တစ်မြို့လုံးကို သတ်ဖြတ်ခြင်း
Vol. 39 Ch. 578
ဆန်းကြယ်တောင်ထွတ်တွင်..
နဂါးသင်္ချိုင်းတောင်ကြားတွင် ဆူဇီမို၏ သေဆုံးသွားမှုသတင်းက တစ်ဂိုဏ်းလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် လွန်ခဲ့သည့် တစ်လကျော်ကျော်ကမှ ဆူဇီမိုနှင့် နှုတ်ဆက်ထွက်ခွာလာခဲ့ကြခြင်းဖြစ်၏။
ထိုနှုတ်ဆက်ခြင်းက သူတို့၏ အပြီးသတ်ထာဝရ နှုတ်ဆက်ခြင်း ဖြစ်ခဲ့မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
အပြင်ဘက်ရှိ ကျင့်ကြံသူများက ဆူဇီမိုကို ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင် သို့မဟုတ် သတ်ဖြတ်ရသည်ကို ခုံမင်စွဲလမ်းနေသော မိစ္ဆာတစ်ကောင် စသည်ဖြင့် ဘယ်လိုပင်ပြော ဘယ်လိုပင် မြင်ကြပါစေ.. ကိစ္စမရှိပေ။
ရွှမ်ယီနှင့် အခြားသူများ၏ ရင်ထဲ၊ နှလုံးသားထဲမှာတော့ ဆူဇီမိုသည် အမြဲတမ်း ဆန်းကြယ်တောင်ထွတ်၏ တပည့်တစ်ယောက် ဖြစ်လေသည်။
တန်လင်းတောင်ကြားမှာတုန်းက သူ့ရဲ့ဂိုဏ်းသားတွေကို ကာကွယ်ဖို့အတွက်နှင့် သူ့ကိုယ်သူ ငါးစာအဖြစ် စွန့်လွှတ်ကာ သွေးကျီးကန်းနန်းတော်မှ လူတိုင်းကို အာရုံလွှဲ မျှားခေါ်သွားပြီး ကံကောင်းလွန်းသောကြောင့်သာ အသက်မသေခဲ့ခြင်း ဖြစ်လေသည်။
ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင်လည်း သူ၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီ၊ အရည်အချင်းတို့ဖြင့် ဆန်းကြယ်တောင်ထွတ်ကို ဟားတိုက်လှောင်ပြောင်နေကြသူများ၏ မျက်ခွက်ကို ဖြတ်ရိုက်၍ အားလုံးကို ပါးစပ်ပိတ်သွားစေခဲ့သူ ဖြစ်၏။
မဟာချွမ်အပျက်အစီးတွင် သူသည် သန်မာအားကောင်းသည့် ဂိုဏ်းသုံးဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်တွန်းလှန်၍ ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို ဘေးကင်းလုံခြုံအောင် ကာကွယ်ကာ တစ်ချိန်တည်းမှာပင် ဖိုသီဖတ်သီအဖိုးအိုကို ကုသရန် လိုအပ်သည့် ဆေးပင်များကိုပါ ရှာဖွေထည့်ပေး၍ သူတို့ကို ဂိုဏ်းသို့ ပြန်စေခဲ့၏။
သူသည် မဟာကျိုး၏ နံပါတ်တစ်နတ်ပန်းပဲဆရာ ဖြစ်၏။
သူသည် လူသားဧကရာဇ်ပြီးလျှင် ဒုတိယလူအဖြစ်နှင့် အန္တိမအခြေတည်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူဖြစ်၏။
သူ၏ ပါရမီအလားအလာက အကန့်အသတ်မဲ့ ကြီးမားလွန်းသောကြောင့် မဟာချွမ်၏ ဧကရာဇ်ကပါ သူ့ကို တလေးတစား ဆက်ဆံခဲ့ရ၏။
သူက ဆန်းကြယ်တောင်ထွတ်၏ ဂုဏ်ဆောင်.. ပြယုဂ်တစ်ခုလည်း ဖြစ်လေသည်။ အခုတော့....
