ဒါဆို ရပြီ
Vol. 40 Ch. 591
ထိုအကြောင်းအရာက ကြီးမားလွန်းသဖြင့် ကောလာဟလများက စင်နောက်၌ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ထို့အပြင် စင်နောက်မှ လူများသည် စိတ်လှုပ်ရှားနေကြသည်။ မကြာခင်မှာပင် ယင်းက ဖုန်းများမှတဆင့် ပျံ့နှံ့သွားသည်။ သတင်းထောက်များက ထိုပြဿနာကို မီးခိုးကြွက်လျှောက် လိုက်ကြလေသည်။
မိနစ်ပိုင်းအတွင်းမှာပင် Gala နွေဦးပွဲတော်၌ တစ်နေရာဟနေသည့် ကောလာဟလက တောမီးကဲ့သို့ ပျံ့နှံ့သွား တော့သည်။
Gala နွေဦးပွဲတော်က ပြသနေဆဲပင်။
ကြည့်ရှုသူများသည် အိမ်ကို မကြာမကြာ လာလည် သီချင်းကြောင့် တက်ကြွနေဆဲ ဖြစ်ကာ အချင်းချင်း စိတ်လှုပ်ရှားစွာ ပြောနေကြသည်။
“ဒီနှစ် Gala နွေဦးပွဲတော်က အတော်လေး ကောင်းတာပဲ၊ ဒီသီချင်းက အံ့ဩဖို့ ကောင်းတယ်”
“အခြား အစီအစဉ်တွေက သာမန်ပဲ၊ ဒီသီချင်းက Gala နွေဦးပွဲတော်ကို ကယ်လိုက်တာ”
“ဟုတ်တယ်၊ ဒီသီချင်းက အံ့ဩဖို့ကောင်းတယ်၊ တေးရေးက ဘယ်သူလဲ”
“တေးရေးဝိုင်လေ၊ သူက တကယ်ကို ထူးချွန်တဲ့ ဂီတသမားပဲ”
“မဖြစ်နိုင်လိုက်တာ၊ မင်း တေးရေးဝိုင်ကို မကြားဘူးလား၊ မင်း လူတစ်ချို့၊ ငါ့ရဲ့ အတန်းဖော်ကို နားထောင်ကြည့်ဖို့ ငါ ပြောချင်တယ် … အဲ့သီချင်း တစ်ပုဒ်စီတိုင်းက ဂန္ထဝင်တွေထဲက ဂန္ထဝင်ပဲကွ”
“ကိုရီးယားနိုင်ငံရဲ့ အစီအစဉ်နဲ့ ပြောင်းလိုက်လို့ တော်သေးတယ်၊ Gala နွေဦးပွဲတော် စီမံခန့်ခွဲသူတွေက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ”
ထိုစဉ် Gala နွေဦးပွဲတော်နှင့် မပတ်သက်သော သတင်းဌာနများမှ အံ့ဩစရာ သတင်းများ တက်လာသည်။
[Sina News: မမျှော်လင့်ထားသော အမှား၊ Gala နွေဦးပွဲတော်က အစီအစဉ် လွတ်နေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီ]
[ယနေ့ သတင်း: ဆရာ ကောတန့်ရှန်းက အစီအစဉ်ကနေ ဒေါသတကြီး ထွက်သွားပြီ]
[အနုပညာ သတင်း: ကင်ဟျွန်းမင်က ကြွက်တစ်ကောင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားပြီး အစီအစဉ်ကို ယာယီ ဖျက်လိုက်တယ်၊ ဘာအရံအစီအစဉ်မှလဲ မရှိဘူး]
