စစ်သူကြီးချန်းလီ သိမ့်သိမ့်တုန်သွားခဲ့။
Vol. 6 Ch. 83
ဝမ်ဖုန်း၏စကားအဆုံးတွင် စစ်သူကြီးချန်းလီ၏အနေအထားသည် အနည်းငယ်ထူးဆန်းလာခဲ့သည်။ စိတ်ကူးထားခဲ့သည်ကဲ့သို့ ကြမ်းကြုတ်ခက်ထန်သောစွမ်းအင်အဟုန်များ ထွက်မလာခဲ့ဘဲ ပြန်လည်တည်ငြိမ်သွားလျက် အနည်းငယ်မျှသော ဒေါသအရိပ်အယောင်ပင် မရှိတော့ချေ။
ချန်းလီသည် မိမိမှာ အဆင့်အတန်းကိုနှိမ့်ချ၍ သေလူတစ်ဦးနှင့် အချိန်ကြာမြင့်စွာ အဓိပ္ပာယ်မရှိဘဲ စကားပြောနေမိသည်ဟု ခံစားလိုက်ရသည်။
မီတာရာချီအဝေးရှိ ထိုဂိုဏ်းကြီးများ၏ကျင့်ကြံသူများသည်တော့ ဝမ်ဖုန်း၏စကားအဆုံးတွင် အံ့ဩမင်သက်လွန်း၍ ပြောစရာစကားပျောက်ရှသွားရကာ ဝမ်ဖုန်းကို ကြောင်အစွာကြည့်နေကြလေသည်။
သူတို့၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဝမ်ဖုန်းကဲ့သို့ပြုမူနေထိုင်သူကို တစ်ကြိမ်တစ်ခါသော်မျှ မတွေ့မြင်ခဲ့ကြဖူးပါ။ သူတို့သည် ဝမ်ဖုန်းမှာ လက်ရှိအချိန်ထိ အသက်ရှင်နေနိုင်သေးသည်ကိုလည်း အံ့ဩမိရပါ၏။
“စကားအများကြီးပြောနေလို့လည်း ဘာမှအသုံးမဝင်ဘူး။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဝှက်ဖဲကိုထုတ်ပြလိုက်စမ်းပါ။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဧကရာဇ်ကြီး သတိတကြီးထားရလောက်အောင် ထိုက်တန်ရဲ့လားဆိုတာ ငါကြည့်စမ်းပါရစေဦး”
စစ်သူကြီးချန်းလီသည် ဝမ်ဖုန်းကို အရေးမထားဟန်ကြည့်လျက် ခပ်ဖျော့ဖျော့ရေရွတ်၏။ သူ၏ေရရွတ်သံသည် မိုးခြိမ်းသံကဲ့သို့ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခွင်၌ လွှမ်းမိုးသွားခဲ့သည်။
ဤတစ်ကြိမ်တွင် စစ်သူကြီးချန်းလီသည် စစ်တပ်ကြီးနှစ်ခုနှင့်အတူ အင်ပါယာ၏အကြီးအကဲများအဖွဲ့အစည်းမှ ထိပ်တန်းအကြီးအကဲငါးဦးကိုလည်း ခေါ်ဆောင်လာခဲ့သည်ကြောင့် ယုံကြည်ချက်ပြည့်ဝနေခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ငါးဦးရှိသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏နောက်ရှိအင်အားစုကို ခုခံတိုက်ခိုက်နိုင်လိမ့်မည်ဟု ချန်းလီ မထင်ပါ။