ဆူဇီမို၏ သေဆုံးမှုနှင့်အတူ အရာအားလုံးက ပျောက်ကွယ်သွားလေပြီ။
လျှိုဟွေ့က ညင်သာစွာ သက်ပြင်းချလိုက်၏။
“တာအိုသက်ရှိရွှမ်ယွီက ဆူမိသားစုကို ချေမှုန်းပစ်မယ်လို့ ကြေညာခဲ့တယ်ဆိုတော့.. သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဖန်သားနန်းတော်ရဲ့ နောက်ခံနဲ့ဆို.. ဆူမိသားစုကတော့ သွားရှာပြီပဲ”
“ကျင့်ကြံသူတွေကြားက အငြိုးအတေးတွေ ကြားထဲမှာ မော်တယ်တွေကို ဆွဲမထည့်သင့်ဘူးလေ.. ဖန်သားနန်းတော်လို အင်မော်တယ်ဂိုဏ်းကြီးတစ်ဂိုဏ်းကတောင် ဒီလိုအချက်တွေကို မလိုက်နာတော့ဘူးဆိုတော့.. ဘာအင်မော်တယ်ဂိုဏ်းလဲ.. သောက်ရှက်မရှိတဲ့ဂိုဏ်းလား” ဖိုသီဖတ်သီအဖိုးအိုက ရွံ့မုန်းစွာနှင့် ကျိန်ဆဲလိုက်၏။
ရွှမ်ယီက လေးနက်စွာ မှတ်ချက်ပြုလိုက်၏။
“ငါ့အထင်တော့ တာအိုသက်ရှိရွှမ်ယွီက သူ့ရဲ့ဂုဏ်သိက္ခာအရ.. ဒီကိစ္စကို သူကိုယ်တိုင် လုပ်ဆောင်မှာတော့ မဟုတ်ဘူး”
ကိစ္စက ထိုသို့ ဖြစ်လာမှတော့ မြောက်ပိုင်းဒေသမှာ ဆူမိသားစုကို ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းကများ ကာကွယ်ပေးရဲပါဦးမည်နည်း..
အဲ့ဒါက တာအိုသက်ရှိရွှမ်ယွီ သို့မဟုတ် ဖန်သားနန်းတော်သက်သက်ကြောင့်သာ မဟုတ်ပေ။ အဲ့ဒါထက် ဆူဇီမို၏ သရုပ်သကန်က ဆတ်ဆတ်ထိ မခံနိုင်သောကြောင့် ဖြစ်လေသည်။
ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲမှာ သူသည် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများစွာကိုသာမက.. ရာနှင့်ချီသော နိုးထဝိညာဉ်များကိုသာ မီးလောင်တိုက်သွင်းပစ်ခဲ့သေး၏။ သူသည် မြောက်ပိုင်းဒေသရှိ ဂိုဏ်းနှင့် အဖွဲ့အစည်း အားလုံးနီးပါးကို ဆန့်ကျင်ပုန်ကန်ခဲ့မိပြီးသား ဖြစ်နေလေပြီ။
ဆူမိသားစုကို ကာကွယ်ပေးရဲသည့်သူ မည်သူမဆို မြောက်ပိုင်းဒေသတစ်ခုလုံး၏ ဆန့်ကျင်ရပေတော့မည်။
မဟာကျိုးအင်ပါယာတောင် အဲ့ဒါကို ပြုလုပ်ရဲလိမ့်မည် မဟုတ်ပေ။
ဆန်းကြယ်တောင်ထွတ်သည်လည်း အဲ့ဒါကို မလုပ်ရဲပေ။
တစ်ချက်မှားသွားသည်နှင့် သူတို့အတွက် မဟာကပ်ဘေးက ကျရောက်လာပေလိမ့်မည်။
ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေအရ ဆန်းကြယ်တောင်ထွတ်သည် ဆူဇီမိုနှင့် ပတ်သတ်ဆက်နွယ်မှု ရှိခဲ့သည့်အတွက် ပြင်းထန်သည့်ဖိအားနှင့် ရင်ဆိုင်နေရပြီးဖြစ်၏။
ဂိုဏ်းချုပ်လင်းယွမ်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်၍ သူ့ပတ်ဝန်းကျင်ကို ထောက်လှမ်းကာ တီးတိုး ပြောလိုက်၏။
