ဆိုးဆိုးရွားရွား
Vol. 39 Ch. 575
ဆူဇီမိုသည် ချွေးများဖြင့် ရွှဲနေပြီး သူ့ခေါင်းက ငိုက်စိုက်ကျကာ သူ့ဆံပင်များက ပြန့်ကျဲကျနေ၏။ သို့သော်လည်း သူ့မျက်လုံးနှစ်လုံးကတော့ ကြောက်စရာကောင်းလောက်အောင် တောက်ပနေဆဲဖြစ်၏။
သူ၏ ရွှေအမြုတေက ဖျက်ဆီးခံရပြီး သူ့ကျင့်ကြံမှုက ပျောက်ဆုံးသွားသော်လည်း ဆူဇီမိုသည် သိပ်ပြီး စိတ်ပျက်မသွားသေးပေ။
သူသည် ယနေ့ သည်နေရာကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်သည်နှင့် သေချာပေါက် လက်စားချေနိုင်ရလေမည်။
သူ့ရွှေအမြုတေက ပျက်စီးသွားသော်လည်း သူ့မှာ အတွင်းအမြုတေ ရှိသေးလေသည်။
တာအိုသက်ရှိရွှမ်ယွီက ဆူဇီမို၏ ကျိုးနေသော လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အေးစက်စွာဖြင့် ကြည့်နေ၏။ သူသည် ပျော့ခွေနေပြီဖြစ်သော ဆူဇီမိုကို ငုံ့ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။
“အို့.. ဟုတ်သားပဲ.. ငါမေ့တော့မလို့.. မင်းက လူတစ်ပိုင်း သားရဲတစ်ပိုင်းဆိုတော့ မင်းမှာ အတွင်းအမြုတေတစ်ခုလဲ ရှိမှာပဲ”
အတွင်းအမြုတေ၏ တည်ရှိမှုက တာအိုသက်ရှိရွှမ်ယွီ၏ စိတ်ဝိညာဉ်အသိစိတ်ကနေ မလွတ်မြောက်နိုင်ပေ။
“မင်းက အဲ့ဒါကို အားကိုးနေတာလား”
တာအိုသက်ရှိရွှမ်ယွီ၏ ရယ်သံက တစ်နည်းတစ်ဖုံ ကြောက်စရာကောင်းနေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းက ရွှေအမြုတေတစ်ယောက်ဆိုရင်တောင် ငါက မင်းကို ဘာအခွင့်အရေးမှ ထပ်ပေးမှာ မဟုတ်ဘူး.. စိတ်ပျက်အားငယ်တဲ့ ခံစားချက်ကို မင်းကောင်းကောင်း သိသွားစေရမယ်”
ထိုသို့ပြောပြီးသည်နှင့် တာအိုသက်ရှိရွှမ်ယွီက သူ့ညာလက်သီးကို ဆန့်ထုတ်လိုက်၏။
ဘုန်း..
သူ့လက်သီးက ဆူဇီမို၏ ရင်အုပ်ပေါ်သို့ ရက်စက်စွာ ကျဆင်းလာ၏။
မြောက်များလှစွာသော စွမ်းအားများက ဆူဇီမို၏ ကိုယ်တွင်းသို့ တလိပ်လိပ် စီးဝင်သွားပြီး အရင်ဆုံး ရိုက်ခတ်မှုကို ခံစားရသည်မှာ ဆန်းကြယ်ရွှေပိုးချပ်ဝတ် ဖြစ်လေသည်။
မူလနတ္ထိတစ်ယောက်၏ စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ မူလစိတ်ဝိညာဉ်လက်နက်တွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာကာ စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုကလည်း ပျက်ပြယ်သွားလေသည်။
ခုခံရေးမူလစိတ်ဝိညာဉ်လက်နက်ကို ထိုးဖောက်ပြီးနောက် ကျန်ရှိနေသော စွမ်းအားများက ဆူဇီမို၏ ကိုယ်တွင်းသို့ ဆက်လက်စီးဝင်သွား၏။
ဖျောက်.. ဖျောက်.. ဖျောင်း..