ထိပ်တန်းစစ်တပ်ကြီးဟု ခေါ်တွင်ကြသည်မှာ ထိုထိပ်တန်းစစ်တပ်ကြီး တစ်ခုချင်းစီတိုင်းတွင် မရေမတွက်နိုင်သော တိုက်ပွဲအတွေ့အကြုံများ ရှိခြင်းကြောင့်ဖြစ်သည်။ ထိပ်တန်းစစ်တပ်ကြီးအတွင်းရှိ စစ်သည်တစ်ဦးချင်းစီတိုင်း၌ ထိုထိပ်တန်းကျင့်ကြံသူများကဲ့သို့ အရည်အချင်းမျိုးမရှိနိုင်သော်ငြား သူတို့၏တိုက်ပွဲအတွေ့အကြုံသည် အခိုင်မာဆုံးနှင့် အင်အားအကြီးမားဆုံးဖြစ်၏။
သူ၏နောက်တွင်ရှိနေသည့် ထိပ်တန်းစစ်တပ်ကြီးနှစ်ခု၏ စစ်သည်တစ်ဦးချင်းစီမှာ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြလေရာ ရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်အရာကိုအသုံးပြု၍ သူတို့ကို ဟန့်တားနိုင်ပါမည်နည်း။
စစ်သူကြီးချန်းလီ၏ ထိုစကားအဆုံးတွင် ဝမ်ဖုန်းသည် တစ်ချက်ပြုံးလိုက်ကာ စကားဆိုမလာခဲ့တော့ချေ။
“သတ်!”
ဝမ်ဖုန်း၏ ထိုအမူအရာကိုမြင်ရသည်တွင် စစ်သူကြီးချန်းလီသည်လည်း စိတ်မရှည်တော့ပေ။ ချန်းလီသည် လက်ကိုဆန့်ထုတ်၍ အဝေးမှဝမ်ဖုန်းတို့ကို ညွှန်ပြလိုက်၏။
ကြောက်ခမန်းလိလိအသံကြီးမှာ ရုတ်ချည်းပေါက်ကွဲထွက်လာခဲ့၍ ချန်းလီ၏နောက်ရှိ စစ်တပ်ကြီးနှစ်ခုမှစစ်သည်များသည်လည်း ပြင်းထန်လှသောစွမ်းအင်များ ထွက်ပေါ်စေလျက် စုပေါင်းဟစ်ကြွေးကြလေသည်။
ထိပ်တန်းစစ်တပ်ကြီးနှစ်ခုမှ စစ်သည်များထုတ်လွှတ်သောစွမ်းအင်များသည် အတူတကွပေါင်းစည်းသွား၏။ ထိုစုပေါင်းစွမ်းအင်ကြီးဖြာထွက်လာချိန်တွင် လေဟာပြင်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများသည်ပင် ထိုစွမ်းအင်ကိုခံစားမိချိန်၌ တုန်လှုပ်သွားရသည်။
စစ်တပ်ကြီးနှစ်ခုမှစစ်သည်များ၏ စွမ်းအင်ထုတ်လွှတ်မှုနှင့်အတူ အားကောင်းပြင်းထန်လှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည်လည်း လောကတစ်ခွင် လွှမ်းခြုံသွားခဲ့သည်။ ထိုသတ်ဖြတ်ခြင်းအငွေ့အသက်ဖြင့်ပင် လူ၏စိတ်နှလုံးကို သက်ရောက်စေနိုင်၍ တုန်လှုပ်စေနိုင်ပေသည်။
စစ်တပ်ကြီးနှစ်ခု၏စွမ်းအင်ကို ခံစားမိလိုက်သည်တွင် ဝမ်ဖုန်း၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွား၏။ မိမိမှာ တော်ဝင်စစ်တပ်၏အင်အားကို လျှော့တွက်ခဲ့မိပုံရလေသည်။ ယခုလက်ရှိတွင် ထိုစစ်တပ်ကြီးနှစ်ခုမှာ နိုးထလာခဲ့သည့် ကြောက်မက်ဖွယ်သားရဲကြီးနှစ်ကောင်နှင့် တူညီပေသည်။ စစ်သည်များ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့်စွမ်းအင်များသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။
