နှစ်တစ်သောင်းသက်တမ်းဗုဒ္ဓကျောင်းတော်
Vol. 39 Ch. 581
“အမ်”
ထိုအသံက ဆူဇီမို၏ အတွေးများကို ဝင်ရောက်ဖြတ်တောက်လိုက်၏။
နဂါးသင်္ချိုင်းတောင်ကြားရဲ့ အနက်ပိုင်းထဲမှာ အသက်ရှင်တဲ့လူ တစ်ကယ်ကို ရှိနေတာပဲ..
ဆူဇီမိုသည် တံခါးကို တွန်းဖွင့်၍ အပြင်ဘက်သို့ ထွက်လိုက်သောအခါ ဝတ်ပြုဖျာတစ်ချပ်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ဦးပဉ္ဇင်းငယ်တစ်ပါးကို တွေ့လိုက်ရ၏။ ဦးပဉ္ဇင်းငယ်က သူ့လက်ဖဝါးနှစ်ဖက်ကို ရင်ဘတ်ရှေ့မှာထား၍ ညင်သာစွာ ရွတ်ဆိုနေ၏။
ဆူဇီမိုသည် ခဏမျှ မှင်တက်သွား၏။
နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ ရှင်သန်နေဆဲလူက သေချာပေါက် အံ့မခန်းပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ရမည်ဟု သူတွေးထင်ထားခဲ့၏။ သို့သော်လည်း အဲ့ဒါက အခုလောက်ထိ ငယ်ရွယ်သော ဦးပဉ္ဇင်းလေးတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူထင်မထားမိခဲ့ပေ။
သူ့ရှေ့ရှိ ဦးပဉ္ဇင်းလေးက အလွန်ဆုံး ရှိလှမှ ရွှေအမြုတေအဆင့်သာလျှင် ရှိပေဦးမည်။
ဆူဇီမို၏ ကျင့်ကြံမှုက ပျက်စီးသွားခဲ့သော်လည်း သူ့မျက်လုံးများကတော့ ထက်ရှနေဆဲဖြစ်၏။
တစ်ခုခုကို အာရုံခံမိလိုက်သည့်အတွက် ဦးပဉ္ဇင်းလေးသည် ရွတ်ဖတ်နေတာကို ရပ်တန့်၍ လှည့်ကြည့်လိုက်၏။
သူ၏ မျက်လုံးများက ပကတိရိုးသားဖြူစင်မှုကို ထိန်းသိမ်းထားသည့်အလား ကြည့်လင်တောက်ပနေ၏။
ဦးပဉ္ဇင်းက နူးညံ့စွာပြုံး၍ မတ်တပ်ထရပ်ကာ လက်ဖဝါးထောင်ပြီး နှုတ်ဆက်လိုက်၏။
“ဒကာ.. သင် နိုးလာပြီပဲ”
ဆူဇီမိုက ရှေ့သို့ လျှောက်သွားပြီး ဦးညွှတ်လိုက်၏။
“ကျတော်က ဆူဇီမိုပါ.. ကျတော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
“သင် အဲ့ဒါအတွက် ကျေးဇူးတင်စရာ မလိုပါဘူး ဒကာ”
ဦးပဉ္ဇင်းက ပြုံးပြလိုက်၏။
“ကျုပ်ဆရာက ဒကာရောက်လာတာကို အာရုံခံမိခဲ့တဲ့အတွက်သာ ကျုပ်က သင့်ကို ခေါ်လာခဲ့ရတာပဲ”
“ဆရာလား”
ဆူဇီမို၏ လေသံက သံသယများဖြင့် ရောစွက်နေ၏။
ဒါဆို နဂါးသင်္ချိုင်းတောင်ကြားရဲ့ အောက်ခြေမှာ ရှိနေတာက ဒီကိုယ်တော်လေး တစ်ပါးထဲ မဟုတ်ဘူးပေါ့..