“စီနီယာကြိုးကြာက ယန်တိုင်းပြည်ကို ထွက်သွားပြီ.. သူ အချိန်မီ ရောက်လိမ့်မယ်လို့တော့ မျှော်လင့်ရတာပဲ.. ကိစ္စက အရမ်းကို အရေးကြီးတယ်နော်.. ဂိုဏ်းပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး.. မဟုတ်ရင် ငါတို့အကုန်လုံး ဖျက်ဆီးချေမှုန်းခံရလိမ့်မယ်”
ရွှမ်ယီနှင့် အခြားသူများသည် ခေါင်းညိတ်လိုက်ကြ၏။
ထိုအချိန်တွင် စွမ်းအားကြီးမား၍ ရင်းနှီးနေကျ အော်ရာတစ်ခုက မလှမ်းမကမ်းကနေ ပျံသန်းလာနေ၏။
အင်မော်တယ်ကြိုးကြာကြီးက ပြန်ရောက်လာလေပြီ။
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း ထိတ်လန့်သွားကြ၏။
တံခါးကို တွန်းဖွင့်၍ ဝင်လာပြီးနောက် အင်မော်တယ်ကြိုးကြာသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုရင်း သက်ပြင်းချလိုက်၏။
“ငါ နောက်ကျသွားတယ်”
ထိုစကားကို ကြားသောအခါ ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားကြ၏။
အင်မော်တယ်ကြိုးကြာက ဆက်ပြောလိုက်၏။
“ရွှမ်ယွီကတော့ ပေါ်မလာဘူး.. ဒါပေမယ့် ဖန်သားနန်းတော်က ကျင့်ကြံသူတစ်အုပ်စုကတော့ ယန်တိုင်းပြည်မြို့တော်ကို ရောက်လာခဲ့ကြတယ်.. ယန်ဘုရင်ဆူဟုန်ကတော့ ဘယ်ရောက်သွားလဲ မသိရဘူး”
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသော်လည်း ဇဝေဇဝါ ဖြစ်နေကြ၏။
ဆူဇီမိုက ဘယ်ဆီဘယ်ဝါ ရောက်နေသလဲ မသိရဘူးဆိုလျှင်.. သူက ဖန်သားနန်းတော်၏ လက်ထဲသို့ မကျရောက်သရွေ့ ဘေးကင်းနိုင်ပေလိမ့်မည်။ ဒါဆို အင်မော်တယ်ကြိုးကြာက ဘာလို့ သူနောက်ကျသွားတယ်လို့ ပြောတာလဲ။
သူမရဲ့ လေသံမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်က ဘာလို့ ပါနေတာလဲ..
အင်မော်တယ်ကြိုးကြာက ဆက်ပြောလိုက်၏။
“ဖန်သားနန်းတော်က လူတွေက သူတို့လာရတဲ့ ခရီးက အရာမရောက် ဖြစ်သွားတဲ့အတွက် ဒေါသူပုန်ထပြီးတော့ ဆူဟုန်ထွက်လာအောင် ဖိအားပေးတဲ့အနေနဲ့ မြို့တော်တစ်ခုလုံးကို သတ်ဖြတ်သုတ်သင်ဖို့ အမိန့်ချခဲ့ကြတယ်”
လူတိုင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး သူတို့ ကြားရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။ အတန်ကြာသည့်အထိ သူတို့၏ ရင်ထဲတွင် နာကျင်မှုက ပျောက်ကွယ်မသွားပေ။
မြို့တော်တစ်ခုလုံးကို သတ်ဖြတ်သုတ်သင်ခြင်း.. ထိုစကားလုံးက တိုတောင်းပေမယ့်လို့ တစ်ကယ့်ကို လူမဆန် ရက်စက်လွန်းလှလေသည်။
ယန်တိုင်းပြည်၏ မြို့တော်၏ လူတိုင်းနီးပါးက မော်တယ်များသာ ဖြစ်ကြ၏။
