မဟာလက်ဆောင်
Vol. 39 Ch. 572
တိုက်ပွဲမြေပြင်တွင်..
ဖန်သားနန်းတော်မှ အဖိုးအို၏ မျက်နှာက အလွန်တရာ ခက်ထန် ပျက်ယွင်းနေ၏။
ဤခရီးစဉ်အတွက် ဖန်သားနန်းတော်သည် ရွှေအမြုတေနှစ်ယောက်ကို စေလွှတ်ခဲ့၏။
ရှီးဝူယာ၏ သေဆုံးမှုအပြင်.. ဖေးချွန်ယွီကပါ သူ့မျက်စိရှေ့မှောက်မှာ အသတ်ခံခဲ့ရ၏။
ရှီးဝူယာက ရွှေအမြုတေတစ်ယောက်သာ ဖြစ်သော်လည်း ဂိုဏ်းတွင်းမှာနှင့် အကြီးအကဲများ၏ ရင်ထဲမှာ သူ၏ အဆင့်အတန်းက သာမန်နိုးထဝိညာဉ်များထက်တောင်မှ သာလွန်လေသည်။
ဂိုဏ်းက ရှီးဝူယာကို မည်ကာမတ္တတပည့်တစ်ယောက် အဖြစ်ပါ မြှင့်တင်ပေးခဲ့၏။
ရှီးဝူယာ၏ သေဆုံးခြင်းသတင်းနှင့်အတူ ဂိုဏ်းသို့ သူပြန်သွားလျှင် သေချာပေါက် အပြစ်ပေးခံရပေတော့မည်။
အခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဆူဇီမိုကို ဖမ်းချုပ်၍ ဂိုဏ်းသို့ ခေါ်ဆောင်သွားဖို့သာ။ ဤနည်းဖြင့် သူ၏ အပြစ်ဒဏ်ရ ပေါ့လျော့နိုင်လေသည်။
“တောကောင်.. မင်း ဘယ်လောက်ကြာကြာ ဇောင့်ကြွားကြွား လုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
ဖန်သားနန်းတော်မှ အဖိုးအိုက ဟိန်းဟောက်၍ ရှေ့သို့ တက်လာပြီး ဆူဇီမိုကို အရှင်ဖမ်းဆီးဖို့ ကြိုးစားလိုက်၏။
“ဟေ့ဟေး”
ရုတ်တရက်.. အမှောင်တစ္ဆေဂိုဏ်းမှ ပကတိအရှင်က ဆိုးယုတ်စွာ လှောင်ရယ်လိုက်၏။
“ဒီတောကောင်လေးက ငါ့တပည့်ကိုလဲ သတ်လိုက်သေးတယ်.. သူ့လက်တစ်ဖက်ကို ငါအလျော် ယူရလိမ့်မယ်”
ရွှက်..
အမှောင်တစ္ဆေဂိုဏ်းမှ ပကတိအရှင်၏ စိတ်ဝိညာဉ်အသိစိတ်က ရွှေ့လျားလာပြီး မကောင်းဆိုးဝါးဆန်သော ဆေဘာတစ်လက်အဖြစ် ပြောင်းလဲသွားကာ ဆူဇီမို၏ ညာဘက်လက်ကို ဖြတ်တောက်ဖို့ လုပ်လိုက်၏။
သူ၏ တစ်ကယ့် ရည်ရွယ်ချက်က နတ်ဖီးနစ်အရိုးသာဖြစ်ပြီး စောစောက စကားသည် အကြောင်းပြခြင်းသက်သက်သာ ဖြစ်လေသည်။
လက်ရှိနိုးထဝိညာဉ်များတွင် ဖန်သားနန်းတော်မှ အဖိုးအိုတစ်ယောက်သာ ဆူဇီမိုကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ အတော်အတန် အစွမ်းအစရှိသော နိုးထဝိညာဉ်များအားလုံးသည်လည်း နတ်ဖီးနစ်အရိုးအတွက် တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြလေသည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးကို အလွယ်တကူ လက်လွှတ်လိုက်စရာ အကြောင်းမရှိပေ။
“မင်း တော်တော် ရဲတင်းနေတယ်ပေါ့”
