ကံကြမ္မာနှင့် အပြိုင်အဆိုင် တိုက်ခိုက်ခြင်း
Vol. 39 Ch. 580
အတန်ကြာပြီးနောက်.. ဆူဇီမိုသည် နိုးလာ၏။
တဖြည်းဖြည်းနှင့် သူ၏ အာရုံငါးပါးကို ပြန်ရလာလေသည်။
ဆူဇီမို ပထမဆုံး အနံ့ရသည်မှာ စာအုပ်နှင့် မင်များ၏ ခပ်ဖျော့ဖျော့ရနံ့ ဖြစ်လေသည်။ အဲ့ဒါသည် ကာလကြာမြင့်စွာ ထိန်းသိမ်းလာခဲ့သော ရှေးဟောင်းကျမ်းစာအုပ်များမှ ထွက်လာသည့် အနံ့မျိုးဖြစ်ပြီး ထိုရနံ့က အဆင်ပြေလေသည်။
ထို့နောက် သူ့အမြင်အာရုံက တဖြည်းဖြည်း ရှင်းလင်းလာ၏။
သူ့ပတ်ဝန်းကျင်က မှောင်မည်းနေပြီး သူ့ရှေ့မှာ များပြားလှစွာသော ဖုန်မှုန့်လေးများက လွင့်မျောနေသည်ကို တွေ့လိုက်ရ၏။ ဆူဇီမိုသည် ထထိုင်ဖို့ ကြိုးစားလိုက်သောအခါ သူ့ညာဘက်လက်ကို သစ်သားပြားနှစ်ပြားဖြင့် တွဲချည်၍ ကျပ်စည်းထားသည်ကို တွေ့လိုက်ရ၏။
သူ့ကြွက်သားများက နာကျင်ကိုက်ခဲနေ၏။
“ငါ မသေ သေးဘူးလား”
ဆူဇီမိုသည် လှည့်ပတ်ကြည့်ရှုလိုက်၏။
ဘေးပတ်လည်မှာ သစ်သားစာအုပ်စင်များ ရှိနေပြီး သူတို့အကုန်လုံးက ရှေးဟောင်းကျမ်းစာအုပ်များဖြင့် ပြည့်နေ၏။
ထိုကျမ်းစာအုပ် အများစုမှာ ဖုန်များ အလိမ်းလိမ်းတက်နေပြီး အသုံးမပြုသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပုံ ရလေသည်။
အဲ့ဒါက အလွန်တရာ ကျယ်ဝန်းသော စာကြည့်ခန်းတစ်ခန်းနှင့်တူပြီး ဒီနေရာမှာရှိသော ရှေးဟောင်းကျမ်းစာအုပ်များက အနည်းဆုံး ထောင်နှင့်ချီလေသည်။
ဆူဇီမို၏ ခေါင်းက ချာချာလည်၍ မူးနောက်နေပြီး သူ့အသိစိတ်က ဝေဝါးနေဆဲဖြစ်၏။
သူ့နောက်ကနေ တာအိုသက်ရှိရွှမ်ယွီက လိုက်လာပြီး သူက နဂါးသင်္ချိုင်းတောင်ကြားသို့ ခုန်ချခဲ့သည်ကိုသာ သူမှတ်မိလေသည်။ အဲ့ဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့လဲ သူစဉ်းစားကြည့်လို့ မရသေးပေ။
ဆူဇီမိုသည် ဦးခေါင်းကို ခါရမ်းကို လှည့်ကြည့်လိုက်သောအခါ ဘေးတွင် ချထားသော စတုန်ရန်းကြေးမီးဖိုကို မြင်သွားပြီး ဖြစ်ရပ်တချို့ကို တဖြည်းဖြည်း မှတ်မိလာ၏။
နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချလိုက်ချိန်၌ အစက သူ့ကိုယ်သူ သေပြီဟု တွေးထင်ခဲ့၏။
သို့သော်လည်း သူ့ရင်ခွင်ထဲမှာ သတိလစ်နေသော မြေခွေးလေးကို မြင်ရချိန်တွင် သူ့နှလုံးသားက နာကျင်ကိုက်ခဲသွား၏။
ထိုအကောင်လေး၏ ကံကြမ္မာက အရမ်းကို ဝမ်းနည်းစရာ ကောင်းလေသည်။
သူမသည် ငယ်ရွယ်စဉ်ကတည်းက သူမ၏ အမေကို ဆုံးရှုံးခဲ့ရပြီး သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အကျဉ်းချထားခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရ၏။ နောက်ဆုံး သူမသည် လွတ်လပ်မှုကိုရပြီး သူနှင့်အတူ အပြင်လောကသို့ လိုက်မည် ကြံရွယ်ခဲ့သော်လည်း ဤကဲ့သို့ ဆိုးဝါးရက်စက်သည့် ကံကြမ္မာနှင့် ထပ်ကြုံရပြန်၏။
မြေခွေးလေးက အပြင်လောက၏ လှပမှုများကိုပင် တွေ့မြင်ခံစားခွင့် မရဘဲ ဒီတိုင်း သေရတော့မှာလား..
