မြောက်ပိုင်းဒေသကို တုန်လှုပ်သွားစေခြင်း
Vol. 39 Ch. 577
ဆူဇီမိုသည် ခုန်ချခဲ့၏။
နဂါးသင်္ချိုင်းတောင်ကြားထဲသို့ တိုးဝင်ကာ သူ့ခန္ဓာကိုယ်က လုံးလုံးလျားလျား ပျောက်ကွယ်သွားလေသည်။
ပြိုင်စံရှားများသည် နဂါးသင်္ချိုင်းတောင်ကြားကမ်းပါးစပ်သို့ ပြေးချသွားသောအခါ ဆူဇီမို၏ ပုံရိပ်တစ်စွန်းတစ်စကိုသာ မြင်တွေ့လိုက်ရ၏။
သူတို့သည် တုန်လှုပ်၍ အတွေးများစွာဖြင့် ငူငိုင်သွားကြ၏။
အခုဆို နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားက မရှိတော့လေပြီ။ သူက အတိတ်ကာလ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလေပြီ။
နောက်ဆုံးမှာတော့ ကျရှုံးသွားသော ပါရမီရှင်များကို လူတိုင်းက မေ့လျော့သွားကြပေလိမ့်မည်။
ထိုလူက လျှို့ဝှက်ချက်များစွာကို ပိုင်ဆိုင်ခဲ့၏။ ပြောရမည်ဆို သူက လူသားနှင့် သားရဲများကြားက ကန့်သတ်ချုပ်နှောင်ထားမှုကိုပင် ချိုးဖျက်၍ ကျင့်စဉ်နှစ်ခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်ခဲ့၏။
ထိုလူက အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများကိုသာမက ချိတ်ပိတ်ထားသူများကိုပါ သူတစ်ယောက်တည်းနှင့် သတ်ဖြတ်၍ လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့၏။
ထိုလူက လူသားဧကရာဇ်ပြီးလျှင် ဒုတိယလူအဖြစ်နှင့် ကိုးခုမြောက် မရီးဒါန်ကို ဖွင့်လှစ်ကာ အန္တိမအခြေတည်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့၏။
ထိုလူက အလွန်တရာကိုမှ ရှားပါးလှသော နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ကျင့်ကြံနိုင်ခဲ့ပြီး ထိုအမြုတေနယ်မြေနှစ်ခုစလုံးကိုလည်း ပျောက်ဆုံးနေပြီဖြစ်သော ကမ္ဘာဦးအမြုတေနယ်မြေများ ဖြစ်နေ၏။
ထိုလူသည် မဟာချွမ်အပျက်အစီးနယ်မြေတွင် ဟင်္သပဒါးသစ်သီးကို ရယူပြီး မြောက်ပိုင်းဒေသမှ ပြိုင်စံရှားအားလုံး၏ ဟန့်တားပိတ်ဆို့မှုကို လွှမ်းမိုးခြယ်လှယ်စွာ ဖောက်ထွက်၍ ပြိုင်စံရှားများစွာကို ပြန်လှန်သတ်ဖြတ်ပစ်ခဲ့သည့်အပြင် ထိုအထဲမှာ မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ၊ ရှီးဝူယာပင်လျှင် ပါသွားသေး၏။
ထိုလူသည် ရာနှင့်ချီသော နိုးထဝိညာဉ်များကိုပင်လျှင် မီးလောင်တိုက်သွင်း၍ ကောင်းကင်တစ်ခွင်ကို နီစွေးသွားစေခဲ့၏။
ထိုလူသည် သူ၏ ရွှေအမြုတေက ဖျက်ဆီးခံရ၍ အတွင်းအမြုတေက ကြေမွသွားခဲ့တာတောင် မူလနတ္ထိအဆင့်တစ်ယောက်၏ လက်ကနေ လွတ်အောင် ထွက်ပြေး၍ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ရအောင် ခုန်ချသွားခဲ့၏။ မဖြစ်နိုင်လုနီးပါး အရာများစွာကို လုပ်ပြပြီး ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့သူ ဖြစ်လေသည်။
ဆူဇီမိုလိုမျိုး သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားတောင်မှ နဂါးသင်္ချိုင်းတောင်ကြားမှာ ဤကဲ့သို့ သေဆုံးသွားခဲ့ရသည်ဆိုတော့....
