တကျန်း၏ အဆုံးသတ်က ငါ့အပေါ်မှာပဲ မူတည်တယ်......
Vol. 6 Ch. 78
ဇွန်လ၏ အပူချိန်က တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့သည်။
ညီလာခံခန်းမထဲရှိ လေထုသည် လူတိုင်းကိုမွန်းကြပ်လောက်အောင်ဖိအားပြင်းထန်နေသည်။ တာဝန်ရှိသူများက နှုတ်ဆိတ်နေပြီး မည်သူမျှ အသံမထွက်ဝံ့ပေ။ ချန်းလီနှင့် ယန်ချယ်၏အမူအရာများသည်လည်း အလွန်အကျည်းတန်နေသည
ကျန်းဇီယုသည် နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီး တိတ်ဆိတ်နေသည်။ သူဘာတွေ တွေးနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
ထိုအချိန်တွင် အရပ်ဘက်အရာရှိတစ်ဉီး ရှေ့သို့ တိုးလာပြီး....
“အရှင်...ကျွန်တော်မျိုးတို့ဘာလို့ နောက်…”
သူသည် နောက်ဆုံး စာလုံးကို အမှန်တကယ် မပြောနိုင်ပေ။
၀တ်ဖြူတော်အစောင့်များထံမှ နောက်ဆုံးရရှိသော သတင်းများအရ အခြားမင်းဆက်လေးဆက်၏တပ်များက မြောက်ပိုင်းဒေသကိုဖြတ်ကျော်ကာ နယ်စပ်တွင် တပ်စွဲထားပြီးဖြစ်သည်။ ၎င်းတို့တွင် တပ်ဖွဲ့ဝင် သုံးသန်းကျော်ပါရှိပြီး အရေအတွက်မှာလည်း တိုးလာနေဆဲဖြစ်သည်။
လက်နက်ချခဲ့သော ချန်မင်းဆက်မှလွဲ၍ တကျန်းနှင့်တိုက်ခိုက်ဖို့ မင်းဆက်ရှစ်ဆက်ရှိသေးသည်။
စစ်ပွဲသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းကအခုချိန်ထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြတ်အသတ်ရှုံးပွဲမရှိခဲ့သော်လည်း အသေအပျောက်အရေအတွက်က ကြေကွဲဖွယ်ကောင်းလှသည်။ ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများနှင့် မြင်းများသုံးစွဲမှုလည်း မြင့်မားခဲ့သဖြင့် ပြည်သူတွေကြားမှာ တိုင်ကြားမှုတွေ ရှိနေပြီ ဖြစ်သည်။ ဒီအတိုင်းဆက်သွားရင် တိုင်းပြည်မတည်မငြိမ်ဖြစ်လာပေတော့မည်။
ကျန်းဇီယုက ထိုအရာရှိကို တစ်ချက်ကြည့်လိုက်သဖြင့် အရာရှိ ချက်ချင်း ပါးစပ်ပိတ်သွားကာ ကြောက်လန့်သွားခဲ့သည်။ထို့နောက် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။
ဟန်ထျန်းကျီလည်း မှိုင်းညို့သည့်အမူအရာရှိပြီး ဘာမှပြန်မပြောပေ။ ဒီလိုအခြေအနေမျိုးဟာ ကောင်းမွန်တဲ့ ဗျူဟာဖြင့် ဖြတ်ကျော်နိုင်တဲ့ အရာမဟုတ်ပေ။ ခွန်အားကွာခြားချက်က ကြီးမားလွန်းလှသည်။
"လာကြစမ်း... သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်အချက် ရှစ်ဆယ်လောက်ပေးလိုက်!"
ကျန်းဇီယုက ခံစားချက်မဲ့စွာအမိန့်ပေးလိုက်သည်နှင့် အစောင့်နှစ်ယောက် ပြေးဝင်လာပြီး စောနက အရာရှိကို ဆွဲထုတ်သွားကြသည်။
မည်သူ့ကိုမျှ သက်ညှာမှုပေးရန် မတောင်းဆိုခဲ့သဖြင့် အရာရှိခင်မျာ မတရားမှုကို အော်ဟစ်ဝံ့ခြင်းမရှိခဲ့ပေ။
ကျန်းဇီယုက လူတိုင်းကို အကြည့်တွေကိုတချက်ဝှေ့ကြည့်ပြီး အေးစက်စွာဖြင့်.....