ဦးပဉ္ဇင်းလေးက ခေါင်းညိတ်ပြပြီး မလှမ်းမကမ်းရှိ ကြီးမားသည့် ခန်းမတစ်ခုဆီသို့ မျှော်ကြည့်လိုက်၏။
“ဒါပေမယ့်.. အခု ကျုပ်ဆရာက တံခါးပိတ်တရားထိုင်နေတယ်.. အခုလောလောဆယ်ကို ဘယ်သူ့ကိုမှ သူထွက်တွေ့ဦးမှာ မဟုတ်သေးဘူး”
မလှမ်းမကမ်းရှိ ထည်ဝါသော ခန်းမတစ်ခု၏ တံခါးပေါက်များအားလုံးက ပိတ်ထား၏။
ဆူဇီမိုက ခေါင်းညိတ်ပြီး မေးလိုက်၏။
“ကျတော် သတိမေ့နေတာ ဘယ်လောက် ကြာသွားပြီလဲဗျ”
“တစ်လလောက်ပေါ့”
ဆူဇီမိုသည် ခါးသက်သက် ခံစားချက်နှင့်အတူ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။
သူ့ကျင့်ကြံမှုက ပျက်စီးသွားခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းကလည်း သိသာကြီးမားစွာ လျော့ကျသွားလေပြီ။ တစ်လလောက် ကြာပြီးတာတောင် သူ့ဒဏ်ရာများက လုံးလုံးလျားလျား ပြန်ကောင်းမွန်မလာသေးပေ။
ခဏနေပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။
“ကိုယ်တော့်ရဲ့ ဆရာက ဘယ်တော့လောက် တံခါးပိတ်တရားထိုင်နေရာကနေ ထွက်လာမလဲဗျ”
“ကျုပ်လဲ မသိဘူး”
ဦးပဉ္ဇင်းလေးက ခေါင်းခါလိုက်၏။
“အဲ့ဒါက မနက်ဖြန်လဲ ဖြစ်နိုင်တယ်.. နောက်တစ်နှစ်မှလဲ ဖြစ်နိုင်တယ်.. ဒါမှမဟုတ် နှစ်တစ်ရာလောက် ကြာသွားတာလဲ ဖြစ်နိုင်တယ်”
“နှစ်တစ်ရာလောက်...”
ဆူဇီမိုက ခါးသက်စွာ ရယ်မောလိုက်၏။
ဆူဇီမို၏ စိတ်ပျက်သွားမှုကို ခံစားမိလိုက်၍ ဦးပဉ္ဇင်းလေးက စိတ်အရင်းခံနှင့် နှစ်သိမ့်လိုက်၏။
“ဒကာ.. ဘာမှ လောနေစရာ မလိုပါဘူး.. အချိန်ဆိုတာ ဒုန်းစိုင်းပြေးလွှားနေတဲ့ နတ်မြင်းတစ်ကောင်လိုပါပဲ.. နှစ်တစ်ရာဆိုတာလဲ တဒင်္ဂပါပဲ”
ဦးပဉ္ဇင်းလေးကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်တောင် မပြည့်တတ်သေးပုံပင်။
သို့သော် သူ့ပါးစပ်မှ ထွက်လာသည့် စကားလုံးများက အရွယ်နှင့် မလိုက်အောင်ကို ရင့်ကျက်တည်ငြိမ်နေလေသည်။
ဦးပဉ္ဇင်းလေးက ဆက်ပြောလိုက်၏။
