စစ်တပ်ကြီးလာနေပြီ။
Vol. 6 Ch. 81
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဤကဲ့သို့သောမိန်းကလေးသာလျှင် သူနှင့်ထိုက်တန်နိုင်ပေသည်။
ယုရွှမ်းသည် သိမ်မွေ့နူးညံ့သည့်ဝမ်ဖုန်းကိုကြည့်၍ တစ်ကိုယ်တည်းတွေးလိုက်သည်။
ဝမ်ဖုန်းသည် အကြီးဆုံးမင်းသမီးယုရွှမ်းကို ထားရစ်ခဲ့ပြီး ကျောက်သားစားပွဲသို့ ဦးတည်လျှောက်သွား၍ထိုင်လိုက်သည်။ ယဲ့မုချင်နှပ်ပေးထားသည့် လက်ဖက်ရည်နွေးကိုကောက်ယူ၍ တစ်ငုံသောက်လိုက်ရာ တစ်ကိုယ်လုံးလန်းဆန်းသွားသည်ဟု ခံစားလိုက်ရပေသည်။
သေချာပေါက်ပင် နတ်သမီးနှပ်ထားပေးသည့် လက်ဖက်ရည်နွေးကြမ်းသည် ကွာခြား၏။ အလွန်တရာ အရသာရှိပေသည်။
ယဲ့မုချင် နှပ်ပေးသည့်လက်ဖက်ရည်နွေးကို သောက်သုံးပြီးနောက် ဝမ်ဖုန်းသည် အကြီးဆုံးမင်းသမီးယုရွှမ်းကို ကြည့်လျက် တည်ကြည်လေးနက်စွာပြော၏။
“ပြောပါဦး။ မင်းရဲ့မျိုးရိုးနာမည်က ဘာလဲ။ ဘာလို့ ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကိုလာခဲ့တာလဲ။ ဘာလို့ ငါဂိုဏ်းချုပ်ကို စိန်ခေါ်ခဲ့တာလဲ”
ဝမ်ဖုန်း၏အသံအနေအထားနှင့် ပြုမူပုံသည် ရှင်းလင်းရမည့်စာရင်းများကို စစ်ဆေးနေသည့်အလား ထင်မှတ်ရသည်။
ဝမ်ဖုန်း၏အမေးကိုကြားသောအခါ အင်ပါယာ၏မင်းသမီးကြီးယုရွှမ်းသည် မျက်ဖြူလှန်မိသွားရ၏။ ဤငတုံးကြီးသည် သူမ၏သရုပ်မှန်ကို မသိနေပေ။
ယောင်ရီအင်ပါယာကြီးတစ်ခုလုံးတွင် မင်းသမီးကြီး၏အမည်ကို မည်သူသိပါမည်နည်း။
အင်ပါယာ၏နံပါတ်တစ်အလှလေးဟူသည် လျှာရိုးမရှိလျှောက်ပြောနေခြင်းမဟုတ်ပါ။
ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်သည် အမှန်တကယ်ကို ငတုံးတစ်ယောက်ဖြစ်ပါ၏။ သူမ၏သရုပ်မှန်ကိုပင် မသိပါဘဲနှင့် သူမကို ဖမ်းဆီးရဲလေသည်။
သို့သော်ငြား ဤငတုံးကြီးကြောင့်မဟုတ်ပါလျှင် သူမအနေဖြင့် သူမ၏အစ်ကိုတော်ကို စိတ်ဆိုးဒေါသထွက်စေနိုင်မည့် ကမ္ဘာတုန်လောက်သောကိစ္စရပ်ကို အဘယ်သို့များ လုပ်ဆောင်နိုင်ပါမည်နည်း။
“ငါ့ကို အခုချက်ချင်းလွှတ်ပေးဖို့ ရှင့်ကိုအကြံပေးလိုက်မယ်။ မဟုတ်ရင် ရှင်တော့ ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ!”
