← Chapters

။လက်ဖဝါးတစ်ဖက်။

Vol. 6 Ch. 80

။လက်ဖဝါးတစ်ဖက်။

Vol. 6 Ch. 80

ဝမ်ဖုန်းသည် ရယ်မောလိုက်သည်။ဒီလောက်ရူးသည့် အမျိုးသမီးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ သူမက ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းတောင် ကောင်းကောင်းမသိဘဲ ဂိုဏ်းချုပ်ဖြစ်တဲ့သူ့ကို လာစိန်ခေါ်နေသေးတယ်။

သူမက ယုံကြည်ချက်ပဲမြင့်လွန်းတာလား? ဂိုဏ်းချုပ်ဖြစ်တဲ့ သူ့ကိုပဲ မျက်လုံးထဲ မထည့်တာလား?

''လာစမ်းပါ။ဒီဂိုဏ်းချုပ်က မင်းကို လက်တစ်ဖက်အသာပေးမယ်။ မင်းသာ ငါ့ကို တစ်ခေါက်ဖမ်းမိမယ်ဆိုရင် ဒီဂိုဏ်းချုပ် အရှုံးပေးမယ်!'' ဝမ်ဖုန်းသည် ဘယ်လက်ကို နောက်ပစ်ကာ ညာလက်တစ်ဖက်တည်းကိုသာ ရှေ့ထုတ်လျက် ပြောလိုက်သည်။

ဤအချိန်တွင် ဝမ်ဖုန်း၏မျက်ဝန်းများက ပုရွက်ဆိတ်တစ်ကောင်ကို စိုက်ကြည့်နေသည့်အလား အထင်သေးမှုများဖြင့် ပြည့်နှက်နေပြီး၊ကြည့်မိသူကို တုန်ရင်သွားစေနိုင်သည်။

''ရှန်ရှန့်ကျုံဂိုဏ်းချုပ်က ဒီလောက်တောင် မောက်မာလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး!''

မင်းသမီးကြီးယုရွှမ်သည် လှပသောမျက်ဝန်းများဖြင့် ဝမ်ဖုန်းကို စိုက်ကြည့်လျက် လှောင်ပြုံးပြုံးလိုက်သည်။ သူမ၏လေသံက စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရှန်ရှန့်ကျုံဂိုဏ်းကို တစ်ခဏအတွင်း ယောင်ရီအင်ပါယာတစ်ခွင်လုံး ကျော်ကြားလာစေခဲ့တာကြောင့် ဂိုဏ်း၏ဂိုဏ်းချုပ်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ရမည်ဟု သူမ ထင်ခဲ့သည်။ကြည့်ရတာ သူမ၏အထင်များ မှားယွင်းသွားပုံပင်။

သူမ ယုရွှမ်းမှာ ယောင်ရီအင်ပါယာ၌ အသန်မာဆုံးမဟုတ်သော်လည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ဆရာသခင်ဖြစ်သည်။ သူမကို ဝမ်ဖုန်း အထင်သေးနေခြင်းကို သူမ မယုံကြည်နိုင်ဖြစ်မိသည်။

ယုရွှမ်း၏စကားကိုကြားသော် ဝမ်ဖုန်းသည် ခွန်းတုံ့မပြန်ဘဲ ပြုံးလျက်သာ နေလိုက်သည်။

ဆန်းကြယ် အဓိပတိစွမ်းအားရှင် ဖြစ်လာသည့်အလျောက် ဝမ်ဖုန်းသည် သိပ်မကြာခင်ကမှ အဆင့်တက်လာခြင်းဖြစ်သော်လည်း သူ၏အဆင့်မှာ ဆန်းကြယ်အင်ပါယာပုဂ္ဂိုလ်များ ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။

