← Chapters

တော်ဝင်အကြီးအကဲများ စတင်လှုပ်ရှား။

Vol. 6 Ch. 84

တော်ဝင်အကြီးအကဲများ စတင်လှုပ်ရှား။

Vol. 6 Ch. 84

သူ၏လက်ဖဝါးရိုက်ချက်ကို အစိတ်စိတ်အမွှာမွှာဖြိုခွင်းခဲ့သူမှာ ယခင်မြင်တွေ့ခဲ့ဖူးပြီးသည့် စွမ်းအားမြင့်ကျင့်ကြံသူငါးဦးထဲမှ တစ်ယောက်မဟုတ်ဘဲ အခြားကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို ချန်းလီ ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဆိုလိုသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူစုစုပေါင်း၆ဦးရှိပြီး ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်ဟူ၍ဖြစ်သည်။

ဒါက… ဘယ်လိုဖြစ်နိုင်မှာလဲ?!

ထိုအခိုက်အတန့်တွင် ချန်းလီသည် တစ်ကိုယ်လုံး‌တုန်ရီသွားလျက် သူ၏စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်မှုများ အားကောင်းစွာပေါ်ထွက်လာခဲ့သည်။

မိမိနှင့်ဧကရာဇ်ကြီးမှာ ရှန်ရှန့်ကျုံဂိုဏ်းကို အထင်အမြင်သေးခဲ့မိပြီထင်ပါ၏။

ချန်းလီသည် အံ့ဩမင်သက်သွား‌ခဲ့သော်ငြား ချုံဖုန်းသည်တော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။

ချုံဖုန်းသည် ချန်းလီကိုစိုက်ကြည့်၍ အရေးမထားဟန်ပြော၏။

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အင်အားနဲ့မျိုးဆက်အမွေတွေက မင်းတို့စိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူး!”

ဘုန်း!

ထိုစကားသံအဆုံးတွင် ချုံဖုန်း၏ခန္ဓာကိုယ်မှ မမြင်နိုင်သည့်လေထုအားတစ်ခု ထွက်လာခဲ့သည်။

ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏စွမ်းအင်ကဲ့သို့ ‌ထိတ်လန့်ရင်ဖိုဖွယ်ကောင်းလှပေသည်။

ချန်းလီသည်တော့ သူ၏ဦးခေါင်းမှာ ပေါက်ကွဲထွက်လုနီးပါး ပို၍တဝီဝီမြည်လာခဲ့တော့သည်။ ချုံဖုန်းမှ ထိုမမြင်နိုင်သည့်စွမ်းအင်ကို ထုတ်လွှတ်လာသည်တွင် ချန်းလီ၏ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များအားလုံးမှာ ထောင်ထလာခဲ့ပြီး ကြက်သီးမွေးညင်းများပင် ထလာရသည်။

ထိုမမြင်တွေ့နိုင်သည့်စွမ်းအင်မှ သေခြင်းရှင်ခြင်း၏ ပြင်းထန်လှသောကပ်ဘေးကို ခံစား‌နေရပေသည်။

ဘုန်း!

ချုံဖုန်းသည် ဓားချက်တစ်ခုကို လွှဲခုတ်လိုက်သည်။ ဤဓားချက်သည်လည်း သာမန်ဓားချက်သာဖြစ်သော်ငြား အရင်ဓားချက်နှင့်မတူညီစွာ လူများကို ဤဓားချက်တွင်ပါဝင်သည့် အဆုံးမဲ့ထက်ရှမှုကို ခံစားနိုင်ပေသည်။

ထိုအဆုံးမဲ့ထက်ရှမှုသည် ဓားရောင်ခြည်ထဲတွင် သိုဝှက်နေခဲ့ပြီး ပေါ်ထွက်မလာခဲ့သည်သာ ရှိသည်။

ထိုဓားချက်သည် ချန်းလီသို့ ဦးတည်ခုတ်ပိုင်းလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိလေဟာပြင်သည် အဆက်မပြတ်တွန့်ကျုံ့သွားခဲ့သည်။ ပြိုင်ဘက်ကင်းထက်ရှမှုရှိနေသကဲ့သို့ သူ၏ဝန်းကျင်လေဟာပြင်ကို အင်အားပြင်းထန်စွာဖိအားဖြစ်တည်စေခဲ့သည်။

