အိမ်ကို မကြာမကြာ လာလည်
Vol. 40 Ch. 588
အချိန်တိုအတွင်းမှာပင် စိတ်လှုပ်ရှားမှုက အမြင့်ဆုံးသို့ ထိုးတက်သွားလေသည်။
နောက်ဆုံးတွင် အားလုံး၏ စိတ်အားထက်သန်သော အကြည့်အောက်၌ ချန်ရှောင်ယန်က စတင်၍ သီချင်းဆို လေတော့သည်။
“အားလပ်ချိန်လေး ချန်ထားပေးပါ၊ အားလပ်ချိန်လေး ချန်ထားပေးနိုင်မလား
မင်းရဲ့ ကလေးတွေကို ခေါ်ပြီး အိမ်ကို မကြာမကြာ လာလည်ပေးပါ
အပြုံးကို ဆောင်ကြဉ်းလာပေးပါ၊ မင်းရဲ့ ကံကောင်းမှုတွေကို ယူဆောင်လာပေးပါ
မင်းချစ်ရတဲ့သူတွေနဲ့ အချိန်ကို အတူ ကုန်ဆုံးပြီး အိမ်ကို မကြာမကြာ လာလည်ပေးပါ …”
အသံ၌ ရွှင်ပျဟန်၊ တက်ကြွဟန်နှင့် ချစ်ခင်ရင်းနှီးမှုတို့ ပါဝင်နေသည်။
သီချင်းသည် Gala နွေဦးပွဲတော်၏ အငွေ့အသက်နှင့် အလွန် လိုက်ဖက်မှု ရှိနေသည်။ ၎င်း၏ ခံစားချက်က Gala နွေဦးပွဲတော်ကိုလည်း ထင်ဟပ်စေ၏။
ထို့အပြင် ချန်ရှောင်ယန်၏ အသံက အလွန် သိမ်မွေ့ နူးညံ့ပြီး သီချင်း၏ ခံစားချက်ကို ထင်ထင်ရှားရှား ဖော်ပြ နိုင်သည်။
သီချင်းအစက လူတိုင်း၏ အာရုံကို တန်း၍ ဖမ်းစားသွားလေသည်။ သူတို့၏ အာရုံတင် မကချေ။ အကြောင်းမှာ အတိအကျ ပြောရမည်ဆိုပါက လူတိုင်း၏ နှလုံးသားကို တန်း၍ ထိုးဖောက်သွားနိုင်ခြင်း ဖြစ်သည်။
ထိုသို့သောအချိန်၌ သီချင်းကို ကြားလိုက်ရသည့်သူတိုင်းသူတို့ လုပ်လက်စ အရာများကို ဘေးဖယ်ထား လိုက်တော့သည်။ ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည့် သူများကမူ အလိုလို အသံကို နှိမ့်မိသွားကြသည်။
ကင်မရာရှေ့၌ ရပ်နေသော ချန်ရှောင်ယန်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံနွယ်များက လှိုင်းသဖွယ် ကောက်ကွေ့နေကာ တရုတ် နှစ်သစ်ကူး၏ ပျော်ရွှင်မှုနှင့်အတူ သီချင်းကို ဆက်လက်၍ သီဆိုနေ၏။
“အမေက မင်းကို တကျည်ကျည် လုပ်ဖို့ အသင့်ပါပဲ
အဖေက မင်းအတွက် အရသာရှိတဲ့ ဟင်းလျာကို ချက်ထားပြီးပြီ
အမေ့ကို ဘဝရဲ့ ပြဿနာတွေအကြောင်း ပြောပြပါ
အဖေ့ကို အလုပ်မှာ ဘာဖြစ်ခဲ့သလဲ ပြောပြပါ …”
အလွန် ရိုးရှင်းသော စာသားများက လူတစ်ယောက်၏ တစ်နေ့တာအကြောင်း ပြောပြနေသလိုပင်။ ယင်းက လူတိုင်း၏ နှလုံးသားအား ဒိတ်ခနဲ ဖြစ်သွားစေသည်။
တကျည်ကျည် လုပ်နေသော အမေ၊ စားပွဲဝိုင်းမှ အရသာရှိသော ဟင်းလျာ၊ ဘဝ၏ ပြဿနာများနှင့် အလုပ်မှ ကိစ္စများ။ ယင်းတို့တွင် လူတစ်ယောက် ဖြတ်ကျော်နေရသော ဒုက္ခများ၏ ရှစ်ဆယ် ရာခိုင်နှုန်း ပါဝင်နေသည်။
