နည်းနည်းပါးပါး သိတာက လုံလောက်ပါတယ်
Vol. 40 Ch. 590
*ဟမ်*
ရဲ့လင်းချန်သည် သူ့ထံသို့ စိတ်အားထက်သန်စွာ လှမ်းလာနေသည့် လင်းအောင်အား မယုံသင်္ကာစွာ ကြည့်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“ဟဲဟဲ”
လင်းအောင်က ခြောက်ကပ်ကပ် ရယ်ပြီးမှ ပြောလိုက်သည်။
“ညီလေးရဲ့၊ Gala နွေဦးပွဲတော်က ငါတို့နိုင်ငံရဲ့ ဂုဏ်ပဲ၊ မင်း Gala နွေဦးပွဲတော်ရဲ့ စင်ပေါ် တက်ဖို့ တွေးမိလား”
“စိတ်မဝင်စားဘူး”
ရဲ့လင်းချန်က ခပ်ပြတ်ပြတ် ပြောပြီး လမ်းဆက်လျှောက်ရန် ပြင်လေသည်။
“ညီလေးရဲ့၊ ဒီလို အရေးကြီးတဲ့ အခြေအနေမှာ မင်း နောက်ဆုတ်လို့ မရဘူး၊ ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချိန်ခွင်ပေါ် ရောက်နေပြီ၊ မင်း ဝင်ပါရမယ့် အချိန်ဆို ဝင်ပါရမယ်လေ”
လင်းအောင်က ရဲ့လင်းချန်ကို ချက်ချင်း လမ်းပိတ်လိုက်သည်။
“ဒီမှာ ကိုရီးယားနိုင်ငံရဲ့ လူတွေ ရှိသေးတယ်၊ အိုးနင်းခွက်နင်း ဖြစ်လာမယ်ဆိုရင် ငါတို့ လူရယ်ခံရမှာကွ”
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်သည်။ ဖြစ်ပျက်ခဲ့သော ကိစ္စတိုင်းက သူ့ကြောင့်ပင် ဖြစ်ပြီး သူက ဖုတ်ဖတ်ခါ၍ ထွက်သွားပါက မသင့်တော်ပေ။
“ခင်ဗျား ဘာလိုချင်တာလဲ”
ရဲ့လင်းချန်က လင်းအောင်ကို ကြည့်လိုက်သည်။
“အဲ့ဒါ …”
ရဲ့လင်းချန်က သူ့လက်များကို ပွတ်နေသည်။
“မင်း ဟာသဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး သိလား”
“ကျွန်တော် နည်းနည်းပါးပါးတော့ သိပါတယ်”
*နည်းနည်းပါးပါး သိရင် ရပြီ*
လင်းအောင်က ချက်ချင်း ရယ်မောလိုက်မိသည်။
“ကောင်းတယ်၊ ဒါဆို စင်ပေါ်မှာ ဟာသဇာတ်လမ်းတို လုပ်ဖို့ ညီလေးရဲ့ကို ငါ ဒုက္ခပေးရတော့မှာပဲ၊ ရဲဖော်ရဲဖက်အတွက် လုပ်ပေးပါ၊ ဖျော်ဖြေမှု ပြီးတာနဲ့ ငါ မင်းကို ကိုယ်ပိုင်လေယာဉ်နဲ့ အိမ်ပြန်ပို့ပေးပါ့မယ်”
“နည်းပြချုပ်လင်း၊ ခုနက ကျုပ် ကြားတာ မမှားဘူးဆိုရင် သူက နည်းနည်းပါးပါးပဲ သိတယ်လို့ ပြောလိုက် တာလားလို့”
ဖုန့်ရှောင်ဖုန်းက ချီတုံချတုံနှင့် ပြောလိုက်သည်။ သူ နားကြားလွဲနေသည်ဟု ထင်မှတ်နေ၏။
“မင်းက ဘာသိလို့လဲ၊ ညီလေးရဲ့ရဲ့ ဗဟုသုတက သာမန်လူတွေနဲ့ မတူဘူးကွ၊ သူ့ကို မေးခွန်းထုတ်ဖို့ကို မလိုတာ၊ သူက အံ့ဩစရာဖြစ်အောင် လုပ်ပြမှာ”
လင်းအောင်က အသာ ရယ်လိုက်သည်။
“ခင်ဗျားလူတွေကို မြန်မြန် အသင့်ပြင်ခိုင်းထားလိုက်”
“ဆရာ ကောတန့်ရှန်းမှာ တပည့် ရှိတယ် မဟုတ်ဘူးလား၊ သူ့ကို ခေါ်လိုက်လေ”