ထိုသို့အတွေးများနှင့် ဆူဇီမိုသည် သိုလှောင်အိတ်ကိုဖွင့်၍ စတုရန်းကြေးမီးဖိုကို ထုတ်ကာ သူ့အစွမ်းကုန်သုံးပြီး မြေခွေးလေးနှင့်အတူ ထိုမီးဖိုထဲမှာ ဝင်ပုန်းခဲ့လေသည်။
နဂါးသင်္ချိုင်းတောင်ကြားက အင်မတန် နတ်ကြီးသောနေရာအဖြစ် ကျော်ကြား၏။
မရေမတွက်နိုင်သော ပညာရှင်များနှင့် ထိပ်သီးအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များက ဒီနေရာမှာ မြှုပ်နှံခံခဲ့ရ၏။
အထဲမှာ ဘယ်လိုအန္တရာယ်တွေ ဆီးကြိုနေမလဲ မည်သူမှ မသိကြပေ။ စတုရန်းကြေးမီးဖိုကသာလျှင် သူတို့၏ ရှင်သန်ဖို့ရာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သူသည် စတုရန်းကြေးမီးဖိုတွင်း ရောက်သွားသော်လည်း အောက်သို့ လျှင်မြန်စွာ ကျဆင်းနေသည်ဆိုတာကို သတိထားမိနေဆဲဖြစ်၏။
လေတိုးသံများက သူ့နားထဲမှာ တဝီဝီ မြည်နေခဲ့၏။
စတုရန်းကြေးမီးဖို၏ အပြင်ဘက်မှ လွန်စွာ ကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးက တလိပ်လိပ် တိုးဝင်လာနေ၏။
အဆုံးမဲ့အင်အားကြီးမားသော စွမ်းအားတစ်မျိုးက မီးဖို၏ နံရံကို အဆက်မပြတ် လာရောက်ရိုက်ခတ်နေ၏။
အဲ့ဒါက ကြောက်စရာကောင်းလောက်အောင် သိပ်သည်းစုဖွဲ့လာလေသည်။
ဘုန်း.. ဘုန်း.. ဝုန်း..
တစ်ချက် ရိုက်ခတ်တိုင်း ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာတတ်၏။ ထိုအသံက အလွန်ကို ကြမ်းကြုတ်ပြင်းထန်ပြီး စတုရန်းကြေးမီးဖိုက ပေါက်ကွဲထွက်တော့မည်ဟု ထင်ရလေသည်။
ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ကို ကွေးညွှတ်၍ မြေခွေးလေးကို သူ့ရင်ခွင်ထဲမှာထားကာ အတတ်နိုင်ဆုံး ကာကွယ်ပေးနေ၏။
သို့သော်လည်း ထိတွေ့ရိုက်ခတ်သည့်အားက ကြီးမားလာပြီး သူ့ခန္ဓာကိုယ်သည် စတုရန်းကြေးမီးဖိုနံရံ၏ ဘယ်နှင့် ညာနှင့် တဝုန်းဝုန်း ပစ်ဆောင့်နေ၏။ သူ့အရွတ်များနှင့် အရိုးများက ကျိုးကြေကုန်ပြီး အတွင်းဒဏ်ရာများနှင့် ထပ်ပေါင်းလိုက်သောအခါ သူ၏ အရိုးတည်ဆောက်ပုံက တစ်စစီ ပြုတ်ထွက်ကုန်တော့မည်ဟု ခံစားလာရလေသည်။
အရာအားလုံးကို ဆွဲယူနစ်မြှုပ်တော့မည်ကဲ့သို့ ကြောက်စရာကောင်းသည့် တဝုန်းဝုန်း အသံများက ထွက်ပေါ်နေခဲ့၏။
ဆူဇီမို၏ နားထဲမှာ တဝီဝီမြည်နေပြီး သူ၏ ဒွာရများမှ သွေးများက စီကျလာ၏။
နဂါးသင်္ချိုင်းတောင်ကြားမှ ပြင်ပစွမ်းအားများက အရမ်းကို ကြောက်စရာကောင်းလေသည်။
