ခုန်ချသွားပြီ
Vol. 39 Ch. 576
သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် တုံ့ဆိုင်းခြင်းမရှိ လှည့်ပြေးလေသည်။
သူသည် မူးဝေနေသော မြေခွေးလေးနား ဖြတ်သွားသောအခါ သူမကို ဆတ်ကနဲ ဖမ်းဆွဲယူပြီး အစွမ်းကုန်ထုတ်၍ ဆက်ပြေးလေသည်။
သည်နေရာမှာ မြေခွေးလေးကိုသာ ထားခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲ ဆူဇီမိုသည် စဉ်းစားမကြည့်ရဲပေ။
အဲ့ဒါက သေတာထက်ဆိုးသည့် ဘဝတစ်ခု ဖြစ်သွားနိုင်လေသည်။
သူ့ပုံရိပ်က အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ အပြင်ဘက်သို့ ပြေးထွက်သွား၏။
ပြိုင်စံရှားများအားလုံး ကြောင်အသွားကြ၏။
ဆူဇီမိုသည် ကောင်းကောင်းတောင် မရပ်တည်နိုင်တော့ဘဲ အချိန်မရွေး အသက်ထွက်သွားနိုင်သည့် လူတစ်ယောက်ဖြစ်၏။
တစ်ခဏအတွင်းမှာပင် ထိုကျိုးကန်းနေသောလူက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပြေးထွက်သွား၏။
စောင့်ကြည့်နေသော ရွှေအမြုတေများသာလျှင်မဟုတ် တာအိုသက်ရှိရွှမ်ယွီပင်လျှင် ကြောင်အသွားလေသည်။
သူသည် မူလနတ္ထိအဆင့်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုထက် အဆင့်ကြီးနှစ်ဆင့်တောင် မြင့်မားသော်လည်း သူသည် အင်မတန်ကိုမှ သတိထား ဂရုစိုက်ခဲ့၏။
သူသည် ဆူဇီမို၏ ရွှေအမြုတေရော အတွင်းအမြုတေကိုပါ ဖျက်ဆီးပြီးမှသာ သူ၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ထားသည်ကို လွှတ်ပေးလိုက်ခြင်း ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုမှာ ထွက်ပြေးဖို့အတွက် စွမ်းအင်ကျန်ရှိနေလိမ့်ဦးမည်ဟု တာအိုသက်ရှိရွှမ်ယွီ ထင်မထားမိပေ။
“သွေးစတေး ထွက်ပြေးခြင်းလား”
သူသည် ထိုလျှိုု့ဝှက်ပညာရပ်ကို ချက်ချင်း မှတ်မိလိုက်၏။
သွေးစတေးထွက်ပြေးခြင်းက အဆူရာဂိုဏ်း၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး ကျင့်ကြံရေးလောကမှာ အင်မတန် ကျော်ကြားလေသည်။
“ငါရှိနေတာကို မင်းက ထွက်ပြေးချင်သေးတယ်ပေါ့.. တော်တော် ရိုးအတာပဲ”
တာအိုသက်ရှိရွှမ်ယွီက လှောင်ရယ်လိုက်၏။
“မင်းဘယ်လောက် ဝေးဝေး ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် တာအိုသက်ရှိရွှမ်ယွီက နောက်ကနေ ပြေးလိုက်သွားပြီဖြစ်၏။ သူ၏ အမြန်နှုန်းက သွေးစတေးထွက်ပြေးခြင်း၏ ပေါက်ကွဲရုန်းကန်အားဖြင့် ပြေးထွက်သွားသော ဆူဇီမိုထက်ပင် အနည်းငယ် ပိုမြန်နေသေး၏။