မင်းသမီးကြီးယုရွှမ်းသည် သဘာဝကျနစွာဖြင့် တုန်လှုပ်မှုစိုးစဥ်းေသာ်မျှ မရှိချေ။ သူမသည် ဝမ်ဖုန်းကို ခပ်ဖျော့ဖျော့စိုက်ကြည့်၍ သိမ်မွေ့စွာပြော၏။
ဝမ်ဖုန်းအနေဖြင့် သူမကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ပါလျှင် ယုရွှမ်း ဝမ်းမြောက်မိမည်ဖြစ်သည်။ သူမ၏ပြဿနာများသည် နီးကပ်သည်ထက် ပို၍နီးကပ်လာနေပြီဖြစ်၏။ ပုန်းကွယ်ရန် အင်အားကြီးမားသည့်ဂိုဏ်းတစ်ဂိုဏ်းကို ရှာဖွေနိုင်မှသာလျှင် ပြဿနာများကိုဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ဤရှန်ရှန့်ကျုံဂိုဏ်းသည် သူမလိုအပ်နေသည့် အင်အားကြီးမားသည့်ဂိုဏ်းဖြစ်သည်မှာ သိသာပါ၏။
ဂိုဏ်းချုပ်ဝမ်သည် အနည်းငယ်တုံးအသော်ငြား စွမ်းအားသည်တော့ မယုံကြည်နိုင်လောက်အောင်ကြီးမား၏။ သူမကို တိုက်ကွက်လေးတစ်ကွက်လောက်ဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများမှလွဲ၍ အခြားမည်သူမှ ထိုသို့စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပါချေ။
အင်ပါယာ၏တော်ဝင်မင်းသမီးကြီးတစ်ပါးအနေဖြင့် သူမ၏ယခုလက်ရှိအခြေအနေကို ရရှိပိုင်ဆိုင်ရန်အတွက် သူမ၏ဘဝသက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်ခြင်းများကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ ဝမ်ဖုန်း၏အမြင်တွင် သူမသည် အဘယ်သို့များ တုံးအသည့်မိန်းကလေးတစ်ဦး ဖြစ်နိုင်ပါမည်နည်း။
“ရို့ ငါဂိုဏ်းချုပ်ရဲ့လက်ထဲရောက်နေတာတောင် မောက်မာထောင်လွှားဝံ့တယ်ပေါ့လေ။ မင်းက သတ္တိကောင်းသားပဲ!”
ယုရွှမ်း၏စကားအဆုံးတွင် ဝမ်ဖုန်းသည် ပြုံးလျက်ဖြင့် ယုရွှမ်းကိုခြေဆုံးခေါင်းဆုံးကြည့်၍ နောက်ပြောင်လေသည်။
လက်ရှိအချိန်၏ အင်ပါယာကြီးသုံးခုတွင် ရှန်ရှန့်ကျုံဂိုဏ်းချုပ်ကို ဒုက္ခအကြီးအကျယ်ရောက်စေနိုင်မည့်အင်အားဟူ၍ မရှိသေးပေ။ အင်ပါယာကြီးသုံးခုပေါင်းစည်းလျှင်သော်မှ မဖြစ်နိုင်ပေ။
ဤမိန်းကလေးသည် အလွန်တုံးအရူးမိုက်လွန်း၏။
'ကိုယ့်ကိုယ်ကို သမာဓိကျတော်တတ်လွန်းတယ်လိုမျိုး အတွေးစွမ်းအားတွေများ ရှိနေတာလားပဲ’
“အင်ပါယာကြီးသုံးခုထဲမှာ ဒီဂိုဏ်းချုပ်ကိုဒုက္ခဖြစ်စေနိုင်တဲ့သူ မရှိဘူး! ငါဂိုဏ်းချုပ် မင်းကိုဖမ်းတယ် အဲ့တော့ဘာဖြစ်လဲ? မင်းရဲ့ကျောထောက်နောက်ခံလူတွေကို ထွက်လာပြီးကြိုးစားကြည့်ခိုင်းလိုက်။ ငါဂိုဏ်းချုပ်က အဲဒီ့ကောင်တွေကို ဝက်ခေါင်းဖြစ်အောင် ရိုက်ပေးမယ်!”
