← Chapters

သုတ္တန်

Vol. 39 Ch. 583

သုတ္တန်

Vol. 39 Ch. 583

ရုတ်တရက်...

လျှို့ဝှက်ဆန်းကြယ်၍ မြင့်မြတ်သော စွမ်းအားများကို ပိုင်ဆိုင်သည့် မန္တန်ရွတ်ဖတ်သံများက တောင်ကြားထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်လာပြီး တုန်လှုပ်စရာ ကောင်းနေလေသည်။

“ဥုံ... မာ... နီ... ပါ... မီ... ဟုန်...”

ဂါထာမန္တန် စကားလုံးတစ်လုံး ထွက်လာတိုင်း.. လေထုက ကြီးမားစွာ တုန်ခါသွားလေသည်။

အစက ဆူဇီမို၏ ရှေ့မှာ ရှိနေသော အလောင်းကောင်များနှင့် သွေးသံရဲရဲပုံရိပ်များသည် လုံးဝ ပျောက်ကွယ်ကုန်ကြ၏။

တောင်ပုံယာပုံထပ်နေသော အလောင်းများလည်း မရှိတော့သလို သွေးမြစ်ကြီးလည်း မရှိတော့ပေ။

အရာအားလုံးက ပုံရိပ်ယောင်များသာ..

အစစ်အမှန် ကျန်ရစ်ခဲ့သော အရာမှာ ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေသော မကောင်းဆိုးဝါး အရိုးဖြူလက်ဝါးတစ်ခုသာ ဖြစ်လေသည်။

မလှမ်းမကမ်းမှ ဦးပဉ္ဇင်းလေးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ့အသက်က ငယ်ငယ်သာ ရှိသေးသော်လည်း သူ့ထံမှ မြင့်မြတ်ခံ့ညားသော ဂုဏ်ရှိန်ဂုဏ်ဝါက ဖြာထွက်နေပြီး သူက နတ်ဘုရားအလင်းနှစ်စက်လို မျက်လုံးဖြင့် ဆူဇီမိုနောက်သို့ စိုက်ကြည့်လိုက်၏။

သူ့ညာဘက်လက်ထဲမှာ ဗုဒ္ဓပုတီးကုံးတစ်ခုကို ကိုင်ထားပြီး ဂါထာမန္တန်တစ်ခုကို အဆက်မပြတ် ရွတ်ဆိုနေ၏။

သူ၏ ဘယ်ဘက်လက်ထဲမှာတော့ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင် ဖြာထွက်နေသည့် ပဒုမ္မာကြာထိုင်ခုံတစ်ခု ရှိလေသည်။

ဦးပဉ္ဇင်းလေး ချဉ်းကပ်လာသောအခါ ဆူဇီမို၏ မြင်ကွင်းထဲရှိ ပုံရိပ်ယောင်များက ပျက်ပြယ်သွားပြီး အကွေ့တစ်ခုက ရှေ့မှာ ပြန်ပေါ်လာလေသည်။

သူသည် တောင်ကြား၏ အကွေ့တည့်တည့်မှာ ရပ်နေမိပြီး မလှမ်းမကမ်းမှာ ချုံးချုံးကျနေသော ဘုရားကျောင်းအိုကြီးက ရှိနေလေသည်။

အဖြူရောင်ဝတ်အမျိုးသမီးသည် ဦးပဉ္ဇင်းလေးကို မြင်သောအခါ သူမ၏ အမူအယာက ရုတ်တရက် မသက်မသာ ဖြစ်လာ၏။

သူမ၏ မျက်နှာပေါ်ရှိ သွေးသံရဲရဲ မျက်တွင်းအိမ်ကြီးနှစ်ဖက်က ဦးပဉ္ဇင်းလေး၏ လက်ပေါ်ရှိ ပဒုမ္မာကြာခုံကို ကြည့်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းနှင့် သတိထားနေပုံရ၏။

“မကောင်းဆိုးဝါးသတ္တဝါ.. ဘာရပ်လုပ်နေတာလဲ.. သွားတော့လေ”

ဦးပဉ္ဇင်းလေးသည် တင်းမာခက်ထန်သော အမူအယာဖြင့် ဟိန်းဟောက်လိုက်၏။

သူက ဘယ်ဘက်လက်ကို မြှောက်ပြီး ပဒုမ္မာကြာထိုင်ခုံကို အဖြူရောင်ဝတ်အမျိုးသမီးဘက်သို့ တွန်းထိုးလိုက်၏။