အရာအားလုံးက အဆုံးသတ်သွားလေပြီ။
ဟင်္သပဒါးသစ်သီးအတွက် ပြိုင်စံရှားအကြား တိုက်ပွဲက ယခုကဲ့သို့ပုံစံဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
“နဂါးသင်္ချိုင်းတောင်ကြားက တစ်ကယ်ကို ကံဆိုးမိုးမှောင်ကျတတ်တဲ့ နေရာပဲ.. အဲ့လူသေဆုံးသွားတာက အဲ့ဒါကြောင့်များ ဖြစ်နေမလား”
“အဲ့ဒါက သူတင် ဘယ်ကမလဲ.. မြောက်ပိုင်းဒေသက ပြိုင်စံရှားတွေ တစ်ပုံတစ်ပင်ကြီးပါ ဒီတိုက်ပွဲမှာ ကျရှုံးခဲ့ကြတာလေ.. အဲ့ဒါက အဲ့ဒီနတ်ကြီးတဲ့ နဂါးသင်္ချိုင်းတောင်ကြားကြောင့်ပဲ ဖြစ်ရမယ်”
“တော်သေးတာပေါ့ ငါတို့တော့ ဒီကပ်ဘေးကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်နေခဲ့သေးလို့”
ပြိုင်စံရှားများသည် ရင်တလျှပ်လျှပ်နှင့် အသည်းအသန် ဆွေးနွေးပြောဆိုနေကြ၏။ နဂါးသင်္ချိုင်းတောင်ကြားအနားသို့တော့ မည်သူမှ ချဉ်းမကပ်ရဲကြပေ။
မူတန်ချင်းနှင့် ပိုင်ယုဟန်သည်လည်း တိတ်တဆိတ် ထွက်လာခဲ့ကြ၏။
“ငါတို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တတိယမင်းသမီးဆီကို တတ်နိုင်သမျှ မြန်မြန် သတင်းပို့ရမယ်”
မူတန်ချင်းက တည်တံ့စွာ ပြောလိုက်၏။
ပိုင်ယုဟန်က မျက်မှောင်ကြုတ်၏။
“တတိယမင်းသမီးနဲ့ ဆူဇီမိုကြားက ဆက်ဆံရေးကို ရှင်လဲ သိတာပဲ.. သူမသာ ဒီအကြောင်းတွေ ကြားရရင် ရင်ကွဲနာကျတော့မှာပဲ.. အား.. ကျမ အဲ့ဒါကို မကြည့်ရက်ဘူး”
“နင်ကြည့်ရက်တာပဲဖြစ်ဖြစ် မကြည့်ရက်တာပဲဖြစ်ဖြစ် အဲ့ဒါက ဘာမှ မထူးဘူး”
မူတန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ဒီကိစ္စက ဖုံးကွယ်ထားလို့ ရတဲ့ကိစ္စမှ မဟုတ်တာ.. သူက အနှေးနဲ့အမြန်ဆိုသလို သိမှာပဲ”
“ကျမ သိပါတယ်” ပိုင်ယုဟန်က ခေါင်းညိတ်ပြပြီး သက်ပြင်းချလိုက်၏။
မူတန်ချင်းသည် သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ကြိုးကြာရုပ်တစ်ခုကို ဆွဲထုတ်၍ ဖြစ်စဉ်တစ်ခုလုံးကို တတ်နိုင်သမျှ အရှင်းလင်းဆုံး ရေးသားပြီးနောက် စိတ်ဝိညာဉ်ကြိုးကြာကို လွှတ်တင်လိုက်လေသည်။
. . .
ရက်အနည်းငယ် ကြာပြီးနောက်..
မဟာကျိုးမြို့တော်.. မိုးလေရှုခင်းမဏ္ဍပ်ထဲတွင်..