[Tencent News: Gala နွေဦးပွဲတော်တော့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီ၊ သူတို့ ဘာလုပ်ကြမလဲ]
ထိုအကြောင်းအရာများသည် လျှို့ဝှက်ထားရန် မဖြစ်နိုင်သဖြင့် တဖြည်းဖြည်းနှင့် အကုန် ပေါ်ကုန်လေသည်။
ချက်ချင်းဆိုသလိုပင် အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ အံ့ဩကုန်ကြသည်။
[မြတ်စွာဘုရား၊ ဘာတွေ ဖြစ်နေတာလဲ]
[ဒါ မဖြစ်နိုင်ဘူး၊ ဒါ Gala နွေဦးပွဲတော်လေ၊ ဘယ်လိုလုပ် အဲ့လို အခြေအနေမျိုး ဖြစ်မှာလဲ]
[Gala နွေဦးပွဲတော်က အစီအစဉ်တွေ မရှိဘူး ဖြစ်နေတယ် ဟုတ်လား၊ နောက်မနေနဲ့]
[ပေါတောတော ဒါရိုက်တာကို ကိုရီးယားက လူတွေကို ဖိတ်ခွင့်ပေးလိုက်လို့ သူတို့ ဒီလို ဖြစ်တာ၊ ကိုယ် စိုက်တာကို ကိုယ် ပြန်ရိတ်သိမ်းရတာပဲလေ]
[ကိုရီးယားက လူတွေက တော်တော် အားမကိုးရတာပဲ၊ ကြွက်တစ်ကောင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရတယ်တဲ့၊ သောက်ကျိုးနည်း]
[ကိုယ့်လူတွေ၊ သူတို့ ကံဆိုးတာကို အားရပါးရ ပြောနေတာ တော်လိုက်တော့၊ ဒါ Gala နွေဦးပွဲတော်၊ ပျက်စီးလို့ မဖြစ်ဘူး]
[ဒီအမှားက ကြီးလွန်းတယ်၊ သူတို့တော့ ကံဆိုးပြီ]
[ဒီလောက် အံ့ဩစရာကောင်းတဲ့ အိမ်ကို မကြာမကြာ လာလည် သီချင်း ပြီးသွားပြီးတော့ ဘယ်လိုလုပ် ဒီလို ကိစ္စမျိုး ဖြစ်လာရတာလဲ]
…
လူထုသည် အမြင်အမျိုးမျိုးနှင့် ပြောဆိုနေကြသည်။
နောက်အစီအစဉ် စရန် ဆယ်မိနစ်ကျော်မျှသာ လိုတော့သော်လည်း ဖျော်ဖြေမည့်သူက မရှိချေ။ ထိုပွဲက ဘယ်လိုလုပ် ရှင်သန်နိုင်မည်နည်း။ ဤသို့သော အချိန်တိုအတွင်း၌ သူတို့ ဘာလုပ်နိုင်မည်နည်း။ လူတိုင်း Gala နွေဦးပွဲတော်အတွက် သွေးပျက်နေကြသည်။
အနုပညာလောကအတွင်းမှာမူ ဒေါသူပုန်ထနေကြလေသည်။
[ချီးပဲ၊ Gala နွေဦးပွဲတော်မှာ အစီအစဉ်တွေ မရှိတော့ဘူး ဟုတ်လား]
[ဒီလိုဖြစ်မယ်မှန်းသိရင် ငါ အဲ့မှာ စောင့်နေပါတယ်၊ သူတို့ ငါ့ကို စင်ပေါ်တက်ပြီး သီချင်းဆိုခိုင်းမလား မသိနိုင်ဘူးလေ]
[ဒါရိုက်တာဖုန့်တော့ ကံဆိုးပြီ၊ Gala နွေဦးပွဲတော်က ပြဿနာတွေနဲ့ ပြည့်နေတာ၊ အထက်လူကြီးတွေ ပျော်နေမှာ မဟုတ်ဘူး]