ဖန်သားနန်းတော်မှ အဖိုးအိုသည် ဒေါသဖြင့် အော်လိုက်၏။
“ဟီးဟီး”
ရုတ်တက်.. သွမ့်မူကလန်၏ ပတကိအရှင်က ရယ်လိုက်၏။
“ဒီတောကောင်လေးက တော်တော်ရက်စက်တဲ့ကောင်.. ငါ့ရဲ့ ခန်းအာလေးကိုတောင် သတ်ဖြတ်ခဲ့သေးတယ်.. ငါသူ့ကို သတ်ပြီး သူ့အလောင်းကို ပြန်ယူသွားရမယ်.. အဲ့ဒါမှပဲ ငါ့မိသားစုဝင်တွေကို ရှင်းပြနိုင်မယ်”
“ငါတို့ အိုးယန်ရှေးတော်ဝင်မိသားစုကလဲ အဲ့ဒီတောကောင်ကို သူ့များလက် မအပ်နိုင်ဘူး” အိုးယန်ကလန်၏ ပကတိအရှင်က အေးစက်စွာ ဝင်ပြောလိုက်ပြန်၏။
“အဓိပ္ပါယ် မရှိလိုက်တာ”
ထာဘာကလန်၏ ပကတိအရှင်က ကျိန်ဆဲလိုက်၏။
“နင့်ကလန်က ငပျော့မလေးကို သတ်သွားတာက ဟိုဓါးသမားကောင်လေးလေ.. အခုကိစ္စက နင့်နဲ့ ဘာဆိုင်လို့လဲ”
“အဲ့လိုပြောကြေးဆို နင့်ရဲ့ထာဘာဖန်က အခုထိ အသက်ရှင်နေသေးတယ်မလား.. နင်နဲ့ဆို ဒီကိစ္စက ပိုတောင် ဝေးသေးတယ်”
နိုးထဝိညာဉ်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကြ၏။ သူတို့အားလုံးသည် ဆူဇီမို၏ ညာဘက်လက်ကို ဝေစုအဖြစ် လိုချင်နေကြလေသည်။
ဘုန်း.. ဘုန်း.. ဝုန်း..
နိုးထဝိညာဉ်များ၏ စွမ်းအားများက ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင်မှာ ကြောက်စရာကောင်းလောက်အောင် တဖျတ်ဖျတ်တလက်လက် အလင်းများဖြင့် ပြည့်နှက်လာ၏။
ကြောက်စရာကောင်းသည့် စွမ်းအားများက ဖြန့်ကျက်ထွက်လာသောကြောင့် အနီးနားမှာရှိသည် ရွှေအမြုတေများအားလုံးသည် ရောညှပ်ပါသွားမည်စိုးပြီး တုန်လှုပ်စွာနှင့် နောက်သို့ ကပျာကယာ ဆုတ်လိုက်ကြ၏။
ဆူဇီမိုသည် တိုက်ပွဲကွင်းအလယ်မှာ ခိုင်မာစွာ ရပ်နေပြီး ဖြစ်ပျက်သမျှကို သရော်တော်တော် ပြုံးစစဖြင့် ကြည့်နေ၏။
“အားလုံးပဲ ကျုပ်ပြောတာကို နားထောင်ကြပါဦး.. ကျုပ်တို့ ဒီနေရာမှာ အသက်စွန့်ပြီး တိုက်ခိုက်ကြစရာ မလိုပါဘူး”
မူရုံကလန်၏ ပကတိအရှင်က ရုတ်တရက် ထပြောလိုက်၏။
“အဲ့ဒီကောင်လေးရဲ့ နတ်ဖီးနစ်အရိုးကို ကျုပ်တို့ အညီအမျှ ပိုင်းတစ်ပြီး ယူကြမယ်ဆိုရင်ရော ဘယ်လိုလဲ”
“အဲ့ဒါလဲ ကောင်းတာပဲ”
“မဆိုးဘူး”
“ကျုပ်သဘောတူတယ်”
နိုးထဝိညာဉ်အချို့က အလွယ်တကူ သဘောတူလိုက်ကြ၏။
“မရဘူး”
ဖန်သားနန်းတော်မှ အဖိုးအိုက သူ့မုတ်ဆိတ်မွေးကို သပ်လိုက်၏။ သူ၏ ပိန်ပိန်လှီလှီခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားများက ဖြာထွက်လာလေသည်။ သူတစ်ချက်လှုပ်ရှားလိုက်တိုင်း သက်တံအလင်းက ကျိန်းစပ်စွာဖြင့် တောက်ပလာ၏။