ဤကြောက်မက်ဖွယ်ဓားချက်ဖြင့် ရင်ဆိုင်‌ရသည်တွင် ချန်းလီ စိတ်တည်ငြိမ်ရန်ကြိုးစားလိုက်သည်။ ‌အဆုံးတွင်တော့ ချန်းလီသည် မရေမတွက်နိုင်‌ေသာ သတ်ဖြတ်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည့် တော်ဝင်စစ်သူကြီးဖြစ်ပေသည်။ အင်အားကြီးမားသည့် ပြိုင်ဘက်စစ်တပ်၏ရှေ့မှောက်တွင် သူ့တွင် မရှိသင့်ဆုံးသောအရာမှာ အကြောက်တရားဖြစ်သည်ကို ချန်းလီသိပါ၏။

သူ၏ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သောစွမ်းအင်များ ဖြာထွက်လာခဲ့ပြီး လက်ကိုဆန့်ထုတ်လျက် လေထုကိုဆုပ်ကိုင်လိုက်ရာ အနက်ရောင်ဓားရှည်တစ်ချောင်း ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး ချန်းလီမှ တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

နှစ်မီတာအရှည်ပြန့်ကျယ်ဓားဖြစ်ပြီး ချုံဖုန်း၏ဓားနှင့် အရွယ်အစားတူညီပေသည်။ ဓားတစ်ခုလုံးမှာ မည်းနက်နေပေသည်။ ဓားကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်သောမျဉ်းများ ထိုးထွင်းထား၏။ ဓားစွမ်းအင်ဖြာထွက်နေခြင်းမရှိသော်ငြား တစ်ချက်ကြည့်ရုံဖြင့်ပင် လူ၏စိတ်နှလုံးကို တုန်ရီစေနိုင်ပေသည်။

ဓားရှည်ကို‌ကိုင်ဆောင်ပြီးနောက်တွင် ချန်းလီ၏အရှိန်အဝါသည် အလုံးစုံပြောင်းလဲသွားခဲ့ပြီး ကြမ်းကြုတ်ပြင်းထန်၍ဖိနှိပ်ညှင်းပန်းသော ဓားအရှိန်အဝါသည် ချန်းလီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ထိုဓားအရှိန်အဝါကိုခံစားမိသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏နောက်တွင်ရပ်‌ေနသည့် ရှောင်းရှီရိလင်သည် မျက်လုံးကိုအနည်းငယ်မှေးကျဉ်းလိုက်ကာ သူ၏နောက်ကျောမှဓားသည်လည်း အနည်းငယ်တုန်ခါနေခဲ့သည်။

ချန်းလီ သူ၏လက်ထဲမှဓားကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် ရှုပ်ထွေးစုံလင်သည့်ရောင်ဝါများ ထင်ဟပ်လာခဲ့သည်။ သူ့အား ဤဓားကို ထုတ်ယူအသုံးပြုစေနိုင်ခဲ့သူ မရှိခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီကို ချန်းလီ မမှတ်မိပါတော့ချေ။

သို့သော် ယခု၌ ‌အင်အားကြီးမားသည့်ပြိုင်ဘက်ကို ရင်ဆိုင်ရသည်ဖြစ်ရာ ဤဓားကို ပြန်လည်အသက်သွင်းခဲ့သည်။ ယောင်ရီအင်ပါယာကြီး၏ စစ်နတ်ဘုရားဖြစ်သည့် စစ်သူကြီးချန်းလီသာလျှင် ကိုင်ဆောင်သောဓားဖြစ်သည်။

ထိုအခိုက်တွင်

ချန်းလီ၏မျက်နှာမှာ အလွန်လေးနက်နေခဲ့သည်။ သူ၏မျက်လုံးများသည်လည်း အေးစက်သည့်အလင်းတို့ တဖျတ်ဖျတ်လက်နေခဲ့သည်။