“ဒကာ.. နေရထိုင်ရတာ ပျင်းလာတယ်လို့ ထင်ရင်.. ဒီကျမ်းစာတွေ ထားတဲ့အခန်းထဲက ကြိုက်တဲ့ဟာကို ယူကြည့်လို့ ရပါတယ်.. ဒီဗုဒ္ဓသုတ္တန်တွေထဲမှာ အသိပညာတွေ အများကြီး ပါဝင်သလို လောကရဲ့ လျှို့ဝှက်ချက်တွေကိုလဲ တွေ့ရပါလိမ့်မယ်.. ဉာဏ်ပညာကြီးမားတဲ့ အဖိုးအိုတစ်ယောက်တောင်မှ ဉာဏ်ပညာကို အပြည့်အဝ နားလည်သဘောပေါက်မှာ မဟုတ်ဘူးတဲ့”
“သင်သာ အဲ့ဒီသုတ္တန်တွေထဲမှာ နစ်မြောသွားရင် အဆုံးမဲ့ တည်ငြိမ်အေးချမ်းမှုကို ရှာတွေ့ပြီးတော့ အချိန်တွေကလဲ မသိလိုက်မသိဘာသာ ကုန်ဆုံးသွားပါလိမ့်မယ်.. တစ်ကယ်တော့ နှစ်တစ်ရာဆိုတာ ခဏလေးပါပဲ”
ဦးပဉ္ဇင်းလေး ပြောသွားသည်မှာ လွယ်သော်လည်း ဆူဇီမိုကတော့ အဲ့ဒါကို စိတ်ဝင်စားကြည့်လို့ မရပေ။
ဦးပဉ္ဇင်းလေးက စေတနာနှင့် ပြောနေသည်ကို ငြင်းဆန်ရမှာ အားနာသောကြောင့်သာ ဆူဇီမိုက အပြုံးနှင့် ခေါင်းညိတ်ပြပြီး သူ့ဘေးနားပတ်လည်ကို စတင်ကြည့်ရှုလိုက်၏။
ခြံဝန်းထဲမှာ အဆောက်အဦက များစွာ မရှိဘဲ နှစ်ခုတည်းသာ ရှိလေသည်။
တစ်ခုကတော့ သုတ္တန်ကျမ်းများ ထားရှိရာအခန်း ဖြစ်ပြီး အခြားတစ်ခုကတော့ ထည်ဝါသောခန်းမ ဖြစ်လေသည်။ အဲ့ဒါက တရားကျင့်ကြံသော အခန်းတစ်ခုနဲ့တောင်မှ မတူပေ။
အဲ့ဒါက အလွန်တရာ ရှေးကျသည့် ဘုရားကျောင်းအိုတစ်ခုသာ ဖြစ်လေသည်။
ရှေးကျ၍ အိုမင်းဟောင်းနွမ်းနေ၏။
အဆောက်အဦနှစ်ခုက ဟိုတုန်းကတည်းက တည်ရှိခဲ့ဟန်ရပြီး မရေမတွက်နိုင်သော ရာသီဉတုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပုံပင်။
ခန်းမကြီး၏ ရှေ့တွင် သီးပင်စားပင် ဥယျာဉ်နှစ်ခုကို စိုက်ပျိုးထားပြီး စိမ်းလန်းဝင်းစိုနေသော စားစရာအချို့ကို ထုတ်ပေးနေ၏။
ဘုရားကျောင်းအိုကြီး၏ ဝင်ပေါက်က အလွန်တရာ ချုံးချုံးကျနေပြီး လေတိုက်တိုင်း တကျွီကျွီမြည်ကာ အချိန်မရွေး ပြုတ်ကျတော့မည့်ပုံပင်။
နဂါးသင်္ချိုင်းတောင်ကြားရဲ့ အောက်ခြေမှာ ဘာလို့ ဒီလိုမျိုး ဘုရားကျောင်းအိုကြီးက ရှိနေရတာပါလိမ့်..
