ဒုတိယမြောက်အဆုံးစွန်ရတနာ
Vol. 39 Ch. 585
ထိုစကားလုံးများက နံရံပေါ်မှာ ခမ်းနားထည်ဝါသောအော်ရာဖြင့် သေသပ်လှပစွာ ရှိနေ၏။
ထိုစကားလုံးများကို ကြည့်လိုက်ရုံနှင့် လူတစ်ယောက်သည် ကြက်သီးမွေးညင်းများ ထသွားနိုင်လေသည်။
ဆူဇီမိုက ပြုံးလိုက်၏။
ချက်ချင်းပင် သူ့ရှေ့တွင် မှင်သေသေမျက်နှာအမူအယာနှင့် ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးတစ်ယောက်က ပေါ်လာသည်ဟု ထင်ရ၏။ သွေးနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမသည် မတ်တပ်ရပ်၍ သူ့ကို တိတ်တဆိတ် ကြည့်နေ၏။
ထိုစကားလုံးများကို တွေ့လိုက်ရခြင်းက သူမကို ပြန်မြင်လိုက်ရသလိုပင်။
ထိုကဲ့သို့ ရဲရင့်သော စကားလုံးများကို ရေးထားနိုင်ခဲ့သည့်သူက တစ်ယောက်တည်းသာလျှင် ရှိလေသည်။
ဆူဇီမိုသည် လွန်ခဲ့သည့်ရှစ်နှစ်က တျဲယွဲ့ထွက်မသွားခင် သူ့ကို သူမ ပြောခဲ့သည့်စကားလုံးတိုင်းကို ကောင်းကောင်းမှတ်မိလေသည်။
“မင်းအနေနဲ့ အင်မော်တယ်နဲ့ သားရဲ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် မင်းဘဝမှာ မမျှော်မှန်းနိုင်တဲ့ ဒုက္ခသုက္ခတွေ အများကြီး တွေ့ကြုံခံစားရလိမ့်မယ်.. ဒါပေမယ့် မင်းသိထားဖို့က အဲ့ဒီ ဒုက္ခသုက္ခတွေကပဲ မင်းကို ပိုပြီး သန်မာလာစေလိမ့်မယ်”
“ဟွားယန်ကျောင်းတော်က အဗန္တန်စက္ကသုတ္တန်မှာ အဆိုအမိန့်တစ်ခု ရှိတယ်.. ငါတို့ ခွဲခွာခါနီး နောက်ဆုံးစကားလက်ဆောင်အနေနဲ့ အဲ့ဒါကို မင်းကို ပြောပြခဲ့မယ်.. ‘ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်.. အရင်ဆုံး အောက်ခြေခိုင်အောင်လုပ်ပါ.. ဆင်းရဲဒုက္ခတွေကိုလဲ လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားသူတွေကိုလဲ ကူညီစောင်မပါ’တဲ့”
ယခုအခါ ထိုစကားလုံးများက သူ့မျက်စိရှေ့မှောက်မှာ တစ်ဖန်ပြန်ပေါ်လာခဲ့လေပြီ။
ထိုစကားလုံးများကို မြင်ရချိန်တွင် သူသည် အတိတ်ကာလကို ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရ၏။
မသိလိုက်မသိဘာသာနှင့်ပင် ရှစ်နှစ်တာက ကုန်ဆုံးသွားခဲ့လေပြီ။
ပင်ယန်းမြို့မှာတုန်းက တျဲယွဲ့သည် သူ့ကို ပညာရပ်များ သင်ကြားပေးပြီး လေ့ကျင့်ပေးခဲ့၏။ အဲ့ဒီမှာ သူ့အသက်ကို ဆုံးရှုုံးလုနီးပါး အချိန်တွေပင် ရှိခဲ့ဖူး၏။
သို့သော်လည်း တျဲယွဲ့က သူ့ကို မည်သည့်မကျေနပ်ချက်မှ မခံစားရစေခဲ့ပေ။
ကန်းလန်ရိုးမမှာတုန်းက သူသည် ခရမ်းရောင်တောင်ပံလင်းယုန်များ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့စဉ်က တျဲယွဲ့သည် ထိုသတ္တဝါများကို တစ်ကောင်မကျန် သတ်ဖြတ်ပစ်ခဲ့၏။
ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများက သူတို့၏ သာလွန်အင်အား၊ သာလွန်ကျင့်ကြံမှုအဆင့်တို့ဖြင့် ဆူဇီမိုကို အတောမသတ် အမဲလိုက်ခဲ့သောအခါ တျဲယွဲ့က ပျော်ရွှင်ဖွယ်တစ်ဂိုဏ်းလုံးကို ချေမှုန်းဖျက်ဆီးပစ်ခဲ့၏။
တျဲယွဲ့၏ စိတ်နေစရိုက်အရ.. ဖန်သားနန်းတော်က မူလနတ္ထိအဆင့်တစ်ယောက်ကို လွှတ်၍ ဆူဇီမိုအား သတ်ဖြတ်စေခဲ့သည်ကို သိရလျှင် သူမက ဖန်သားနန်းတော်ကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်နိုင်လေသည်။
မြေခွေးလေးသည် သူမ၏ ခေါင်းကို စောင့်ငဲ့၍ အနည်းငယ် ငူငိုင်နေ၏။
ပြီးခဲ့သည့်နှစ်အတွင်း သူမသည် ဆူဇီမို၏ မျက်နှာပေါ်မှာ ဤကဲ့သို့အပြုံးမျိုးကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်း ဖြစ်လေသည်။
သူသည် ကလေးတစ်ယောက်လို ပျော်ရွှင်နေခြင်းဖြစ်၏။
ဘုန်းကြီးအို၏ အမူအယာက ပြောင်းလဲမသွားပေ။ သို့သော်လည်း သူ၏ ရီဝေဝေမျက်လုံးများထဲမှာ အလင်းစက်လေးတစ်စက်စီက ပေါ်လာ၏။
ဆူဇီမိုသည် ခန်းမထဲသို့ မဝင်ရောက်ခင်က သူသည် အနာဂတ်အတွက် မျှော်လင့်ချက်များ လုံးဝ ကုန်ဆုံးနေခဲ့ပြီဖြစ်၏။
သို့သော်လည်း ထိုစကားလုံးများကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ ညှိုးငယ်ထိုင်းမှိုင်းနေမှုက ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွသော အော်ရာတစ်မျိုးက သူ့ထံမှ ထွက်ပေါ်လာ၏။
အဲ့ဒါက ကမ္ဘာလောကတစ်ခုလုံးကို သူ့ခြေဖဝါးအောက် နင်းခြေပစ်တော့မည့်ပုံစံမျိုးပင်။
ဘုန်းကြီးအိုသည် တိတ်တဆိတ် အထင်ကြီးမိသွား၏။
ပုံမှန်အားဖြင့်ဆို.. အခြားကျင့်ကြံသူများသာ ဆိုပါက.. သူတို့၏ ကျင့်ကြံမှုအဆင့်က လုံးဝ ဖျက်ဆီးခံလိုက်ရပြီး မဟာဂုဏ်ကျက်သရေမှ လျှောချခြင်း ခံလိုက်ရလျှင် ထိုထိုးနှက်ချက်ကို ခံနိုင်ရည်ရှိဖို့ မလွယ်ကူလှပေ။
ဒါ့အပြင် အနာဂတ်က မည်သည့်မျှော်လင့်ချက်မှ မရှိတော့ဘဲ မှောင်မည်းနေချိန်ဖြစ်၏။
အစတုန်းကတော့ ဆူဇီမို၏ တာအိုနှလုံးသားက ယိုယွင်းပျက်ဆီးမှုနှင့်အတူ အက်ကွဲကြောင်းများ စတင်ပေါ်လာနေပြီဖြစ်၏။
ယခု ထိုစကားလုံးများက သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို တစ်ဖန်ပြန်လည် ခိုင်မာလာစေ၏။
ဘုန်းကြီးအိုက ကာလကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သူဖြစ်သည့်အတွက် ဤစိတ်ခံစားချက် အပြောင်းအလဲများကို ကောင်းကောင်းသိမြင်နိုင်လေသည်။ နောက်နောင်အနာဂတ်မှာ ဆူဇီမို၏ တာအိုနှလုံးသားကို ကိုင်လှုပ်နိုင်သည့်အရာ ဘာမှ မရှိနိုင်တော့ပေ။
ချွင်.. ချွမ်..