နောက်ကလိုက်လာသည့်သူက နိုးထဝိညာဉ်များသာဆိုလျှင် ဆူဇီမိုသည် ထွက်ပြေးလွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်သေး၏။
ကံမကောင်းစွာနှင့် သူရင်ဆိုင်နေရသည်က မူလနတ္ထိအဆင့် တစ်ယောက် ဖြစ်နေ၏။
ဒါ့အပြင် ထိုသူသည် မူလနတ္ထိအဆင့်မှာတောင် ထိပ်သီးပညာရှင်၊ ဖန်သားနန်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။
တာအိုသက်ရှိရွှမ်ယွီ၏ မျက်လုံးထဲတွင် ဆူဇီမိုက သေခါနီးဆဲဆဲ ရုန်းကန်နေသော ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
သူတို့နှစ်ယောက်ကြား အကွာအဝေးက လျှင်မြန်စွာ လျော့နည်းလာ၏။
ဆူဇီမိုက အချိန်အနည်းငယ်စော၍ အရင်ထွက်ပြေးလာခြင်းကြောင့်သာ မဟုတ်လျှင် တာအိုသက်ရှိရွှမ်ယွီက သူ့ကို အသက်ရှူချိန်အနည်းငယ်အတွင်း ဖမ်းမိသွားနိုင်လေသည်။
များစွာသော ရွှေအမြုတေများသည် နောက်ကနေ အလောတကြီး ပြေးလိုက်သွားကြ၏။
သို့သော်လည်း သူတို့အမြန်နှုန်းက တာအိုသက်ရှိရွှမ်ယွီနှင့် ဆူဇီမိုထက် များစွာ ပို၍ နှေးကွေးလေသည်။
ကံကောင်းတာက သူတို့၏ရှေ့ မြင်ကွင်းက ရှင်းလင်းနေသောကြောင့် ဖြစ်ပျက်နေသမျှကို ကောင်းကောင်းမြင်နိုင်လေသည်။
ပြိုင်စံရှားများသည် ရှေ့သို့ ငေးကြည့်နေရင်း ပြေးလိုက်လာကြ၏။
“ကြည့်ရတာတော့ တာအိုသက်ရှိရွှမ်ယွီက အသက်ရှူချိန် တစ်ရာအောက်မှာပဲ ဆူဇီမိုကို ဖမ်းမိလိမ့်မယ်ထင်တယ်”
“အမှန်ပေါ့.. သူဘယ်လိုပဲ ကြိုးစားရုန်းကန်ပါစေ.. သူ့သေခြင်းတရားက ရှောင်လွှဲလို့ မရတော့ဘူး”
“ငါထင်တာတော့ သူက တစ်စက္ကန့်ပဲ အသက်ပို ရှင်ရရှင်ရ.. ကြိုးစားကြည့်နေတာထင်တယ်”
ထိုဆွေးနွေးသံများကို ကြားသောအခါ မူတန်ချင်းနှင့် ပိုင်ယုဟန်သည် မျက်မှောင်ကြုတ်လိုက်ကြ၏။
မည်သို့ပင်ဆိုစေ.. ဆူဇီမို၏ မဟာကျိုး၏ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
သူတို့သည် သည့်အရင်က ပတ်သတ်ဆက်နွယ်မှုပင် ရှိခဲ့ကြဖူးလေသည်။
လက်ရှိအခြေအနေကို ကြည့်ပြီး သူတို့နှစ်ယောက်သည် အခြားသူများကဲ့သို့ စိတ်လက်ပေါ့ပါးစွာ မနေနိုင်ကြပေ။
ခဏကြာ ပြေးလိုက်လာကြပြီးနောက် မူတန်ချင်းက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ရေရွတ်လိုက်၏။
“သူ သွားနေတဲ့ လမ်းကြောင်းက သိပ်ပြီးတော့ မူမမှန်ဘူးနော်.. ငါထင်တာတော့....”
“ဖြစ်များ ဖြစ်နေမလား..”
