သတ်
Vol. 39 Ch. 571
“တစ်ခုခုတော့ မှားနေပြီ”
ဖေးချွန်ယွီသည် ရင်ထဲ ဒိတ်ကနဲ ဖြစ်သွား၏။
ဆူဇီမို၏ သတ်ဖြတ်ရာမှာ ပြတ်သားပုံမျိုးနှင့်ဆို သူ၏ တိုက်ခိုက်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရိုးရှင်းနိုင်မှာလဲ။
နိုးထဝိညာဉ်များစွာ၏ စောင့်ကြည့်နေမှုအောက်မှာ မူလစိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် သူ့ကို သတ်ဖြတ်နိုင်သည်ဟု တွေးရလောက်အောင် ဆူဇီမိုက နုံအပါ့မလား..
မဖြစ်နိုင်တာ..
ဆူဇီမိုမှာ လှည့်စားကွက်တချို့ ရှိနေရဦးမည်..
ဖေးချွန်ယွီသည် ဆူဇီမိုဆီသို့ အလိုလို လှမ်းကြည့်လိုက်မိ၏။
သူ့သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်လှုပ်ခါသွားလေသည်။
ဆူဇီမို၏ လက်ထဲမှာ နို့နှစ်ရောင်လေးကြီးတစ်လက်က ပေါ်လာပြီဖြစ်၏။
လေးကြိုးကိုလည်း ဆွဲတင်ပြီးလေပြီ။
ဧရာမလေးကြီးပေါ်တွင် စိတ်ဝိညာဉ်အင်းကွက် ငါးခုက တောက်ပလာ၏။ သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ခြောက်ခုမြောက် စိတ်ဝိညာဉ်အင်းကွက်ကို ခပ်ရေးရေး မြင်နိုင်လေသည်။
ဖေးချွန်ယွီ၏ မျက်လုံးထဲတွင် ဆူဇီမိုက လပြည့်ဝန်းကြီးကို သူ့ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားသလိုပင်။
ထိုလပြည့်ဝန်းကြီးကို အေးစက်စက် မြားတစ်စင်းက ထိုးဖောက်နေပုံပင်။
ထိုမြားက နက်မှောင်ပြောင်လက်ပြီး ခပ်ဖျော့ဖျော့ ရွှေရောင်က တလက်လက် တောက်နေ၏။
မဟူရာရွှေမြား၏ နောက်တွင် ခိုင်မာသော လက်ကောက်ဝတ်နှင့် တောက်ပသော မျက်လုံးတစ်စုံကို ဖေးချွန်ယွီ မြင်လိုက်ရလေသည်။
ထိုမျက်လုံးများက သေလူတစ်ယောက်ကို ကြည့်နေသည့်ပုံစံမျိုး ဖြစ်လေသည်။
နောက်ခဏ၌ ဖေးချွန်ယွီသည် သေခြင်းတရား၏ ခံစားချက်ကို အမှန်တစ်ကယ်ပင် ခံစားမိလာလေသည်။
မဟူရာရွှေမြားက သူ့ထံသို့ နီးသထက် နီးကပ်လာ၏။
ဖေးချွန်ယွီသည် အဲ့ဒါကို ရှင်းလင်းစွာ မြင်နေရသော်လည်း နေရာမှာတင် အမြစ်တွယ် ရပ်နေမိပြီး လုံးဝ မလှုပ်နိုင် ဖြစ်နေ၏။
“ကယ်.. ကယ်ပါဦး”
သူ့မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နေပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်၏။
အရမ်း မြန်လွန်း၏။
ဖန်သားနန်းတော်မှ အဖိုးအိုက ရစ်ခွေနဂါးချိတ်စည်းကို သူ့အင်္ကျီလက်စဖြင့် ရစ်ပတ်လိုက်ချိန်နှင့် မြားပစ်လွှတ်လိုက်သောအချိန်က တစ်ချိန်တည်းနီးပါးပင်။
“ဒီလောက်တောင် ရဲတင်းရလား”
ဖန်သားနန်းတော်မှ အဖိုးအိုသည် ဒေါသဖြင့် ဟိန်းဟောက်လိုက်၏။
မူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်လွှတ်ပြီးတာတောင် ဆူဇီမိုထံမှာ ဤမျှကြောက်စရာကောင်းသည့် လှုပ်ရှားကွက် ရှိနေလိမ့်ဦးမည်ဟု သူလုံးဝ ထင်မှတ်မထားပေ။
အစတုန်းကတော့ မဟူရာရွှေမြားသည် ခပ်ဖျော့ဖျော့ ရွှေရောင်ဖြင့်သာ တောက်ပနေ၏။
သို့သော်လည်း လေးကြိုးကနေ ထွက်လာပြီးနောက် မြားကိုယ်ထည်ပေါ်မှာ စိတ်ဝိညာဉ်အင်းကွက် ခြောက်ခုက ပေါ်လာလေသည်။
အလင်းရောင်က မျက်စိကို ကျိန်းစပ်သွားစေ၏။
ဟင်း..