ကမ္ဘာလောကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးတော့မည့်အလား…

ချန်းလီသည် အလယ်ဗဟိုတွင်ရပ်နေခဲ့ပြီး သူ၏ဝန်းကျင်ရှိလေဟာပြင်သည် ဓားစွမ်းအင်ကြောင့် အက်ကွဲနေခဲ့ကြပြီး မည်းနက်သည့်အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေခဲ့သည်။

ကမ္ဘာလောကကြီး၏အဆုံးသတ်ပျက်စီးချိန်သို့ ရောက်ရှိနေခဲ့သည့်အလား အခြေအနေသည် မီတာရာချီအဝေးရှိ ဂိုဏ်းကြီးများမှထိုကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

ယခုလက်ရှိချန်းလီသည် သူတို့၏စိတ်နှလုံးတွင်းရှိ တော်ဝင်စစ်နတ်ဘုရားဟူသော ပုံရိပ်ဖြစ်ပါ၏။

ဝမ်ဖုန်းတို့ကိုဝန်းရံထားသည့် တော်ဝင်အကြီးအကဲများနှင့် စစ်တပ်ကြီးနှစ်ခုမှစစ်သည်တို့သည် ချန်းလီအား ရိုသေလေးစားသောအကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။ ဤသည်မှာ ယောင်ရီအင်ပါယာ၏စစ်နတ်ဘုရားဖြစ်ပြီး တော်ဝင်စစ်တပ်ကြီး၏ အမိန့်အာဏာတည်မြဲသည့်စစ်သူကြီးဖြစ်ပေသည်။

အားလုံး၏ အံ့ဩမှုနှင့်ကြည်ညိုလေးစားမှုများသည် ချန်းလီကို အနည်းငယ်သော်မျှ သက်ရောက်မှုမရှိပါချေ။ သူ၏မျက်လုံးထဲတွင် ဓားစွမ်းအင်ရောင်ခြည်နှင့်ပး ထိုပုံရိပ်တစ်ခုတည်းကိုသာ မြင်တွေ့တော့၏။

ချန်းလီသည် ဓားရှည်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် အားကောင်းစွာလည်ပတ်နေလျက် ဆုပ်ကိုင်ထားသည့်ဓားရှည်ထဲသို့ စီးဆင်းသွားခဲ့သည်။ ဓားရှည်ကြီးမှာ‌ တောက်ပစူးရှသော ဓားရောင်ခြည်များလင်းလက်နေခဲ့၏။

အဆုံးမဲ့ဓားစွမ်းအင်ရောင်ခြည်သည် ချန်းလီ၏ခန္ဓာတစ်ဝိုက်တွင် ရစ်ပတ်လွှမ်းခြုံသွားခဲ့ကာ ဓားစွမ်းအင်နယ်ပယ် ဖြစ်ပေါ်စေခဲ့သည်။

ဟ့!

ချန်းလီမှ ဓားရှည်ဖြင့် ပြင်းပြင်းထန်ထန် လွှဲရမ်းခုတ်ပိုင်းလိုက်ရာ ကြောက်မက်ဖွယ်သောဓာရောင်ခြည်သည် ရုတ်ချည်းပေါ်ထွက်လာခဲ့ပြီး သူ၏ခန္ဓာတစ်ဝိုက်ရှိ မရေတွက်နိုင်အောင်သောဓားစွမ်းအင်များသည်လည်း ထိုဓားရောင်ခြည်နှင့်အတူ ရန်သူဆီသို့ တစ်ဟုန်ထိုးဦးတည်သွားခဲ့သည်။ စစ်တပ်ကြီး၏စစ်သူကြီးဟူသည့်အတိုင်း ပြိင်ဘက်ကင်းစွမ်းအားသည် ပြင်းထန်အားကောင်းလှပေသည်။