စစ်တပ်ကြီးနှစ်ခုမှစွမ်းအင်များ တစ်ဟုန်ထိုးထုတ်လွှတ်လာချိန်တွင် စစ်သူကြီးချန်းလီသည်လည်း ကြမ်းကြုတ်ခက်ထန်သောစွမ်းအင်များကို ထုတ်လွှတ်လျက် ရှန်ရှန်ကျုံဂိုဏ်းကြီးတစ်ခုလုံးကို လွှမ်းခြုံစေခဲ့သည်။ သူ၏စိတ်ဝိဉာဉ်သိမြင်စွမ်းရည်ကိုလည်း ထိုချီစွမ်းအင်နှင့်အတူ ပေါင်းစည်းထားခဲ့သည်။
ကနဦးတွင် ချန်းလီသည် ဝမ်ဖုန်းမှ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် အလျင်စလို မလှုပ်ရှားဝံ့ခဲ့ပါ။ သို့သော် ယခုတွင်တော့ သူ၏နောက်ရှိ စစ်တပ်ကြီးနှစ်ခု၏အင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို လွှမ်းမိုးရှာဖွေနိုင်ခဲ့လေပြီ။
မင်းသမီးကြီးယုရွှမ်း၏အရှိန်အဝါအငွေ့အသက်ကို ရှန်ရှန့်ကျုံဂိုဏ်းတွင် ရှာမတွေ့သောကြောင့် စစ်သူကြီးချန်းလီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ မင်းသမီးကြီးသည် ရှန်ရှန့်ကျုံဂိုဏ်းကို စုံစမ်းစစ်ဆေးရန် ဂိုဏ်းအတွင်းသို့ ခိုးဝင်ခဲ့ပုံမရချေ။ သို့မဟုတ်ပါဘဲ ရှန်ရှန့်ကျုံဂိုဏ်းမှ ရှာတွေ့သွားခဲ့လျှင် သူတို့မှာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ဆက်နွယ်ရပေတော့မည်။
သို့သော် မင်းသမီးကြီးယုရွှမ်းသည် စစ်သူကြီးချန်းလီ စတင်ရှာဖွေချိန်မှစ၍ သတိထားမိခဲ့သည်ကြောင့် အသက်ရှူခြင်းကို အပြင်းအထန်ထိန်းသိမ်းထားခဲ့သည်ကို ချန်းလီ မသိခဲ့ပေ။ ဝမ်ဖုန်း၏ဖိနှိပ်မှုနှင့်ပေါင်းစပ်လိုက်သောအခါ မင်းသမီးကြီးယုရွှမ်း၏ပြင်းလှစွာသော အရှိန်အဝါသည် ချန်းလီမှ ဖောက်ထွင်းသိရှိနိုင်မည့်အရာ မဟုတ်ပါတော့ချေ။
“ဝမ်ဖုန်း မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဒီအခြေအနေထိရောက်လာဖို့ဆိုတာ မလွယ်ကူဘူး။ ငါမင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်။ အမိန့်ကိုနာခံလိုက်။ အဲ့လိုဆိုရင် ငါတော်ဝင်မြို့တော်ကိုပြန်သွားပြီး ဧကရာဇ်ကြီးရဲ့ရှေ့မှောက်မှာ မင်းတို့ဂိုဏ်းရဲ့ပြစ်မှုတွေကို ခွင့်လွှတ်ဖို့လျှောက်တင်ပေးမယ်။ ဧကရာဇ်ကြီးက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလို့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် အသက်ရှင်ဖို့လမ်းကြောင်းတစ်ခု ရကောင်းရသွားနိုင်တာပဲလေ!”