တီဗွီရှေ့၌ ထိုင်နေသော ကလေးများသည် သူတို့၏ မိဘများကို အလိုလို လှမ်းကြည့်လိုက်မိပြီး သူတို့က အခြားသူများထက် ပို၍ စိတ်အားထက်သန်စွာ နားထောင်နေကြသည်ကို သတိပြုမိသွားသည်။
“အိမ်ကို မကြာမကြာ လာလည်ပါ၊ အိမ်ကို မကြာ မကြာ လာလည်ပါ
အမေ့အတွက် တူတွေနဲ့ ပန်းကန်တွေကို ဆေးရရင်တောင်မှပေါ့
လူကြီးတွေက သူတို့ကလေးတွေဆီက အများကြီး မတောင်းဆိုတတ်ပါဘူး
သူတို့ရဲ့ ဘဝတွေက မလွယ်ကူပင်မယ့် သူတို့အားလုံး ဆန္ဒရှိတာက မိသားစုဝင်တွေ ပြန်ဆုံစည်းတာပါပဲ
အိမ်ကို မကြာမကြာ လာလည်ပါ၊ အိမ်ကို မကြာမကြာ လာလည်ပါ
အဖေ့ရဲ့ ကျောနဲ့ ပခုံးတွေကို နှိပ်ပေးရမယ်ဆိုရင်တောင်မှပေါ့
လူကြီးတွေက သူတို့ကလေးတွေဆီက အများကြီး မတောင်းဆိုတတ်ပါဘူး
သူတို့ရဲ့ ဘဝကို စိုးရိမ်ရင်း ဖြတ်သန်းနေပင်မယ့် သူတို့အားလုံး မျှော်လင့်တာက အေးချမ်းမှုနဲ့ ပျော်ရွှင်မှုပါ …”
သီချင်းကို ဆက်လက်၍ သီဆိုနေပြီးနောက် သူမအသံကို အချိန်အတော်ကြာအောင် ဆွဲ၍ သီဆိုလိုက်သည်။ အသံက သိမ်မွေ့သော်လည်း ခံစားချက်များစွာ ပါဝင်နေ၏။ သူမ၏ စကားလုံးများက လူတိုင်း၏ နှလုံးသားကို ထိမှန်လေသည်။
လူငယ်များသည် မွန်းကျပ်သလို ခံစားလာရပြီး စကားလုံးများ ပျောက်ဆုံးကုန်ကြသည်။
လူကြီးများသည် တီဗွီကို ခံစားချက်များ ရောပြွမ်းနေသော အမူအရာနှင့် ငေးကြည့်နေ၏။
“ဒါက သိပ်အံ့ဩဖို့ကောင်းတာပဲ”
မြို့တော်၏ တစ်နေရာမှ ဆံပင် ဖြူနေသော အဘွားတစ်ယောက်က ရုတ်တရက် ပြောလာပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။
အသက် ကိုးဆယ့်ခြောက်နှစ်၌ သူမ ဘဝ၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ Gala နွေဦးပွဲတော်ကို ကြည့်ခြင်းပင်။ ယခုနှစ် Gala နွေဦးပွဲတော်၌ ကိုရီးယားမှ လူငယ် အမျိုးသား အဆိုတော်ကို ဖိတ်ကြားခဲ့သည်ဟု သူမ ကြားခဲ့သည်။ သူမ စိတ်ထဲ၌ မပျော်ရွှင်သော်လည်း Gala ပွဲတော်ကို ဆက်ကြည့်ခဲ့သည်။
လူငယ် မျိုးဆက်က ထိုသီချင်းကို ကောင်းကောင်း နားမလည်နိုင်လောက်သော်လည်း အဘွားအိုက ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သဖြင့် ထိုသီချင်းက သူမရင်ကို ထိမှန်လေသည်။