ထိုပစ်လွတ်လိုက်သည့် ဓားစွမ်းအင်ရောင်ခြည်နှင့်အတူ တိမ်တိုက်မည်းထက်မှ ကြမ်းကြုတ်ခက်ထန်သည့် ပြိုင်ဘက်ကင်းသားရဲတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလား ရှန်ရှန့်ကျုံဂိုဏ်းတစ်ခွင်၌ ကြောက်မက်ဖွယ်ဖိနှိပ်တင်းကြပ်မှုတို့ဖြင့် လွှမ်းခြုံသွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးဆုံးတပည့်လီဟေးမှလွဲ၍ အခြားတပည့်များသည် တာဝန်လက်ခံထားရှိသည်ကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအနီးတစ်ဝိုက်ရှိ တော်ဝင်သူလျှိုများကို ရှင်းလင်းရန်ထွက်သွားခဲ့ကြ၍ တော်ပါသေးသည်။ သို့မဟုတ်ပါက ထိုဖိနှိပ်တင်းကြပ်မှုတစ်ခုတည်းဖြင့်ပင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို ပေါ်ပေါ်တင်တင် အရောင်ပြောင်းလဲသွားစေခဲ့မည်ဖြစ်၏။

ထိုဓားချက်ကို ကျော်လွှားခြင်းမပြုနိုင်ချေ!

ရှေးဟောင်းနတ်ဘုရားတစ်ပါးမှ ခုတ်ပိုင်းလိုက်သည့်ဓားချက်ကဲ့သို့ လူတို့မှာ တုန်ရီသွားခဲ့ကြရသည်။

ဘုန်း!

လူများစွာတို့၏အကြည့်အောက်တွင် ဓားချက်တို့သည် ပြင်းထန်စွာ ထိပ်တိုက်ထိခတ်သွားကြပြီး ကမ္ဘာလောကကြီးတစ်ခုလုံးမှာ အချိန်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်တွင် နားကွဲလုမတတ် ပေါက်ကွဲသံကျယ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

မီတာရာချီအကွာအဝေးရှိ ကျင့်ကြံသူများသည်ပင် ‌လှိုင်းလေထန်သည့်ပင်လယ်ပြင်ကြီးကဲ့သို့ ပြင်းထန်လှသည့်စွမ်းအင်လှိုင်းကြီးကို ခံစားလိုက်ကြရသည်။ ကျင့်ကြံသူအားလုံးတို့မှာ ရုတ်ချည်းမျက်နှာအရောင်ပြောင်းလဲသွားကြရပြီး မိမိကိုယ်ကိုကာကွယ်ရန် အလျင်အမြန် ချီစွမ်းအင်များထုတ်လွှတ်လိုက်ရပေသည်။

ထူးဆန်းသည်မှာ ထိုမျှအင်အားကြီးမားသည့် စွမ်းအင်လှိုင်းလုံးကြီးသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခွင်ကို ရိုက်ခတ်ဖြာထွက်သွားခဲ့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏အဆောက်အဦးများမှာ ပျက်စီးထိခိုက်မှုအလျဉ်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေခြင်းဖြစ်ပေသည်။ ထိုအဆောက်အဦးများကို မမြင်တွေ့နိုင်သည့်စွမ်းအင်တစ်ခုဖြင့် ကာကွယ်ထားသည့်အလား ထိခိုက်ပျက်စီးမှု စိုးစဉ်းမျှမရှိခဲ့ချေ။

ဘုန်း!

ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်ကာ ထိုပေါက်ကွဲမှုအလယ်မှ စစ်သူကြီးချန်းလီ၏လက်ချောင်းမှာ လွင့်ပျံထွက်သွားခဲ့သည်။ ခန္ဓာကိုယ်မှာ လေဟာပြင်တွင် အကြိမ်များစွာ ကျွမ်းပစ်လည်ထွက်သွားလျက် ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်စေရန် ခက်ခက်ခဲခဲထိန်းလိုက်ရပေသည်။

စစ်သူကြီးချန်းလီမှာ နှုတ်ခမ်းထောင့်မှ သွေးတစ်ပွက်ထွက်အံကျသွားခဲ့ရလျက် မျက်နှာသည်လည်း စက္ကူတစ်ရွက်အလား ဖြူရော်လာခဲ့လေသည်။ ချန်းလီသည် ချုံဖုန်းအား တုန်လှုပ်စွာကြည့်လိုက်သည်။ မိမိမှာ ဤဓားကိုထုတ်သုံးခဲ့သည့်တိုင် ချုံဖုန်း၏ပြိုင်ဘက်မဖြစ်နိုင်သေးဟု ချန်းလီ မျှော်လင့်မထားမိခဲ့ပေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများသည် ထိုမျှကြောက်ခမန်းလိလိ အင်အားကြီးမားကြသည်လော?