စတုရန်းကြေးဖိုကြောင့်သာ မဟုတ်လျှင် ဆူဇီမိုနှင့် မြေခွေးလေးသည် စိစိညက်ညက် အမှုန့်ကြေ၍ အလောင်းတောင် ကျန်ခဲ့လိမ့်မည် မဟုတ်ပေ။
အတန်ကြာပြီးနောက် သူတို့သည် ပို၍ ပြင်းထန်ကြမ်းတမ်းသည့် ထိတွေ့ရိုက်ခတ်မှုနှင့် ကြုံတွေ့လိုက်ရ၏။
မီးဖို၏ နံရံကို ဝုန်းကနဲ ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်ပြီး နောက်ဆုံးမှာတော့ ဆူဇီမိုသည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ လုံးလုံးလျားလျား သတိလစ်သွားလေတော့သည်။
သူ ပြန်နိုးလာသည့်အခါ ကျယ်ဝန်းလှသော ဤစာကြည့်ခန်းထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
“ဒီနဂါးသင်္ချိုင်းတောင်ကြားရဲ့ အနက်ပိုင်းထဲမှာ အသက်ရှင်နေသေးတဲ့ တစ်ယောက်ယောက်များ ရှိနေတာလား”
ဆူဇီမိုသည် သူ့ဘာသာသူ တွေးလိုက်၏။
ရုတ်တရက်.. သူ့ခြေထောက်ကို တစ်စုံတစ်ရာက လာရောက်ပွတ်သပ်နေသည်ဟု ခံစားလိုက်ရ၏။
ဆူဇီမိုသည် ငုံ့ကြည့်လိုက်၏။
အမွေးထူထူအကောင်လေးက စိုးရိမ်မှုနှင့် ပျော်ရွှင်မှု ရောစွက်နေသော ကြီးမားရွှန်းလဲ့သည့် မျက်လုံးများဖြင့် သူ့ကို ကြည့်နေ၏။
အဲ့ဒါက နဂါးသင်္ချိုင်းတောင်ကြားသို့ သူနှင့်အတူ ကျဆင်းလာခဲ့သော မြေခွေးလေးပင် ဖြစ်လေသည်။
သည့်အရင်က မြေခွေးလေးသည် တာအိုသက်ရှိရွှမ်ယွီလက်ချက်ဖြင့် ဒဏ်ရာ ရရှိခဲ့၏။ သို့သော် ယခုအခါ သူမပုံစံက အပြည့်အဝ ပြန်ကောင်းနေသလိုပင်။
ဆူဇီမိုသည် နှစ်သိမ့်ခံနေရသည်ဟု ခံစားလိုက်ရ၏။
“ငါ အဆင်ပြေပါတယ်”
မြေခွေးလေးထံမှ ထွက်ပေါ်လာနေသော စိုးရိမ်ပူပန်မှုကို ခံစားမိပြီး ဆူဇီမိုက ပြုံးလိုက်၏။
“ဒီတစ်ခေါက်ရတဲ့ ငါ့ဒဏ်ရာတွေက အတော်လေး ပြင်းထန်တယ် ဆိုပေမယ့်လဲ.. အချိန်တစ်ခုလောက် အနားယူပြီးရင် ငါပြန်ကောင်းသွားမှာပါ”
ထိုသို့ပြောရင်း သူက မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်၏။ သူသည် ဘေးနားတွင်ရှိသော စတုရန်းကြေးမီးဖိုကို လက်တစ်ဖက်နှင့် လှမ်းဆွဲပြီး သိုလှောင်အိတ်ထဲသို့ ထည့်ဖို့ လုပ်လိုက်၏။
“အမ်”
ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။
စတုရန်းကြေးမီးဖိုက လုံးဝ မလှုပ်ပေ။
စတုရန်းကြေးမီးဖိုက အလွန်လေးလံသည်ဆိုသော်လည်း သည့်အရင်က ဆူဇီမိုသည် အဲ့ဒါကို သာသာယာယာ မယူနိုင်လေသည်။
အခုတော့...