ကြာထိုင်ခုံက လေထဲမှာ ပျံသန်းသွားလေသည်။

ထို့နောက် ဖြူဆွတ်သန့်စင်သော ကြာဖတ်များက တစ်လွှာပြီးတစ်လွှာ ပွင့်လာ၏။

ကြာဖတ်များ ပွင့်လာသောအခါ ကြာထိုင်ခုံထံမှ အလွန်တရာကြောက်စရာကောင်းသည့်အော်ရာတစ်ခုက ဖြာထွက်လာလေသည်။

“အား”

အဖြူရောင်ဝတ်အမျိုးသမီးသည် စူးစူးဝါးဝါး အော်ဟစ်၍ မီးခိုးများအဖြစ် ပြောင်းလဲသွားကာ အဝေးတစ်နေရာသို့ ထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။

ဦးပဉ္ဇင်းလေးသည် ရှေ့သို့ အလောတကြီးတက်၍ ကြာထိုင်ခုံကို ပြန်သိမ်းပြီး ဆူဇီမို၏ အင်္ကျီစကို ဆွဲရင်း တီးတိုးပြောလိုက်၏။

“ဒကာ.. လာလာ.. မြန်မြန်သွားရအောင်”

ထိုသို့ပြောနေရင်းနှင့် ဦးပဉ္ဇင်းလေးသည် ဘုရားကျောင်းအိုကြီးဘက်သို့ ပြန်လှည့်ထွက်လိုက်၏။

ဆူဇီမိုသည် ရင်ထဲ ထိတ်သွားပြီး နောက်ကနေ အမီလိုက်လိုက်လေသည်။

ကံကောင်းစွာနှင့် သူတို့သည် ဘုရားကျောင်းနှင့် သိပ်မဝေးသေးသည့်အတွက် သိပ်မကြာခင် ပြန်ရောက်လာကြလေသည်။

တံခါးမကြီးနားသို့ ရောက်မှသာလျှင် ဦးပဉ္ဇင်းလေးသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

“ကျုပ်အသက်ကို ထပ်ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း” ဆူဇီမိုက ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်၏။

ဦးပဉ္ဇင်းလေးက ပြုံးရင်း လက်ကာပြလိုက်၏။

“ကိစ္စမရှိပါဘူး ဒကာ.. အဲ့ဒါက ကျုပ်လုပ်ရမယ့်အရာပါပဲ”

“တာအိုရောင်းရင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ မသိဘူး” ဆူဇီမိုက မေးလိုက်၏။

“ကျုပ်က မင်းကျန်” ဦးပဉ္ဇင်းလေးက ပြန်ဖြေလိုက်၏။

“မင်းကျန်.. မင်းကျန်...”

ဆူဇီမိုက တီးတိုးနှစ်ခါ ရေရွတ်လိုက်၏။

သန့်စင်မှု၊ ရိုးသားမှုနှင့် စိတ်ရင်းမှန်ကန်မှု..

အဲ့ဒါက ဦးပဉ္ဇင်းလေးအပေါ် ဆူဇီမို၏ ထင်မြင်ချက်များ ဖြစ်လေသည်။

“အပြင်ဘက်က နတ်ဆိုးမိစ္ဆာတွေက အရမ်းကို ဆိုးယုတ်ကြမ်းတမ်းပြီးတော့ အန္တိမဓမ္မစွမ်းအားတွေကိုလဲ ပိုင်ဆိုင်ကြတယ်.. ကျုပ်လဲ သူတို့ကို မနိုင်ဘူး”

မင်းကျန်က ရှင်းပြလိုက်၏။

“စောစောက ဆိုးယုတ်တစ္ဆေက လှည့်ပြန်သွားတယ်ဆိုတာ.. ဒီပဒုမ္မာကြာခုံကို အာရုံခံမိပြီး ကျုပ်ဆရာ ပေါ်လာတော့မယ် ထင်လို့ပဲ.. နဲနဲလောက် ဆက်ပြီး ကြန့်ကြာသွားလို့ အဖြစ်မှန်ကိုသာ သူရိပ်မိသွားရင် ကျုပ်တို့တော့ သွားပြီပဲ”