မင်းသမီးကြီး၏အရှိန်အဝါကို ရှာဖွေမတွေ့ရှိသည်ကြောင့် ချန်းလီသည် အလုံးစုံစိတ်အေးသွားခဲ့သည်။ ချန်းလီသည် ဝမ်ဖုန်းကိုစူးစိုက်ကြည့်လျက် ကျယ်လောင်စွာပြောလိုက်၏။
ခြုံငုံလိုက်လျှင် ရှန်ရှန့်ကျုံဂိုဏ်း၌ သာလွန်ထူးကဲသည့်စွမ်းရည်ဖြင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦးရှိသည်။ သွေးထွက်သံယိုမဖြစ်ဘဲနှင့် ရှန်ရှန့်ကျုံဂိုဏ်းကိုဆွဲချနိုင်ပါလျှင် စစ်သူကြီးချန်းလီမှာ အလွန်ပျော်ရွှင်ဝမ်းမြောက်မိမည်ဖြစ်ပါ၏။
တစ်ဖက်တွင်လည်း စစ်သူကြီးချန်းလီ၏စကားအဆုံးတွင် ဝမ်ဖုန်းသည် စစ်သူကြီးချန်းလီအား ငတုံးတစ်ယောက်အလား ကြည့်လိုက်ပြီးနောက် စစ်သူကြီးချန်းလီကို စိတ်အနှောင့်အယှက်အဖြစ်ခံ၍ အာရုံစိုက်မနေပါတော့ချေ။
ထိုကဲ့သို့ ကိုယ်ကိုယ့်ကိုမှန်ကန်ဖြောင့်မတ်ဟန် စကားများကိုပြောထွက်နိုင်လောက်အောင်အထိ ထိုလူသည် အဘယ်သို့များ တုံးအရူးသွပ်နေခဲ့သနည်း။
ဝမ်ဖုန်း၏သဘောထားကို မြင်တွေ့သည်တွင် စစ်သူကြီးချန်းလီသည် ခေါင်းခါရမ်းလိုက်၏။ သူ၏မျက်လုံးများတွင် နှမြောတသသည့် အရိပ်အယောင်အချို့ ရှိနေခဲ့သည်။ ချန်းလီသည် ထိုမျှမောက်မာထောင်လွှားသောဂိုဏ်းနှင့် မောက်မာထောင်လွှားသောဂိုဏ်းချုပ်ထံ၌ ဘဝတစ်ခုလုံး ပုံအပ်မြှုပ်နှံထားခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအတွက် စိတ်မကောင်းဖြစ်မိပေသည်။
ထို့နောက်တွင် စစ်သူကြီးချန်းလီသည် လက်ကို အသာအယာဝှေ့ယမ်းလိုက်သည်။
ဘုန်း!
စစ်တပ်ကြီးနှစ်ခုထံမှ အလွန်တရာကြောက်မက်ဖွယ်သောစွမ်းအင်များ ရုတ်ချည်းဖြာထွက်လာခဲ့သည်။ မီးတောက်နှင့်ဆီးနှင်း စစ်တပ်ကြီးနှစ်ခုရှိ စစ်သည်များအားလုံးသည် ဘယ်တစ်ဖက်၊ ညာတစ်ဖက်မှ ရုတ်ချည်းပျံသန်းလာခဲ့ကြပြီး ဝမ်ဖုန်းတို့ကို ဝန်းရံလိုက်ကြသည်။
ကြောက်မက်ဖွယ်စွမ်းအားသည် တောင်တစ်ခုလုံးသို့ ဖြာထွက်လွှမ်းမိုးသွားခဲ့ပြီး ဧရာမတောင်ကြီးတစ်လုံးမှ ဖိစီးနေသည့်အလား ဝမ်ဖုန်းနှင့်အခြားသူများ၏နေရာတစ်ဝိုက်မှာ အလွန်တရာလေးလံသောဖိအားများဖြင့် ပြည့်နှက်သွား၏။
သို့သော် ဝမ်ဖုန်းဖြစ်စေ၊ ချီမိန်ချွှေရွှယ်ဖြစ်စေ၊ အခြားသူများဖြစ်စေ ထိုဖိအားကို ခံစားရပြီးနောက်တွင် သူတို့၏မျက်နှာအမူအရာများမှာ အတော်လေးမှုန်မှိုင်းသွားကြ၏။ ကျင့်ကြံမှုအလျဉ်းမရှိသည့် ယဲ့မုချင်သည်ပင် သူမ၏မျက်နှာလှလှလေးမှာ လှပစွာပြုံးရယ်နေဆဲဖြင့် စိုးစဉ်းသော်မျှ စိတ်လှုပ်ရှားတုန်လှုပ်ခြင်း မရှိချေ။
ဒါက တကယ်မယုံကြည်နိုင်စရာပဲ!
အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူရာချီ၊ထောင်ချီမှ စုပေါင်းဖြစ်တည်စေခဲ့သည့်စွမ်းအင်လှိုင်းဖြင့် ရင်ဆိုင်ရပါလျှင် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများပင် တုန်လှုပ်ကြလိမ့်မည်ဖြစ်သည်။ သေမျိုးတစ်ဦး၏ပုံပန်းသဏ္ဍာန်ဖြင့်ယဲ့မုချင်သည် ဤကြောက်မက်ဖွယ်ဖိအားကို တကယ်ကြီး အလွယ်တကူရင်ဆိုင်နိုင်ပါသည်လော။
စစ်တပ်ကြီးနှစ်ခုသည် ဝမ်ဖုန်းတို့ကို အပြည့်အဝ ဝန်းရံထားပြီးနောက်တွင် စစ်သူကြီးချန်းလီသည် မျက်လုံးများကိုမှေးကျဉ်းလျက် ခမ်းနားကြီးကျယ်၍ဆန်းသစ်သည့်အဟုန်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ချန်းလီသည် လက်ကိုဆန့်ထုတ်ပြီးနောက် ပြင်းထန်စွာဖိနှိပ်လိုက်၏။
လေဟာပြင်ထက်တွင် ရွှေရောင်ဧရာမလက်ဖဝါးကြီးတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
ပြင်းထန်သည့်စွမ်းအင်များကိုသယ်ပိုးထားသည့် ရွှေရောင်လက်ဖဝါးကြီးသည် ဝမ်ဖုန်းတို့ရှိရာသို့ ဦးတည်ဖိနှိပ်ခဲ့လေရာ လေဟာပြင်မှာ ရုတ်ချည်း တွန့်လိမ်ပုံပျက်သွားခဲ့ပြီး ကွဲကြေအက်ကွဲလာခဲ့သည်။ ဖိနှိပ်နေသည့်လက်ဖဝါးနှင့်အတူ လေထုထဲတွင် လှိုင်းဂယက်များ ေဗြာင်းဆန်သွား၏။
ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြား၏ အထက်ကောင်းကင်အခြေအနေသည် နေနှင့်လတို့ အလင်းရောင်မှိန်ဖျော့သွားခဲ့သည့်အလား ပြောင်းလဲသွားခဲ့သည်။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ၏စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပါ၏။
ဤလက်ဖဝါးတိုက်ကွက်တွင် ချန်းလီသည် သူ၏စွမ်းအင်တို့ကို တုံ့ဆိုင်းခြင်းမရှိ အလုံးစုံအသုံးပြုခဲ့သည်။ ယောင်ရီအင်ပါယာ၏ ဆန်းကြယ်အင်ပါယာအဆင့်ရှိ ထိပ်တန်းအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် ချန်းလီမှ သူ၏စွမ်းအင်အလုံးစုံကို ထုတ်လွှတ်ခဲ့ခြင်းမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပါ၏။
အနည်းဆုံးတော့ ထိုမီတာရာချီအဝေးရှိ ဂိုဏ်းကြီးမှကျင့်ကြံသူများသည် ချန်းလီ၏ လက်ဖဝါးရိုက်ချက်စွမ်းအားကို ခံစားမိကြသည်တွင် တုန်လှုပ်သွားကြလျက် ကြောက်ရွံ့မှုအချို့ ဖြတ်ပြေးသွားခဲ့ကြသည်။
“စစ်သူကြီးချန်းလီကတော့ မျှော်မှန်းထားတဲ့အတိုင်းပါပဲ! သူ့ရဲ့စွမ်းအားက တကယ်ကို ကြောက်ခမန်းလိလိပဲ!”