အရိုးကျိုးသံများက ထွက်ပေါ်လာလေသည်။
ဆူဇီမို၏ မျက်နှာက သွေးများဖြင့် ပေကျံ၍ အပေါ်သို့ မြောက်တက်သွားပြီးနောက် တစ်ဖန် ပြင်းထန်စွာ ပြန်ကျလာ၏။
သူ၏ အတွင်းအမြုတေတွင် အက်ကွဲကြောင်းများက ပေါ်လာလေသည်။
ဆူဇီမိုသည် သူ့ကိုယ်တွင်းတွင် သားရဲစွမ်းအားများ ရှိနေသေးသည်ဟု ဆက်လက် မခံစားရတော့ပေ။
သူသည် သူ၏ အတွင်းအမြုတေကို ထိန်းချုပ်လို့ မရတော့ပေ။
ဆူဇီမို၏ မျက်နှာက တစ်ဖန်ထပ်၍ ဖြူလျော့သွား၏။
သူ၏ အတွင်းအမြုတေက ဤမျှအတိုင်းအတာထိ ထိခိုက်ပျက်စီးသွားပြီးနောက် နောင်အခါ ပြန်လည်သက်သာ ပျောက်ကင်းနိုင်ဖို့ အခွင့်က အင်မတန်မှ နည်းပါးသွားလေပြီ။
တစ်ကယ်တော့ တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမို၏ အတွင်းအမြုတေကို လုံးဝ ကြေမွအောင် ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့လေသည်။
သို့သော်လည်း ဆန်းကြယ်ရွှေပိုးချပ်ဝတ်က သူ့ထိုးချက်မှ စွမ်းအားများစွာကို ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဒါ့အပြင် ဆူဇီမို၏ အရွတ်များ၊ အရိုးများနှင့် အသွေးအသားများက အစကတည်းက အလွန်တရာ ကြောက်စရာကောင်းပြီး တုန်လှုပ်စရာကောင်းသည့် ခုခံအားကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့်ပင် သူ့အတွင်းအမြုတေက ထိုထိုးနှက်ချက်ကြောင့် လုံးလုံးလျားလျား ပျက်စီးမသွားခဲ့ခြင်း ဖြစ်လေသည်။
သည့်အရင်က တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမို၏ လက်ကောက်ဝတ်ကို တစ်ချိန်လုံး မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့၏။
အခြေအနေက လုံးဝ သေချာပြီး အမှားအယွင်း မရှိနိုင်တော့မှသာ သူသည် စိတ်သက်သာရာရပြီး ဖမ်းဆုပ်ထားခြင်းကို လွှတ်ပေးလိုက်လေသည်။
တာအိုသက်ရှိရွှမ်ယွီသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူဖြစ်ပြီး သူက အရူးမဟုတ်ပေ။
သူသည် အမှားအယွင်း လုံးဝ မရှိရအောင် ပြုလုပ်ရမည်ဖြစ်ပြီး ဆူဇီမိုကို မည်သည့်အခွင့်အရေးမှ ချန်ပေးမထားနိုင်ပေ။
မြေခွေးလေးသည် ဖြစ်စဉ်တစ်လျှောက်လုံးမှာ အကြောက်လွန်ပြီး ထုံထိုင်းနေ၏။
သူမသည် ဤကဲ့သို့ ရက်စက်ကြမ်းတမ်းမှုမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘဲ ဆူဇီမို၏ တစ်ချိန်လုံး ပုန်းကွယ်နေခဲ့၏။
ယခုအခါမှသာ မြေခွေးလေးသည် တစ်စုံတစ်ရာကို နားလည်လာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူမသည် ဘယ်လိုပင် ကြောက်လန့်နေပါစေ.. ဆူဇီမိုတစ်ယောက် ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကိုတော့ ကြည့်မနေနိုင်တော့ပေ။
ဝှစ်..