စွမ်းအားကြီးသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် သူတို့သည် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ သူတို့၏ အသက်များက ပုရွက်ဆိတ်လေးများနှင့် ဘာမှ မခြားတော့ပေ။
သူတို့သည် အဲ့ဒါကို ကိုယ်တိုင် မြင်တွေ့ရခြင်း မရှိသော်လည်း ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် မော်တယ်များ၏ ကူကယ်ရာပုံ၊ အော်ဟစ်ငိုယို တောင်းပန်နေပုံ၊ ပူဆွေးဝမ်းနည်းသောကရောက်၍ သွေးပျက်ချောက်ချားနေကြပုံကို မျက်လုံးထဲမှာ မြင်ယောင်လာကြ၏။
လူတိုင်းသည် ကြောက်လန့်တကြားနှင့် ဝမ်းနည်းပူဆွေးစွာ ငိုယိုအော်ဟစ်သံများကို ကြားယောင်လာကြ၏။
လူတိုင်းသည် သွေးပျက်ချောက်ချား၍ ခြေပြတ်လက်ပြတ်များနှင့် အကူအညီကို မျှော်လင့်ရင်း စိတ်ပျက်အားငယ်နေကြပေလိမ့်မည်။
အင်မော်တယ်ကြိုးကြာသည် ပြန်လည်မစဉ်းစားနိုင်တော့သည့်အလား မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သက်ပြင်းချလိုက်၏။
“ငါရောက်သွားတဲ့အချိန် ယန်မြို့တော်မှာ သွေးမြစ်စီးပြီး အလောင်းတွေကလဲ ပုံထပ်နေပြီ.. အဲ့ဒါက ငရဲခန်းကြီး တစ်ခုလိုပဲ”
ဖိုသီဖတ်သီအဖိုးအိုက အံကိုကြိတ်ပြီး ဟိန်းဟောက်လိုက်၏။
“ခွေးမသားတွေကွာ”
“ကျင့်ကြံသူတွေကြားက ရန်ငြိုးအတွက်နဲ့ အဲ့လောက်များပြားတဲ့ မော်တယ်တွေကို အစုအပြုံလိုက် သတ်ပစ်ရက်တယ်ဆိုတော့.. သူတို့ကို ကောင်းကင်ဘုံက တန်ပြန်ဒဏ်ခတ်မှာကို မကြောက်ဘူးလား မသိဘူး” လျှိုဟွေ့က တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
“ကောင်းကင်ဘုံက တန်ပြန်ဒဏ်ခတ်တယ်ဆိုတာမျိုးက ဒီကမ္ဘာမှာ မရှိပါဘူး” ရွှမ်ယီက ခါးသက်စွာ လှောင်ရယ်လိုက်၏။
အင်မော်တယ်ကြိုးကြာကြီးက ဆက်ပြောလေသည်။
“သူတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ တစ်ဝက်ကျော်လောက်ကျတဲ့ အချိန်မှာပဲ.. စင်ကြယ်အပျိုစင် ဦးဆောင်တဲ့ မိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေ ရောက်ချလာပြီးတော့.. ဖန်သားနန်းတော်က ကျင့်ကြံသူတွေနဲ့ တိုက်ပွဲဖြစ်တာ.. ဖန်သားနန်းတော်ကလူတွေ လန်ကျပြီးတော့ နောက်ပြန်ဆုတ်သွားရတယ်”
“ဒီလိုသာဆိုရင် ဆူဟုန်ကို ကယ်သွားခဲ့တာက စင်ကြယ်အပျိုစင်ဂိုဏ်းဖြစ်ဖို့ များမယ် ထင်တယ်”
“အဲ့လိုဖြစ်မယ် ထင်ရတာပဲ”
“တော်သေးတာပေါ့.. မိစ္ဆာဂိုဏ်းက လူတွေ ရောက်လာလို့.. မဟုတ်ရင် ယန်မြို့တော်ထဲက မော်တယ်တွေ အကုန်လုံးကတော့....”