ဝမ်ဖုန်းသည် မျက်ခုံးအစုံကိုပင့်၍ ထောင်လွှားမောက်မာစွာပြုံးရယ်၏။
‘ငါဂိုဏ်းချုပ်ရဲ့နယ်မြေထဲမှာ ငါဂိုဏ်းချုပ်ကို မောက်မောက်မာမာပြုမူရဲတယ်ပေါ့လေ? ဒါက သည်းခံလို့ရတဲ့အရာလား?’
ဝမ်ဖုန်း၏မောက်မာထောင်လွှားသည့်စကားများအဆုံးတွင် မင်းသမီးကြီးယုရွှမ်း၏ မျက်နှာဖုံးအောက်ရှိမျက်နှာထက်တွင် အပြုံးအချို့ထင်ဟပ်သွားခဲ့သည်။ ဤလူသည် အမှန်တကယ်ကို ငတုံးတစ်ယောက်ဖြစ်ပါ၏။ အနည်းငယ်မျှ လှုံ့ဆော်ထိုးဆွပေးလိုက်သည်နှင့် အရူးလုပ်ခံလိုက်ရလေသည်။
“ရှင့်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက အင်အားကြီးမားပြီး ဂိုဏ်းချုပ်ဝမ်ကလည်း အင်အားကြီးမားရင်တောင်မှ င့ါရဲ့နောက်ခံအင်အားရှေ့မှာတော့ စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ပါဘူး”
မင်းသမီးကြီးယုရွှမ်းသည် ယုံကြည်ချက်အပြည့်သော အသံအနေအထားဖြင့် ဂုဏ်ယူဝံ့ကြွားစွာပြော၏။
ထိုစကားကိုကြားရသည်တွင် ဝမ်ဖုန်း၏အပြုံးမှာ ပို၍တောက်ပလာခဲ့သည်။ ဝမ်ဖုန်းသည် ယုရွှမ်းအား စိုက်ကြည့်၍နောက်ပြောင်ပြောဆို၏။
“မင်းမှာ ဘယ်လိုနောက်ခံအင်အားတွေ ရှိနေတာလဲ။ နားထောင်ကြည့်ပါရစေဦး”
ဝမ်ဖုန်း၏စကားအဆုံးတွင် မင်းသမီးကြီးယုဖေးသည် အချိန်ခဏမျှ စကားမဆိုတော့ပေ။ သူမသည် သူမ၏လက်ရှိအခြေအနေကို စိုးရိမ်ပူပန်းခြင်းအလျဉ်းမရှိ နေရာတွင်တိတ်ဆိတ်စွာရပ်နေလေသည်။ သူမ၏ပြုမူပုံမှာ ဝမ်ဖုန်း၏ဖမ်းဆီးမှုခံထားရသူ မဟုတ်ဘဲ ဝမ်ဖုန်းထံမှ ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဖိတ်ကြားခံထားရသည့်အလား ဖြစ်နေပေသည်။
ကောက်ကျစ်တဲ့လူပဲ!