ဓမ္မလက်နက်များတောင်မှ သူ့အနားကို ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ပေ။
သူက အေးစက်စွာဖြင့် ကြေညာလိုက်၏။
“ဒီနေ့ ရတနာတစ်ခုအတွက် ဖန်သားနန်းတော်ကို ဘယ်သူစိန်ခေါ်ရဲမလဲ ကြည့်ရသေးတာပေါ့”
ထိုအချိန်တွင် တိုက်ပွဲကွင်း၏ အလယ်မှ သက်ပြင်းချသံကို အားလုံး ကြားလိုက်ရ၏။
များစွာသော နိုးထဝိညာဉ်များသည် အလိုလို ရပ်တန့်၍ လှည့်ကြည့်လိုက်ကြ၏။
ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဆူဇီမိုက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ခင်ဗျားတို့အားလုံး ရောက်လာကြလိမ့်မယ်ဆိုတာ ကျုပ် ခန့်မှန်းထားပြီးသားပါ.. အဲ့ဒါကြောင့်မို့ ခင်ဗျားတို့အားလုံးအတွက် ကျုပ် လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ပေးထားပါတယ်.. ကျေးဇူးပြုပြီး အဲ့ဒါကို လက်ခံပေးကြပါလားဗျာ”
“အမ်”
ကြယ်တာရာလမင်းဂိုဏ်း၏ ပကတိအရှင်က လှောင်ရယ်လိုက်၏။
“တောကောင်.. ဒီနေ့ မင်းမှာ အတောင်ပံတွေ ရှိနေရင်တောင် ထွက်ပြေးလို့လွတ်မှာ မဟုတ်ဘူး.. မင်းဆီမှာ ဘာလှည့်ကွက်လေးတွေရှိသေးလဲ ပြစမ်းပါဦး”
“ထွက်ပြေးဖို့ ဟုတ်လား”
ဆူဇီမိုက သရော်တော်တော်ပုံစံဖြင့် ပြောလိုက်၏။
“အကုန်လုံးက အထင်မှားနေကြတာပဲ”
များစွာသော နိုးထဝိညာဉ်များသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
ခပ်ဝေးဝေးတွင် သွား၍ ပုန်းကွယ်နေကြသော မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသည်လည်း ဆူဇီမို၏ စကားမှာ မှင်တက်၍ တွေဝေသွားကြ၏။
ဆူဇီမိုက ဆက်ပြောလိုက်၏။
“ထွက်ပြေးရမှာက ကျုပ်မဟုတ်ဘူးလေ.. အဲ့ဒါက.... ခင်ဗျားတို့ပဲ”
နိုးထဝိညာဉ်များသည် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားကြ၏။
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက သိုလှောင်အိတ်ထဲကနေ တစ်မီတာကျော်မြင့်သော ချုံးချုံးကျနေသည့် စတုရန်းပုံစံ ကြေးမီးဖိုတစ်လုံးကို ဆွဲထုတ်လိုက်၏။
ကြေးမီးဖိုက ထိုင်းမှိုင်း၍ အသက်မဲ့နေပြီး အက်ကွဲကြောင်းများ ပြည့်နေ၏။
“ဟဟဟားဟားဟား”
သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းမှ ပကတိအရှင်က ခဏမျှ ကြောင်အသွားပြီးနောက် ခေါင်းကိုမော့၍ ဟားတိုက်ရယ်ချလိုက်၏။ သူသည် ဆူဇီမို၏ လက်ထဲရှိ ကြေးမီးဖိုကို လက်ညိုးထိုးပြီး ကျယ်လောင်စွာ မေးလိုက်၏။