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ဆွေးနွေးပြောကြားနေကြရင်း ရုတ်တရက် ရပ်တန့်၍ ငြိမ်သက်သွားကြ၏။
တိတ်ဆိတ်မှုက သူတို့အပေါ် ကြီးစိုးသွား၏။
ရက်စက်စွာ သတ်ဖြတ်သူများက အင်မော်တယ်ဂိုဏ်းမှ ဖြစ်နေပြီး ကယ်တင်သည့်သူများက မိစ္ဆာဂိုဏ်းမှ ဖြစ်နေ၏။
သူတို့ စွဲကိုင်ထားခဲ့သော အမှန်တရားများက ကပြောင်းကပြန် ဖြစ်ကုန်လေပြီ။
ဘယ်သူက တစ်ကယ့် အင်မော်တယ်လဲ.. ဘယ်သူက တစ်ကယ့် မိစ္ဆာလဲ..
ဟိုးတုန်းကတည်းက ဆန်းကြယ်တောင်ထွတ်ကို စတင်တည်ထောင်ခဲ့ခြင်းမှာ ပြည်သူလူထုကို ကာကွယ်ပေးပြီး မိစ္ဆာများနှင့် နတ်ဆိုးများကို နှိမ်နင်းဖို့ ဖြစ်လေသည်။
သို့သော် ယခုအခါ သူတို့သည် ‘တော်သေးတာပေါ့.. မိစ္ဆာဂိုဏ်းက လူတွေ ရောက်လာလို့’ ဆိုသည့် စကားကို ပြောနေရပြီး.. သူတို့ ခိုင်မာစွာ သတ်မှတ်ထားသော စံနှုန်းထားနှင့် တန်ဖိုးများက ပြိုလဲသွားလေပြီ။
သူတို့က သားရဲနတ်ဆိုးကျင့်ကြံမှုအတွက် ဆူဇီမိုကို သတ်ဖြတ်ရမယ်လို့ မပြောခဲ့ကြဘူးလား..
မိစ္ဆာဂိုဏ်းက လူတွေက ပြည်သူပြည်သားတွေကို ကယ်တင်ပေးခဲ့တာတောင် သူတို့က သူတို့ကို ဆက်ပြီး အမဲလိုက်ရဦးမှာလား..
ဆန်းကြယ်တောင်ထွတ်၏ တပည့်ဟောင်းတစ်ယောက်.. ယန်ပေးချန်သည်လည်း ယခုအခါ မိစ္ဆာတစ်ယောက်ဖြစ်၏။
ဒါ့အပြင် သူက မိစ္ဆာထဲမှာမှ မဟာမိစ္ဆာ အဆူရာ ဖြစ်လေသည်။
သို့သော်လည်း ယန်ပေးချန်သည် တစ်ခါက ပြောခဲ့ဖူး၏။ သူသည် သူ့ဘဝမှာ မရေမတွက်နိုင်သည့် လူများစွာကို သတ်ဖြတ်ခဲ့သော်လည်း မော်တယ်များအပေါ်မှာ တစ်ခါမှ လက်မတင်ခဲ့ဖူးဟုဆို၏။
အဆူရာများက နတ်ဘုရားသက်ရှိများကိုပင် သတ်ဖြတ်ရဲသော်လည်း အပျော်သက်သက်အတွက် အစုလိုက်အပြုံလိုက် မသတ်ဖြတ်ပေ။
ဖန်သားနန်းတော်မှ လူများနှင့် နှိုင်းယှဉ်လျှင် သူ့လိုမျိုး မိစ္ဆာတစ်ယောက်က ပိုပြီးတော့ မြင့်မြတ်မနေဘူးလား..
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားလုံးက ပြီးဆုံးသွားပြီဟု လူတိုင်း တွေးထင်လိုက်ချိန်မှာပင် အင်မော်တယ်ကြိုးကြာကြီး၏ နှုတ်ခမ်းတင်းတင်းစေ့၍ အသက်တစ်ချက်ရှိုက်ကာ ဆက်ပြောလိုက်၏။
“ဖန်သားနန်းတော်က လူတွေက မြို့တော်ထဲကနေ ထွက်သွားပြီးတဲ့နောက်.. မကျေမချမ်းနိုင် ဖြစ်နေသေးပြီးတော့ သူတို့ရင်ထဲက ဒေါသတွေကို ဖောက်ထုတ်ဖို့အတွက် အပြန်လမ်းတစ်လျှောက် အခြားမြို့ ၁၃ မြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ကြသေးတယ်”
“ဘာ...” “ဘယ်လို..”