သူမက မီးပိတ်ဆို့ခြင်းတောင်းကို သူမ၏ လက်ဖဝါးလေးများဖြင့် လွှဲပစ်လိုက်၏။
မီးပိတ်ဆို့ခြင်းတောင်းက လေထဲမှာ လျှင်မြန်စွာ ပြန့်ကားသွားပြီး ရွှေရောင်အလင်းကိုးခုက ထွက်ပေါ်လာ၏။ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်နှင့်အတူ အဲ့ဒါက ခြစ်ခြစ်တောက်ပူပြင်းစွာနှင့် တောက်ပလာပြီး တာအိုသက်ရှိရွှမ်ယွီအပေါ်သို့ ပစ်ကျလာ၏။
“အာ”
တာအိုသက်ရှိရွှမ်ယွီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်က ပေါ်လာ၏။
မီးတောက်မီးလျှံများအပြည့်နှင့် ပျံသန်းလာသော မီးပိတ်ဆို့ခြင်းတောင်းကို မြင်သောအခါ တာအိုသက်ရှိရွှမ်ယွီက ရှောင်ရှားခြင်း မရှိပေ။ ရုတ်တရက် သူက လက်နှစ်ဖက်ကိုထုတ်၍ ဆတ်ကနဲ လှမ်းဆွဲလိုက်၏။
ထိုကြောက်စရာကောင်းသည့် မီးတောက်များက တာအိုသက်ရှိရွှမ်ယွီကို လောင်ကျွမ်းစေနိုင်ခြင်း မရှိပေ။
တာအိုသက်ရှိရွှမ်ယွီက တောက်လောင်နေသော မီးပိတ်ဆို့ခြင်းတောင်းကို လက်ဗလာဖြင့် ဆွဲယူပြီး အနီးကပ် ကြည့်ရှုလိုက်၏။
သူ့မျက်လုံးများက တောက်ပလာပြီး ခေါင်းညိတ်လိုက်လေသည်။
နောက်ခဏ၌ သူက မီးပိတ်ဆိုးခြင်းတောင်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
“ဒါက တစ်ကယ့် ရတနာပဲ.. မင်းက အားနည်းလွန်းလို့သာ ဒီခြင်းတောင်းရဲ့ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်တာ.. အခုကစပြီး အဲ့ဒါက ငါ့ဟာ ဖြစ်သွားပြီ”
“အု ဝူ.. အု ဝူ..”
မြေခွေးလေးက မကျေမနပ်ဖြင့် အော်လိုက်၏။
အဲ့ဒါက သူ့အမေ၏ တစ်ခုတည်းသော အမွေအနှစ် ဖြစ်သည့်အတွက် သူမက အဲ့ဒါကို အဆုံးရှုံး မခံနိုင်ပေ။
“မသွားနဲ့”
ဆူဇီမို၏ အသံက ခြောက်ကပ်၍ အလွန်တရာ အားနည်းနေ၏။
ကံဆိုးစွာနှင့် မြေခွေးလေးက ဆူဇီမို၏ ခေါ်သံကို မကြားနိုင်တော့ဘဲ ပြေးထွက်သွားလေပြီ။
အစတုန်းကတော့ တာအိုသက်ရှိရွှမ်ယွီသည် သူမကို အသေဖြတ်ရိုက်လိုက်ချင်မိ၏။ သို့သော်လည်း သူ့စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာလေသည်။
“မြေခွေးမျိုးနွယ်ပါလား”
တာအိုသက်ရှိရွှမ်ယွီ၏ မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားပြီး သူ့စိတ်ကို ပြောင်းလဲကာ လက်ဖြင့် တွန်းဖယ်လိုက်၏။
ဘန်း..