ရုတ်တရက် ခန်းမ၏ နောက်ဖေးဘက်မှ ခပ်ထိုင်းထိုင်း ချိန်းကြိုးသံများကို ကြားလိုက်ရ၏။
ဆိုးယုတ်တစ္ဆေတစ်ကောင်က လွတ်မြောက်ဖို့ ကြိုးပမ်းနေသည့်အလား မြေပြင်က တုန်ခါသွားပြီး ခန်းမကြီးကိုတောင် ဆိုးယုတ်ချီများက ခပ်ပါးပါး လွှမ်းခြုံလာ၏။
မင်းကျန်သည် ခန်းမ၏ အပြင်ဘက်မှာ မတ်တပ်ရပ်နေ၏။ ချိန်းကြိုးသံများကို ကြားသောအခါ သူ့ခန္ဓာကိုယ်က ဆတ်ကနဲ တုန်ယင်သွားပြီး စိုးတထိတ်ထိတ်နှင့် ခန်းမနောက်ဖေးဘက်ကို လှမ်းကြည့်လိုက်၏။
မြေခွေးလေးသည် မအီမသာ အမူအယာနှင့် နှာခေါင်းကို ရှုံ့၍ မဲ့နေ၏။
သူမသည် လေထဲမှာ အလွန်တရာကြောက်စရာကောင်းသည့် အော်ရာအငွေ့အသက်ကို ရနေ၏။
ထိုအော်ရာပိုင်ရှင်က သူမကို အချိန်မရွေး အပိုင်းပိုင်းစုတ်ဖြဲပစ်တော့မည့်အတိုင်းပင်။
သူမ၏ ဝိညာဉ်နှင့် မျိုးဆက်သွေးအနက်ပိုင်းထဲမှ ဖော်ခြင်းခြင်းငှာ မစွမ်းသာသော ကြောက်ရွံ့မှုက ထွက်ပေါ်လာ၏။
ဘုန်းကြီးအိုတစ်ပါးတည်းသာ ထိုချိန်းကြိုးသံများကို မကြားရသည့်အလား အမူအယာကင်းမဲ့စွာ ရှိနေ၏။
ချိန်ကြိုးသံများက ခဏတဖြုတ် ထွက်ပေါ်လာပြီးနောက် တစ်ဖန်ပြန်၍ ငြိမ်သက်သွား၏။
ဆူဇီမိုသည် တဖြည်းဖြည်းနှင့် သူ၏ မှတ်ဉာဏ်များထဲမှ နိုးထလာ၏။
သူသည် ခန်းမထဲသို့ ရောက်လာသည်မှာ ရှစ်မိနစ်တောင် မပြည့်သေးပေ။
သို့သော်လည်း သူ့နှလုံးသားက တစ်ဖန်ပြန်လည် မွေးဖွားလာပြီး ပင်မအူတိုင်မှစ၍ အသွင်ပြောင်းလဲလာလေသည်။
အဲ့ဒါက သူ့ကျင့်ကြံမှုအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိသော်လည်း ဒီကမ္ဘာပေါ်မှာ ရှေ့ဆက်သူလျှောက်လှမ်းမည့်လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားနိုင်သည့်သူ၊ ဟန့်တားနိုင်သည့်အရာ ဘာတစ်ခုမှ မရှိနိုင်တော့ဟု ဆူဇီမို ယုံကြည်လာလေသည်။
တာအိုသက်ရှိရွှမ်ယွီက သူ့၏ အမြုတေများကို ချေမွဖျက်ဆီးပစ်ခဲ့၏။
အဲ့ဒါဆို သူက သူ့ဘာသာသူ လမ်းကြောင်းအသစ်တစ်ခုကို ဖန်တီးယူရပေလိမ့်မည်။
နံရံပေါ်ရှိ စာလုံးများကို အတန်ကြာ ငေးကြည့်နေပြီးနောက် ဆူဇီမိုက ညင်သာစွာ မေးလိုက်၏။
“သူမ ဒီကို ရောက်လာခဲ့တာလား”
“အင်း” ဘုန်းကြီးအိုက ခေါင်းညိတ်ပြလိုက်၏။
သူမက ဘယ်သူဆိုတာကို သူ ရှင်းရှင်းလင်းလင်း မပြောလိုက်သော်လည်း ဘုန်းကြီးအိုက သေချာပေါက် သိလိမ့်မည်ဟု ဆူဇီမို ယုံကြည်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမကို မြင်တွေ့ဖူးသူ မည်သူမဆို တစ်ခါတွေ့ဖူးရုံနှင့် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။
ဘုန်းကြီးအိုက အနည်းငယ် ဒွိဟဖြစ်နေပုံရပြီး သက်ပြင်းချလိုက်၏။
“လွန်ခဲ့တဲ့ ရှစ်နှစ်လောက်.. အဲ့ဒီဒကာမ ဒီကို ရောက်လာပြီးတဲ့နောက် ဒီကနေ တစ်စုံတစ်ရာကို သိမ်းယူသွားခဲ့တယ်”