[ဒါ မဖြစ်နိုင်ဘူး၊ Gala နွေဦးပွဲတော်မှာ လူတွေ အများကြီး ရှိတာ၊ တစ်ယောက်ယောက် ရှေ့ထွက်ပေးလို့ မရနိုင်ဘူးလား]
[တစ်ယောက်ယောက်က ဝင်ကူပေးလဲ အသုံးမဝင်ဘူး၊ အချိန် မလောက်ဘူး]
[တစ်ခုခုသာ မှားသွားရင် ရိုက်ကူးရေး တစ်ဖွဲ့လုံး ကံဆိုးမိုးမှောင်ကျပြီ၊ ပြစ်ဒဏ်က သေးမှာ မဟုတ်ဘူး]
[အဲ့ဒါက အရေးကြီးတဲ့ အခြေအနေကို သူတို့ ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အခြေအနေအပေါ် မူတည်တယ်]
…
စင်နောက်၌ … လူတိုင်းက ရဲ့လင်းချန်ကို အလန့်တကြား ကြည့်နေကြသည်။
အထူးသဖြင့် ဖုန့်ရှောင်ဖုန်းပင်။ သူ့နဖူး၌ ချွေးစေးများ စို့နေပြီး မျက်ရည်များ ကျလုမတတ် ဖြစ်နေ၏။
နောက်တစ်ယောက်က ယွဲ့ယွင်ဖန်းပင်။ အစက သူသည် ဘာမှ မခံစားရသော်လည်း အချိန် နီးလာသည်နှင့်အမျှ သူ၏ ခပ်ပြည့်ပြည့် မျက်နှာက သွေးရောင်မရှိတော့ဘဲ သွားများ ရိုက်လာသည်။ သူ့မျက်နှာတစ်ခုလုံး၌ ကြောက်စိတ်ကြောင့် ချွေးပြန်နေ၏။
“မင်း စိုးရိမ်နေတာလား”
ရဲ့လင်းချန် မေးလိုက်သည်။
“နည်း…နည်း… နည်းနည်းပါးပါးပါ”
ရှောင်ယွဲ့ယွဲ့က ချွေးသုတ်လိုက်သည်။
“မင်း စင်ပေါ် မတက်ဖူးဘူးလား”
“ငါ အ…အ…အရင်က စင်ပေါ် တက်ဖူးပါတယ်၊ ဒ…ဒ…ဒါပေမဲ့ Galaနွေဦးပွဲတော်လို စင်မြင့်မျိုး မဟုတ်ဘူး၊ ပုံ…ပုံမှန်ဆို ငါက ငါ့ဆရာနဲ့အတူ … ခရီးသွားရင်း စင်ပေါ်မှာ လေ့…လေ့ကျင့်တာ”
“စင်ပေါ် တက်ဖူးရင် ရပြီ၊ စိတ်အေးအေးထား၊ စင်မြင့်တိုင်းက အတူတူပဲ”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ငါ မင်းကို နည်းလမ်းတစ်ခု သင်ပေးမယ်၊ စင်အောက်က လူတိုင်းကို ဂေါ်ဖီထုပ်လို့ သဘောထားလိုက်၊ ဂေါ်ဖီထုပ်တွေရှေ့မှာ မင်း ဟာသပြောနေတယ်လို့ပဲ မှတ်ထားလိုက်”
“ခစ်ခစ်”
ရဲ့လင်းချန်၏ စကားက ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်အား ရယ်မောသွားစေသည်။ သူတစ်ယောက်တည်း ကသာ Gala နွေဦးပွဲတော်၏ ပရိသတ်များကို ဂေါ်ဖီထုပ်နှင့် ယှဉ်ရဲပေသည်။
သို့သော် ရဲ့လင်းချန်၏ စကားက ထိရောက်ပေသည်။ ယင်းက ရှောင်ယွဲ့ယွဲ့အား စိတ်ငြိမ်သွားစေသည်။ ရိုးရှင်းသော ကျီစယ်စကားစု ထင်ရသော်လည်း ရဲ့လင်းချန်၏ အာရုံလွှဲသော နည်းက စိတ်ကို ညှို့လိုက်သလိုပင်။
