဲ တစ်စုံတစ်ယောက်က သူနဲ့လေ့ကျင့်ပေးဖို့ တံခါးဝအထိ ရောက်လာသည်လား?