ဆန်းကြယ်အင်ပါယာအဆင့် အထွတ်အထိပ်စွမ်းအားရှင်တောင်မှ သူ၏သာမန်လက်သီးချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။ဤသည်က ဆန်းကြယ်အဓိပတိအဆင့်နှင့် ဆန်းကြယ်အင်ပါယာအဆင့်ကြား ကွာခြားချက်ပဲဖြစ်သည်။

ချီမိန်ချွေရွှယ်တို့လို ပါရမီနှင့်နားလည်နိုင်စွမ်းသာ မရှိပါက သာမန်လူများအနေဖြင့်ဆန်းကြယ်အင်ပါယာအဆင့်မှ ဆန်းကြယ်အဓိပတိအဆင့်သို့ ဘယ်လိုနည်းဖြင့်မှ ရောက်ရှိသွားနိုင်မည် မဟုတ်ပါ။

သို့ဖြစ်ရာ ထိုအရူးအမျိုးသမီးသည် ဂိုဏ်းချုပ်ဝမ်တစ်ဖြစ်လဲ သူ ဝမ်ဖုန်း မည်မျှသန်မာကြောင်းကို မသိနိုင်ပါပေ!

''ဂိုဏ်းချုပ်ဝမ်က ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးနေမှတော့ ဒီမင်းသမီးကလည်း ဂိုဏ်းချုပ်ဝမ်ရဲ့ခွန်အားက တကယ်ပဲ အထင်ကြီးဖို့ ထိုက်တန်ရဲ့လားဆိုတာ စမ်းကြည့်ရသေးတာပေါ့!''

မင်းသမီးကြီးယုရွှမ်းသည် ဝမ်ဖုန်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

ဘုန်း!

သူမ၏အသံဆုံးသည်နှင့်တပြိုင်နက် လေထုကိုတောင် တုန်ခါသွားစေသည့် ခမ်းနားသောစွမ်းအားများက သွယ်နုသောခန္ဓာကိုယ်လေးအတွင်းမှ ရုတ်ချည်းထွက်ပေါ်လာသည်။ထိုအရှိန်အဝါ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိလေထုသည် ပကတိမျက်စိဖြင့်မြင်နိုင်သည်အထိ တုန်ခါလာလေသည်။

ထိုပေါက်ကွဲထွက်လာသော စွမ်းအားနှင့် တွဲစပ်လျက်ပါဝင်လာသည်က အဆုံးမဲ့သတ်ဖြတ်ခြင်းအရိပ်အငွေ့များပင်။ ဤတဒင်္ဂတွင် ဝမ်ဖုန်းသည် ကျယ်ပြောသော အလောင်းပင်လယ်ကြီးနှင့်သွေးသမုဒ္ဒရာကို တွေ့မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

ဤသည်က ဝမ်ဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။ဒီအမျိုးသမီးမှာ ဤမျှလောက် ပြင်းထန်သော သတ်ဖြတ်ငွေ့များရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့။ ဒီလိုသတ်ဖြတ်မှုအရှိန်အဝါမျိုးရဖို့ဆိုလျှင် လူဘယ်လောက်များများကို သတ်ဖြတ်ထားရမည်နည်း?

ဤသတ်ဖြတ်မှု အရှိန်အဝါက ဝမ်ဖုန်းကိုတောင် တုန်လှုပ်သွားစေသည်။ဤသည်က ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်မှုမရှိပါ။ ပြောရလျှင် ဝမ်ဖုန်းသည် အဖြူထည်ကလေးသာဖြစ်၏။ သူသည် တကယ့်စစ်မြေပြင်ကို မမြင်တွေ့ဖူးပါ။ ဒီကမ္ဘာကိုရောက်လာပြီးနောက် သူ လူအချို့ကို သတ်ဖြတ်ခဲ့ဖူးသော်လည်း သူသည် ထိုမျှလောက်အောင် သွေးချောင်းစီးသည့်ဖြစ်ရပ်မျိုးကို မကြုံတွေ့ဖူးပါချေ။