“ညီလေးရဲ့၊ အခြေအနေ ဘယ်လိုလဲ၊ အလုပ်ဖြစ်မှာလား”
လင်းအောင်က စိတ်မရှည်စွာ မေးလိုက်သည်။
ရဲ့လင်းချန်က စိတ်ပျက်သလို အကြည့်လွှဲလိုက်လေသည်။
“ဒီစင်ပေါ်မှာ ဒါက အလုပ် ဖြစ်ကိုဖြစ်လိမ့်မယ်”
“မင်းက အဲ့လိုပြောတယ်ဆို ရပြီ”
လင်းအောင်က ရဲ့လင်းချန်အပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ဖော်ပြနေသည်။
“ခင်ဗျား ယုံကြည်ချက်က တစ်ယူသန်လွန်းတယ်၊ ကျွန်တော် အရင်က ဟာသ မပြောဖူးဘူးဆိုတာကို ခင်ဗျားကို ပြောခဲ့တယ်၊ ရှောင်ယွဲ့ယွဲ့က အတွေ့အကြုံနုပင်မယ့် ခင်ဗျားက ကျွန်တော့်ကိုပဲ ရွေးခဲ့တာပဲ”
“မတတ်နိုင်ဘူးလေ၊ ဘာပဲဖြစ်ဖြစ် မင်း သွားရမှာပဲကို”
လင်းအောင်က ပြုံး၍ ပြောလိုက်သည်။
“ပြီးတော့ ငါ မင်းအရည်အချင်းကို ယုံတယ်”
“မင်းတို့နှစ်ယောက် စကား ပြောတာကို ရပ်လိုက်လို့ မရဘူးလား၊ မြန်မြန်လုပ်၊ ဇာတ်ညွှန်းက မပြီးသေးဘူး”
ဖုန့်ရှောင်ဖုန်းက စိတ်မရှည်စွာ ဝင်ပြောလာပြီး သူ့အသံက ကွဲအက်မတတ် ဖြစ်နေသည်။
၎င်းက သူ့နှလုံးအတွက် ပြင်းထန်လွန်းပြီး သူ့အား နှလုံးဖောက်မတတ် ဖြစ်လာစေသည်။
ရဲ့လင်းချန်က စနောက်ခြင်းကို ရပ်လိုက်သည်။ သူ့တွင် လုံးဝ ဂရုမစိုက်လျင် မစိုက်တတ်သကဲ့သို့ စိတ်နှစ်၍ လုပ်ကိုင်တတ်သော အကျင့်တစ်ခု ရှိသည်။
*ငါ ဒီဟာသ ဇာတ်လမ်းကို အကောင်းဆုံး လုပ်မယ်*
အချိန်က တိုတောင်းသဖြင့် ဇာတ်ညွှန်းက အလွန် မရှုပ်ထွေးချေ။
အခြေအနေအား ရိုးရှင်းစေရန် အကြောင်းအရာများကို ခပ်နိမ့်နိမ့်ထားရန် လိုအပ်ပေသည်။
အကွက်ပြက် လက်ထောက်နှင့် လူပြက် ဇာတ်ကောင်နှစ်ခု ရှိပေမည်။ ဟာသ ဇာတ်လမ်းက ရယ်ရပြီး စိတ်ဝင်စားဖွယ် ကောင်းကာ မှတ်သားဖွယ် ဖြစ်ရပေမည်။
အဓိကအချက်များကို ထုတ်ပြီးနောက် သူ့စိတ်ထဲ၌ အစီအစဉ်တစ်ခု ပေါ်လာသည်။
“စာသားတွေက မခက်ဘူး၊ မင်း ကြည့်ကြည့်၊ မင်း မှတ်နိုင်သလောက် မှတ်ထား၊ အဓိကက မင်း စင်ပေါ်မှာ ဘယ်လို သရုပ်ဆောင်မလဲဆိုတာပေါ်မှာ မူတည်တယ်’
ရဲ့လင်းချန်က ဇာတ်ညွှန်းကို လျင်မြန်စွာ ရေးပြီး ငါးမိနစ်အတွင်း ရှောင်ယွဲ့ယွဲ့ကို ပေးလိုက်သည်။