“မင်းက တစ်ကယ်ကို ဦးနှောက်မရှိတဲ့ တောကောင်ပဲ.. အဲ့ဒီသတ္တုစုတ်နဲ့ ငါ့တို့ကို ခြိမ်းခြောက်နိုင်မယ်လို့ မင်းက တစ်ကယ်ကြီး ထင်နေတာလား”
အခြားသော နိုးထဝိညာဉ်များသည်လည်း စတုရန်းကြေးမီးဖိုကို မြင်ရပြီးနောက် စိတ်သက်သာရာရကာ သူတို့၏ အမူအယာများက ပြေလျော့သွားပြီး လှောင်ပြောင်သလို ကြည့်လိုက်ကြ၏။
“ဟီးဟီး”
ဆူဇီမိုက ပြုံးလိုက်၏။
တစ်ကယ်လည်း စတုန်ရန်းကြေးမီးဖိုက နိုးထဝိညာဉ်များကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
သို့သော်လည်း အထဲတွင်ရှိသော ရွှေရောင်ချော်ရည်များကတော့ မပြောတတ်ပေ။
စတုရန်းကြေးမီးဖိုထဲသို့ ရောက်ရှိသွားပြီးနောက် ရွှေရောင်ချော်ရည်များက စွမ်းအားတစ်မျိုးမျိုးဖြင့် ချိတ်ပိတ်ခံလိုက်ရပုံရပြီး ရေကဲ့သို့ တည်ငြိမ်သွားကြ၏။
ဆူဇီမိုက စတုရန်းကြေးမီးဖို၏ နောက်ခြေထောက်နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်မပြီး ပတ်ချာလည်လှည့်ကာ သူ့ဘေးပတ်လည်ရှိ နိုးထဝိညာဉ်များအပေါ်သို့ ရွှေရောင်ချော်ရည်များကို ဖြန့်ဝဲပစ်ချလိုက်၏။
ရွှစ်...
ရွှေရောင်ချော်ရည်များက ပန်းထွက်လာပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်သွား၏။
ချော်ရည်များက လေထဲသို့ ရောက်လာသောအခါ အရာအားလုံးနှင့် သက်ရှိအားလုံးကို ဖျက်ဆီးချေမှုန်းပစ်ဖို့ လုံလောက်သော တုန်လှုပ်ချောက်ချားစရာ အပူလှိုင်းများက ပေါက်ကွဲရုန်းကန် ထွက်ပေါ်လာ၏။
ဤအချိန်တွင် နတ်ဖီးနစ်အရိုးကို လုယူမည့် နိုးထဝိညာဉ်များအားလုံးသည် ဆူဇီမို၏ အနားပတ်လည်မှာ ရှိနေကြသည့်အတွက် ရွှေရောင်ချော်ရည်စက်ကွင်းမှ မည်သူမှ ပြေးမလွတ်နိုင်ကြပေ။
ရွှေရောင်ချော်ရည်နှင့် ထိတွေ့မိပါက အဲ့ဒါက တစ်စက်တည်းသာ ဖြစ်နေလျှင်တောင် တောက်ပသော ရွှေရောင်မီးတောက်များက ဝုန်းကနဲ ထတောက်လောင်လာ၏။
၎င်းက လေထုကို ရက်ရက်စက်စက် လောင်ကျွမ်းပစ်လိုက်၏။
နိုးထဝိညာဉ်များ၏ ခန္ဓာကိုယ်များပင်လျှင် ရွှေရောင်မီးတောက်များကြားမှာ အသက်ရှူချိန်အနည်းငယ်အတွင်း မီးလောင်ပြာကျကုန်လေသည်။
ရွှေရောင်ချော်ရည်များနှင့် တိုက်ရိုက်ထိတွေ့မိသူများဆိုလျှင် ချက်ချင်းပြာကျ၍ အလောင်းတောင် မကျန်ခဲ့ပေ။