သို့ပေသိ လက်ရှိအချိန်တွင် မင်းသမီးကြီးယုရွှမ်း ထုတ်လွှတ်လိုက်သည့်အရှိန်အဝါက ဝမ်ဖုန်းကို သွေးသမုဒ္ဒရာနှင့်အလောင်းပင်လယ်ကို ဒိဌတွေ့မြင်လိုက်ရသည့် ခံစားချက်မျိုးပေးစွမ်းနေ၏။

ဤအမျိုးသမီးသည် ရူးနှမ်းသလိုလိုရှိသော်လည်း သူမမှာ ဤမျှလောက်ပြင်းထန်သော သတ်ဖြတ်ငွေ့များရှိနေသည်။ ဒီအမျိုးသမီး ချပ်ဝတ်တန်ဆာဝတ်ထားတာ အံ့သြစရာမရှိတော့ပါဘူး။သူမက ယောင်ရီအင်ပါယာရဲ့ စစ်သူကြီးတစ်ယောက်များလား?

ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ တစ်ကိုယ်တည်း တွေးတောမိလိုက်ပါ၏။

''ဓါး၊ လာခဲ့စမ်း!''

ယုရွှမ်း၏လှပသောမျက်ဝန်းများက ကျဥ်းမြောင်းသွားသည်။သူမသည် ကျောက်စိမ်းကဲ့သို့ ဖွေးဖြူသော လက်ကလေးကို ဆန့်ထုတ်လိုက်ကာ လေထုထဲတွင် ဖမ်းဆုပ်သည့်အမူအရာမျိုးပြုလုပ်လိုက်သည်။ မိုးပြာရောင် ဓါးတစ်ချောင်းသည် လေထုအတွင်း ရုတ်တရက်ပေါ်ပေါက်လာပြီး သူမ၏လက်အတွင်း ကိုင်ဆောင်ခြင်းခံလိုက်ရသည်။

ယင်းသည် ရှည်လျားသော မိုးပြာရောင်ဓါးတစ်ချောင်းဖြစ်ပြီး ဓါးကိုယ်ထည်ပေါ်တွင် ထူးခြားဆန်းပြားသော မျဥ်းကြောင်းများ ရှိနေသည်။အဆိုပါဓါးမှ အေးစက်သော အလင်းရောင်များ ဖြာထွက်လျက်ရှိသည်။

အကြည့်တစ်ချက်နဲ့တင် ဝမ်ဖုန်းသည် အနှီဓါးမှာ သာမန်မဟုတ်ကြောင်း သိလိုက်ရသည်။

ဝမ်ဖုန်းသည် သူ့ရှေ့က အမျိုးသမီးကို နက်ရှိုင်းသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။သူမသည် သူထင်ထားသလို ရိုးရှင်းခြင်းမရှိ။ သာမန်လူတစ်ယောက်က ဒီလိုလျှို့ဝှက်ဆန်းပြားသည့် ဓါးမျိုးကို ပိုင်ဆိုင်ထားမှာ မဟုတ်ပါ။

''နှင်းမြူဓါးချက် ကိုးချက်!''

ယုရွှမ်းသည် ဓါးကို ဆုပ်ကိုင်လိုက်သည့်တစ်ခဏမှာပဲ သူမ၏အရှိန်အဝါများက ပြောင်းလဲသွားသည်။ ပျော့ပျောင်းနူးညံ့ဟန်ရှိသော ပုံရိပ်ကလေးထံမှ အရိုးထိအေးစက်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားများက သူမလက်ထဲက ဓါးနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။

ဟွမ်!