အမျိုးသမီးနှစ်ယောက်သည် ပြတင်းပေါက်တစ်ခုဘေးမှာ ရပ်ပြီး အပြင်ဘက်ရှိ လှပသည့် ရှုခင်းများကို ငေးကြည့်နေကြ၏။ သူတို့နှစ်ယောက်က ရယ်လိုက်မောလိုက်နှင့် နှစ်လိုဖွယ်ရာ စနောက်ပြောဆိုနေကြသည်မှာ အင်မတန်ကို ဆွဲဆောင်မှု ရှိနေလေသည်။
သူတို့နှစ်ယောက်စလုံးသည် ကောင်းကင်ဘုံမှ နတ်သမီးလေးများလို အလွန်တရာကိုမှ ချောမောလှပလေသည်။
သူတို့ထဲမှ တစ်ယောက်က ကြော့ရှင်းခံ့ညား၍ အဝါဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားကာ မြင့်မြတ်သည့် တော်ဝင်အငွေ့အသက်က ဖြာထွက်နေ၏။
နောက်တစ်ယောက်ကတော့ ချစ်စရာကောင်းပြီး ညှို့ငင်ဓါတ်အပြည့်နှင့် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ ပြုံးလိုက်တိုင်း သူမ၏ မျက်လုံးများက လပြည့်ဝန်းများလို ရွှန်းစိုဖြာလက်လာလေသည်။
“ဂုဏ်ယူပါတယ် မမ.. အဖေက နင့်ကို ရာဇပလ္လင်ကို လွှဲပေးတော့မယ်မလား” ပန်းရောင်မိန်းကလေးက သူမ၏ ခေါင်းကိုငဲ့ပြီး တောက်ပစွာပြုံး၍ ပြောလိုက်၏။
ကြော့ရှင်းလှပသော အမျိုးသမီးက ခေါင်းခါလိုက်၏။
“အဲ့ဒါက ဘာမှ ဂုဏ်ယူနေစရာ မရှိပါဘူး.. ဘာပဲပြောပြော ငါက အမျိုးသမီးတစ်ယောက်ပဲလေ.. ငါ့ကို ထီးနန်းလွှဲပေးလိုက်ရင် ကန့်ကွက်နှောင့်ယှက်မယ့်သူတွေက တစ်ပုံတစ်ပင်ကြီးပဲ”
“မမက ဘာကို ကြောက်နေရမှာလဲ.. အနောက်မှာ အဖေတစ်ယောက်လုံး ရှိနေမှာပဲကို” ပန်းရောင်ဝတ်မိန်းကလေးက သူမ၏ လက်သီးဆုပ်ကို မြှောက်ပြလိုက်၏။
ကြော့ရှင်းလှပသော အမျိုးသမီးက ပြန်မဖြေဘဲ အဝေးတစ်နေရာသို့သာ အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။
အတန်ကြာပြီးနောက် သူမက စကားပြောလိုက်လေသည်။
“ယန်အာ.. တစ်ကယ်တော့လေ အဖေက ငါ့ကို ထီးနန်းလွှဲပေးရတဲ့အကြောင်းရင်းက လူတစ်ယောက်ကြောင့်ပဲ သိလား”
“ကျမ သိပါတယ်.. အဲ့ဒါ သခင်လေးဆူမလား”
ပန်းရောင်ဝတ်မိန်းကလေးကက မျက်လုံးမှိတ်ပြရင်း ဟက်ကနဲ တစ်ချက် ရယ်လိုက်၏။
“အင်း”
ကြော့ရှင်းလှပသော အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
“ဇီမိုက အန္တိမအခြေတည်အဆင့်လေ.. လူသားဧကရာဇ်ပြီးရင် ဒုတိယလူပဲ.. အဖေနဲ့ မဟာကျိုးက စီနီယာတွေက သူ့ရဲ့ အလားအလာကို အတော်လေး အထင်ကြီးခဲ့ကြတယ်လေ.. ငါ့ကိုလဲ သူနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့အတွက် ဆိုပြီး...”