ယုရွှမ်း၏ပြုမူနေထိုင်ပုံကိုကြည့်၍ ဝမ်ဖုန်းစိတ်တွင်းမှ ဆဲရေးလိုက်သည်။ ဂိုဏ်းချုပ်ဝမ်ဟူသည် ချစ်ခင်မြတ်နိုးခံရသည့် ကျောက်စိမ်းရတနာလေးဖြစ်သည်။ သူ၏ရှေ့မှောက်တွင် ယောက်ျားတစ်ဦးမှ မောက်မာထောင်လွှားပြနေပါလျှင် ထိုအချိန်ခဏအတွင်း ထိုယောကျာ်းအား ပြာမှုန့်အဖြစ်ပြောင်းလဲခြင်းမပြုခဲ့ပါက သူ၏မျိုးရိုးနာမည်မှာ ဝမ် မဟုတ်နိုင်တော့ပေ။
သေချာပေါက်ပင် ဝမ်ဖုန်းသည် ယုရွှမ်း၏လှိုင်းလေထန်သောမျက်ဝန်းများကို ခပ်များများမြင်တွေ့လိုသေးသည်ကြောင့် ယုရွှမ်းနှင့် ငြင်းခုန်နေခြင်းဖြစ်သည်ကို ဝန်ခံခြင်းမပြုလိုပါချေ။
“မျက်နှာဖုံးတပ်ထားတယ်ဆိုတော့ မျက်နှာက အကြည့်မခံနိုင်လောက်အောင် ရုပ်ဆိုးနေလို့လား!”
ဝမ်ဖုန်းသည် မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည့်ယုရွှမ်းကိုကြည့်ရင်းဖြင့် သူ၏မျက်နှာထက်တွင် မရိုးဖြောင့်သောအပြုံးတစ်ခု ဖြစ်တည်လာပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ပြောခဲ့ပြန်သည်။
ဤတုံးအရူးမိုက်သည့်မိန်းကလေး၏ မျက်နှာသွင်ပြင်ကိုမြင်တွေ့ရပါလျှင် ဤမိန်းကလေး၏အသေးစိတ်အချက်အလက်အချို့ကို သုံးသပ်ကြည့်၍ရနိုင်ခြေရှိ၏။ ဝမ်ဖုန်းသည် ယခုလေးတင် အင်ပါယာ၏ချီစွမ်းအင်လမ်းစဥ်ကို တိတ်တိတ်လေးထုတ်သုံးခဲ့ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏နှလုံးအိမ်မှာ တိတ်တခိုးအံ့ဩထိတ်လန့်သွားခဲ့ရသည်။
ဤတုံးအရူးမိုက်သည့်မိန်းကလေး၏ ကံကောင်းမှုရောင်စဥ်သည် ရှောင်ယွင်ဖုန်းထက် အားမနည်းချေ။ ရှောင်ယွင်ဖုန်း၏ကံကောင်းမှုရောင်စဥ်သည် ရွှေခရမ်းရောင်ဖြစ်ပြီး ဝိဉာဉ်တစ္ဆေအရာများနှင့် ပတ်သက်ဆက်နွယ်နေသေးသည်။
သို့သော် ဤတုံးအရူးမိုက်သည့်မိန်းကလေး၏ ကံကောင်းမှုရောင်စဉ်သည် မည်းနက်တောက်ပနေလေရာ ဝမ်ဖုန်း၏စိတ်နှလုံးကို အံ့ဩထိတ်လန့်စေခဲ့သည်။
ဝမ်ဖုန်းသည် ကံကောင်းမှုရောင်စဉ်အကြောင်းကို များစွာမသိသော်ငြား အနည်းငယ်သိထားပါ၏။ ကံကောင်းမှုရောင်စဥ်အမြင့်ဆုံးအဆင့်သည် ရှုပ်ထွေးလွန်းလှပြီး မည်သူမျှရှင်းလင်းစွာ မမြင်နိုင်ပေ။
ဝမ်ဖုန်း၏ နတ်ဘုရားကဲ့သို့သိမြင်ခြင်းကျင့်စဉ်ဖြင့်ပင် အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံအောင်မြင်ပါမှ ထိုရှုပ်ထွေးသည့်ကံကောင်းမှုရောင်စဥ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။