သူမမျက်လုံးများက သူမ၏ မျိုးဆက်များ၏ မျက်နှာများပေါ်သို့ ညင်သာစွာ ဝေ့ဝဲသွားပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်မိသည်။
“အေးချမ်းမှုက ကံကောင်းခြင်းတစ်မျိုးပဲ”
“အဘွား၊ သမီး အဘွားရဲ့ ပခုံးနဲ့ ကျောကို နှိပ်ပေးချင်တယ်”
ထိုစဉ် သူမ၏ ဆယ်နှစ်အရွယ် မြစ်မလေးက ပြောလာသည်။
“အင်း အင်း …”
အဘွားအိုက ချက်ချင်း ပါးစပ်က နားရွက်သို့ တက်ချိတ်မတတ် ပြုံးမိသွားသည်။
…
အခြားသော အိမ်တစ်အိမ်၌။
အသက် နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသား တစ်ယောက်က ချန်ရှောင်ယန်၏ သီချင်းကို နားထောင်ပြီး တစ်ဒင်္ဂမျှ ငြိမ်သက်သွားသည်။ မီးဖိုချောင်ထဲ၌ ပန်းကန်ဆေးရင်း အလုပ်ရှုပ်လျက် ရှိနေသော သူ၏ မိခင်ကို ကြည့်ပြီး မျက်လုံးများက ရုတ်တရက် စိုစွတ်လာ၏။
သူ ထရပ်၍ အပြေးသွားလိုက်သည်။
“အမေ သား ပန်းကန်ဆေးပေးမယ်”
ပန်းကန်ဆေးနေသော သူ့မိခင်၏ လက်များက ရုတ်တရက် ရပ်သွားလေသည်။ သူမသည် ဇဝေဇဝါနှင့် ပြုံးကာ ပြန်ပြောလိုက်သည်။
“ရပါတယ်”
“အမေ၊ အမေ ဒုက္ခတွေ အများကြီး ခံခဲ့ရတယ်နော်၊ နောက်ဆို သား အိမ်ကို ပိုပြီးတော့ ခဏခဏ လာလည်ပါ့မယ်”
“ကိစ္စ မရှိပါဘူး”
သူ၏ မိခင်က ပန်းကန်ကို ချလိုက်ပြီးနောက် ကျောပေးကာ မျက်ရည်များကို သုတ်လိုက်သည်။
…
မိသားစုများ ပြန်လည် ဆုံစည်းသော ညစာစားပွဲ၌ ဆံပင် မဖြူတဖြူ ဖြစ်နေသော ဖခင်က ရုတ်တရက် ဝိုင်ခွက်ကို ထုတ်၍ သူ့သားအတွက် ဝိုင်ထည့်ပေးလေသည်။
“သား၊ မင်းရဲ့ အလုပ်က အပြင်မှာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ အဖေ သိပါတယ်၊ သား အဖေတို့ကို ဘာမှ ဖုံးကွယ်စရာ မလိုပါဘူး၊ အဖေတို့ကို ပြောပြပါ၊ မင်းအတွက် အဖေတို့ အမြဲ တံခါးဖွင့်ထားပါတယ်”
“အဖေ …”
“မင်းကိုယ်မင်း အရမ်း ဖိအားမပေးနဲ့၊ နားလည်လား၊ မင်း အားရင် … အိမ်ကို ခဏခဏ လာလည်”
“ဟုတ်ကဲ့ အဖေ၊ အဖေကို တစ်ခွက် ငှဲ့ပေးပါရစေ …”
…
ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌။
အလုပ်လုပ်နေသော ရွှေ့ပြောင်းလုပ်သားများသည် အစောကတည်းက ငိုကြွေးနေကြသည်။ သူတို့သည် နှစ်သစ်ကူးအချိန်၌ လက်မှတ်များဝယ်၍ အိမ်သို့ မပြန်နိုင်ကြချေ။
“အမေ၊ ကျွန်တော် စဉ်းစားပြီးပြီ၊ နှစ်ရက်အတွင်း လက်မှတ်ရတာနဲ့ ကျွန်တော် အိမ်ပြန်လာခဲ့မယ်”
“အမေ စိတ်မပူပါနဲ့၊ ကျွန်တော် အလုပ်ကနေ ခွင့်ယူလိုက်မယ်၊ ကျွန်တော် အလုပ်မပြုတ်ပါဘူး”