“မဖြစ်နိုင်တာ! မင်းက အဲ့လောက်ထိ စွမ်းအားကြီးတယ်လို့ ငါမယုံဘူး!”

စစ်သူကြီးချန်းလီသည် ဟစ်ကြွေးလျက် ဓားရှည်ကို တင်းတင်းဆုပ်ကိုင်၍ ရှေ့တူရူသို့ တစ်ဟုန်ထိုးတိုက်ခိုက်လေသည်။

ချုံဖုန်းသည်လည်း နောက်ပြန်ဆုတ်ခွာခြင်း မပြုချေ။ ရှေ့သို့တစ်လှမ်းတိုး၍ လေဟာပြင်တွင်ရပ်တည်ကာ လေးကြိုးမှပစ်လွှတ်လိုက်သည့်မြားတစ်ချောင်းကဲ့သို့ စစ်သူကြီးချန်းလီသို့ဦးတည်သွား၍ တစ်ဟုန်ထိုးတိုက်ခိုက်၏။

ဘုန်း! ဘုန်း!

လေဟာပြင်အလယ်တွင် နှစ်ဦးသား ထိပ်တိုက်ထိခတ်ကြကုန်၏။ သူတို့နှစ်ဦး ထိပ်တိုက်ထိခတ်သွားချိန်တိုင်းတွင် အဆုံးမဲ့ဓားစွမ်းအင်များနှင့် ဓားရောင်ခြည်များဖြာထွက်လာခဲ့လျက် လေဟာပြင်ကိုအက်ကွဲစေ၍ ပထဝီမြေကြီးကို ပေါက်ကွဲစေခဲ့သည်။

မီတာရာချီအဝေးရှိကျင့်ကြံသူတို့သည် ဤတစ်ကြိမ်တွင်တော့ နှစ်ဦးသား၏ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေခဲ့ကြလျက် စိတ်အစဉ်မှာလည်း ပြင်းစွာခုန်လှုပ်နေကြပေသည်။

သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းမှာ စစ်သူကြီးချန်းလီဦးဆောင်သည့် ထိပ်တန်းစစ်တပ်ကြီးနှစ်ခု၏ ပြတ်ပြတ်သားသား အနိုင်ပိုင်းခံရ၍ သတ်ဖြတ်ခံရလိမ့်မည်ဟု တွေးထားခဲ့ကြသည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားမှာ သူတို့စိတ်ကူးတွေးတောထားသည်ထက် များစွာသာလွန်ပုံရလေသည်။

ရုတ်တရက်ပေါ်ထွက်လာသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦးသည် စစ်သူကြီးချန်းလီကဲ့သို့သောပုဂ္ဂိုလ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။ ၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းနေသည် မဟုတ်ပါလော။

ထိုအချိန်တွင် ထိုဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များ၏မျက်လုံးများမှာ တုန်လှုပ်နေကြရင်းဖြင့် ဖော်ပြ၍မရနိုင်သည့်အလင်းတချို့လည်း ထင်ဟပ်နေခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် ဧကရာဇ်၏တိုက်ခိုက်မှုကို ခုခံနိုင်ပါလျှင် သူတို့ဂိုဏ်းများသည်လည်း စံအမှတ်တစ်ခု ထားရှိနိုင်မည်ဖြစ်သည်။

“အခု ငါတို့စောင့်ရမယ့်အလှည့်ပဲ!”

လေဟာပြင်တွင်တိတ်ဆိတ်စွာရပ်နေသည့် အင်ပါယာ၏အကြီးအကဲငါးဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လျက် လေးနက်တည်ကြည်စွာပြော၏။

အကြီးအကဲငါးဦးသည်လည်း ချုံဖုန်းထုတ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းအင်အားကြောင့် အံ့ဩထိတ်လန့်သွားခဲ့သည်။

ဘုန်း!