ပန်းရောင်ဝတ်မိန်းကလေးက မနေနိုင်ဘဲ ကျီစယ်လိုက်၏။
“မမ.. နင်နဲ့ သခင်လေးဆူကြားက ရင်းနှီးကျွမ်းဝင်မှုက သာမန်ထက် ပိုတဲ့ပုံပဲနော်.. ငါထင်တ,တော့.. နင်တို့က စုံတွဲတွေများလာ... ဟီးဟီး”
“ငနုံမလေး.. နင်ဘာမှ မသိဘဲ လျှောက်ပြောမနေနဲ့”
ကြော့ရှင်းလှပသော အမျိုးသမီးက ပန်းရောင်ဝတ်မိန်းကလေးကို ဆွဲဆောင်မှုရှိရှိ မျက်စောင်းထိုးလိုက်၏။
မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထိုအလှပဂေးမလေး နှစ်ယောက်က ကျိယောင်ရွှယ်နှင့် နတ်ဆိုးမကျိပင် ဖြစ်လေသည်။
ထိုအချိန်မှာပင် စိတ်ဝိညာဉ်အလင်းစက်တစ်ခုက လေထဲကနေ ထိုးဆင်းပြီး ကျိယောင်ရွှယ်ရှိရာသို့ ပျံသန်းလာ၏။
“အမ်”
ကျိယောင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“စိတ်ဝိညာဉ်ကြိုးကြာပါ့လား.. ဘာများ ဖြစ်လို့ပါလိမ့်”
သူမ၏ ကျောက်စိမ်းလို ချောမွတ်နေသော လက်ကလေးကိုထုတ်ပြီး စိတ်ဝိညာဉ်ကြိုးကြာကို လှမ်းယူလိုက်၏။ သူမသည် အဲ့ဒါကို ဖွင့်ကြည့်ပြီးနောက် နေရာမှာတင် တောင့်တင်းကာ မျက်နှာက သွေးဆုတ်သွားလေသည်။
အတန်ကြာပြီးနောက် ကျိယောင်ရွှယ်၏ ကိုယ်လေးက ယိမ်းထိုး၍ လဲကျလုမတတ် ဖြစ်သွားလေသည်။
သူမသည် ပြတင်းပေါက်ဘောင်ကို လှမ်းဆွဲထားရင်း.. သူမ၏ လက်သည်းများက မသိလိုက်မသိဘာသာနှင့်ပင် သစ်သားဘောင်ထဲသို့ နစ်ဝင်သွားလေသည်။
နတ်ဆိုးမကျိက အလောတကြီး ရှေ့တက်ပြီး ကျိယောင်ရွှယ်ကို ထူမပေးလိုက်၏။
“ငါ အဆင်ပြေပါတယ်”
ကျိယောင်ရွှယ်သည် ခေါင်းကို ညင်သာစွာ ရမ်းလိုက်၏။ သူမသည် မတ်တပ်ရပ်နေနိုင်သေးသော်လည်း သူမ၏ မျက်လုံးအနက်ပိုင်းထဲတွင် မပြတ်မသားသော ဝမ်းနည်းမှုက ပေါ်လာလေသည်။
“မမ.. ဘာများ ဖြစ်လို့လဲ”
နတ်ဆိုးမကျိသည် ရှေ့တက်ပြီး စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။
“ဘာ-ဘာလဲဟ”
စိတ်ဝိညာဉ်ကြိုးကြာပေါ်ရှိ အကြောင်းအရာကို ဖတ်ပြီးနောက် သူမသည် အံ့အားတသင့် ရေရွတ်မိလိုက်၏။
စိတ်ဝိညာဉ်ကြိုးကြာပေါ်ရှိ အကြောင်းအရာ တစ်ခုချင်းက လူတစ်ယောက်ကို တုန်လှုပ်ပေါက်ကွဲသွားစေနိုင်လေသည်။
နောက်ဆုံးမှာ ရှင်းလင်းစွာ ဖော်ပြထားသည်က.. ဆူဇီမို၏ ကျင့်ကြံမှုက လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီး သူက နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချသွားခဲ့သည်ဟုဆို၏။ နောက်ပြီး ဖန်သားနန်းတော်မှ မူလနတ္ထိအဆင့်တစ်ယောက်သည် ဆူမိသားစုဝင်များကို တစ်ယောက်မကျန် ဖျက်ဆီးချေမှုန်းပစ်မည်ဟု ကြေညာခဲ့၏။
နဂါးသင်္ချိုုင်းတောင်ကြားထဲသို့ ခုန်ချသွားသည်ဆိုခြင်းက သေဆုံးသွားပြီဆိုခြင်းနှင့် ဘာမှ မကွာခြားပေ။
နတ်ဆိုးမကျိ၏ မျက်ဝန်းထဲမှာ မြူခိုးလွှာတစ်ခုက ချက်ချင်းပေါ်လာ၏။