မင်းသမီးကြီးယုရွှမ်း၏စွမ်းအားများကို ဓါးအတွင်း သွတ်သွင်းလိုက်သည့်အခါ လေထုအတွင်း ဓါးဟိန်းသံတစ်သံ ရုတ်တရက်ဖြစ်ပေါ်လာသည်။အေးစက်သော ဓါးဆန္ဒအရှိန်အဝါများက ယုရွှမ်းထံမှ ထွက်ပေါ်လာသည်။ ဓါးဆန္ဒအရှိန်အဝါသည် အရိုးထိအောင် အေးခိုက်စေပြီး ပတ်ဝန်းကျင်အပူချိန်မှာလည်း ရုတ်ချည်း လျော့ကျသွားသည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဓါးချီများက ရစ်ပတ်ထားပြီး၊ ဓါးချီတစ်ခုချင်းစီတိုင်း၏ အေးစက်သော အလင်းများထုတ်ပေးနေသည်။သာမန်လူတစ်ယောက်သာ သူမကို ကြည့်မိပါက လုံးဝကို တုန်လှုပ်သွားမှာ ဖြစ်သည်။

ဤသို့သော စွမ်းအားမျိုးက ဝမ်ဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။အနှီအမျိုးသမီးသည် ရူးနှမ်းပုံပေါ်သော်လည်း သူမ၏ခွန်အားကတော့ အားမနည်းလှချေ။ သာမန်ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များမှာ သူမ၏ပြိုင်ဘက် မဖြစ်နိုင်ပါ။

''ကျား!''

ယုရွှမ်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူမသည် အေးစက်စွာ ဟိန်းဟောက်လိုက်ပြီး ဓါးရှည်ဖြင့် ဝမ်ဖုန်းကို ချိန်ရွယ်လိုက်သည်။ သူမခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဓါးချီများမှာ ရုတ်တရက် ကောင်းကင်ပေါ်ပြေးတက်သွားပြီး ကောင်းကင်အပြည့် ဓါးပျံများအဖြစ်ပြောင်းလဲသွားကာ ထိုဓါးပျံများဟာ ဝမ်ဖုန်းရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားတော့သည်။

ဤအချိန်တွင် လေထုတစ်ခုလုံးသည် တုန်ခါနေပြီး ဓါးပေါင်းများစွာအတွင်း ပါဝင်သော ထက်မြသောဓါးချီများက လေထုကို အပေါက်အပေါက်များဖြစ်သည်အထိ ထိုးခွင်းပစ်လိုက်သည်။

''ကောင်းကင်အပြည့်ဓါးတွေ ရှိနေရင်တောင် လက်ဝါးတစ်ဖက်က လုံလောက်ပါတယ်လေ''

ယုရွှမ်း၏ဓါးများကို ရင်ဆိုင်နေရသော ဝမ်ဖုန်းသည် ဒေါသတကြီး လှောင်ရယ်လိုက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အသာအယာ ဖမ်းဆုပ်လိုက်သည်။

ဘုန်း!

အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ပတ်ဝန်းကျင် ပတ်ပတ်လည်ရှိ ဆန်းကြယ်သောစွမ်းအားများသည် တစ်နေရာထဲ၌ စုစည်းသိပ်သည်းသွားကာ လေထုအတွင်းတွင် ဧရာမ လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။အနှီလက်ဖဝါးကြီးသည် နတ်ဘုရား၏လက်ဝါးအလား ထင်မှတ်ရအောင် ကြီးမားလှပြီး ကောင်းကင်နှင့်နေမင်းကိုတောင် ဖုံးလွှမ်းသွား၏။

ဤလက်ဖဝါးကြီးဆီမှ ခမ်းနားထည်ဝါသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ မင်းသမီးကြီးယုရွှမ်း၏ မျက်လုံး သူငယ်အိမ်များသည် တုန်ခါသွားပြီး မျက်နှာဖုံးအောက်ရှိ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားသည်။

အဆိုပါလက်ဖဝါးကြီးတွင် ပါဝင်သော စွမ်းအားများက မင်းသမီးကြီးယုရွှမ်း၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေပြီး၊သူမသည် ကြောက်လန့်ဖွယ် တည်ရှိမှုကြီးနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

ဘုန်း!