ပြိုင်စံရှားများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။
အစောပိုင်း-ရွှေအမြုတေတစ်ယောက်က မူလစိတ်ဝိညာဉ်လက်နက်နှစ်ခုကို တစ်ကယ်ပင် ဆက်တိုက် ထုတ်သုံးလိုက်လေသည်။
ရှီးဝူယာမှာတောင် မူလစိတ်ဝိညာဉ်လက်နက် တစ်လက်သာ ရှိ၏။
မြောက်ပိုင်းဒေသ၏ နိုးထဝိညာဉ်များတောင်မှ တုန်လှုပ်သွားကြ၏။
မူလစိတ်ဝိညာဉ်လက်နက်..
အဲ့ဒါက တစ်ကယ့်ကို သတ်ဖြတ်လက်နက်တစ်ခုပင်။
တစ်ပိုင်း-မူလအဆင့် လေးတစ်လက်ကနေ ပစ်လွှတ်လိုက်သော မူလအဆင့်မြားတစ်စင်း၏ သတ်ဖြတ်စွမ်းအားက လက်ရှိရွှေအမြုတေအများစုကို တစ်ခါတည်းတန်းပြီး သတ်ဖြတ်ပစ်ဖို့ လုံလောက်တာထက် ပိုလေသည်။
ရှီးဝူယာလို အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ဆိုလျှင်တောင် မထိမခိုက်ဘဲ ကိုယ်လွတ်ရုန်းထွက်လို့ မရနိုင်လောက်ပေ။
ဖေးချွန်ယွီက အစောပိုင်း-ရွှေအမြုတေအဆင့်သာ ရှိသေး၏။
မဟူရာရွှေမြား ဖြတ်သန်းသွားရာတစ်လျှောက်တွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကို မြားထဲသို့ ဆွဲယူသွားပြီး မဟူရာရွှေမြားကို ပို၍ မြန်ဆန်လာစေလေသည်။
ဖန်သားနန်းတော်မှ အဖိုးအိုသည် ရှေ့သို့တက်ပြီး တားဆီးချင်သော်လည်း နောက်ကျလွန်းသွားလေပြီ။
မဟူရာရွှေမြားက အေးစက်စက် အလင်းတစ်ခုအသွင်နှင့် ချက်ချင်း ရောက်ချလာ၏။
ရုတ်တရက်..
ဖေးချွန်ယွီ၏ ခါးပေါ်ရှိ ကျောက်စိမ်းဆွဲသီးက တစ်ခုခုကို အာရုံခံမိလိုက်သလို လင်းလက်တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ထုတ်ပေးလာ၏။
ဖေးချွန်ယွီ၏ ပတ်လည်တွင် ကြည်လင်နေသော အကာအရံအလွှာတစ်ခုက ဖြစ်ပေါ်လာ၏။
ဘုန်း..
မဟူရာရွှေမြားက ဤအကာအရံအလွှာကို တိုက်မိသွားပြီး ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို တုန်ခါသွားစေ၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ကျောက်စိမ်းဆွဲသီးတစ်လျှောက်တွင် အက်ကွဲကြောင်းများက ပေါ်လာ၏။
ထိုကျောက်စိမ်းဆွဲသီးက အလွန်တရာကိုမှ ရှားပါးပြီး တန်ဖိုးကြီးမားလှသော ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
ဤပစ္စည်းကို သည်နေရာသို့ လာရာလမ်းမှာ ဖေးချွန်ယွီ၏ အဖိုးက ပေးထားခဲ့ခြင်းဖြစ်ပြီး အဲ့ဒါက အထွတ်အထိပ်ရွှေအမြုတေတစ်ယောက်၏ အင်အားအပြည့် တိုက်ခိုက်မှုကို ခုခံနိုင်လေသည်။
ထိုကျောက်စိမ်းဆွဲသီးကနေ ထွက်ပေါ်လာသော အကာအရံအလွှာကို ရှီးဝူယာတောင်မှ တစ်ချက်တည်းဖြင့် ကွဲကြေအောင် ထိုးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ ထိုမြားချက်ကြောင့် ကျောက်စိမ်းဆွဲသီးက အက်ကြောင်းထသွား၏။
မဟူရာရွှေမြားကလည်း ပြန်ကန်ထွက်သွားလေသည်။
ဖေးချွန်ယွီသည် အသက်ရှူထုတ်ပြီး စိတ်သက်သာရာ ရသွား၏။
ထိုမြားချက်ကို တားဆီးနိုင်လျှင် သူ မသေနိုင်တော့လေပြီ။
ဖန်သားနန်းတော်မှ နိုးထဝိညာဉ်တစ်ယောက်က အနားမှာ ရှိနေသောကြောင့် ဆူဇီမိုသည် နောက်တစ်ဖန် တိုက်ခိုက်ဖို့ ဒုတိယအခွင့်အရေးကို သေချာပေါက် ရရှိနိုင်တော့မည် မဟုတ်ပေ။
ရုတ်တရက်.. ဖေးချွန်ယွီ၏ မျက်လုံးထောင့်မှာ မဟူရာရွှေရောင်အလင်းကို ရိပ်ကနဲ မြင်လိုက်ရ၏။
ထိုအရောင်ကို ရင်းနှီးပါ၏။
ဖောက်..