“သူမ မထွက်ခွာခင် ဗုဒ္ဓဂိုဏ်းတွေရဲ့ ဟွားယန်သုတ္တန်က အဆိုအမိန့်တစ်ခုကို အဲ့ဒီနံရံပေါ်မှာ ရေးသွားခဲ့တာပဲ”
“သူမ ဘာလို့ အဲ့လိုလုပ်ရတယ်ဆိုတာ ငါလဲ နားမလည်နိုင်တာနဲ့ မေးလိုက်တော့ ရေစက်ပါတဲ့လူတစ်ယောက် ပေါ်လာမှာကို စောင့်နေလို့ ပြောပြီး ပျံသန်းထွက်ခွာသွားတာ နောက်ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူးလေ”
ဆူဇီမိုက ပြုံးလိုက်၏။
ဘုန်းကြီးအို၏ ရိုးရှင်းသည့် စကားမှပင် တျဲယွဲ့၏ အေးစက်မောက်မာသော အမူအယာကို သူစဉ်းစားကြည့်နိုင်လေသည်။
အဲ့ဒါက တျဲယွဲ့၏ ပုံစံပင်။
သူမက စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေမှာ မဟုတ်ပေ။
ဘုန်းကြီးအိုက ဆက်ပြောလိုက်၏။
“ပြီးခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ရေစက်ပါတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ ငါမသိခဲ့ဘူး.. နောက်ဆုံး ဒကာလေးကို မြင်လိုက်တဲ့အချိန်မှပဲ ငါနားလည်သွားတယ်”
“ကျတော်လား”
ဆူဇီမိုသည် ခဏမျှ ကြောင်အသွား၏။
ထိုစာသားက တျဲယွဲ့သူ့အတွက် ချန်ထားခဲ့တယ်ဆိုတာကိုတော့ သူသိထားလေသည်။
သို့သော်လည်း သည့်အရင်က သူနှင့် တျဲယွဲ့ အဆက်အစပ် ရှိသည်ဆိုတာကို ဘုန်းကြီးအိုက ဘယ်လိုပြောနိုင်တာလဲ..
ဆူဇီမို၏ သံသယများကို အာရုံခံမိသည့်အလား.. ဘုန်းကြီးအိုက ပြုံး၍ ရှင်းပြလိုက်၏။
“အဲ့ဒါက ဘာလို့လဲဆိုတော့ ဒီနေရာကနေ အဲ့ဒီဒကာမ ယူသွားခဲ့တဲ့ပစ္စည်းက ဒကာလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်ပါလာခဲ့လို့ပဲ”
“အဲ့ဒါကြောင့်မလို့ သူမ ပြောခဲ့တဲ့ ရေစက်ပါတဲ့သူဆိုတာ ဒကာလေးပဲလေ”
ထိုအခါမှသာ ဆူဇီမိုသည် သူလျစ်လျူရှုခဲ့မိသည့် တစ်စုံတစ်ရာကို ပြန်တွေးမိလာ၏။
တျဲယွဲ့က ဒီနေရာကနေ တစ်စုံတစ်ရာကို ယူသွားခဲ့သည်ဟု ဘုန်းကြီးအိုက ပြောခဲ့လေသည်။
သူ့ခန္ဓာကိုယ်ထဲကို ထည့်ဖို့အတွက်နှင့် တျဲယွဲ့ကိုယ်တိုင် နဂါးသင်္ချိုင်းတောင်ကြားသို့ ခရီးရှည်ထွက်လာခဲ့ရသည့်အရာက ဘာပါလိမ့်..
အတွေးတစ်ခုက ဆူဇီမို၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာ၏။
ရှေးဟောင်းတိုက်ပွဲမြေမှာ.. လူသားဧကရာဇ်နန်းတော်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက စိတ်ဝိညာဉ်ရင်းမြစ်နှင့် ပတ်သတ်၍ ပြောပြခဲ့ဖူးလေသည်။ သူပြောခဲ့သည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၌ အဆုံးစွန်ရတနာများက အနည်းငယ်သာရှိပြီး အဲ့ဒါက ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာ နှစ်ခု ရှိသည်ဟု ဆိုလေသည်။
အဲ့နှစ်ခုထဲမှတစ်ခုက နတ်ဖီးနစ်အရိုးဆိုတာ သေချာလေသည်။
နောက်ထပ်အဆုံးစွန်ရတနာတစ်ခုမှာ ဒီနေရာကနေ တျဲယွဲ့ယူလာခဲ့သော အရာများ ဖြစ်နေမလား..