မြေခွေးလေးသည် ရွှံမြေပေါ်သို့ လွင့်ကျလာပြီး အလွန်တရာ နာကျင်နေဟန်ဖြင့် သွေးများကို ထွေးထုတ်လိုက်ရ၏။
သူမသည် အတွင်းအမြုတေကို မဖွဲ့တည်ရသေးသည့်အတွက် သူမ၏ ရုပ်ရည်သွင်ပြင်ကို မပြောင်းလဲနိုင်သေးပေ။
“တောကောင်လေး.. နင့်ကို သတ်ဖို့က ငါ့အတွက် အရမ်းလွယ်ကူတယ်.. အတွေးတစ်ချက်ထက် မပိုဘူး”
တာအိုသက်ရှိရွှမ်ယွီက အေးစက်စွာဖြင့် ပြောလိုက်၏။
“ဒီနေ့ကစပြီး နင့်က ငါ့ရဲ့ အစေခံပဲ.. ငါ့ကို ပြန်အာခံရဲရင် ဆိုးဆိုးရွားရွား ခံစားရမယ် နားလည်လား”
မြေခွေးမျိုးနွယ်က သဘာဝ ညို့ငင်ဓါတ်ဖြင့် မွေးဖွားလာကြခြင်း ဖြစ်၏။
သူသည် မြေခွေးမျိုးနွယ်မှ တစ်ကောင်ကို ဖမ်းယူပြီး အစေခံ မွေးထားနိုင်မည်ဆိုလျှင် ထိုမြေခွေးမလေး အရွယ်ရောက်လာသည်နှင့် သူ့၏ နေ့စဉ်ဘဝက သေချာပေါက် သုခဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။
မြေခွေးလေးသည် စောစောကတည်းက ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပြီးဖြစ်ပြီး စိတ်ထဲမှာ မသက်မသာ ခံစားနေရ၏။
ယခု တာအိုသက်ရှိရွှမ်ယွီ၏ စကားလုံးများကို ကြားရသောအခါ သူမ၏ ဆိုးဝါးမည့်ဘဝကို တွေးမိသွားပြီး သတိလစ်မတတ် ဖြစ်သွားရ၏။
တာအိုသက်ရှိရွှမ်ယွီက လုံးဝ ဂရုမစိုက်ပေ။
သူသည် ဤမြေခွေးလေးကို လေ့ကျင့်ပျိုးထောင်ပေးဖို့ အချိန်အတိုင်းအတာတစ်ခုတော့ ယူရပေလိမ့်မည်။
တာအိုသက်ရှိရွှမ်ယွီ၏ အကြည့်သည် မလှမ်းမကမ်းရှိ သွေးအလိမ်းလိမ်းနှင့် ကျင့်ကြံသူဆီသို့ ရောက်သွား၏။
သူတို့နှစ်ယောက်က အကြည့်ချင်း ဆုံသွားကြ၏။
တာအိုသက်ရှိရွှမ်ယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သည်အခြေအနေထိ ရောက်လာတာတောင် ဆူဇီမို၏ မျက်လုံးထဲ၌ အလျှော့ပေးလို့သည့် အရိပ်လက္ခဏာ မရှိတာကို သူ အသိအမှတ် ပြုရပေမည်။
ကမ္ဘာပေါ်မှာ ဆူဇီမိုကို အနိုင်ယူနိုင်သော စွမ်းအားများစွာ ရှိ၏။
သို့သော်လည်း သူ့ကို ဦးညွှတ်စေနိုင်သည့် အရာတော့ မရှိပေ။
တာအိုသက်ရှိရွှမ်ယွီသည် မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမို၏ အကြည့်က သူ့ကို မသက်မသာ ခံစားနေရစေလေသည်။
သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်နေသော တစ်စုံတစ်ရာ ရှိနေသေးသလိုပင်။
“မဖြစ်နိုင်တာ”
တာအိုသက်ရှိရွှမ်ယွီက ရေရွတ်လိုက်၏။
“အဲ့ကောင်လေးရဲ့ ရွှေအမြုတေက ပျက်စီးသွားပြီ.. သူ့အတွင်းအမြုတေကလဲ ကြေမွသွားပြီ.. အခုဆို သူက လုံးဝဒုက္ခိတပဲကို.. ဘာမှ မမှားနိုင်တော့ပါဘူး”