အရောင်စုံကံကောင်းမှုရောင်စဥ်၊ အနီရောင်ကံကောင်းမှုရောင်စဉ်၊ ရွှေခရမ်းရောင်ကံကောင်းမှုရောင်စဉ်၊ ခရမ်းရောင်ကံကောင်းမှုရောင်စဉ်၊ ရွှေရောင်ကံကောင်းမှုရောင်စဉ်… စသည်ဖြင့် ကံကောင်းမှုရောင်စဉ်အမျိုးမျိုးရှိသည်။
သို့သော် အနက်ရောင်ကံကောင်းမှုရောင်စဉ်ကိုမူ ဝမ်ဖုန်း တစ်ခါမှ မကြားဖူးချေ။ ဤသို့သောအခြေအနေမျိုးတွင် ဖြစ်နိုင်ချေနှစ်ခုရှိသည်။ ဤတုံးအရူးမိုက်သည့်မိန်းကလေး၏ကံကောင်းမှုရောင်စဉ်မှာ သန္ဓေပြောင်းလဲခံထားရသည်ကြောင့် အနက်ရောင်ကံကောင်းမှုရောင်စဉ်ဖြစ်နခြင်း သို့တည်းမဟုတ် ဤတုံးအရူးမိုက်သည့်မိန်းကလေး၏ ကံကောင်းမှုရောင်စဉ်သည် စောင့်ကြည့်ခံနေရပြီး ထိုစောင့်ကြည့်သူသည် သူမကို ဝါးမြိုပစ်လိုသည်ကြောင့် သူမ၏ကံကောင်းမှုရောင်စဉ်သည် အနက်ရောင်ပြောင်းသွားခြင်း ဖြစ်ပေမည်။
ထိုအကြောင်းကြောင့် ဝမ်ဖုန်းသည် မိန်းကလေး၏သရုပ်မှန်ကို သိချင်သွားခဲ့သည်။
“ကျွန်မရဲ့မိသားစုဝင်တွေကလွဲရင် ကျွန်မရဲ့မျက်နှာကို ပထမဆုံးမြင်တွေ့တဲ့သူကို လက်ထပ်ပါမယ်လို့ ငါတစ်ချိန်တုန်းက ကျိန်ဆိုခဲ့ဖူးတယ်။ ရှင်ကျွန်မရဲ့မျက်နှာကို ကြည့်မယ်ဆိုရင် ရှင်ကျွန်မကို လက်ထပ်ရလိမ့်မယ်”
ဝမ်ဖုန်းမှ လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နားတွင် ပဲ့တင်ထပ်လာခဲ့သည့်အသံသည် ဝမ်ဖုန်းကို တောင့်ခဲသွားစေခဲ့သည်။ ဆန့်ထုတ်ထားသည့်လက်သည် လေထဲတွင် ရပ်တန့်သွားရ၏။
အထူးသဖြင့် ဘေးရှိ ယဲ့မုချင်၏အကြည့်သည် ဝမ်ဖုန်း၏နောက်ကျောတွင် လင်းရောင်ခြည်တန်းတစ်ခု ကျရောက်နေသည်ကဲ့သို့ ခံစားရစေသည်။
ဝမ်ဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုပြန်ရုတ်သိမ်းကာ စိတ်တွင်းမှကြိမ်းလိုက်၏။
ဒါက ဘယ်လိုကတိမျိုးကြီးလဲဟ?
ဝမ်ဖုန်း၏ထိုပုံစံကိုမြင်သောအခါ မင်းသမီးကြီးယုရွှမ်း၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ ဤငတုံးကြီးသည် ဇနီးသည်ကိုလည်း ကြောက်ရွံ့သေး၏။
ဝမ်ဖုန်း လက်ကိုရုတ်သိမ်းလိုက်သည်တွင် ယဲ့မုချင်သည်လည်း အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ကျက်သရေတင့်တယ်စွာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့သည်။
“ရွှမ်ရှ!”