“ကျွန်တော် အိမ်ပြန်ပြီး အမေ့ဆီ လာလည်မယ် …”
သီချင်းတစ်ပုဒ်က မိသားစုများစွာကို ငြိမ်သက်သွားစေပြီး လူတိုင်းအား ငိုကြွေးလာစေသည်။
သီချင်းတွင် အလွန် ရိုးရှင်းသော စာသားများ ရှိသော်လည်း လူတိုင်း၏ နှလုံးသားအား နက်ရှိုင်းစွာ ထိမှန်သွား စေခဲ့သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ သို့မဟုတ် ကလေးများပင် ဖြစ်နေပါစေ သီချင်း၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။ Gala နွေဦးပွဲတော်ကို မကျေနပ်ကြောင်း အသံထွက်ခဲ့သည့် လူများပင် လက်ရှိတွင် ပြောစရာ စကားမဲ့နေကြသည်။ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များသည်လည်း ထိုနည်းတူပင်။
ပထမဆုံးအနေဖြင့် ထိုသီချင်းက သူတို့ကို အရာအားလုံးကို နားလည်လာစေသည်။ ဒုတိယအနေဖြင့် သူတို့သည် သူတို့၏ မိသားစုဝင်များ၏ တုံ့ပြန်မှုများကို မြင်ပြီးနောက် သီချင်းအား ဘာအမှားမှ ရှာ၍ မရနိုင်တော့ချေ။
[အီးဟီးဟီး … အဆိုတော်ဝိုင်ရဲ့ သီချင်းအတွက် ငါ အစကတည်းက ဘေးနားမှာ တစ်ရှူးတွေ ကြိုပြင်ထားသင့်တာ]
[သေစမ်းကွာ … ငါနားမှာ တစ်ရှူးရှိပင်မယ့် မလောက်ဘူး၊ ငါ့တစ်မိသားစုလုံး ငိုနေပြီ]
[သီချင်းက သိပ်အံ့ဩဖို့ကောင်းတယ်၊ စကားလုံးတိုင်းက ရင်ကွဲစေတယ်]
[အိမ်ကို မကြာမကြာ လာလည်၊ အိမ်ကို မကြာ မကြာ လာလည်ပါတဲ့၊ ဟင့် ဟင့် ငါ့ဘဝသက်တမ်း တစ်ဝက်လောက်က အလုပ်လုပ်ရင်း မအားခဲ့ဘူး၊ အခုမှပဲ အဲ့စကားကို ငါ နားလည်တော့တယ်]
[ငါ မှတ်မိသလောက်အထိ ငါ အလုပ်လုပ်နေခဲ့တာ၊ ဒါပေမဲ့ ငါတို့ မိဘတွေက ဘာကို လိုချင်တာလဲ၊ သူတို့က သူတို့ မိသားစုနဲ့ အတူတူ ရှိနေချင်ရုံလေးပဲ မဟုတ်ဘူးလား]
[ငါ့အမေက အခုလေးတင် ဒီသီချင်းကို ဆိုတဲ့သူက ဘယ်သူလဲလို့ ငါ့ကို မေးနေတာ၊ သူက အခုကစပြီး အဲ့အဆိုတော်ရဲ့ ပရိသတ် လုပ်မယ်တဲ့]
[အဲ့ဒါက ဘာမှ မဟုတ်သေးဘူး၊ ငါ့အဘိုးနဲ့ အဘွားက အဲ့အဆိုတော်နဲ့ သီချင်းက ဘယ်လောက် ကောင်းလဲ ဆိုတာကို တစ်ချိန်လုံး ပြောနေတာ]
[သေစမ်းကွာ၊ ဒီသီချင်းကို Gala နွေဦးပွဲတော်ကနေ ဖယ်လိုက်သလို ဖြစ်ခဲ့တာကို စဉ်းစားမိရင် ငါ ဒါရိုက်တာကို ဆဲချင်လာတယ်]
[ဟုတ်တယ် ဒီသီချင်းက Gala နွေဦးပွဲတော်အတွက် ရေးထားတာ၊ ဒါရိုက်တာက အရူးပဲ၊ သူက ဒီမှာ ဗီလိန် ဖြစ်လာတော့မလို့]