သူ့စိတ်အာရုံက ခဏတာ ပျက်ယွင်းသွားချိန်မှာပင် ဖေးချွန်ယွီသည် သူ့ရင်အုပ်မှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။
သူသည် အောက်သို့ အလိုလို ငုံ့ကြည့်လိုက်လေသည်။
သူ့ရင်အုပ်က မသတီစရာဒဏ်ရာတစ်ခုနှင့်အတူ ပေါက်ထွက်သွားပြီး သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာနေ၏။
ဖန်း..
ဖေးချွန်ယွီ၏ နားထဲသို့ လေကြိုးတုန်ခါသံက ဝင်ရောက်လာ၏။
ပစ်ချက်က အရမ်းမြန်လွန်းလှ၏။
လေးကြိုးသံက ရောက်မလာသေးခင်မှာပင် မဟူရာရွှေမြားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေပြီ။
လေးကြိုးတုန်ခါသံကို ကြားလိုက်ရမှသာ ဖေးချွန်ယွီသည် တစ်စုံတစ်ရာကို အလိုလို တွေးမိသွား၏။
စောစောက ဆူဇီမိုသည် မဟူရာရွှေမြားတစ်စင်းကို ပစ်လွှတ်လိုက်ခြင်း မဟုတ်..
သူပစ်လွှတ်လိုက်တာက နှစ်စင်းပင်။
မဟူရာရွှေမြားနှစ်စင်းက ရှေ့ဆင့်နောက်ဆင့် နီးကပ်စွာ ပျံသန်းလာကြခြင်း ဖြစ်လေသည်။
မြားများက အရမ်းမြန်လွန်းသောကြောင့် အလင်းတန်းက ဆက်သွားပြီး မဟူရာရွှေမြားတစ်စင်းဟု အားလုံးက အမှတ်မှားသွားကြခြင်း ဖြစ်လေသည်။
ပထမမြားက ဖေးချွန်ယွီ၏ အကာအရံအလွှာကို ဖြိုခွဲသွားပြီး...
ဒုတိယမြားက သူ့အသက်ကို နုတ်ယူလိုက်ခြင်း ဖြစ်လေသည်။
ထိုမြားတစ်စင်းက ဖေးချွန်ယွီ၏ ခန္ဓာကိုယ်တွင်းရှိ အသက်ဓါတ်အားလုံးကို ဆွဲယူသွား၏။
ဆူဇီမိုသည် သူ့လက်ကို ပြန်ချပြီး လရောင်ဝှက်လေးကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ့အမူအယာက တည်ငြိမ်နေပြီး သူ့မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။
အလွန်တရာကိုမှ ယုံကြည်မှုရှိမှုကို ပြသလိုက်ခြင်းပင်။
ငါသာ သတ်ချင်ရင်.. မင်းက သေကို သေရမှာပဲ..