ရုတ်တရက် သူ နားလည်သွား၏။
သူ့ရွှေအမြုတေက ဖျက်ဆီးခံထားရပြီး သူ့အတွင်းအမြုတေကလည်း ကြေမွအက်ကွဲနေ၏။
ဆူဇီမိုသည် သူ့အတွင်းအမြုတေကို အလိုလို လှည့်ပတ်ဖို့ ကြိုးစားကြည့်လိုက်သောအခါ သူ့ရင်အုပ်တစ်ဝှမ်းမှာ စူးရှသော နာကျင်မှုက ထိုးတက်လာ၏။
“အီ..”
သူသည် ခပ်သဲ့သဲ့ ညည်းတွားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တုန်ယင်ကာ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာ၏။
သူ့အတွင်းအမြုတေက ညိုမည်းထိုင်းမှိုင်းနေပြီး ပင့်ကူအိမ်လို ကြောက်လန့်စရာ အက်ကွဲကြောင်းများနှင့် ပြည့်နေလေသည်။
ဆူဇီမိုသည် အရာရာတိုင်းကို သေချာအာရုံခံမိပြီးနောက် သူ့အမူအယာက ပို၍ ပျက်ယွင်းလာ၏။
သူ၏ အတွင်းအမြုတေက ပြန်လည် အဖတ်ဆယ်နိုင်စရာ အကြောင်းမရှိတော့ပေ။
သူ့ရွှေအမြုတေ၏ အခြေအနေက ပိုလို့တောင် ဆိုးရွားနေသေး၏။
သူ့ဝမ်းဗိုက်နားရှိ ဒါန်ထျန်က ဟောင်းလောင်းပေါက် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဗလာကျင်းနေပြီး စိတ်ဝိညာဉ်ချီ တစ်စွန်းတစ်စမှ ရှိမနေပေ။
ဆူဇီမိုသည် အသက်ကို ပြင်းပြင်းရှိုက်သွင်း၍ သူ့ဘေးပတ်လည်ရှိ စိတ်ဝိညာဉ်ချီများကို ဖြည်းဖြည်းချင်း စုစည်းလိုက်၏။
သူသည် စိတ်ဝိညာဉ်ချီ၏ တည်ရှိမှုကို အာရုံခံနိုင်နေဆဲဖြစ်ပြီး အဲ့ဒါကို စုပ်ယူနိုင်နေဆဲဖြစ်၏။
သို့သော်လည်း စိတ်ဝိညာဉ်ချီများက သူ့ဒါန်ထျန်ထဲသို့ ဝင်ရောက်လာပြီးနောက် အထဲမှာ ထိန်းထားလို့ မရဘဲ ပျောက်ကွယ်သွားလေသည်။
အခုဆို သူ့ဒါန်ထျန်က ပေါက်နေသော လေအိတ်တစ်လုံးလိုပင်။
ရေက အထဲသို့ ဝင်နိုင်သော်လည်း အဲ့ဒါကို ထိန်းသိမ်းထားလို့ မရနိုင်ပေ။
ပြောရမည်ဆို ဆူဇီမိုသည် ချီစုဖွဲ့အဆင့်ကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြန်၍ ကျင့်ကြံချင်သည်ဆိုလျှင်တောင် မဖြစ်နိုင်တော့ပေ။
ကျင့်ကြံသူတစ်ယောက်အတွက် သူတို့၏ ရွှေအမြုတေကို ဖျက်ဆီးခံရခြင်းက အရက်စက်ဆုံး အပြစ်ဒဏ် ပေးခံရခြင်းနှင့် တူလေသည်။
အဘယ်ကြောင့်ဆိုသော သူတို့သည် အသစ်တစ်ဖန်ပြန်၍ ကျင့်ကြံဖို့ပင် အခွင့်အရေး မရှိတော့သောကြောင့် ဖြစ်လေသည်။
ဆူဇီမိုသည် အံကိုကြိတ်ပြီး မယိမ်းမယိုင်သော အကြည့်ဖြင့် သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ စတုရန်းကြေးမီးဖိုကို အစွမ်းအကုန်ထုတ်၍ ရွှေ့ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်ချီကို စုပ်ယူပြီး အဲ့ဒါကို တစ်ဆက်တည်း တိုက်ရိုက်အသုံးပြုကာ သိုလှောင်အိတ်ကိုဖွင့်၍ စတုရန်းကြေးမီးဖိုကို ပစ်ထည့်လိုက်၏။