ကျင့်ကြံရေးလောကတွင် သူမသည် တစ်ကမ္ဘာလုံးကိုပင် ညှို့ယူဖမ်းစားနိုင်သော နတ်ဆိုးမကျိဖြစ်၏။
သို့သော်လည်း သူမ၏ နှလုံးသားက အပျိုဖြန်းလေးတစ်ယောက်လို ဖြစ်သွားရသော အခိုက်အတန့်များစွာ ရှိခဲ့၏။
ကျိယောင်ရွှယ်သည် အမူအယာကင်းမဲ့စွာနှင့် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်၏။
အတန်ကြာပြီးနောက် သူမ၏ မျက်လုံးနှစ်ဖက်ကို ပြတ်သားစွာဖြင့် ပြန်ဖွင့်လိုက်၏။ သူမသည် စိတ်ဝိညာဉ်ကြိုးကြာတစ်ခုကို ဆွဲထုတ်ပြီး အဲ့ပေါ်မှာ စကားလုံးအချို့ကို ရေးလိုက်၏။
“ယန်ဘုရင်ဆူဟုန်ဆီကို အမြန်ဆုံးသွားပြီး ကာကွယ်ရင်းနဲ့ သူ့ကို ယန်တိုင်းပြည်ထဲကနေ ခေါ်ထုတ်လာခဲ့ပါ.. အရေးပေါ် အခြေအနေ ဖြစ်တာမလို့ ဆူဟုန်က ငြင်းဆန်မယ်ဆို အတင်းအကျပ် လုပ်သင့်ရင်လုပ်ပါ.. ဒီကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ပါ။ အခြားဘယ်သူမှ မသိပါစေနဲ့.. ဒီလုပ်ဆောင်ချက်ကို အသေသပ်ပိရိဆုံး လုပ်ရမယ်.. မဟုတ်ရင် သူ့အသက်ကို ဆုံးရှုံးရလိမ့်မယ်”
ကျိယောင်ရွှယ်သည် လိုအပ်သည်ကို ရေးထားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ စိတ်ဝိညာဉ်ကြိုးကြာကို ချက်ချင်းလွှတ်တင်လိုက်၏။
စိတ်ဝိညာဉ်ကြိုးကြာက တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ပျံသန်းပျောက်ကွယ်သွားလေသည်။
ကျိယောင်ရွှယ်ထံမှ ဧကရီဘုရင်မတစ်ပါး၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းနှင့် မြင့်မြတ်သောတော်ဝင်အော်ရာက ဖြာထွက်နေ၏။
နတ်ဆိုးမကျိသည်လည်း နန်းတော်ထဲမှာ ဆက်လက်နေလိုစိတ် မရှိတော့ဘဲ.. အပြင်ဘက်သို့ ပြေးထွက်ကာ သူမ၏ မျက်ရည်စများကို တိတ်တဆိတ် သုတ်လိုက်၏။
ဤသတင်းက အမှန်ဟုတ် မဟုတ်ဆိုတာကို သူမသည် ဂူရှီထံမှ အတည်ပြုချက် သွားယူရပေမည်။
ရက်အနည်းငယ် ကြာပြီးနောက်...
မဟာချွမ်အပျက်အစီးမှ သတင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြ၏။
ဟင်္သပဒါးသစ်သီးအတွက်တိုက်ပွဲ သို့မဟုတ် ပြိုင်စံရှားများအကြားက ဗိုလ်လုပွဲတွင် နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတား တစ်ဖြစ်လဲ ဆူဇီမိုက... မြောက်ပိုင်းဒေသတစ်ခုလုံးကို ကိုင်လှုပ်ခဲ့လေပြီ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံရေးလောကတစ်ခုလုံးက အုတ်အော်သောင်းတင်း ဖြစ်သွားကြလေသည်။
ချက်ချင်းပင် ကျင့်ကြံသူများအားလုံးနီးပါးသည် မဟာချွမ်အပျက်အစီးတိုက်ပွဲတွင် သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားက မည်သို့မည်ပုံ လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး နောက်ဆုံး သေပွဲဝင်ကာ အတိတ်ကာလ၏ ဒဏ္ဍာရီတစ်ခုအဖြစ်နှင့်သာ ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်းကိုသာ ဆွေးနွေးနေကြတော့၏။