မင်းသမီးကြီးယုရွှမ်း၏မျက်နှာကို မမြင်တွေ့နိုင်တော့သည်ဖြစ်ရာ ဝမ်ဖုန်းသည် ယုရွှမ်းနှင့်စကားပြောရန် စိတ်မဝင်စားတော့ပေ။ အသံပို့ဆောင်ခြင်းမန္တာန်ဖြင့် ပြောလိုက်သည်။
လူကိုလွှတ်ပေးရန်မှာ မဖြစ်နိုင်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းကို အဘယ်သို့များ ပေါ့ပေါ့တန်တန် ဝင်ထွက်နိုင်ပါမည်နည်း။ ဂိုဏ်းချုပ်ကိုလည်း အဘယ်သို့များ ပေါ့ပေါ့တန်တန် စိန်ခေါ်နိုင်ပါမည်နည်း။
ဂိုဏ်းချုပ်ကို စိန်ခေါ်ဝံ့လေရာ သေချာပေါက် တန်ကြေးကို ပေးဆပ်ရပေမည်။
“ဂိုဏ်းချုပ်!
အချိန်ခဏလေးအတွင်းတွင် မဟာနတ်ဆိုးရွှမ်ရှ၏ပုံရိပ်သည် စံအိမ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် မင်းသမီးကြီးယုရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းကို လေးစားသမှုဖြင့် အရိုအသေပြုခဲ့သည်။
သို့သော် ထိုအကြည့်သည် မင်းသမီးကြီးယုရွှမ်းကို မျက်လုံးအိမ်မှေးကျဉ်းသွားစေလျက် သူမ၏တစ်ကိုယ်လုံးမှာ တုန်ရီလာခဲ့ပြီး စိတ်နှလုံးအတွင်းတွင် မုန်တိုင်းထန်လာရတော့သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် မင်းသမီးကြီးယုရွှမ်းသည် မဟာနတ်ဆိုးရွှမ်ရှကို မှတ်မိလိုက်ပါ၏။ လွန်ခဲ့သည့်နှစ်တစ်ထောင်ခန့်၌ ယောင်ရီအင်ပါယာကြီးကို ဖျက်ဆီးခဲ့သည့် မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါ။ ထို့ပြင် လွန်ခဲ့သည့်နှစ်တစ်ထောင်တုန်းကကဲ့သို့ နိုင်လိုမင်းထက်အပြုအမူများမှာ အမှန်တကယ် မဟုတ်ခဲ့သည်ကဲ့သို့ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းကို အလွန်လေးစားမှုရှိလေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်ခန့်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ယောင်ရီအင်ပါယာကြီးတစ်ခုလုံးကို ပွက်လောရိုက်စေခဲ့သည်။ ထိုအချိန်တုန်းက မင်းသမီးကြီးယုရွှမ်းသည် ကလေးမလေးတစ်ဦးသာဖြစ်၏။
ထို့ပြင် သူမသည် နန်းတော်ထဲတွင် နေထိုင်သည်ဖြစ်ရာ မဟာနတ်ဆိုးရွှမ်ရှသည် သူမကို မသိဘဲ သူမသည် မဟာနတ်ဆိုးရွှမ်ရှကိုသိနေသည်မှာ ပုံမှန်ဖြစ်ပါ၏။
အစောပိုင်းကာလများတွင် မဟာနတ်ဆိုးရွှမ်ရှ၏ဂုဏ်သတင်းကို ယောင်ရီအင်ပါယာကြီးတစ်ခုလုံး သိကြသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ရုပ်ရည်ပုံပန်းသဏ္ဍာန်ကိုမူ ယောင်ရီအင်ပါယာ၏တော်ဝင်မျိုးနွယ်စုအားလုံး သိရှိကြပေသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် မည်သို့သောဂိုဏ်းမျိုး ဖြစ်သနည်း။ မဟာနတ်ဆိုးရွှမ်ရှသည်ပင် ရှန်ရှန့်ကျုံဂိုဏ်းသား ဖြစ်နေခဲ့လေသည်။