“နဂါးသင်္ချိုင်းတောင်ကြားများလား”
လူအုပ်ကြီးထဲရှိ ကျင့်ကြံသူအချို့သည်လည်း ထိုအချက်ကို သတိထားမိလာကြပြီး အံ့အားတသင့် ရေရွတ်လာကြ၏။
နဂါးသင်္ချိုင်းတောင်ကြားက အလွန်တရာကိုမှ ကံဆိုးမိုးမှောင်ကျတတ်သော နေရာ ဖြစ်လေသည်။ ပြီးခဲ့သည့် နှစ်တစ်သောင်းက ကပ်ဘေးမှာ ဧကရာဇ်များ၏ သွေးများက ပြန့်ကျဲ၍ မျိုးနွယ်စု ခေါင်းဆောင်များက အသတ်ခံရကာ နတ်နဂါးတစ်ကောင်ပင်လျှင် အဲ့ဒီမှာ မြှုပ်နှံခံခဲ့ရ၏။
ပြီးခဲ့သည် နှစ်တစ်သောင်းအတွင်းမှာ မရေမတွက်နိုင်သော ပညာရှင်များသည် နဂါးသင်္ချိုင်းတောင်ကြားသို့ ဆင်းသက်ကာ အခြေအနေများကို သွားရောက်အကဲခတ် စစ်ဆေးကြည့်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ ထိုသူများသည် တစ်ယောက်မှ ပြန်ရောက်မလာကြတော့ဘဲ သတင်းအစအန ပျောက်ဆုံးသွားကြ၏။
ဓမ္မဝိသေသများနှင့် ပေါင်းစည်းခန္ဓာအဆင့်များတောင်မှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြဟု ဆိုကြလေသည်။
ထိုပျောက်ဆုံးသွားသူများထဲတွင် တစ်ခေတ်တစ်ခါက နာမည်ကြီး ကျော်ကြားခဲ့သော ပြန်ဝင်စားမွန်းစတားများနှင့် အန္တိမပညာရှင်များတောင်မှ ပါဝင်လေသည်။
တစ်ကယ်ဆို လူများသည် နဂါးသင်္ချိုင်းတောင်ကြားကို ဆယ်ခုမြောက် တားမြစ်နယ်မြေဟုပင် သတ်မှတ်ထားကြ၏။
ရုတ်တရက် ပြိုင်စံရှားများအားလုံးသည် ဆူဇီမို၏ စိတ်ကို ခန့်မှန်းမိလာကြ၏။
သူသည် သူ့ကိုယ်သူ သေရတော့မည်ဆိုတာ သိပြီးနောက်.. တာအိုသက်ရှိရွှမ်ယွီကို ဘာမှ မရရှိစေရန် အစွမ်းကုန်ကြိုးစား၍ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချတော့မည် ဖြစ်လေသည်။
တာအိုသက်ရှိရွှမ်ယွီသည်လည်း ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အတွက် သူ့အမူအယာက သုန်မှုန်လာ၏။
သူ့သွေးချီကို ထုတ်ဖော်၍ ဓမ္မစွမ်းအားများကို ရုန်းကန်ထွက်ပေါ်လာစေ၏။ သူ၏ အမြန်နှုန်းက နောက်တစ်ဆင့်သို့ တိုးမြင့်သွား၏။
ဟင်္သပဒါးသစ်သီးသည် မဟာချွမ်အပျက်အစီး၏ အနက်ပိုင်းထဲမှာ ပေါက်ဖွားလာတာ ဖြစ်တာကြောင့် ထိုနေရာက နဂါးသင်္ချိုင်းတောင်ကြားနှင့် အလွန်တရာ နီးကပ်လှလေသည်။
ဆူဇီမိုနှင့် တာအိုသက်ရှိရွှမ်ယွီတို့သည် သိပ်မကြာမီ နဂါးသင်္ချိုင်းတောင်ကြားဆီသို့ သိပ်မကြာမီ ရောက်ရှိလာကြ၏။