“ဒီလိုအင်အားမျိုးက ယောင်ရီအင်ပါယာကြီးတစ်ခုလုံးမှာ ဧကရာဇ်ကြီးပြီးရင် စစ်သူကြီးချန်းလီမှာပဲ ရှိနိုင်လောက်မယ်”
“ယောင်ရီအင်ပါယာရဲ့ စစ်နတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်က ဒီတိုင်းစကားသက်သက်ပဲမဟုတ်ဘူး”
“ရှန်ရှန့်ကျုံဂိုဏ်းအတွက် တကယ်ဝမ်းနည်းစရာပဲ။ အခုမှ နာမည်ေကျာ်ကြားလာပြီး ယောင်ရီအင်ပါယာတစ်ခွင်ကို အံ့ဩတုန်လှုပ်စေနိုင်ရုံရှိသေးတယ်.. အိုးထဲက မီးတောက်လိုမျိုး ဒီနေ့ပဲ ဖျက်ဆီးခံရဖို့ ကံပါလာခဲ့ရှာတယ်”
ထိုဂိုဏ်းကြီးများမှကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် စိတ်မကောင်းဖြစ်ဟန်ဖြင့် တစ်ဦးပြီးတစ်ဦး သက်ပြင်းချပြောဆိုကြလေသည်။
ထိုဂိုဏ်းကြီးများထဲမှ ဂိုဏ်းတစ်ဂိုဏ်းသော်မှ ဧကရာဇ်နှင့် မယှဉ်ပြိုင်ဝံ့ကြပေ။ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းသည် အကြင်နာကင်းမဲ့လွန်း၏။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိုအပြုအမူလုပ်ရပ်များသည် သူတို့ဂိုဏ်းကြီးများမှာ အရည်အချင်းနိမ့်ကျသည်ဟု ပြသနေခဲ့သည်မဟုတ်ပါလော။
ထိုသို့သောရှန်ရှန့်ကျုံဂိုဏ်းသော်မှ မသေဆုံးမပျက်စီးရလျှင် အခြားမည်သူများ သေဆုံးပျက်စီးနိုင်ပါတော့မည်နည်း။
“ဂိုဏ်းချုပ် ဒီလူကိုကျွန်တော်နဲ့ လွှဲထားလိုက်ပါ!”
ချန်းလီ၏ကြောက်မက်ဖွယ်လက်ဖဝါးရိုက်ချက်ကို ရင်ဆိုင်ရသည်တွင် ဝမ်ဖုန်းတို့သည် တည်ငြိမ်အေးဆေးနေကြမြဲဖြစ်သည်။ ဝမ်ဖုန်း၏နောက်တွင်ရပ်နေသည့် ချုံဖုန်းသည် ခြေတစ်လှမ်းရှေ့တိုးလာခဲ့၍ ခိုင်မြဲစွာပြောခဲ့သည်။
ချုံဖုန်းမှာ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်း၏ရန်သူသည် သူ၏ရန်သူဖြစ်၏။
ချုံဖုန်းမှာ အချိန်အတော်ကြာ မည်သူနှင့်မျှ မတိုက်ခိုက်ဘဲ ရှိနေခဲ့ရရာ ထိုစစ်သူကြီးဟူသောပုဂ္ဂိုလ်ဖြင့် လေ့ကျင့်ရပေမည်။
“ကောင်းပြီ!”