တိုက်ပွဲကွင်းပြင်က သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်လေသည်။
မြောက်ပိုင်းဒေသ၏ ရွှေအမြုတေပြိုင်စံရှားများတင်သာ မဟုတ်.. အစောပိုင်းရွှေအမြုတေအဆင့်တစ်ယောက်က ဖန်သားနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ကို သူတို့အားလုံး၏ မျက်စိရှေ့မှောက်မှာတင် သတ်ဖြတ်နိုင်လိမ့်မည်ဟု နိုးထဝိညာဉ်များပင်လျှင် ထင်မထားမိကြပေ။
အဖြစ်အပျက်က မြန်ဆန်ပြီး ရိုးရှင်းသည်ဟု ထင်ရ၏။
သို့သော်လည်း အခြေအနေအပေါ် အကဲဖြတ်မှု၊ အသေးစိတ်ကျကျ အာရုံစိုက်မှုနှင့် အချိန်ကိုက်လှုပ်ရှားတိကျမှုတို့က ပကတိပြီးပြည့်စုံလွန်းလှလေသည်။
နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတားက ထိုဖြစ်စဉ်မှာ တစ်ချက်ကလေး ချွတ်ချော်သွားသည်နှင့် ထိုအခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဖေးချွန်ယွီကတော့ သေလေပြီ။
ပြန်ဝင်စားမွန်းစတားပြောခဲ့သည့် “လူတစ်ယောက်ကို ငါသတ်ချင်တယ်ဆို.. နိုးထဝိညာဉ်တွေ အနားမှာ ရှိနေရင်တောင် သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးကွ”ဆိုသည့် စကားအတိုင်း အတိအကျပင်။
ထာဘာဖန်၊ မုရုံဝူရွှမ်းနှင့် လူတိုင်းသည် ပိုလို့ပင် တုန်လှုပ်သွားကြ၏။
ဆူဇီမိုသည် လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းမှ ပြိုင်စံရှားများကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့သည်ဆိုသည်မှာ ချဲ့ကားပြောဆိုနေကြခြင်း မဟုတ်သလို ကံကောင်းထောက်မသောကြောင့်လည်း မဟုတ်ဘူးဆိုတာ ယခုအချိန်မှာ သူတို့နားလည်သဘောပေါက်လာကြ၏။
ဤလူက သူ့အိပ်ကပ်ထဲမှာ ဝှက်ဖဲတွေ များပြားလွန်း၏။
ဘယ်တော့မှ မကုန်ဆုံးတော့သလိုပင်။
ရုတ်တရက် လူအချို့၏ စိတ်ထဲမှာ ရယ်စရာကောင်းသော အတွေးက ဝင်ရောက်လာကြ၏။
ဤပြန်ဝင်စားမွန်းစတားက အသက်ရှင်လျက် ထွက်ပြေးနိုင်မှာတဲ့လား..
မဖြစ်နိုင်တာ..
ကျင့်ကြံသူများသည် ထိုအတွေးကို ချက်ချင်းပယ်ချလိုက်၏။
သည်နေရာမှာ နိုးထဝိညာဉ်များက များပြားလွန်းပြီး ဆူဇီမို၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ထားပြီးလေပြီ။ သူ့ဘာသာ မြေလျှိုးလျှိုး မိုးပျံပျံ သည်နေရာကနေ အသက်ရှင်လျက် ထွက်နိုင်စရာတော့ အကြောင်းမရှိတော့ပေ။
မဟာချွမ်အပျက်အစီးမှ ငါးကီလိုမီတာကျော် ကွာဝေးသော အထက်ကောင်းကင်တွင် သက်လတ်ပိုင်းရွယ်လူတစ်ယောက်က မတ်တပ်ရပ်နေ၏။
ထိုလူ၏ အသားအရေက ရွှေရောင်ဖျော့ဖျော့ တောက်နေပြီး သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ တုန်လှုပ်ချောက်ချားစရာအော်ရာက ဖြာထွက်နေ၏။ မဟာချွမ်အင်ပါယာဘက်သို့ ငေးကြည့်နေရင်း သူ့မျက်လုံးများက အတွေးနက်စွာဖြင့် တလက်လက်တောက်နေ၏။
ရုတ်တရက်..
သက်လတ်ပိုင်းရွယ်လူ၏ အမူအယာက ပြောင်းလဲသွားပြီး သူ့သိုလှောင်အိတ်ထဲကနေ ကံကြမ္မာအဆောင်တစ်ခုကို ဆွဲထုတ်ပြီး စိုက်ကြည့်လိုက်၏။
ကံကြမ္မာအဆောင်က ကြေမွသွားလေပြီ။
ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး အစအနများက သူ့လက်ချောင်းများကြားကနေ လျှောကျသွား၏။
“ဘာ.. ဘာလဲဟ”
သက်လတ်ပိုင်းရွယ်လူသည် မျက်လုံးပြူးမျက်ဆံပြူးနှင့် ဟိန်းဟောက်ပြီး သတ်ဖြတ်လိုစိတ်က တဖွားဖွားက ထွက်ပေါ်လာ၏။
“ငါ့မြေးကို သတ်တဲ့သူ ဘယ်သူဖြစ်ဖြစ်.. အပိုင်းပိုင်း ဆုတ်ဖြဲပြီး ပြာချပစ်မယ်ကွ”
သက်လတ်ပိုင်းရွယ်လူသည် မဟာချွမ်အပျက်အစီး ရှိရာဘက်သို့ လျှစ်ကနဲ ပြေးထွက်သွားလေတော့သည်။