ဆူဇီမိုသည် ငေးငိုင်နေ၏။
ခဏကြာပြီးနောက် သူ့စိတ်အာရုံထဲသို့ အတွေးတစ်ခုက ဖျတ်ကနဲ ဝင်ရောက်လာပုံရ၏။
သို့သော်လည်း ဆူဇီမို၏ စိတ်က ထိုအချိန်တွင် အလွန်ကို ကသောင်းကနင်းဖြစ်နေပြီး သူ၏ အဓိက အာရုံက သူ့ကျင့်ကြံမှုကို မည်သို့မည်ပုံ ပြန်လည်ရယူရမလဲသာ ဖြစ်နေလေသည်။ ထိုသို့ဖြင့် သူသည် ပေါ်လာသော အတွေးနှင့် ပတ်သတ်၍ သိပ်ပြီး စဉ်းစားဖြစ်မနေပေ။
ခဏကြာ မတ်တပ်ရပ်နေပြီးနောက်.. ဆူဇီမိုသည် ဘုရာကျောင်း၏ ဝင်ပေါက်ဘက်သို့ လှည့်သွားလိုက်၏။
ဘုရားကျောင်း၏ ဘေးပတ်လည်တွင် ကြည့်ရှုစရာ ဘာမှ သိပ်ပြီး ရှိမနေပေ။
ဆူဇီမိုသည် အပြင်ဘက်သို့ထွက်ပြီး နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ ဘာတွေ ရှိမလဲ သွားရောက်စစ်ဆေးကြည့်ချင်မိလေသည်။
ဦးပဉ္ဇင်းလေးက စိုးရိမ်ပူပန်သော အမူအယာဖြင့် မှတ်ချက်ပေး ပြောဆိုလိုက်၏။
“ဒကာ.. သင့်ဒဏ်ရာတွေက ကောင်းသေးတာ မဟုတ်ဘူး.. အပြင်ဘက်ဝေးဝေးကို လျှောက်မသွားပါနဲ့.. အဲ့မှာ အန္တရာယ်ရှိတဲ့နေရာတွေ ရှိတယ်”
“အခုလို သတိပေးတာ ကျေးဇူးပါပဲ ကိုယ်တော်.. ကျတော် သတိထားပါ့မယ်”
ဆူဇီမိုသည် လက်သီးဆုပ်၍ ကျေးဇူးတင်ကြောင်း ပြသပြီး အပြင်ဘက်သို့ ထွက်လိုက်၏။
ဘုရားကျောင်းအပြင်ဘက်သို့ သူထွက်လိုက်ချိန်တွင် ကျောချမ်းဖွယ်ရာ လေပြေလေအေးများက တိုက်ခိုက်လာပြီး သူ့ကို တသိမ့်သိမ့်တုန်ယင်သွားစေ၏။
သူ့ရှေ့ရှိ တောင်ကြားလမ်းက ကောက်ကွေ့သွားပြီး မြေပြင်ပေါ်မှာ များပြားလှစွာသော ကျောက်တုံးများက ကြေမွ၍ ပြန့်ကျဲနေ၏။ ချောက်ကမ်းပါးနှစ်ဖက်စလုံးက ထူးဆန်းသည့် ကျောက်ဆောင်များနှင့် ပြည့်နှက်နေ၏။
တောင်ကြားတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဆူဇီမိုသည် ခဏမျှ တုံ့ဆိုင်းပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ရှေ့သို့ဆက်ပြီး လျှောက်လိုက်၏။
မြေခွေးလေးသည် ကြောက်လန့်တကြား အမူအယာ ရှိနေသော်လည်း သူမသည် ဆူဇီမိုနောက်ကနေ ဆက်လိုက်ဖို့ ရွေးချယ်လိုက်၏။
ဆူဇီမိုသည် သူ့ခေါင်းကိုမော့ပြီး ကြည့်လိုက်၏။
တောင်ကြားအထက်တွင် မြူခိုးများက တလိပ်လိပ်တက်နေ၏။
လွန်ခဲ့သည့် နှစ်တစ်သောင်းက မရေမတွက်နိုင်သော ပညာရှင်များသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ စွမ်းအင်အကြွင်းအကျန်များက ကသောင်းကနင်းနယ်မြေတစ်ခုဖြစ်လာကာ အထက်မှာ ယှက်ဖြာလာခဲ့၏။
ထိုမြူခိုးလွှာထဲသို့ ဆွဲယူသွင်းခံရသည့် မည်သူမဆို သွေးမျိုးများအဖြစ်သို့ တစ်စစီစုတ်ပြဲပျက်စီးသွားပေလိမ့်မည်။
ယခုအခါ ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က ဖျက်ဆီးခံထားရပြီး အပေါ်သို့ ပျံတက်နိုင်သည့် နည်းလမ်းအားလုံးကို ဆုံးရှုံးထားရ၏။ သူ့အနေနှင့် အထက်ကနေ အောက်ကိုကျလာတာ လွယ်ကူသော်လည်း အပေါ်သို့ ပြန်တက်နိုင်ဖို့ကတော့ မည်သို့မှ မဖြစ်နိုင်တော့ပေ။
သူ၏ ကျင့်ကြံမှုအဆင့်ကိုသာ သူပြန်မရနိုင်တော့ဘူးဆိုလျှင် သူသည် ဤတောင်ကြားအောက်ခြေမှာ အသက်ကြီး အိုမင်းရင့်ရော်၍ နောက်ဆုံး သေရတော့မည်ဆိုတာ သူနားလည်လိုက်လေသည်။
သို့သော် သူ့ကျင့်ကြံမှုကိုရော ဘယ်လိုလုပ်ပြီး ပြန်ရနိုင်ပါ့မလဲ..