ချုံဖုန်း၏စကားကို ဝမ်ဖုန်း ခေါင်းညိတ်ဖြေကြားလိုက်သည်။ ချုံဖုန်း၏အင်အားအရ ချန်းလီသည် အင်အားကြီးမားသော်ငြား ချုံဖုန်းမှ အနိုင်ရလိမ့်မည်ဟု ဝမ်ဖုန်းယုံကြည်မြဲဖြစ်သည်။
ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများထဲတွင် ဝမ်ဖုန်းဆင့်ခေါ်ခဲ့သည့် ချီမိန်ချွှေရွှယ်နှင့် အခြားသောပုဂ္ဂိုလ်များသည် ပထမအဆင့်နေရာတွင်ဖြစ်၏။ ထို့နောက်တွင်မူ အင်အားကြီးမားသည့် ဓားဘုရင်ချုံဖုန်းဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတိုင်းသည် ကြီးမားသည့်မုန်တိုင်းများကို ဖန်တီးနိုင်စွမ်းရှိပြီး ထိပ်တန်းပါရမီရှင်များဟု ဆိုနိုင်ပေသည်။
ဝမ်ဖုန်း၏ခွင့်ပြုချက်ကိုရရှိပြီးနောက်တွင် ချုံဖုန်းသည် သူ၏နောက်ကျောရှိ ဓားကြီးကို ဖြေးဖြေးချင်းဖြုတ်ယူ၍ မြေပြင်သို့ခုတ်ပိုင်းလိုက်၏။ မြေပြင်နှင့်ထိခတ်သည့်အသံကျယ်ကြီးနှင့်အတူ တောင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဓားကြီးနှင့်ထိခတ်သွားခဲ့သည့်နေရာသည် ရုတ်ချည်းပေါက်ကွဲသွားခဲ့သည်။ ကျောက်စရစ်များလွင့်စင်ထွက်လျက် တွင်းနက်ကြီးတစ်ခု ဖြစ်တည်သွား၏။
တစ်ပြိုင်နက်တည်းတွင် ချုံဖုန်း၏ခန္ဓာကိုယ်ထဲ၌ ချီစွမ်းအင်များ ကျယ်ပြန့်စွာစီးဆင်းနေခဲ့သည်။
ချုံဖုန်းသည် ဓားကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ဆောင်၍ သူ၏ခန္ဓာကိုတစ်ခုလုံးထက် ကြီးမားရှည်လျားသည့်ဓားကြီးကို ကိုင်မြှောက်လိုက်ပြီးနောက် ဆန်းသစ်လှသော အေးစက်သည့်ဓားစွမ်းအင်များ ရုတ်ချည်းဖြာထွက်လာခဲ့သည်။
ချုံဖုန်းသည် ဓားကို လက်နှစ်ဖက်သုံး၍ ခုတ်ပိုင်းခဲ့၏။
ထိုဓားချက်သည် အနည်းငယ်မျှသော စွမ်းအင်ပေါက်ကွဲခြင်းနှင့် ထက်ရှမှုမရှိပါလျှင် မထူးခြားသော သာမန်ဓားချက်သာ ဖြစ်ခဲ့လိမ့်မည်။
သို့သော် စူးရှတောက်ပသည့် ဓားစွမ်းအင်ရောင်ခြည်များ ဖြာထွက်နေခဲ့၏။
ထိုဓားချက်သည် ချီစွမ်းအင်ရောနှောပေါင်းစည်းထားသည့်အခြေအနေဖြင့် ကြောက်မက်ဖွယ်ဂါးတစ်ကောင်မှ သွားချွန်များ၊ လက်သည်းချွန်များဖြင့် ရန်သူကိုဟိန်းဟောက်ဖယ်ရှားသည့်အလား ဧရာမလက်ဖဝါးရိုက်ချက်ကြီးကို ခုခံဖယ်ရှားပစ်ခဲ့သည်။
ဘုန်း!