မင်းသမင်းကြီးယုရွှမ်းသည် အံ့ဩမှုနှင့်အတူ စူးစမ်းသိလိုစိတ်လည်း ပြင်းပြသွားခဲ့ပါ၏
“ဒီမိန်းကလေးကိုခေါ်သွားပြီး ရက်နည်းနည်းလောက် သော့ပိတ်ထားလိုက်။ ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကိုလာပြီး ငါ့ကိုစော်ကားရဲတယ်လို့။ သူ့ရဲ့ဘယ်လိုနောက်ခံအင်အားက ဘယ်လောက်ထိစွမ်းဆောင်ရည်ရှိနေလဲဆိုတာ သိချင်မိပါရဲ့”
ဝမ်ဖုန်းသည် မင်းသမီးကြီးယုဖေးကို တစ်ချက်ကြည့်လျက် အေးစက်စွာထေ့ငေါ့လိုက်၏။
ဤမိန်းကလေးသည် သူ၏နယ်မြေထဲတွင်ပင် ထောင်လွှားမောက်မာလွန်း၏။ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ဝမ်ဖုန်းသည် မည်မျှအင်အားကြီးမားသည်ကို သူမ,မသိသေးပေ။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းကို လေးစားစွာဖြင့်ဖြေကြားပြီးနောက် မင်းသမီးကြီးယုရွှမ်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ အရေးမထားဟန်များ သိသာပေါ်လွင်နေပါ၏။ မဟာနတ်ဆိုးရွှမ်ရှသည် မင်းသမီးကြီးယုရွှမ်းကို ချုပ်နှောင်ထားသည့် သံကြိုးကောက်ယူ၍ မင်းသမီးကြီးယုရွှမ်းကို ဆွဲခေါ်သွားခဲ့သည်။
မင်းသမီးကြီးယုရွှမ်းသည်လည်း အနည်းငယ်သော်မျှ ရုန်းကန်ခုခံခြင်း မပြုပါချေ။ ဝမ်ဖုန်းအား ရှင်းပြပြောဆိုရန်နက်နဲသည့်အကြည့်တို့ဖြင့်ကြည့်လျက် မဟာနတ်ဆိုးရွှမ်ရှနောက်သို့ လိုက်သွားခဲ့သည်။
“ယောက်ျား အဲဒီ့မိန်းကလေးက နည်းနည်းထူးဆန်းတယ်”
မင်းသကြီးယုရွှမ်းကို မဟာနတ်ဆိုးရွှမ်ရှမှ ခေါ်ဆောင်သွားပြီးနောက်တွင် ယဲ့မုချင်သည် မျက်မှောင်ကြုတ်၍ သိမ်မွေ့စွာဖြင့်ပြော၏
“အိုး? ချင်အာ ဘာတွေများ မြင်တွေ့မိလို့လဲ”
ယဲ့မုချင်၏စကားကိုကြားသောအခါ ဝမ်ဖုန်းသည် နူးညံ့စွာပြုံးလာခဲ့၍ မေးမြန်းခဲ့သည်။
“သူ့ပုံစံက တမင်သက်သက် ရှန်ရှန့်ကျုံဂိုဏ်းမှာ နေဖို့ရည်ရွယ်ချက်ရှိနေသလိုပဲ”
ယဲ့မုချင်၏ ထိုစကားအဆုံးတွင် ဝမ်ဖုန်း၏အပြုံးသည် ပို၍တောက်ပလာခဲ့သည်။ ဝမ်ဖုန်းသည် ယဲ့မုချင်၏ စောင့်ကြည့်လေ့လာနိုင်စွမ်းရည်မှာ ထိုမျှတော်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“အဲဒီ့မိန်းကလေးက အစတည်းက ယောက်ျားရဲ့စိတ်ကို သွေးထိုးလှုံ့ဆော်နေတယ်ဆိုတာကို ယောက်ျားလည်းသိမှာပါ”
“အဲဒါက ဘာဖြစ်လို့…?”