မလုံမလဲ ခံစားချက်နှင့်အတူ ဆူဇီမိုက ပြောလိုက်၏။

“ကျတော် နမောနမဲ့ လျှောက်လုပ်လိုက်တာ ကိုယ်တော့်ကိုပါ ဒုက္ခပေးမိတော့မလို့ပဲ”

ရှစ်နှစ်တာ ကျင့်ကြံခဲ့မှုက တစ်ခါတည်းနှင့် ဖျက်ဆီးခံလိုက်ရပြီး သူသည် သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားအဖြစ်ကနေ မော်တယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အခြားမည်သူမဆို အဲ့ဒါက လက်ခံဖို့ ခက်ခဲသော အချိန်ကာလတစ်ခု ဖြစ်လေသည်။

စောစောက သူသည် အပြင်ဘက်မှာ ဘာတွေရှိနေမလဲ စူးစမ်းချင်စိတ်တစ်ပိုင်းတစ်စနှင့် လျှောက်ထွက်လာခဲ့၏။

နောက်ထပ်တစ်စိတ်တစ်ပိုင်းက သူ၏ အတွင်းစိတ်ထဲမှာ စိတ်ပျက်အားငယ်နေသောကြောင့် ဖြစ်လေသည်။

သည်တစ်ခေါက် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က အတော်လေး ပြင်းထန်လေသည်။

မင်းကျန်သည် ဆူဇီမို ရင်ဆိုင်နေရသော ပြဿနာများကို ခံစားမိပုံရပြီး ပြောလိုက်၏။

“တစ်ကယ်တော့ သင် ဒီနေရာကနေ ထွက််မသွားဘူးဆိုရင် ဘာအန္တရာယ်မှ မရှိပါဘူး.. ဒီခြံဝန်းက သိပ်မကျယ်ဘူးဆိုပေမယ့် ဒီထဲမှာ သင်လွတ်လွတ်လပ်လပ် လျှောက်သွားလို့ ရပါတယ်.. ဒီကျမ်းစာတိုက်ထဲက ကျမ်းဂန်တွေ၊ သုတ္တန်တွေကိုလဲ ဒကာစိတ်ကြိုက် ယူဖတ်လို့ ရတာပဲ”

“နောက်ဆို ကျုပ်တို့ရဲ့ အသိပညာနဲ့ နားလည်သဘောပေါက်မှုတွေကို ဖလှယ်ပြီးတော့ ဗုဒ္ဓဝါဒရဲ့ လေးနက်မှုတွေကို အတူတူ ရှာဖွေရမယ့် အချိန်တွေ ရှိရင်ရှိလာမှာပေါ့”

ခဏမျှ ငြိမ်သက်သွားပြီး မင်းကျန်သည် တစ်ခုခုကို အမှတ်ရသွားသည့်အလား အလောတကြီး သတိပေးလိုက်၏။

“ဪ ဒါနဲ့လေ.. ခန်းမကြီးရဲ့ နောက်ဖေးဘက်ကိုလဲ လုံးဝ မသွားပါနဲ့”

ထိုသို့ ပြောနေရင်း မင်းကျန်သည် ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ကြောက်လန့်တကြား အမူအယာဖြင့် ဇက်ကိုပုလိုက်၏။

ဆူဇီမိုသည် အတော်လေး သိချင်မိသွား၏။

စောစောက.. ဓမ္မစွမ်းအားကို အသုံးပြုနိုင်သည့် ကြောက်စရာဆိုးယုတ်တစ္ဆေနှင့် တွေ့တုန်းကတောင် မင်းကျန်သည် ဒီလောက်ကြောက်သည့် အမူအယာ မရှိပေ။

နောက်ဖေးခြံဝန်းအကြောင်း ပြောချိန်မှာ သူက ဘာလို့ ဒီလောက်ကြောက်လန့်သည့်ပုံစံ ဖြစ်သွားရတာပါလိမ့်..

မင်းကျန်ကို ဒီလောက် သတိကြီးကြီးထားမိစေအောင် နောက်ဖေးခြံဝန်းထဲမှာ ဘာရှိနေတာလဲ..