တော်ဝင်အကြီးအကဲငါးဦး၏ခန္ဓာကိုယ်တို့မှ ကြောက်မက်ဖွယ်ပြင်းထန်သည့်ခွန်အားတို့ ပေါ်ထွက်လာခဲ့ပြီး ထိုပြင်းထန်သည့်ခွန်အားကြီးများသည် လေဆင်နှာမောင်းကဲ့သို့ တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံဖြတ်သန်းသွားခဲ့သည်။

ဤသို့သောအခိုက်အတန့်၌ တော်ဝင်အကြီးအကဲငါးဦးအနေဖြင့် ဖုံးကွယ်ဝှက်နေရန် မလိုအပ်ပါတော့ချေ။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံမှု၏အရှိန်အဝါများ ရုတ်ချည်းပေါက်ကွဲထွက်လာခဲ့၏။

ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါသွားရ၏!

“ဟ! ဒီလူ‌တွေက… ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူငါးယောက်လား”

“ဒါက… ထိပ်တန်းစစ်တပ်ကြီးနှစ်ခုကို စေလွှတ်ခဲ့ရုံတင်မကဘဲ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူငါးယောက်ကိုပါ စေလွှတ်ခဲ့သေးတာလား”

“ဟား! ဒီရှန်ရှန့်ကျုံဂိုဏ်းက ခုခံနိုင်ပါဦးမလား”

“အဲဒီ့လူရဲ့အလိုဆန္ဒက တကယ့်ကိုပြတ်သားခိုင်မာတာပဲ! ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူငါးဦးကို‌ စေလွှတ်တယ်ဆိုတာ နှစ်ပေါင်းရာချီအတွင်း တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ဖြစ်ရပ်ပဲ”

မီတာရာချီအဝေးရှိကျင့်ကြံသူများသည်လည်း ထိုတော်ဝင်အကြီးအကဲငါးဦး၏စွမ်းအားကို ခံစားမိသည်တွင် အေးစက်သည့်လေကို ပြင်းပြင်းရှူရှိုက်လိုက်ရင်းဖြင့် အံ့ဩထိတ်လန့်ကုန်ကြလေသည်။

သို့ဖြင့် ထိုဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များသည် မကြာသေးသည့်အချိန်ခဏလေးအတွင်း ပေါ်ထွက်လာခဲ့သည့်အတွေးတို့ကို အလျင်စလို ပြန်လည်ချုပ်တည်းရုပ်သိမ်းလိုက်တော့သည်။

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦး၊ ထိပ်တန်းစစ်တပ်ကြီးနှစ်ခုနှ့င် စစ်သူကြီးချန်းလီ.. ထိုမျှသောအင်အားစုသည် ယောင်ရီအင်ပါယာ၏ထိပ်တန်းဂိုဏ်းများကို ဖျက်ဆီးချေမှုန်းရန် လုံလောက်သောအင်အားဖြစ်ပါ၏။

ရှန်ရှန့်ကျုံးဂိုဏ်း၌ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦး မဟုတ်ပေ.. ခြောက်ဦးရှိသော်ငြား ထိပ်တန်းစစ်တပ်ကြီးနှစ်ခုမှာ သာမန်လူများ ခုခံနိုင်စွမ်းသည့်အရာ မဟုတ်ချေ။

လက်ရှိအခြေအနေအရ ရှန်ရှန့်ကျုံဂိုဏ်း၏ ရှုံးနိမ့်နိုင်ခြေမှာ မြင့်မားနေဆဲဖြစ်သည်။

ဝမ်ဖုန်းသည် စံအိမ်အပြင်ဘက်မှ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦး၏စွမ်းအင်တို့ကို ခံစားမိလိုက်သည်။ ထို့နောက် ဝမ်ဖုန်း၏မျက်နှာထက်တွင် လှောင်ပြုံးရိပ်အချို့ ထင်ဟပ်လာခဲ့၏။

ဧကရာဇ်ကြီးသည် အမှန်တကယ် သတိကြီးလွန်းလှပါ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းသည် ဧကရာဇ်ကြီးဖြစ်စေ၊ သူ၏ယောင်ရီအင်ပါယာကြီးတစ်ခုလုံးဖြစ်စေ စော်ကားပြစ်မှား၍မရနိုင်သည့် တည်ရှိမှုဖြစ်သည်ကိုမူ ဧကရာဇ်ကြီးသည် မှန်းဆတွေးထင်မထားခဲ့ချေ။