ယုရွှမ်း၏တုန်လှုပ်နေသော အကြည့်များအောက်မှာပဲ ဧရာမလက်ဖဝါးကြီးသည် ဓါးပေါင်းများစွာကို ဖမ်းဆုပ်လိုက်ပြီး စက္ကူစများကို ဆုတ်ဖြဲလိုက်သည်နှယ် တစ်စစီဆွဲဖြဲလိုက်တော့သည်။

ဤအချိန်တွင် ယုရွှမ်းသည် တစ်လောကလုံးက သူမကို ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။

ဘုန်း!

မင်းသမီးကြီးယုရွှမ်းတွင် တွေးတောနေဖို့ အချိန်မရှိပါ။သူမကိုယ်တွင်းမှ စွမ်းအားများသည် အရိုင်းဆန်စွာ ပေါက်ကွဲထွက်လာသည်။

သာမန်အခြေအနေတွင်ဆိုပါက စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ တိုက်ပွဲသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားမှာဖြစ်ပြီး၊အနည်းဆုံးတော့ ရှင်းယောင်တောင်တန်းတစ်ခုလုံးကို ကြောက်မက်ဖွယ်စွမ်းအားများက ဖုံးလွှမ်းသွားမှာဖြစ်သည်။

သို့ပေသိ ဒီအချိန်မှာတော့ မင်းသမီးကြီးယုရွှမ်း ထုတ်ဖော်လိုက်သော စွမ်းအားများ၏အရှိန်အဟုန်သည် ရှန်ရှန့်ကျုံဂိုဏ်းအတွင်း၌သာ ပိတ်လှောင်လိုက်ခြင်းခံလိုက်ရပြီး အပြင်သို့ တစ်စိုးတစ်စိမှ ထွက်သွားခြင်းမရှိပါ။ ကုန်ကုန်ပြောရလျှင် သူမ၏စွမ်းအားများက ရှန်ရှန့်ကျုံဂိုဏ်း၏ အဆောက်အဦးတစ်ခုကိုသော်မှ ထိခိုက်စေနိုင်ခဲ့ခြင်းမရှိပေ။

''ဒါ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?''

မင်းသမီးကြီးယုရွှမ်းသည် တစ်ကိုယ်လုံးရှိ စွမ်းအားများကို ဖျစ်ညှစ်ထုတ်လိုက်ပြီးသည့်အချိန်တွင် ဧရာမလက်ဖဝါးကြီးကလည်း သူမဆီ တိုးဝင်လာလေသည်။

သူမသည် အားကုန်သုံးလျက် အနှီလက်ဝါးကြီးကို ဖျက်စီးပစ်ချင်ခဲ့သည်။ သို့သော်လည်း သူမ ထုတ်လွှတ်လိုက်သော စွမ်းအားများက လက်ဖဝါးကြီးနှင့် ရင်ဆိုင်တွေ့သွားသည့်အခါ ခြစ်ရာတစ်ခုကိုတောင် ဖြစ်မလာစေခဲ့ပါ။

သူမသည် လက်ဖဝါးကြီး၏ ခိုင်မြဲစွာ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

မင်းသမီးကြီးယုရွှမ်းသည် လက်ဖဝါးကြီးထံမှ ထိတ်လန့်ဖွယ်စွမ်းအားများကို ခံစားနေရသည်။ ထိုစွမ်းအားများနှင့်ယှဥ်လျှင် သူမ၏စွမ်းအားများက ကြောင်ကိုတွေ့ရသည့် ကြွက်သူငယ်လို အားပျော့သွားကာ သုံးစားမရဖြစ်သွား၏။

သူမလိုမြင့်မြတ်တဲ့ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် စွမ်းအားရှင်၊ အင်ပါယာရဲ့မင်းသမီးကြီးက ရှန်ရှန့်ကျုံဂိုဏ်းချုပ်ရဲ့ လွယ်လင့်တကူ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်လား?