ဆန်းကြယ်တောင်ထွတ်မှလူတိုင်း တုန်လှုပ်သွားကြ၏။
“အဲ့တစ်ရက်ထဲနဲ့ ယန်တိုင်းပြည်ပိုင်နက်ထဲမှာ အသက်အိုးအိမ်စည်းစိမ်ပေါင်း မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ပြီးတော့ မိသားစုတွေလဲ တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ကြရတယ်.. သေဆုံးသွားတဲ့ လူတွေချည်းပဲ သန်း ၃၀ ကျော်လောက် ရှိတယ်”
သဘာဝကပ်ဘေးတစ်ခုတောင် အဲ့လောက် ကြောက်စရာကောင်းမှာ မဟုတ်ပေ။
တစ်ကယ့် အစစ်အမှန် ကပ်ဘေးများက မကြာခဏဆိုသလို လူသားများကြောင့်သာ ဖြစ်ပေါ်လာတတ်လေသည်။
ရွှမ်ယီက လက်သီးကိုဆုပ်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဖန်သားနန်းတော်က အင်မော်တယ်ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပြီးတော့ အခုလို အပြစ်မဲ့ မော်တယ်တွေကို လျှောက်သတ်နေတော့.. ကျင်ကြံရေးလောကတစ်ခုလုံးရဲ့ အမျက်သင့်မှာကို မစိုးရိမ်ဘူးလား”
“သူတို့က အဲ့ဒါအတွက် အကြောင်းပြချက်ကို ရှာပြီးသွားပြီလေ”
အင်မော်တယ်ကြိုးကြာကြီးက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါရမ်းလိုက်၏။
“ဖန်သားနန်းတော်ဘက်က ပြောတာက.. ယန်တိုင်းပြည်ထဲမှာ မိစ္ဆာဂိုဏ်းသားတွေ ပေါ်လာတဲ့အတွက် ယန်တိုင်းပြည်က မိစ္ဆာဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုကို ခံနေရပြီတဲ့.. အဲ့ဒါကြောင့် ယန်တိုင်းပြည်မှာရှိတဲ့ မော်တယ်တွေက မိစ္ဆာလမ်းကြောင်းမှာ ကျဆင်းသွားကြတာ အတော်ကြာခဲ့ပြီတဲ့.. ဖန်သားနန်းတော်က အခြားလူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် မိစ္ဆာနဲ့ နတ်ဆိုးတွေကို နှိမ်နင်းသတ်ဖြတ်ခဲ့ရတယ်ပေါ့”
ဆန်းကြယ်တောင်ထွတ်မှ လူများသည် ကူကယ်ရာမဲ့စွာနှင့် စိတ်ပျက်လက်ပျက်မှုကို ခံစားလိုက်ကြရ၏။
ထိုအကြောင်းပြချက်များက လုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး ရယ်စရာကောင်းလှလေသည်။
ဖန်သားနန်းတော်မှ လူများသည် သူတို့၏ ဒေါသကို ဖြေဖျောက်ဖို့အတွက် မော်တယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဆိုတာကို လူတိုင်း သိထားကြလေသည်။
သို့သော်လည်း ဘယ်သူကမှ သူတို့နှင့် ပြိုင်ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။
ဤလောကမှာ ခွန်အားကသာ အရာရာကို အဆုံးအဖြတ် ပေးနိုင်လေသည်။
ယန်တိုင်းပြည်ရှိ လူတိုင်းက အပြစ်ကင်းစင်သည် ဆိုတာကို ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း သိထားကြလေသည်။
သို့သော်လည်း တစ်ကယ့် အမှန်တရားကို လူဘယ်လောက်များများက ပြန်ပြောပြနိုင်မှာတဲ့လဲ..