အားလုံး၏မယုံကြည်နိုင်မှုများပြည့်နှက်နေသည့် အကြည့်များအောက်တွင် ဓားချက်နှင့်လက်ဖဝါးရိုက်ချက်သည် ထိပ်တိုက်ထိခတ်သွားခဲ့ကာ ရွှေရောင်ဧရာမလက်ဖဝါးကြီးသည် ဓားစွမ်းအင်၏ အစိတ်စိတ်အမွှာမွှာဖြိုခွင်းခြင်းကို ခံလိုက်ရသည်။ ချုံဖုန်း၏ဓားစွမ်းအင်သည် လက်ဖဝါးရိုက်ချက်ကို ဘာမဟုတ်သည့်အရာလေးအလား ခွဲချေပစ်ခဲ့ပေသည်။
“ဘယ်…ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”
“စစ်သူကြီးရဲ့လက်ဖဝါးရိုက်ချက်က ရှန်ရှန့်ကျုံဂိုဏ်းစွမ်းအားမြင့်ကျင့်ကြံသူရဲ့ ဓားချက်ကြောင့် ပြိုကွဲသွားရတယ်တဲ့လား?”
“ဟား! ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကျင့်ကြံသူတွေက အရမ်းကြောက်ဖို့ကောင်းတာပဲ!”
မီတာရာချီအကွားအဝေးရှိ ဂိုဏ်းကြီးများမှကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့လိုက်ရချိန်တွင် မျက်လုံးအိမ်များ ကျုံ့ဝင်သွားကြရကာ ထိုနည်းဖြင့်သာ သူတို့၏စိတ်နှလုံးမှ အံ့ဩထိတ်လန့်မှုကို ဖြေလျှော့နိုင်မည့်အလား အဖန်တလဲလဲ အံ့အားသင့်စွာပြောဆိုကြလေတော့သည်။
အထူးသဖြင့် ထိုဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်အချို့ဖြစ်သည်။ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုအချို့ ဖြတ်ပြေးသွားလျက် မိမိကိုယ်မိမိ သုံးသပ်မေးမြန်းမိကြလေသည်။ သူတို့သာ စစ်သူကြီးချန်းလီ၏ ထိုလက်ဖဝါးရိုက်ချက်နှင့် ရင်ဆိုင်ခဲ့ရပါလျှင် အားကုန်သုံး၍သတိကြီးကြီး ထားရပေလိမ့်မည်။ သို့သော်ငြား ခုခံဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ သိုသိပ်စွာသော လူမသိသည့် ကျင့်ကြံသူတစ်ဦးသည် ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ရာ စစ်သူကြီးချန်းလီ၏လက်ဖဝါးရိုက်ချက်ကို ပြိုကွဲသွားစေခဲ့သည်။
ချန်းလီကိုယ်တိုင်သည်လည်း ချုံဖုန်း၏ဓားချက်ကြောင့် အံ့ဩထိတ်လန့်သွားခဲ့သည်။ ချန်းလီ၏ဦးခေါင်းတွင်းမှာ တဝီဝီမြည်သွားရကာ မျက်လုံးများမှာလည်း ကျွတ်ထွက်ကျလုမတတ်ဖြင့် တစ်ကိုယ်လုံးမှာ သိမ့်သိမ့်တုန်သွားရ၏။
သူ၏ထိုလက်ဖဝါးရိုက်ချက်သည် အင်အားအကြီးမားဆုံး မဟုတ်သော်ငြား အလွယ်တကူ ဖြိုခွင်းခံရမည့်တိုက်ကွက်တော့ မဟုတ်ပါချေ။
လက်ခံနိုင်ဖွယ်မရှိချေ။
ကြောက်မက်ဖွယ်အကောင်းဆုံးသောအရာမှာ ချန်းလီမှ အံ့ဩသင့်ဖွယ်သောအချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်းဖြစ်သည်။