ဤတဒင်္ဂတွင် ယုရွှမ်း၏မျက်လုံးများက ပြူးကျယ်နေကာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။သူမသည် ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

ယခင်က သူမသည် ဝမ်ဖုန်းကို မောက်မာသည်ဟု ထင်ခဲ့ပြီး စိတ်ပျက်ခဲ့မိသည်။ယခုတွင်တော့ ဝမ်ဖုန်းက သူမကို အလွယ်တကူ ဖမ်းဆီးထားပါ၏။ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်သည် မောက်မာဝံ့ကြွားနိုင်လောက်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားလေသည်။

တစ်ဖက်မှာ သူမကတော့ အရူးတစ်ယောက်လိုမျိုး ရှန်ရှန့်ကျုံဂိုဏ်းထဲ ပြေးဝင်လာပြီး၊ ဂိုဏ်းချုပ်နဲ့ယှဥ်တိုက်ခဲ့မိသည်!

ဘယ်လိုမျိုးတည်ရှိမှုကြီးက သူမလို ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကိုတောင် အလွယ်တကူ ဖမ်းဆီးနိုင်သည်အထိ သန်မာရသနည်း?

တစ်ခဏကြာ ကြောက်လန့်နေပြီးနောက် မင်းသမီးကြီးယုရွှမ်း၏မျက်လုံးများအတွင်းရှိ အကြောက်တရားများက ရုတ်ချည်းပျောက်ကွယ်သွားကာ နားမလည်နိုင်သော မျှော်လင့်ချက် မျက်ဝန်းများဖြင့် အစားထိုးသွားသည်။

ဝမ်ဖုန်းသည် ယုရွှမ်း၏မျက်လုံးများအတွင်းရှိ ရှုပ်ထွေးသော အပြောင်းအလဲများကို မတွေ့မြင်လိုက်ချေ။သူက ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်။

''မင်းအခု ဒီဂိုဏ်းချုပ်ကို စိန်ခေါ်ရဲသေးလား? ဟမ်?''

ဝမ်ဖုန်းသည် အနှီအမျိုးသမီးကို ဖမ်းဆီးလိုက်သော်လည်း သတ်ဖြတ်လိုသော ရည်ရွယ်ချက်မရှိပါ။သူမသည် ရှန်ရှန့်ကျုံဂိုဏ်းထဲဝင်လာပြီး သူ့ကို တိုက်ရိုက်စိန်ခေါ်ခဲ့သော်လည်း သူမတွင် သူ့အား အမှန်တကယ်သတ်ဖြတ်လိုစိတ်မရှိဟု သူ ခံစားရနေရသည်။

ဒီလိုမှမဟုတ်ရင် ဒီအမျိုးသမီးကို သူ အရှင်ထားမှာမဟုတ်ပါ။ လက်ဖဝါးကြီးနှင့် ဖိချေကာ သတ်ပစ်လိုက်မှာဖြစ်သည်။

''အနိုင်အရှုံးဆိုတာ တစ်သမှတ်တည်း မရှိပါဘူး။ ကျွန်မရှုံးသွားပေမယ့် တစ်ချိန်ချိန်မှာ ရှင့်ကို အနိုင်ရနိုင်သေးတယ်!''

ဝမ်ဖုန်း၏စကားကိုကြားတော့ မင်းသမီးကြီးယုရွှမ်းက အေးစက်စွာ ပြောလိုက်သည်။လက်ရှိအချိန်မှာတောင် သူမက မာနကြီးနေဆဲပင်။သူမသည် မြင့်မြတ်သော ယောင်ရီအင်ပါယာ၏ အကြီးဆုံးမင်းသမီးကြီး ဖြစ်၏။ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပါစေ၊သူမ၏မာနကိုတော့ မလျော့ချနိုင်ပါ။

''သတ္တိရှိတယ်!''