ရဲ့လင်းချန်က နှာခေါင်းကို ပွတ်ကာ မတတ်သာစွာ ပြောလိုက်သည်။
မကြာခင်မှာပင် ခပ်ဝဝ လူတစ်ယောက်က အနည်းငယ် ဝသော လူတစ်ယောက်နှင့်အတူ ပြေးလာလေသည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်က လုံးဝိုင်းပြီး သေးငယ်သော မျက်လုံးများ ရှိသည်။ တစ်ချက် ကြည့်ရုံနှင့် သူ၏ အသွင်အပြင်က လူအများကို ပျော်စရာ ယူဆောင်လာပေးနိုင်ပုံ ပေါ်ပြီး ဟာသ ဖျော်ဖြေမှုအတွက် သူက သင့်တော်ပေသည်။
“ဟဲလို ဒါရိုက်တာဖုန့်၊ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ယွဲ့ယွင်ဖန်းပါ၊ ကျွန်တော့်ကို ရှောင်ယွဲ့၊ ရှောင်ဖန်း၊ ရှောင်ယွဲ့ယွဲ့လို့ ခေါ်လို့ ရပါတယ်၊ မင်းတို့ အဆင်ပြေသလို ခေါ်ပါ”
ယွဲ့ယွင်ဖန်းသည် အလွန် တည်ငြိမ်ပြီး ရှက်ရွံ့စွာ ခပ်တိုးတိုး ပြောလေသည်။
“မင်း လက်တန်း ဟာသ ပြောတတ်လား”
ရဲ့လင်းချန်က တည့်တိုး မေးလိုက်သည်။
“အင်း”
ယွဲ့ယွင်ဖန်းက ချက်ချင်း ပြန်ဖြေလာသည်။
“ခင်ဗျားရဲ့ မှတ်ဉာဏ်ကရော ဘယ်လိုလဲ၊ ခင်ဗျားဆရာနဲ့ အတူ ရှိနေတာ ဘယ်လောက် ကြာပြီလဲ”
“ကျွန်တော့်ရဲ့ အပြောစွမ်းရည် ကောင်းလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ခေါ်ထားတာပါ၊ ပြီးတော့ ကျွန်တော်က မှတ်ဉာဏ် ကောင်းပါတယ်၊ ကျွန်တော့်ဆရာနဲ့ အတူ ရှိနေတာ ခြောက်နှစ် ရှိပါပြီ”
“အကွက်ပြက် လက်ထောက်လား လူပြက်လား၊ မင်း ဘယ်အပိုင်းမှာ တော်လဲ”
“ကျွန်တော်ရဲ့ အဓိက ဦးစားပေးက အကွက်ပြက် လက်ထောက်ပါ”
လူပြက်နှင့် အကွက်ပြက် လက်ထောက်တို့သည် တူညီသော အရေးပါမှုရှိသည့် ကဏ္ဍများ ဖြစ်သည်။ ဟာသ ဇာတ်လမ်းတိုသည် တစ်ယောက်နှင့် တစ်ယောက် ဖြည့်စွက်ပေးရန်၊ သံယောင်လိုက်ပေးရန်၊ ဟာသများ ဖော်ပေးရန်နှင့် မရယ်ရသော တစ်စုံတစ်ရာကိုပင် ဟာသဖြစ်အောင် လုပ်ပေးရန် လူနှစ်ယောက် လိုအပ်ပေသည်။
လူပြက်သည် ဇာတ်ကြောင်းကို အဓိက ပုံဖော်သူ ဖြစ်ပြီး ယခုအခါ၌ များသောအားဖြင့် အေ ဟု ခေါ်ကြသည်။
အကွက်ပြက် လက်ထောက်မှာမူ လူပြက်နှင့်အတူ ဇာတ်ကြောင်းကို ပိုတိုးလာအောင် ပြုလုပ်ပေးသူ ဖြစ်ပြီး ယခုအခါ၌ များသောအားဖြင့် ဘီ ဟု ခေါ်ကြလေသည်။
ဟာသ ဇာတ်လမ်းတို၌ လူပြက်က အကွက်ပြက် လက်ထောက်နှင့်အတူ အတိုင်အဖောက်ညီညီ ဖျော်ဖြေလေသည်။ အကွက်ပြက် လက်ထောက်၏ ပံ့ပိုးမှုနှင့်အတူ ဇာတ်လမ်းအား ဟာသမြောက်သော စကားလုံးများအဖြစ် တဖြည်းဖြည်း တည်ဆောက်ပြီး ပြက်လုံးများ ထုတ်ဖော်ကြသည်။