*မြန်လှချည်လား*
လူတိုင်း စူးစမ်းလာသည်။
ရှောင်ယွဲ့ယွဲ့က လှမ်းယူလိုက်သည်။ သူ့လက်မှ ချွေးများကြောင့် စာရွက်က စိုလာသည်။
တစ်ဖက်တွင်မူ ရဲ့လင်းချန်က စိတ်ဖိစီးသလို မခံစားရချေ။ ယင်းမှာ သူ၏ အရည်အချင်းနှင့်အတူ ဖြစ်တည်လာသော ယုံကြည်ချက်ပင်။ ထို့အပြင် ဇာတ်ညွှန်းက သူကိုယ်တိုင် ရေးထားခြင်း ဖြစ်သည်။ သူ ယင်းကို လက်တန်း ပြုပြင်နိုင်ပေသည်။
တစ်မိနစ်၊ နှစ်မိနစ်။
လူတိုင်း ဇာတ်ညွှန်းကို အစအဆုံး ဖတ်နေကြသည်။ ဖတ်ပြီးနောက် ဖုန့်ရှောင်ဖုန်း စကားပင် မပြောနိုင်အောင် အံ့အားသင့်သွားလေ၏။
“မ…မ… မင်း ဒါကို ငါးမိနစ်နဲ့ ရေးတာလား”
“လခွမ်း အရည်အသွေးက ကောင်းလိုက်တာ”
“အင်း၊ ပြဿနာ ရှိလို့လား”
ရဲ့လင်းချန်သည် သူတို့၏ အံ့ဩပုံကြောင့် ရယ်ချင်နေ၏။
ကျောက်လျန့်ရင်က ရုတ်တရက် ရဲ့လင်းချန်၏ ပါးကို ဆွဲဆိတ်ပြီးမှ ပြန်နှိပ်ပေးလေသည်။ ရဲ့လင်းချန်က သူမကို ပဟေဠိဖြစ်ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
ကျောက်လျန့်ရင်၏ လှပသော မျက်ဝန်းများက လှုပ်ခတ်လာသည်။
“ဒါက ရှင့်ပုံစံအမှန်လားဆိုတာကို ကျွန်မ စစ်ကြည့်တာပါ”
“ဘာ … ငါက နတ်ဆိုးအဖြစ် ပြောင်းမလား”
“နတ်ဆိုး မဟုတ်ရင်တောင်မှ မင်းက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေတုန်းပဲ”
လင်းအောင်က ရယ်ချင်ဟန်နှင့် ပြောလာသည်။
“မင်းရဲ့ အရေးအသားက မြန်လွန်းတယ်၊ ငါ မင်းကို အထင်သေးနေမိတုန်းပဲလို့ သိလိုက်ရပြီကွာ”
ရဲ့လင်းချန်က ပခုံးသာတွန့်လိုက်သည်။
“ကျွန်တော့်ကို တဲ့တိုးသာ ပြောပါ၊ ဒီဇာတ်ညွှန်းက အလုပ်ဖြစ်မှာလား”
ရှောင်ယွဲ့ယွဲ့က ခေါင်းညိတ်သည်။ သူက ပညာရှင် မဟုတ်ပါလော။
“ဒါက လုံးဝ အလုပ်ဖြစ်မှာ၊ ဒါ ဇာတ်ညွှန်းကောင်းတစ်ခုပဲ၊ ဒါကို ဖတ်ပြီးရင် ငါ့ဆရာတောင် အထင်ကြီးသွားမှာ”
လင်းအောင်က အားပါးတရ ရယ်လိုက်သည်။
“ဒါဆို ရပြီ”
“အခု ငါတို့ အပြင်ထွက်ပြီး ရှောင်ယွဲ့ယွဲ့ကို ပြင်ဆင်ရမယ်”
ဖုန့်ရှောင်ဖုန်းက အလျင်အမြန် ဖြတ်ပြောလေသည်။
“အခု မင်းတို့နှစ်ယောက်လုံးပေါ် မူတည်နေပြီ၊ မင်းတို့ ရှစ်မိနစ် အချိန်ရတယ်”
…