“တောကောင်လေး.. မင်းဘာလို့ ထွက်မပြေးတော့တာလဲကွ.. ဟမ်”
တာအိုသက်ရှိရွှမ်ယွီက လှောင်ရယ်လိုက်၏။
ကြိုတင်မှန်းဆလို့ မရသော လေသံဖြင့် တာအိုသက်ရှိရွှမ်ယွီက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မပူပါနဲ့.. ငါ မင်းကို ဒီတိုင်း အလွယ်တကူ ပေးမသေပါဘူး”
“ငါ မင်းကို အကျဉ်းချထားပြီး ဖြည်းဖြည်းချင်း နှိပ်စက်ရင်းနဲ့ မင်းရဲ့ နတ်ဖီးနစ်အရိုးနဲ့ အင်မော်တယ်နဲ့ သားရဲကျင့်စဉ်ကို အတူတကွ ဘယ်လိုကျင့်ကြံရလဲဆိုတာ စစ်ဆေးမေးမြန်းရဦးမယ်.. မင်းဆီမှာ သိမ်းထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာ ငါသိတယ်”
ဆူဇီမိုက ပြန်ပြုံးပြလိုက်၏။
“ကျုပ်သိမ်းထားတဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားဖော်ထုတ်ဖို့ အခွင့်အရေး မရှိတော့မှာကိုပဲ ကျုပ်စိုးရိမ်မိပါရဲ့”
ဆူဇီမို၏ စိတ်အာရုံထဲတွင် မကောင်းဆိုးဝါးဆန်သော သုတ္တန်များက အစီအရီ ထွက်ပေါ်လာ၏။
ဖောက်..
သူ့နှလုံးက စုတ်ပြဲလုမတတ် ဖြစ်သွားပြီး သူ့မျိုးဆက်သွေးက တအုန်းအုန်း ထကြွကာ ခြစ်ခြစ်တောက် ပူပြင်းလာ၏။
တစ်ခဏအတွင်း သူ့မျိုးဆက်သွေး၏ သုံးပုံတစ်ပုံနီးပါးက လောင်ကျွမ်းသွားလေသည်။
အဲ့ဒါက မိစ္ဆာဂိုဏ်းများမှ သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ပင်။
သူ့ရွှေအမြုတေနှင့် အတွင်းအမြုတေက ပျက်စီး၍ သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သားရဲချီများက ကုန်ခမ်းနေလျှင်တောင် ဆူဇီမို၏ ကိုယ်တွင်းမှာ နောက်ထပ်စွမ်းအားတစ်မျိုး ရှိနေသေး၏။ အဲ့ဒါက သူ၏ မျိုးဆက်သွေးစွမ်းအားပင်။
တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ အမြန်နှုန်းက အဆများစွာ တိုးလာပြီး သွေးစတေးထွက်ပြေးခြင်းက ထွက်ပေါ်လာလေသည်။
ထိုသို့ဆိုလျှင်တောင် မူလနတ္ထိတစ်ယောက်၏ မျက်စိအောက်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်ဖို့ဆိုတာက အတော်လေး ရယ်စရာကောင်းနေဆဲဖြစ်၏။
မဟုတ်ပါက ဆူဇီမိုသည် သွေးစတေးထွက်ပြေးခြင်းကို အစောကြီးကတည်းက ထုတ်ဖော်၍ ဤနေရာကနေ ပြေးထွက်သွားသည်မှာ ကြာနေလောက်လေပြီ။ အခုလို ဆိုးဆိုးရွားရွား အခြေအနေသို့ အရောက်ခံနေမှာ မဟုတ်ပေ။
အခုချိန် သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ရသည့် သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ.. နဂါးသင်္ချိုင်းတောင်ကြားဆီသို့ ထွက်ပြေးဖို့သာ ဖြစ်လေသည်။