အစီအစဉ်၌ အကွက်ပြက် လက်ထောက်၏ ကဏ္ဍက သေးငယ်ပြီး လူပြက်က ပို၍ စကားပြောရပုံ ပေါ်လေသည်။ သို့သော် ထိုမျှနှင့် အမှန်ကို မမြင်ရပေ။ အရည်အချင်း ရှိသော အကွက်ပြက် လက်ထောက်သမားများသည် ရှာရ ခက်ပြီး လူပြက်နှင့် ယှဉ်လိုက်လျင် အကွက်ပြက် လက်ထောက်သမားအတွက် ကောင်းကောင်းလုပ်နိုင်ရန် ပိုခက်လေသည်။ အရည်အချင်းနှင့် အခြေအနေကို အတိအကျ အာရုံစိုက်နိုင်ခြင်းက အဓိက ဖြစ်သလို ရှေ့နောက် အချိတ်အဆက် ဖြစ်အောင် ပြုလုပ်နိုင်ရန်လည်း အရေးကြီးပေသည်။ သူတို့သည် သစ်ရွက်စိမ်းနှင့် အနီရောင် ပန်းပွင့်များကဲ့သို့ အခြားတစ်ခုမရှိဘဲ မပြည့်စုံနိုင်ချေ။
ဟာသ ဇာတ်လမ်းတို၌ အောင်မြင်သော ဟာသများ ပြုလုပ်နိုင်ရန် တဖြည်းဖြည်း ပုံဖော်၍ တည်ဆောက်နိုင်ရန် လိုအပ်ပေသည်။ အကြောင်းအရာတစ်ခုကို လျစ်လျူရှုသည်က လက်မခံနိုင်စရာပင်။ လူပြက်နှင့် အကွက်ပြက် လက်ထောက်ကြား၌ မပြောဘဲ အလိုလို နားလည်နိုင်စွမ်းက မရှိမဖြစ် လိုအပ်ပြီး တစ်ယောက်က အခြားတစ်ယောက်ကို အထနှေးအောင် ချန်ထားခဲ့၍ မဖြစ်ပေ။
လူရွှင်တစ်ယောက်သည် စတင်သင်ယူချိန်၌ အကွက်ပြက် လက်ထောက် သို့မဟုတ် လူပြက်တစ်ယောက် ဖြစ်စေ အခြေခံ အရည်အချင်းများမှ စတင်ရလေသည်။ လူပြက်သည် အကွက်ပြက် လက်ထောက်၏ ကဏ္ဍကို လုပ်နိုင်စွမ်း ရှိရမည် ဖြစ်သလို အကွက်ပြက် လက်ထောက်သည်လည်း ထိုနည်းတူပင်။ တစ်ခုတွင် ကျွမ်းကျင်ပြီး အခြားတစ်ခု၌ မဖြစ်စလောက် ဗဟုသုတသာ ရှိပါက ထိုသူအား လူရွှင်တော်လောက၌ ဒုက္ခိတဟု သတ်မှတ်ကြသည်။
အချို့သော လက်တန်း လူရွှင်တော်များက လူပြက်ဖြစ်ရန် အဓိက ထားကြသော်လည်း အချို့သည် အကွက်ပြက် လက်ထောက်ဖြစ်ရန် ပါရမီပါလာသူ ဖြစ်ကာ ထိုကဏ္ဍ၌ အဓိက ထားကြလေသည်။ သို့သော် သူတို့သည် ထိုကဏ္ဍကိုသာ သိပြီး အခြားတစ်ခုကို မသိဟု မဆိုလိုပေ။
သူတို့ စင်ပေါ်တက်သည့်အခါ၌လည်း နေရာများနှင့် ပတ်သက်၍ စည်းကမ်းများ ရှိပေသည်။
စင်မြင့်ပေါ်၌ စားပွဲဝိုင်းတစ်ခုကို ဗဟိုပြုထားပြီး အကွက်ပြက် လက်ထောက်က စားပွဲ၏ အနောက်၌ ရပ်ကာ လူပြက်က စားပွဲ၏ ညာဘက်ခြမ်း၌ ရပ်ရသည်။ လူပြက်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လူမြင်ရပြီး အကွက်ပြက် လက်ထောက်၏ ခန္ဓာကိုယ် အောက်ပိုင်းအား စားပွဲနှင့် ကာထားသည်။
အကွက်ပြက် လက်ထောက်အား အားထားရာအဖြစ် သဘောထားပြီး လူပြက်အား ဟာသပြောရာ၌ လွတ်လွတ်လပ်လပ် ထိန်းချုပ်ကစားသူအဖြစ် နားလည်ထားပါက သဘောတရားကို နားလည်ရန် မခက်ချေ။
“ဖျော်ဖြေမှုက ဘယ်လောက် ကြာဦးမှာလဲ”