ဒါ့အပြင် ဆူဇီမိုသည် တစ်ခုခုကို သတိထားမိနေ၏။

စောစောက သူအပြင်ဘက်ကို ထွက်ချင်သောအခါ မင်းကျန်သည် အပြင်ဘက်မှာ အန္တရာယ်များကြောင်းနှင့် ခပ်ဝေးဝေး မသွားဖို့သာ သတိပေးခဲ့၏။

သို့သော် ယခုအခါ မင်းကျန်သည် ခန်းမကြီး၏ နောက်ဖေးဘက်သို့ လုံးဝ မသွားဖို့ ပြတ်ပြတ်သားသား သတိပေးလိုက်လေသည်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူသည် မင်းကျန်ကို ပြဿနာတက်အောင် မလုပ်လိုတော့ပေ။

မင်းကျန်သည် သတိပေးစရာရှိတာ ပေးပြီးနောက် သူ၏ ဝတ်ပြုဖျာဆီသို့ ပြန်သွားကာ ထူထဲသည့် ရှေးဟောင်းကျမ်းစာအုပ်ကြီးကို ထုတ်ပြီး တစ်ရွက်ချင်း သေချာလှန်ကာ ဆက်လက်ဖတ်ရှုနေ၏။

ဤအချိန်အတောအတွင်း မြေခွေးလေးသည် တဖြည်းဖြည်း သတိပြန်ဝင်လာပြီဖြစ်၏။

သို့သော်လည်း သူမသည် ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ပြီး ဘယ်ကိုမှ သွားလိုစိတ် မရှိဘဲ ဆူဇီမို၏ ရင်ခွင်ထဲမှာသာ ဝပ်နေလေသည်။

တစ်ချက်လှမ်းကြည့်ပြီးနောက် မင်းကျန်သည် တစ်ခုခုကို သတိရသွားသလို သူ့လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို စိတ်အရင်းခံနှင့် ဆူဇီမိုထံသို့ ကမ်းပေးလိုက်၏။

“ဒကာ.. သင် ဘယ်သုတ္တန်ကို စဖတ်ရမလဲ မသိရင် ဒီဟာနဲ့ စကြည့်လိုက်ပါလား.. သင် သေချာပေါက် အကျိုးများသွားစေရမယ်”

“ဒီသုတ္တန်ထဲမှာ လောကရဲ့ လျှို့ဝှက်ချက်တွေ အများကြီးပါတယ်.. ဖတ်ရင်းဖတ်ရင်းနဲ့ အရင်ကနဲ့ မတူတဲ့ ရှုမြင်ပုံတွေ နားလည်မှုအသစ်တွေကို ရလာလိမ့်မယ်.. အဲ့ဒါက တစ်ကယ်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်ပဲ”

ဆူဇီမိုသည် စိတ်ထဲကနေ ခါးသက်စွာ ရယ်လိုက်၏။

အခုလောလောဆယ် သူ့မှာ ဘာမှလုပ်လိုစိတ် မရှိပေ။

သူ့ကျင့်ကြံမှုက ရှိနေသေးလျှင်တောင် ဤမျှခက်ခဲနက်နဲသည့် ကျမ်းဂန်များကို နားလည်သဘောပေါက်အောင် ထိုင်ဖတ်ဖို့ သူသည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက ငြင်းပယ်လိုက်၏။

“ကျတော့်ဒဏ်ရာတွေက ကောင်းသေးတာ မဟုတ်တော့ ကျတော့်စိတ်က သိပ်ပြီး အပင်ပန်းခံနိုင်မှာ မဟုတ်လောက်ဘူး.. ကိုယ်တော်ပဲ အရင် ဖတ်ထားနှင့်ပါဦး”

မင်းကျန်သည် ဆူဇီမို၏ စကားကို မယုံကြည်နိုင်ဘဲ စိတ်ရှုပ်သွား၏။

“ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ သုတ္တန်တွေကို ဖတ်ရှုတာက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီးတော့ လောကရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေကို သိမြင်နားလည်စေတာလေ.. အဲ့ဒါက ဘယ်လိုဖြစ်ပြီး စိတ်ကို ပင်ပန်းစေပါ့မလဲ.. ဒီလောက်ပျော်စရာကောင်းတဲ့အရာပဲကို”

မင်းကျန်သည် ဆူဇီမို၏ စကားကို နားလည်သဘောပေါက်ဟန် မရဘဲ ခေါင်းကို ခါရမ်းလိုက်၏။

မင်းကျန်၏ စိတ်အားထက်သန်နေပုံကို မြင်သောအခါ ဆူဇီမိုသည် ရှက်သွားပြီး မေးလိုက်၏။

“အဲ့ဒီ ရှေးဟောင်းကျမ်းနာမည်က ဘာတဲ့လဲ.. ကိုယ်တော်ဖတ်လို့ ပြီးသွားရင် ကျတော် တစ်ချက် ကြည့်ကြည့်ရမယ်”