ဝမ်ဖုန်းက လက်ခုပ်တီးလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။

သူသည် လက်ကိုဝှေ့ရမ်းလိုက်သည့်အခါ မင်းသမီးကြီးယုရွှမ်းကို ဖမ်းဆုပ်ထားသော လက်ဝါးကြီးသည် သံကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ သူမကို တုတ်နှောင်လိုက်သည်။

ထို့နောက် ဝမ်ဖုန်းသည် လက်ဆန့်ထုတ်ကာ မင်းသမီးကြီးယုရွှမ်းကို ဖမ်းဆုပ်ဆွဲယူလိုက်သည်။

မင်းသမီးကြီးယုရွှမ်းကို နီးနီးကပ်ကပ်ကြည့်မိလိုက်သည့်အခါ ဝမ်ဖုန်း၏ရင်အစုံသည် သူမ၏အလှတရားကြောင့် တုန်လှုပ်သွားသည်။

သူသည် စိတ်ကို ပြန်လည် စုစည်းလိုက်ကာ ယုရွှမ်းကို ခေါ်ဆောင်လျက် စံအိမ်ထဲ ပြန်ဝင်သွားတော့သည်။

''ယောက်ျား၊ ရှင့်အတွက် လက်ဖက်ရည် ကျိုထားပေးပြီးပြီ!''

ဝမ်ဖုန်းပြန်ရောက်လာသည့်အခါ ယဲ့မုချင်သည် ပြေးလာကာ ကြိုဆိုလိုက်သည်။ သူမသည် ဝမ်ဖုန်းကိုသာ လှပသော မျက်ဝန်းများဖြင့်စိုက်ကြည့်နေပြီး မင်းသမီးကြီးယုရွှမ်းကိုတောင် တစ်ချက်ငဲ့မကြည့်ခဲ့ပေ။သူမ၏ကမ္ဘာတွင် ဝမ်ဖုန်းတစ်ယောက်တည်းသာ ရှိနေသည့် အလားပင်။

''ကျေးဇူးပဲ၊ချင်အာ!''

ကေျနပ်အားရသည့်အပြုံးတစ်ခု ဝမ်ဖုန်း၏မျက်နှာထက်တွင် ဖြစ်ပေါ်လာပြီး၊ သူသည် ညင်သာသော လေသံဖြင့်ပြောလိုက်သည်။

ဒီလိုဇနီးမယားမျိုး ရှိနေမှတော့ သူ ဘာကို ထပ်ပြီးလိုအပ်ဦးမှာလဲ?

လက်ရှိအချိန်တွင် ဝမ်ဖုန်း၏အမူအရာတိုင်းက ညင်သာနူးညံ့နေပြီး၊စောနကလို မောက်မာမှုမျိုး စိုးစဥ်းမျှတောင် ရှိမနေချေ။ဤသည်က မင်းသမီးကြီး ယုရွှမ်းကို ကြောင်အသွားစေသည်။

အပြောင်းအလဲကလည်း မြန်လိုက်တာ! စောနက သူမဟုတ်တဲ့ အတိုင်းပဲ!

မင်းသမီးကြီးယုရွှမ်းကို ပိုလို့တောင် အံ့အားသင့်သွားစေသည်က ယဲ့မုချင်၏အလှတရားနှင့် စိတ်နေစိတ်ထားပင်။ သူမ၏အလှတရားကို အစဥ်အမြဲယုံကြည်ချက်ရှိခဲ့သော မင်းသမီးကြီး ယုရွှမ်းသည်ပင် ယဲ့မုချင်ကိုမြင်တွေ့လိုက်ရသည့်အခါ သက်ပြင်းပုန်းချလိုက်မိသည်။ ကမ္ဘာကြီးမှာ ဒီလောက်လှတဲ့ နတ်မိမယ်မျိုးရှိသေးတယ်လား?

ထိုသို့သောအလှတရားမျိုး။ ယင်းက မင်းသမီးကြီးယုရွှမ်းကိုတောင် အရှက်ရသွားစေခဲ့သည်!

All Chapters