ကြောက်စရာအကောင်းဆုံးအချက်မှာ ရွှေရောင်ချော်ရည်များမှ ထွက်ပေါ်လာသော ရွှေရောင်မီးတောက်များနှင့် ထိတွေ့မိလျှင်တောင် နိုးထဝိညာဉ်များသည် ဘယ်လိုပင် ရုန်းကန်ကြိုးစားပါစေ ထိုမီးတောက်များကို မငြိမ်းသတ်နိုင်ကြတော့ပေ။
“အ” “အ” “အား” “အားးးး”
ဝမ်းနည်းသွေးပျက်ဖွယ်ရာ အော်ဟစ်သံများက လေထုထဲမှာ ပြည့်နှက်သွား၏။
လေထဲမှာ မီးတောက်များ လွှမ်းခြုံနေသော ပုံရိပ်များစွာသည် ဟိုဟိုသည်သည် လျှောက်ပြေးနေကြ၏။
သူတို့သည် သိပ်ပြီး ဝေးဝေး မပျံသန်းနိုင်ခင် လေထဲမှာပင် မီးလောင်တူးခြစ်၍ ပြုတ်ကျကုန်၏။
တိုက်ပွဲကွင်းပြင်က ချက်ချင်းပင် လောင်မီးကျနေသော ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
မည်သည့်နိုးထဝိညာဉ်မှ အဆိုပါ ကပ်ဘေးကို မကျော်လွှားနိုင်ကြပေ။
ခန္ဓာမီးဆေးခြင်းကို ကောင်းစွာကျင့်ကြံထားသည့် ဖန်သားနန်းတော်မှ အဖိုးအိုပင်လျှင် အသက်ရှူချိန် အတန်ကြာကြာသာ တောင့်ခံနိုင်ပြီး နောက်ဆုံး အသက်ဓါတ်ကင်းမဲ့စွာနှင့် လေထဲကနေ ပြုတ်ကျသွားလေသည်။
ခပ်ဝေးဝေးကနေ စောင့်ကြည့်နေကြသော ရွှေအမြုတေများသာလျှင် အသက်ရှင်နိုင်ကြလေသည်။
ရွှေရောင်မီးတောက်များက ဒေါသတကြီး လောင်ကျွမ်းနေဆဲဖြစ်၏။
မြေအောက်နန်းတော်၏ ကျောက်တိုင်ကြီးများအားလုံးလည်း လောင်ကျွမ်းပြာကျကုန်၏။
မြေအောက်နန်းတော်က ပြိုကျလာပြီး မရေမတွက်နိုင်သော ကျောက်တုံးများက ကွဲကြေကုန်ကာ ဖုန်မှုန့်များက တထောင်းထောင်းထလာ၏။
ရွှေရောင်ချော်ရည်များ ကျရောက်သွားသည့် နေရာတိုင်း ထိုနေရာက ကြီးမားသည့် တွင်းနက်ကြီးများအဖြစ် လောင်ကျွမ်းသွားလေသည်။
မီးတောက်မီးညွှန့်များက လေထဲသို့ တလိပ်လိပ် ထိုးတက်ပြီး ညအမှောင်ကောင်းကင်က နေ့ဘက်ကဲ့သို့ ထိန်ထိန်လင်းလာလေသည်။
ရွှေရောင်မီးတောက်များအလယ်တွင် ပြန်ဝင်စားမွန်းစတား၏ ပုံရိပ်ကို ခပ်ရေးရေး မြင်နိုင်လေသည်။ သူက လောင်ကျွမ်းပြာကျသွားသော နေရာတိုင်းကို လှည့်ပတ်ကြည့်ရှုနေသော နတ်ဘုရားသက်ရှိတစ်ပါးလိုပင်။
သွားပြီ..
အကုန်လုံးက ပြီဲးသွားပြီ..
မီးတောက်များက ကောင်းကင်တစ်ခွင်ကို လောင်ကျွမ်းပစ်လိုက်၏။
ကောင်းကင်ထက်က တိမ်စိုင်များတောင်မှ ရွှေသွေးနီရောင်ဖြင့် လွမ်းမောဖွယ်ရာဖြင့် လှပစွာ တောက်ပလာ၏။
ကမ္ဘာက ပြောင်းလဲသွားလေပြီ။
ဤနေ့မှစ၍ မြောက်ပိုင်းဒေသရှိ ကျင့်ကြံရေးလောကက ကပြောင်းကပြန် ဖြစ်ကုန်လေပြီ။