တစ်ကယ်တော့ သူက အဲ့ဒါက ဒီတိုင်း အမှတ်တမဲ့ ပြောလိုက်ခြင်းသာဖြစ်ပြီး တစ်ကယ်တမ်း သိချင်စိတ် မရှိပေ။

“ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်”

“ဪ”

ဆူဇီမိုသည် ဒီအတိုင်း ပြန်တုံ့ပြန်လိုက်ပြီးနောက် နောက်ခဏ၌ သူ့အမူအယာက ပြောင်းလဲသွားလေသည်။

“ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန် ဟုတ်လား”

သူသည် မယုံကြည်နိုင်ဟန်ဖြင့် မင်းကျန်ကိုကြည့်ကာ ထပ်မေးလိုက်၏။

“အင်း ဟုတ်တယ်လေ”

မင်းကျန်က ပုံမှန်အမူအယာနှင့်ပင် ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုသည် ပါးစပ်အဟောင်းသားနှင့် ခဏကြာသည့်အထိ တောင့်တင်းနေပြီးနောက် ခါးသက်သက် ပြုံးလိုက်မိ၏။

ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်သည် ရွှေအမြုတေများအတွက် နံပါတ်တစ်လျှို့ဝှက်ပညာရပ်အဖြစ် ကျော်ကြားလေသည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက ကြောက်မက်ဖွယ်ရာကပ်ဘေးအပြီး၌ ဖာဟွားကျောင်းတော်သည် ဖျက်ဆီးခံလိုက်ရပြီး ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်မှာလည်း ထိုအချိန်ကတည်းက ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချိန်မှစ၍ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို မည်သူမှ ရှာမတွေ့ကြတော့ပေ။

ထို့နောက် ကျင်ကြံရေးလောကမှာ အဆိုတစ်ခုက စတင်ပျံ့နှံ့လာခဲ့၏။

ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို မဟာချွမ်အပျက်အစီးအတွင်းမှာ မြှုပ်နှံထားသည်ဟု လူတိုင်းလိုလိုက ပြောလာခဲ့ကြ၏။

သည်တစ်ခေါက် မဟာချွမ်အပျက်အစီးဆီသို့ ဆူဇီမို လာခဲ့ရသည့် ခရီးစဉ်မှာ ဟင်္သပဒါးသစ်သီးအတွက်သက်သက် မဟုတ်ပေ။ သူလာခဲ့ရသည့် အကြောင်းရင်း၏ ကြီးမားသည့် တစ်စိတ်တစ်ပိုင်းမှာ ပျောက်ဆုံးနေသည့် ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ရှာဖွေချင်သောကြောင့်လည်း ဖြစ်လေသည်။

ကံကြမ္မာက ကျီစယ်လွန်းလှလေသည်။

ယခု သူသည် ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို အမှန်တစ်ကယ် မြင်တွေ့နေရပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က ကျင့်ကြံလို့ မရနိုင်တော့ပေ။

ဒဏ္ဍာရီများက မှန်လေသည်။ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က အမှန်တစ်ကယ်ကိုပင် မဟာချွမ်အပျက်အစီးအတွင်းမှာ မြှုပ်နှံထားလေသည်။

သို့သော်လည်း အဲ့ဒါက နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ ရှိနေလိမ့်မည်ဟုတော့ မည်သူက တွေးမိပါမည်လဲ။

နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ ဤကဲ့သို့ ရှေးကျ၍ ချုံးချုံးကျနေသည့် ဘုရားကျောင်းအိုက ဘာကြောင့် ရှိနေရသည်ကို နောက်ဆုံးမှာ ဆူဇီမို နားလည်လာ၏။

ဤကျောင်းကို ဖာဟွား သို့မဟုတ် တာမင်းကျောင်းတော်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက တည်ဆောက်ထားတာ ဖြစ်ဖို့ များလေသည်။

ဒါပေမယ့်လဲ ဒီလိုမျိုး တောင်ကြားရဲ့ အောက်ခြေမှာ ဘုရားကျောင်းတစ်ခု တည်ဆောက်ထားရတဲ့ ရည်ရွယ်ချက်က ဘာလဲ...

All Chapters