ချန်ရှောင်ယန်သည် သူမ သီချင်းနှင့် လူတိုင်းကို ဖမ်းစားသွားနိုင်ခဲ့ပြီး အင်တာနက်တစ်ခွင်၌ ဆူဆူညံညံ ဖြစ်လာသည်။ သူမသည် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်သွားခဲ့သည်။
သီချင်း ဆုံးသောအခါ ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ Gala နွေဦးပွဲတော်၏ စင်အောက်မှ ပရိသတ်အားလုံးက မတ်တပ်ထရပ်၍ စိတ်အားထက်သန်စွာနှင့် လက်ခုပ်များ အဆက်မပြတ် တီးကြလေသည်။
သေသေချာချာ ကြည့်မည်ဆိုလျင် လူအများသည် သူတို့၏ ပစ္စည်းများကို သိမ်းဆည်း၍ ပြန်ရင် ပြင်နေသည်ကို သတိပြုမိပေမည်။ သူတို့သည် အိမ်သို့ ပြန်ရန် ပြင်နေခြင်းပင်။
ရူကောင်းမြို့။
ရဲ့လင်းချန်၏ အိမ်၌။
တစ်မိသားစုလုံး အတူတကွ စုဝေးနေ၏။ အဘိုးအဘွားများ၊ အဖေ့ဘက်မှ အဒေါ် ခုနစ်ယောက်၊ အမေ့ဘက်မှ အဒေါ် ရှစ်ယောက်နှင့် အဖေနှင့် အမေဘက်မှ ဦးလေးများလည်း ရှိနေကြသည်။ လူနှစ်ဆယ်ကျော်က စားပွဲဝိုင်း၌ ထိုင်နေကြပြီး ဆူညံပျော်ရွှင်လျက် ရှိသည်။
သူတို့သည်လည်း သီချင်းကို သေချာနားထောင်ခဲ့ပြီး တေးရေးဆရာ၏ အရည်အချင်းကို ချီးကျူးကြသည်။ ရှုကျန်းနှင့် ရဲ့ကျင်းမှာမူ သက်ပြင်းချနေပြီး ရင်ထဲ၌ အနည်းငယ် ဝမ်းနည်းအားငယ်နေသည်။
“အန်တီ၊ သမီး ပခုံး နှိပ်ပေးပါရစေ”
ကျန်းယွင်ရှီက ရှုကျန်းကို ပြောလာသည်။
နှစ်သစ်ကူး ပြီးသည်နှင့် သူမ၏ မိဘများက သူမအား ရဲ့လင်းချန်၏ အိမ်သို့ ဆွဲခေါ်လာခဲ့သည်။ သူမမိဘများ၏ စကားအရ သူတို့သည် ရဲ့မိသားစု၏ ချွေးမလောင်းဟူသော သူမ၏ အဆင့်အတန်းကို အတည်တကျ ဖြစ်စေချင် နေသည်။ ဤသို့သော သားမက်ကောင်းကို ရှာတွေ့ရန် ခက်ခဲသည် မဟုတ်ပါတကား။
“အင်း … မင်းက သိပ်လိမ္မာတဲ့ မိန်းကလေးပဲ”
ရှုကျန်း ပျော်ရွှင်သွားသည်။
“ဒီသီချင်းက တကယ် ကောင်းတာပဲ၊ မိဘတွေက သူတို့ကလေးတွေဆီကနေ တခြား ဘာတွေများ တောင်းဆိုလို့လဲ၊ မိဘအားလုံးက အေးချမ်းပြီး ပျော်ရွှင်တဲ့ ဆုံစည်းမှုကို လိုချင်တာ မဟုတ်လား၊ တစ်ချို့ အောင်မြင်တဲ့လူတွေက နှစ်သစ်ကူးမှာတောင် အိမ်က သူတို့မိဘတွေကို အဖော်မပြုနိုင်တာ နှမြောစရာပဲ၊ အဲ့လိုဆို ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ခံစားချက်အပြည့်နှင့် ထိုသို့ပြောလာသူက ရဲ့လင်းချန်၏ ဒုတိယအဒေါ် ဖြစ်သည်။ သူမစကားက ရှုကျန်းနှင့် ရဲ့ကျင်းကို အနေရခက်သော အမူအရာ ဖြစ်သွားစေသည်။