အဲ့ဒါကသာ အမှန်ဆိုလျှင် စောစောက ဘုန်းကြီးအိုသည် စကားကိုလှအောင် ထိန်းပြောလိုက်ခြင်း ဖြစ်ပေမည်။
တျဲယွဲ့က ထိုအဆုံးစွန်ရတနာကို ဒီအတိုင်း ယူသွားခဲ့သည်ဆိုတာထက် အားသုံး၍ အတင်းအကျပ် လုယူလာခဲ့ခြင်းသာ ဖြစ်ရပေမည်။
“အဲ့ဒီဒကာမရဲ့ နည်းလမ်းတွေက.. အရမ်းကို.. နတ်ဘုရားဆန်တယ်.. အင်း သူမက ငါ့ထက် အပုံကြီး သာလွန်တယ်ဆိုတာ ငါဝန်ခံရမှာပဲ”
ဘုန်းကြီးအို၏ စကားက ဆူဇီမို၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာသွားစေလေသည်။
သူစိတ်အာရုံထဲမှာ မြင်ယောင်လာမိ၏။ လွန်ခဲ့သည် ရှစ်နှစ်က သူမသည် ဤတောင်ကြားထဲသို့ ရောက်လာခဲ့ပေမည်။ ဘာစကားမှ မပြောဘဲ ဘုန်းကြီးအိုအပေါ် လွှမ်းမိုးစီးပိုးစွာနှင့် အဆုံးစွန်ရတနာကို ဆွဲယူလာခဲ့ပေမည်။ အဲ့ဒီနောက် နံရံပေါ်မှာ ထိုစာသားကို ရေးသားပြီးနောက် ဒီအတိုင်းလှည့်ထွက်လာခဲ့ပေလိမ့်မည်။
အဲ့ဒါက တစ်ကယ့်ကို တျဲယွဲ့၏ ပုံစံပင်။
လွှမ်းမိုးခြယ်လှယ်မယ်.. စီးပိုးအနိုင်ယူမယ်.. ဘာတစ်ခုမှကို ရှင်းပြနေမှာ မဟုတ်ပေ။
ဆူဇီမိုသည် မလုံမလဲနှင့် ဘုန်းကြီးအိုကို ကြည့်လိုက်၏။
အတိတ်ကာလတုန်းက တျဲယွဲ့သည် သူ့ကို ဗိုလ်ကျ၍ အဆုံးစွန်ရတနာကို လုယူသွားခဲ့၏။ ယခု ဆူဇီမိုက ဤအခြေအနေ ရောက်လာသောအခါ ဘုန်းကြီးအိုသည်...
အနည်းဆုံးတော့ သူသည် ထိုအဆုံးစွန်ရတနာကို ပြန်ပေးသင့်လေသည်။
“မပူပါနဲ့ ဒကာလေး”
ဘုန်းကြီးအိုက နူးညံ့စွာ ပြုံးလိုက်၏။
“အဲ့ပစ္စည်းက အခု သင့်ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဆိုမှတော့ အဲ့ဒါက ဒကာလေးနဲ့ တစ်ကယ်ကို ကံစပ်တယ်လို့ ဆိုရမှာပဲ.. ငါ အဲ့ဒါကို ပြန်ယူတော့မှာ မဟုတ်ပါဘူး”
ဆူဇီမိုသည် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။
တစ်ချိန်တည်းမှာပင်.. သူသည် သိချင်စိတ် ပြင်းပြလာ၏။
ဤဘုန်းကြီးအိုက သူ့အတွေးအားလုံးကို.. ဖတ်နိုင်နေပုံရ၏။
သူတို့နှစ်ယောက် စတင်စကားပြောချိန်မှစ၍ ဆူဇီမိုသည် တွေးရုံတွေးရသေးသည်.. ထုတ်မမေးရသေးခင်မှာပင် ဘုန်းကြီးအိုသည် သူ့အတွေးထဲမှ မေးခွန်းများအားလုံးကို ဖြေပေးသွား၏။
ထိုနည်းလမ်းများက တစ်ကယ့်ကို အံ့ချီးစရာပင်။