ရှေ့မလှမ်းမကမ်းတွင် ဧရာမချောက်နက်ကြီးက မဟာချွမ်အပျက်အစီးကို နှစ်ပိုင်းခွဲခြမ်းထား၏။
လေထဲကနေ ကြည့်လျှင်.. အလွန်တရာ ကြီးမားလှသည့် သတ္တဝါကြီးတစ်ကောင်က သူ၏ ပါးစပ်ကြီးကို ဟ၍ သက်ရှိအားလုံးကို ဝါးမျိုတော့မည့်ပုံစံ ဖြစ်လေသည်။
“တောကောင်လေး.. မင်းတော်တော် သတ္တိကောင်းနေတယ်ပေါ့”
တာအိုသက်ရှိရွှမ်ယွီသည် စိတ်ထဲမှာ မချင့်မရဲဖြစ်လာပြီး ခက်ထန်စွာ လှမ်းအော်လိုက်၏။
ဆူဇီမိုသာ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချသွားလျှင် သူသည် အမှန်တစ်ကယ်ကို ကြီးမားစွာ ဆုံးရှုံးနစ်နာရပေတော့မည်။
နတ်ဖီးနစ်အရိုး၊ အင်မော်တယ်နှင့် သားရဲလမ်းစဉ်နှစ်မျိုးကို အတူတကွ ကျင့်ကြံနိုင်ရခြင်း၏ လျှို့ဝှက်ချက် စသည်တို့က ဆူဇီမိုခုန်ချခြင်းနှင့်အတူ နဂါးသင်္ချိုင်းတောင်ကြားထဲမှာ ထာဝရ နစ်မြုပ်သွားပေတော့မည်။
နဂါးသင်္ချိုင်းတောင်ကြား၏ ချောက်ကမ်းပါးစွန်းသို့ ရောက်လာပြီး ဆူဇီမိုသည် ငုံကြည့်လိုက်သောအခါ သူ့ခေါင်းက ချာချာလည်သွား၏။
သူ့ဒဏ်ရာများက ပြင်းထန်လွန်း၏။
သူ၏ အမြုတေနှစ်ခုက ဖျက်ဆီးခံထားရပြီး သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောက အကန့်အသတ်ကို ကျော်လွန်နေလေပြီ။
ဆူဇီမို၏ မျက်လုံးထဲတွင် ဝေခွဲမရသည့်ပုံစံက ပေါ်လာ၏။
သူသည် ဒီနေ့မှာ ဒီတိုင်းပဲ အဆုံးသတ်သွားရမှာကို မကျေချမ်းနိုင်ပေ။
“မတတ်နိုင်ဘူးလေ.. ရှိစေတော့”
ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။
“တောကောင်လေး.. ဆူ-ဆူဇီမို”
တာအိုသက်ရှိရွှမ်ယွီသည် သူ၏ ခေါ်ဝေါ်ပုံကို ချက်ချင်း ပြောင်းလဲလိုက်၏။
ချောက်ကမ်းပါးအစပ်တွင် မတ်တပ်ရပ်နေသော ဆူဇီမို၏ ကိုယ်က အနည်းငယ် ယိမ်းထိုးနေပြီး လေတိုက်သည်နှင့် လန်ကျသွားတော့မည့်ပုံပင်။ တာအိုသက်ရှိရွှမ်ယွီသည် ရှေ့ဆက်မတိုးရဲတော့ပေ။
“ဆူဇီမို.. မင်းအဲ့လို လုပ်စရာ မလိုပါဘူး”
တာအိုသက်ရှိရွှမ်ယွီက လေးနက်စွာ ပြောလိုက်၏။
“ငါတို့ အပေးအယူ လုပ်လို့ ရပါသေးတယ်ကွ.. မင်းသာ နတ်ဖီးနစ်အရိုးကို ထုတ်ပေးမယ်ဆိုရင်.. ငါတို့နှစ်ယောက်ကြားက ရန်းငြိုးရန်စကို ငါ့မေ့ဖျောက်ပေးမယ်လေ”
ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားကို ကျောပေးထားရင်း.. တာအိုသက်ရှိရွှမ်ယွီကို လှောင်ပြောင်သလို ကြည့်နေ၏။
တာအိုသက်ရှိရွှမ်ယွီသည် အပေါ်ယံမှာ ပြုံးနေသော်လည်း စိတ်ထဲကနေ ကျိန်ဆဲနေ၏။
“စိတ်မပူပါနဲ့.. ငါက ယောက်ျားပါ.. ငါ့စကားငါတည်ပါတယ်.. မင်းသာ နတ်ဖီးနစ်အရိုးကို ထုတ်ပေးမယ်ဆိုရင် ငါမင်းကို ဘာမှ မလုပ်ဘဲ အခုချက်ချင်း လှည့်ထွက်သွားပေးမယ်”
“ခင်ဗျားက နတ်ဖီးရိုးအရိုးကို လိုချင်တာ သေချာလို့လား”
ဆူဇီမိုက ပြုံး၍ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ နောက်ပြန်ခုန်ချရင်း အော်ပြောလိုက်၏။
“အဲ့ဒါကို လိုချင်ရင် လိုက်ယူလိုက်လေ”
“မင်း...”
တာအိုသက်ရှိရွှမ်ယွီသည် ဒေါသထောင်းကနဲ ထသွားပြီး နေရာကနေ ချက်ချင်း ဖျတ်ကနဲ ရွေ့လျားသွား၏။
မျက်တစ်မှိတ်မှာပင် သူက နဂါးသင်္ချိုင်းတောင်ကြားချောက်ကမ်းပါးသို့ ရောက်ရှိသွားပြီး ကပျာကယာ အရှိန်သတ်လိုက်၏။
သူသည် ဝတ်ရုံစကို ဆန့်တန်း၍ ဆူဇီမိုကို လှမ်းဆွဲချင်သော်လည်း နောက်ကျသွားလေပြီ။
ဆူဇီမိုတစ်ယောက် အမှောင်ထုထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားတာကို သူဒီအတိုင်း ကြည့်နေလိုက်ရတော့သည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းက လူသားမျိုးနွယ်မှ ဧကရာဇ်အချို့သည် အတူလက်တွဲ၍ နတ်နဂါးကြီးတစ်ကောင်နှင့် ဒဏ္ဍာရီလာစစ်ပွဲကြီးကို ဆင်နွဲကာ ဤဧရာမချောက်နက်ကြီးကို ဖြစ်ပေါ်စေခဲ့၏။
ဤချောက်နက်ကြီးက ထိုနတ်နဂါးကြီး၏ သင်္ချိုင်းဖြစ်ခဲ့ရုံသာမက.. ကြောက်စရာကောင်းသည့် စွမ်းအားများစွာကပါ ထိုအထဲမှာ ကိန်းအောင်းနေ၏။
တာအိုသက်ရှိရွှမ်ယွီသည် အောက်သို့ လိုက်ဆင်းဖို့ သတ္တိမရှိသည့်အတွက် သူ့မျက်စိရှေ့ကနေ နတ်ဖီးနစ်အရိုး ပျောက်ကွယ်သွားတာကို ဒီအတိုင်းသာ ကြည့်နေလိုက်ရ၏။
“တောကောင်လေး.. ဒီကိစ္စက ဒီအတိုင်း ပြီးသွားမယ်လို့ မင်းထင်လို့လား.. မင်းက ငါ့မြေးကို သတ်ခဲ့မှတော့.. မင်းတို့ ဆူမိသားစုမှာလဲ တစ်ယောက်မှ မကျန်အောင် ငါသတ်ဖြတ်ပြမယ်”
တာအိုသက်ရှိရွှမ်ယွီ၏ မျက်နှာက ကြောက်စရာကောင်းသည်ထက် ကျော်လွန်အောင် ကြောက်စရာကောင်းနေလေတော့သည်။