သူ့ရွှေအမြုတေက အစိတ်စိတ်အမွှာမွှာ ကြေမွ၍ လုံးလုံးလျားလျား ပျက်ပြယ်သွားပြီဖြစ်၏။
အခုဆို သူ့ဒါန်ထျန်က ယိုပေါက်နေသော အိတ်ကြီးတစ်လုံးဖြစ်ပြီး စိတ်ဝိညာဉ်ချီများကို မစုဆောင်းနိုင်တော့ပေ။
သူ၏ ရွှေအမြုတေကို ပြန်လည်ပြုပြင်နိုင်စရာ အကြောင်းမရှိတော့ပေ။
သူ့အနေနှင့် ပြန်ပြုပြင်နိုင်ဖို့ ဖြစ်နိုင်ချေပါးပါးလေးရှိသော တစ်ခုတည်းသောအရာမှာ သူ၏ အတွင်းအမြုတေသာ ဖြစ်လေသည်။
သူ့အတွင်းအမြုတေက အက်ကွဲရာများနှင့် ပြည့်နှက်နေသော်လည်း အနည်းဆုံးတော့ ပုံစံမပျက် ရှိနေသေး၏။
သို့သော်လည်း အဲ့ဒါကို ဘယ်လိုနည်းနဲ့ ပြုပြင်လို့ ရနိုင်မလဲ သူမသိပေ။
ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က ကမ္ဘာလောက၏ အဆီအနှစ်ကို စုပ်ယူကျင့်ကြံနိုင်သော သက်ရှိအဆင့်သို့ မရောက်သေးပေ။ သူသာ သားရဲကျင့်ကြံမှုကို ဆက်ပြီး ကျင့်ကြံချင်သည်ဆိုလျှင် အသက်ဓါတ်ပမာဏ အတော်များများကို မှီဝဲဖို့ လိုအပ်လေသည်။
အဲ့ဒါတွေက.. လတ်ဆတ်သောအသား သို့မဟုတ် ရှားပါးသောရတနာများ သို့မဟုတ် ဆေးလုံးများ .. ဖြစ်နိုင်လေသည်။
သို့သော်လည်း နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေ၌ သူရယ်၊ မြေခွေးလေးရယ်၊ ဦးပဉ္ဇင်းလေးရယ်၊ သူ့ဆရာရယ်နှင့် သာမန်သီးပင်စားပင် ဥယျာဉ်နှစ်ခုက လွဲ၍ တခြားဘာမှ ရှိမနေပေ။
ထို့ကြောင့် သူ့အတွင်းအမြုတေကို ပြန်ကုသဖို့ကလည်း မဖြစ်နိုင်သလောက်ပင်။
ဆူဇီမိုသည် အတွေးရေယာဉ်ကြောမှာ မျောပါနေသော်လည်း သူ့ခြေလှမ်းများက ရပ်တန့်မသွားဘဲ အလိုလို ရှေ့သို့ ဆက်လျှောက်နေမိ၏။
သူတို့နှစ်ယောက်သည် အချိုးအကွေ့တစ်ခုကို ဖြတ်လာခဲ့ပြီးနောက် မြေခွေးလေးသည် ရုတ်တရက် ရပ်တန့်၍ ဆူဇီမို၏ အဝတ်စကိုကိုက်ကာ နောက်သို့ အကြောက်အကန် ပြန်ဆုတ်နေ၏။
ဆူဇီမိုသည် ထိတ်လန့်သွားပြီး သူ့အတွေးတွေထဲကနေ နိုးထလာလေသည်။
သူ့ရှေ့မြေပြင်တွင် အလောင်းများက တစ်ခုပြီးတစ်ခု ပုံထပ်ပြန့်ကျဲနေ၏။