“ချင်အာ အဲဒီ့မိန်းကလေးက ယောကျာ်းကိုစော်ကားပြစ်မှားပြီး ရှန်ရှန့်ကျုံဂိုဏ်းမှာ နေရအောင်လို့ ဘယ်လိုအကြောင်းကြောင့်ပဲ တမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ပါစေ ရှန်ရှန့်ကျုံဂိုဏ်းကိုစော်ကားခဲ့ပြီး ယောက်ျားကို စိန်ခေါ်ခဲ့တဲ့အချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး”
“ယောက်ျားက သူ့ကို မထိခိုက်အနာတရမဖြစ်စေဘဲ လွှတ်ပေးလိုက်လို့ အပြင်မှာသတင်းပျံ့သွားရင် ရှန်ရှန့်ကျုံဂိုဏ်းအမည်နဲ့ ဆက်နွယ်နေဦးမှာပဲမဟုတ်လား။ သူ့ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ယောက်ျားက သူ့ကိုဖမ်းထားလိုက်ပြီဆိုမှတော့ သူနဲ့ပတ်သက်သမျှ အရာအားလုံးရော သူ့ရဲ့အသက်ရောက ယောက်ျားရဲ့လက်ထဲမှာပဲ။ ယောက်ျားလက်ထဲမှာ ရှိနေမှတော့ ဘယ်လိုလှိုင်းဂယက်ကိုမှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး”
ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်းလျက် ယုံကြည်ချက်အပြည့်ဖြင့်ပြောခဲ့သည်။
လက်ရှိ ရှန်ရှန့်ကျုံဂိုဏ်းတွင် ဝမ်ဖုန်းကိုယ်တိုင်အပါအဝင် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ သုံးဦးရှိသည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူများစွာလည်းရှိ၏။ ထိုမျှအင်အားဖြင့် အင်ပါယာကြီးသုံးခုနယ်နိမိတ်အတွင်းတွင် မည်သူကများ သူတို့ကို စော်ကားပြစ်မှားရဲပါမည်နည်း။
ဝမ်ဖုန်း၏စကားအဆုံးတွင် ယဲ့မုချင်သည် ခေါင်းညိတ်လျက် ရယ်မောလာခဲ့သည်။ သူမသည် ဝမ်ဖုန်း၏ ယုံကြည်မှုပြည့်ဝနေသည့်ပုံစံကို အလွန်နှစ်ခြိုက်သဘောကျပါ၏။
ဟမ်!
ထိုအခိုက်တွင် စံအိမ်အတွင်းရှိလေထုသည် ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး အနက်ရောင်ဝတ်စုံကို တင်းကြပ်စွာဝတ်ဆင်ထားသည့် ဝေဝါးဝါးပုံရိပ်တစ်ခု လေဟာပြင်မှထွက်ပါ်လာခဲ့သည်။ သူ၏ခါးထက်တွင် အနက်ရောင်ဓားအိမ်ဖြင့် ထည့်သွင်းသိမ်းဆည်ထားသည့်ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။
“တင်းဖန်း ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”
အလည်ရောက်လာသူမှာ မှော်ဓားရှင်တင်းဖန်းဖြစ်သည်။
“ထပါ”
ဝမ်ဖုန်းသည် တင်းဖန်း၏ပေါ်ထွက်လာမှုကို အံ့ဩမသွားခဲ့ပါ။ ဝမ်ဖုန်းသည် လက်ကိုဆန့်ထုတ်၍ တင်းဖန်းကို ကူညီထူမတ်ပေးရင်းဖြင့် ရယ်မောလိုက်သေး၏။
မှော်ဓားရှင်တင်းဖန်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲလား!
တင်းဖန်းကို ကူညီထူမတ်ပေးသည့်တစ်ခဏတွင် တင်းဖန်း၏ခန္ဓာကိုယ်တွင်းမှ ကြီးကျယ်ခမ်းနားလှသောစွမ်းအင်များကို ဝမ်ဖုန်း ခံစားသိနိုင်ပေသည်။ ထိုစွမ်းအင်များ ပေါက်ကွဲဖြာထွက်လာခြင်းဖြင့် ကမ္ဘာမြေကွဲကြေနိုင်ပေသည်။
“ဝမ်ဖုန်း ထွက်လာစမ်း!”???