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦး၊ ထိပ်တန်းစစ်တပ်ကြီးနှစ်ခုနှ့င် စစ်သူကြီးချန်းလီဟူသော အင်အားစုသည် ယောင်ရီအင်ပါယာ၏ထိပ်တန်းဂိုဏ်းများကို ဖျက်ဆီးချေမှုန်းရန် လုံလောက်သောအင်အားဖြစ်ပါ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ရှေ့မှောက်တွင်မူ ၎င်းအင်အားစုမှာ အားနည်းလွန်းလှသည်သာဖြစ်၏။

“မင်းတို့ရဲ့ပြိုင်ဘက်ကို စိတ်ကြိုက်ရွေးကြ!”

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရပ်နေဆဲဖြင့် အရေးမထားဟန်ပြောလိုက်သည်။

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူငါးဦးထက်ပို၍ စေလွှတ်ခဲ့လျှင်သော်မှ ဝမ်ဖုန်းနှင့် သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ ကြောက်ရွံ့တုန်လှုပ်လိမ့်မည်မဟုတ်ချေ။

ချီမိန်ချွှေရွှယ်၊ ယဲ့ကူချန်၊ ရှောင်းရှီရိလင်၊ ဘုန်းတော်ကြီးဝူရှန်းနှင့် ဓားဧကရာဇ်ယန်‌တောက်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ထွက်သွားခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များဖြာထွက်လျက် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်၏ ချီစွမ်းအင်တို့သည် လှိုင်းလေထန်သည့်ပင်လယ်ပြင်အလား ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံထိခတ်သွားခဲ့သည်။

ဓားဧကရာဇ်ယန်တောက်နှင့်တကွ ရှန်န်ရှန့်ကျုံဂိုဏ်းအကြီးအကဲလေးဦး၏ ချီစွမ်းအင်သည် တော်ဝင်အကြီးအကဲငါးဦး၏ချီစွမ်းအင်နှင့် ထိပ်တိုက်ထိခတ်သွားခဲ့ကာ လေဟာပြင်မှာ သာမန်မျက်လုံးဖြင့်မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်သွားခဲ့လေသည်။

တော်ဝင်အကြီးအကဲငါးဦး၏ မျက်လုံးအိမ်များမှာ ရုတ်ချည်းကျဉ်းကျုံ့သွားရသည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦးရှိသည်ကို သိထားခဲ့သော်ငြား ထိုငါးဦး၏စွမ်းအားကို တကယ်တမ်းလက်တွေ့ခံစားလိုက်ရသည်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ၏စွမ်းရည်သည် သာမန်ထက် သာလွန်ထူးကဲသည်ကို နားလည်သွားခဲ့ရသည်။

တော်ဝင်အကြီးအကဲငါးဦးသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲကို မြင်တွေ့လိုက်ရချိန်တွင် တည်ကြည်လေးနက်သော မျက်နှာအမူအရာတို့ဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။

တော်ဝင်အကြီးအကဲငါးဦး၏ခေါင်းဆောင်သည် ဓားဧရာဇ်ယန်တောက်နှင့် ရင်ဆိုင်ခဲ့ပြီး ကျန်တော်ဝင်အကြီးအကဲလေးဦးသည် ချီမိန်ချွှေရွှယ်တို့နှင့် ရင်ဆိုင်ကြသည်။

“ဓားဧကရာဇ်ယန်တောက် မင်းဘယ်လိုလုပ်ပြီး ဧကရာဇ်ကြီးကို သစ္စာဖောက်ရဲရတာလဲ!”

တော်ဝင်အကြီးအကဲငါးဦး၏ခေါင်းဆောင်မှ ဓားဧကရာဇ်ယန်တောက်၏ သရုပ်မှန်ကိုမြင်တွေ့လိုက်ရသည်တွင် မထိန်းချုပ်နိုင်စွာ အံ့ဩတုန်လှုပ်လျက် ဓားဧကရာဇ်ယန်တောက်အား လက်ညှိုးတထိုးထိုးဖြင့် ပြော‌ဆိုတော့သည်။ သူ၏တစ်ကိုယ်လုံးမှာ တုန်ရီနေခဲ့၏။

All Chapters