အချို့က ကန့်လန့်ဖြတ်လဲလျက်၊ အချို့က မြေပြင်ပေါ်မှာ ထိုင်လျက်နှင့် အချို့ကတော့ စုတ်ပြတ်သတ်၍ ပုံပျက်ပန်းပျက် ဖြစ်နေကြ၏။ သူတို့သည် ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုးနှင့် ရှိနေကြ၏။
အလောင်းများသည် တစ်ဖက်တောင်ကြားထိပ်သို့ ရောက်သည့်အထိ မြေပြင်ပေါ်မှာ တစ်ခွင်တစ်ပြင်နှင့် မျက်စိတစ်ဆုံး ရှိနေ၏။
ဤအလောင်းများသည် လွန်ခဲ့သည့် နှစ်တစ်သောင်းကပ်ဘေးမှာတုန်းက ဤတောင်ကြားထဲမှာ မြှုပ်နှံခံခဲ့ရသော အလောင်းများ ဖြစ်မည်ကို ဆူဇီမို သဘောပေါက်လိုက်၏။
နှစ်တစ်သောင်း ကြာပြီးတာတောင် ထိုအလောင်းများက လတ်ဆတ်နေသေးပြီး ပုပ်သိုးဆွေးမြည့်မည့် လက္ခဏာ မရှိပေ။
ပြောရလျှင် ဆူဇီမိုသည် အလောင်းများကြားမှာ အကောင်းပကတိ ပြည့်စုံသော ခန္ဓာကိုယ်တစ်ခုကိုပင် မြင်ခဲ့ရသေး၏။
သူအသက်ရှင်စဉ်ကဆို အဲ့ဒီပညာရှင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ..
နှစ်တစ်သောင်းကြာပြီးတာတောင် သူတို့၏ အလောင်းများက ဆွေးမြည့်မသွားသေးပေ။
ရုတ်တရက် ဆူဇီမိုသည် သူ့မျက်လုံးထောင့်ကနေ အနီရောင်အလင်းစက်တစ်ခုကို ရိပ်ကနဲ မြင်လိုက်ရသည့်အတွက် အလိုလို လှည့်ကြည့်လိုက်၏။
“ဟမ့်”
သူ့သူငယ်အိမ်နှစ်ဖက်က လျှင်မြန်စွာ တဆတ်ဆတ်လှုပ်ပြီး ခေါင်းမွေးများက ထောင်ထလာ၏။
သူ့ဘေးနားက နံရံပေါ်မှာ လတ်လတ်ဆတ်ဆတ် သွေးစက်များက ပြန့်ကျဲပေကျံနေ၏။
ဆူဇီမိုသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့မျက်လုံးထဲမှာ စူးစူးရှရှ နာကျင်မှုက ထိုးတက်လာလေသည်။ သူ့မျက်လုံးအိမ်နှစ်ဖက်က ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။
ဒီလောက်ထိ ကြောက်စရာကောင်းရအောင် အဲ့ဒါက ဘယ်လိုပညာရှင်ရဲ့ သွေးပါလိမ့်..
နှစ်တစ်သောင်းကြာပြီးတာတောင် နံရံပေါ်မှာ ပေကျံနေသော သွေးစက်များက ဆူဇီမိုကို သတ်ပစ်တော့မလို့ပင်။
ထိုအချိန်မှာပင် သူ့စိတ်အာရုံထဲသို့ အားကောင်းသော အန္တရာယ်အငွေ့အသက်က ဝင်ရောက်လာတာကို သူခံစားလိုက်ရလေသည်။