ရဲ့လင်းချန်က မေးလိုက်သည်။
“ဆယ့်ငါးမိနစ်တောင် မရှိဘူး”
ဖုန့်ရှောင်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“အချိန်က လောက်တယ်ဆိုရုံလေးပဲ၊ ငါနဲ့ လိုက်ခဲ့”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ယွဲ့ယွဲ့အား သီးသန့်ခန်းသို့ ခေါ်သွားလေသည်။
“စာရွက်နဲ့ ဘောပင် ယူလာခဲ့”
ရဲ့လင်းချန်က ဟာသ ဇာတ်လမ်းတို၌ ပြောမည့် အကြောင်းအရာအားလုံးကို လက်တန်း ချရေးလိုက်သည်။
အကြောင်းအရာများသည် အကြမ်းဖျင်းမျှသာ ဖြစ်သည်။ လူတစ်ယောက်၏ ပြောရမည့် စကားများအပြင် လက်တန်း ဟာသ၌ လက်ရှိ ဖျော်ဖြေမှုကို အဓိက ထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဖျော်ဖြေမှုအပေါ် တုံ့ပြန်မှုများကို လိုက်၍ မကြာခဏ လိုအပ်သလို ပုံဖော်ရ၍ ဖြစ်သည်။
*သူက … ဇာတ်ညွှန်းကို လက်တန်း ရေးနေတာလား*
လူတိုင်း မှင်တက်သွားကြသည်။
ဖုန့်ရှောင်ဖုန်းသည် သူ၏ သံသယများကို ထုတ်ပြောချင်သော်လည်း စိတ်ထဲမှာသာ ထားပြီး ဘေးနားမှနေ၍ စိုးရိမ်တကြီး ရပ်ကြည့်နေရုံသာ တတ်နိုင်လေသည်။
ဟာသ ဇာတ်လမ်းအား လက်တန်း ရေးခြင်းက အဓိပ္ပာယ် မရှိချေ။ ဟာသ ဇာတ်လမ်းသည် သီချင်းထက် ပို၍ ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ဟာသ ဇာတ်လမ်းသည် လူတစ်ယောက်၏ စင်ပေါ်မှ အရည်အချင်းနှင့် အပြောစွမ်းရည်ပေါ် မူတည်၍ပင်။ အကယ်၍ အကြောင်းအရာက မကောင်းပါက ပရိသတ်က အေးစက် ငြိမ်သက်နေမည် ဖြစ်ကာ ယင်းက အလွန် ရှက်စရာကောင်းသော မြင်ကွင်းမျိုး ဖြစ်လာစေပေလိမ့်မည်။
ထို့အပြင် သူသည် ဟာသ ဇာတ်လမ်း ရေးသားရာ၌ အမှန်တကယ် တော်လျင်တောင်မှ သူတို့ နှစ်ယောက်သည် တစ်ခါမှ ပူးတွဲ မဖျော်ဖြေဖူးချေ။ သူတို့ စင်ပေါ် ရောက်ပြီးမှ ရုတ်တရက် ကိုးရိုးကားရား ဖြစ်သွားလျင် သူတို့ ဘယ်လို လုပ်ကြမည်နည်း။
လက်ရှိတွင် ဖုန့်ရှောင်ဖုန်းသည် ဘာမှ ဆုံးရှုံးစရာ မရှိတော့သဖြင့် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာရန်သာ မျှော်လင့်နေသည်။ ကြံရာမရ ဖြစ်နေချိန်၌ တစ်ခုခု ဖြစ်လာရန်သာ ဆုတောင်းမိနေလေသည်။
လင်းအောင်သည်လည်း မျက်မှောင်ကြုတ်နေ၏။ သို့သော် သူသည် ရဲ့လင်းချန်၏ “တစ်ခု၊ နှစ်ခု သိတယ်” ဟူသော ဗဟုသုတအပေါ် အလွန် ယုံကြည်ချက် ရှိလေသည်။ သူ၏ သာမန်ကာလျှံကာ ဗဟုသုတက အလွန် အထင်ကြီးစရာ ကောင်းပြီး ဆိုးဆိုးရွားရွား ဖြစ်လာစရာ အကြောင်း မရှိပေ။
ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်သည် စိုးရိမ်ပူပန်စွာနှင့် စူးစမ်းစွာ ကြည့်နေကြသည်။ အကယ်၍ ရဲ့လင်းချန် စင်ပေါ် တက်ပြီး အမှား လုပ်မိပါက တစ်သက်လုံး စိတ်ဒဏ်ရာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်ခဲ့ပါက သူသည် အင်တာနက်ပေါ်၌ အပြောခံရမည် ဖြစ်သောကြောင့် မိန်းကလေး နှစ်ယောက် စိုးရိမ်နေကြသည်က ဖြစ်သင့်ပေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ရဲ့လင်းချန်ထံမှ ထူးခြားဆန်းကြယ်မှု ဖြစ်လာရန်လည်း မျှော်လင့်နေကြသည်။ စင်မြင့်က Gala နွေဦးပွဲတော် ဖြစ်နေသည် မဟုတ်ပါတကား။
ရှောင်ယွဲ့ယွဲ့သည်လည်း စိတ်ခံစားချက် အတူတူ ဖြစ်နေသည်။ သို့သော် သူက ပို၍ စိုးရိမ်ပူပန်နေ၏။ အခြေအနေ မှားသွားလိမ့်မည်ဟု သူ အပြင်းအထန် ခံစားချက် ရနေသည်။
တကယ်တမ်း၌ သူ၏ ဆရာ ကောတန့်ရှန်းသည် အစောပိုင်းက သူ့ကို ဖုန်းဆက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သည်။ အကယ်၍ ဘာဖျော်ဖြေမှုမှ မရှိပါက သူသည် မတတ်သာဘဲ လက်ခံ၍ စင်ပေါ် တက်ရပေမည်။ အလွန်ဆုံး သူသည် အွန်လိုင်းပေါ်မှ ဝေဖန်မှုများကို ခံရမည် ဖြစ်သည်။ သို့သော် ယင်းက ပရိသတ်များအား အနေရခက်အောင် ငြိမ်နေခိုင်းသည်ထက် ပိုကောင်းပေသည်။
ထိုဝန်ထုပ်ဝန်ပိုးကို သူ ထမ်းပိုးရပေမည်။
သူသည် ကိုယ့်ကိုယ်ကိုယ် အားတင်း၍ သူ့တစ်သက်လုံးတွင် တင်ဆက်ရမည့် နောက်ဆုံး ဟာသ ဇာတ်လမ်း အဖြစ်ပင် လက်ခံနိုင်ရန် ပြင်ဆင်ထားခဲ့သည်။ ဘယ်သူက ဟာသ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို အချိန်တိုအတွင်း ဘယ်လိုလုပ် ဖန်တီးနိုင်မည်နည်း။
*ငါ အကုန် လုပ်နိုင်တာဆိုလို့ အကောင်းဆုံး ကြိုးစားတာပဲ၊ Gala နွေဦးပွဲတော်ရဲ့ စင်မြင့်ပေါ် ငါ တက်နိုင်ရင်ပဲ သေရမယ် ဆိုရင်တောင်မှ နောင်တ မရတော့ဘူး*
“လခွမ်း အဲ့လူ ဘာလုပ်နေတာလဲ”
“သူ့ဟာသ ဇာတ်လမ်းကို လက်တန်း ရေးနေတဲ့ပုံပဲ”
“လက်တန်း ရေးတယ် ဟုတ်လား၊ မင်း နောက်နေတာလား၊ အဲ့ဒါ အားကစား ကြယ်ပွင့် ရဲ့နတ်ဘုရား မဟုတ်ဘူးလား၊ သူ့ခန္ဓာကိုယ်က ကြံ့ခိုင်တာကို သူက ဟာသ ဇာတ်လမ်းကို သိတောင် သိလို့လား”
“အားကစား ကြယ်ပွင့်ကို ဟာသ ဇာတ်လမ်း ပြောခိုင်းရင် ဟာသက သေသွားမှာပဲ …”
“ဆယ်မိနစ်ပဲ ကျန်တော့တယ်၊ သူတို့ ရေးပြီးရင် လေ့ကျင့်ရဦးမယ်၊ ပိုပြီး အရေးကြီးတာက ရှောင်ယွဲ့ယွဲ့က လူသစ် ဖြစ်နေတဲ့ပုံပဲကွ”
“ဒါဆို သူတို့ ဘာအစီအစဉ်မှ မရှိဘဲ လုပ်နေကြတာပေါ့၊ ဟုတ်တယ်မလား၊ ကောင်းရောကွာ … ငါ စင်ပေါ် တက်တာကမှ ပိုကောင်းဦးမယ်”