တစ်ကယ်ဆို အဲ့ဒါက အလွန်တရာ ရိုးရှင်းသည့် ပြုမူမှုလေးတစ်ခုသာ ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုသည် ယခုအခါ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေရပြီး မောဟိုက်၍ ချွေးများက စိုရွှဲလာ၏။
ဆူဇီမိုသည် ခါးသက်စွာ ရယ်မောလိုက်၏။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ သူသည် အဆင့်တူမှာရှိသော ကျင့်ကြံသူများကြားမှာ လွန်မင်းစွာ လွှမ်းမိုးခြယ်လှယ်နိုင်ပြီး အဆင့်ကြီးတစ်ဆင့်ကျော်၍တောင် သူ့ပြိုင်ဘက်များကို သတ်ဖြတ်ခဲ့ဖူး၏။
အဖွဲ့အစည်းကြီးများကြားမှာတောင် သူက သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားအဖြစ် ကျော်ကြားလေသည်။
နောက်ဆုံးမှာတော့ သူ့အခြေအနေက ဒီလောက်တောင် ဆိုးရွားသွားပြီဆိုတော့လဲ...
ဆူဇီမိုသည် စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားဆဲ ဖြစ်သော်လည်း ရွှေအမြုတေအဆင့် တစ်ကယ့်အစစ်အမှန် ပြိုင်စံရှားများကြားမှာ ဆက်လက်တိုက်ခိုက်ဖို့တော့ မဖြစ်နိုင်တော့ပေ။
သူသည် တာအိုသက်ရှိရွှမ်ယွီကို လက်စားပြန်ချေဖို့တော့ ဒီတစ်သက် ဖြစ်နိုင်တော့မည် မထင်ပေ။
ဒါက ငါ့ရဲ့ ကံကြမ္မာများလား..
ဆူဇီမိုသည် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်၏။
ငါ အဲ့ဒါကို လက်မခံနိုင်ဘူး.. ငါ အဲ့ဒါကို ငြင်းဆန်တယ်ကွာ.. ငါ မကျေနပ်ဘူးကွ...
ငါ့မှာ ရှိသမျှ အရာအားလုံးကို ပြန်ယူသွားမယ်ဆိုရင်တောင် ငါ့ကံကြမ္မာနဲ့ ငါဆက်ပြီး တိုက်ခိုက်မယ်ကွာ..
သူ၏ ထက်ရှသော လက်သည်းများက သူ့လက်ဖဝါးထဲသို့ နစ်ဝင်သွားပြီး သွေးများက စီးကျလာတာကိုတောင် သူသတိမထားမိတော့ပေ။ သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင် ခပ်ဖျော့ဖျော့ သားရဲဆန်ဆန် သွေးအလင်းစက်တစ်ခုက တောက်ပလာ၏။
မြေခွေးလေးသည် ဆူဇီမို၏ ခြေထောက်ဘေးမှာ ထိုင်ချပြီး သူ့ကို စိုးရိမ်ပူပန်စွာနှင့် မော့ကြည့်နေ၏။
သူမသည် စကားမပြောနိုင်သော်လည်း ဆူဇီမို၏ နှလုံးသားထဲမှ မကျေမချမ်းနိုင်မှုများနှင့် နာကျင်မှုများကို သူမက ခံစားရလေသည်။
မျှော်လင့်ချက်အားလုံး ပျက်စီးဆုံးရှုံးသွားတာလောက် စိတ်ပျက်ဖို့ကောင်းသည့်အရာ မရှိတော့ပေ။
ရုတ်တရက်.. တံခါးအပြင်ဘက်မှ အန္တန်ရွတ်ဖတ်သံက ထွက်ပေါ်လာ၏။
ထိုအသံက ကြည်လင်သန့်စင်၍ အပြစ်ဆိုစရာ မရှိကာ လူတစ်ယောက်၏ စိတ်ကို သန့်စင်ရှင်းလင်းပေးပြီး နားထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်နေစေလေသည်။
တစ်စုံတစ်ယောက်က အပြင်ဘက်မှာ သုတ္တန်တစ်ခုကို ရွတ်ဖတ်နေခြင်း ဖြစ်လေသည်။