"နောက်တစ်ခါ ထပ်ပြောမယ်...နောက်ဆုတ်ခွင့်မပေးဘူး.....လက်နက်မချဝံ့ရင် ထောင်သွင်းအကျဉ်းချပြီး သူတို့မိသားစုတစ်ခုလုံးကိုပါအရေးယူမယ်....”
မတ်တပ်ထရပ်ပြီး အရာရှိတွေကို ငုံ့ကြည့်ကာ.... “မင်းဆက် ရှစ်ဆက်က တကျန်းကို ဝိုင်းထားတယ်။ လက်နက်ချရုံနဲ့ ပြီးသွားမယ်ထင်နေလား... တကျန်းက လွတ်လမ်းမရှိတော့ဘူး..ငါတို့တွေ အရာအားလုံး လောင်းကြေးထပ်ပြီး ရန်သူကို အဆုံးအထိ တိုက်ခိုက်တာက အရှက်တကွဲရတာထက်စာရင် ပိုကောင်းတယ်....!”
“ငါ့အမိန့်ကို လိုက်နာပြီး နောက်ထပ် စစ်သည်တစ်သန်းလောက် စုဆောင်းကြ.... အသက် ဆယ့်ခြောက်နှစ်နှင့်အထက် မည်သူမဆို စစ်တပ်ထဲဝင်ရမယ်...!”
"မြောက်ပိုင်းဇူက တပ်တွေကို အခြားစစ်မြေပြင်တွေဆီပို့လိုက်.... မြို့တော်ကို တိုက်ခိုက်ဖို့ရောက်လာမယ့် မဟာမိတ်တပ်တွေကို ငါကိုယ်တော် ဒီကနေ စောင့်မယ်!”
သူပြောပြီးသည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။ တာဝန်ရှိသူများ အားလုံး အထိတ်တလန့်ဖြစ်ကာ သူ့ကို ဖျောင်းဖျရန် ကြိုးစားကြသည်။
လမ်းလွှဲလိုက်သည်နှင့် ရန်သူများ ရှီပြည်နယ်သို့ ချီတက်လာကြလိမ့်မည်။ ရှီပြည်နယ် သိမ်းပိုက်ခံလိုက်ရလျှင် ကျန်းမင်းဆက် ပျက်စီးကိန်းဆိုကလိမ့်မည်။
ဟန်ထျန်းကျီ၊ ချန်းလီနှင့်ယန်ချယ်တို့ကတော့ ကျန်းဇီယု၏ ရည်ရွယ်ချက်ကို နားလည်ကြပြီး နှုတ်ဆိတ်နေခဲ့သည်။
ဒီအချိန်မှာ သူတို့က လောင်းကစားလုပ်ကြည့်ရပေမည်။
ထိုစဉ် ကျန်းဇီယုက.... “ငါကိုယ်တော် စိတ်ပိုင်းဖြတ်ပြီးပြီ....ညီလာခံသိမ်းမယ်.... ဝန်ကြီးခုနစ်ယောက်ကတော့ ငါကိုယ်တော်နဲ့အတူ စာကြည့်ဆောင်ကိုလိုက်ခဲ့ကြ”
..............
မြေဝိညာဉ်သစ်ပင်အောက်တွင် ကျန်းချန်ရှန်း ဆေးကျိုနေကြီး လီကျွင်းက သူ့ဘေးတွင်ရပ်နေသည်။
“အခုအချိန် မြောက်ပိုင်းမှာ ရန်သူအင်အား များနေတယ်....အဝေးကနေကြည့်ရင် ရန်သူစစ်သည် ဘယ်နှယောက်ရှိတယ်ဆိုတာတောင် မရေမတွက်နိုင်အောင်များလွန်းတယိ.... သေချာတာတစ်ခုကတော့ မင်းဆက်လေးဆက်ရဲ့အလံတွေတင်မကဘဲ မြောက်ပိုင်းဇူမင်းဆက်အနီးနားက တကျန်းရဲ့တပ်တွေဆုတ်ခွာနေကြပြီ.... တကျန်းဘက်ကဆုတ်ခွာပြီးတာနဲ့ ရန်သူက ရှိီပြည်နယ်ကို တိုက်ခိုက်လိမ့်မယ်”
လီကျွင်းကို ကြည့်ရတာအတော်စိတ်ပူနေပုံရသည်။
ကျန်းချန်ရှန်းက ဆေးကျိုအိုးကို ကြည့်ရင်း ......“အဆင်ပြေပါတယ်.... သူတို့ နယ်စပ်ကို မဖြတ်ရသေးဘူး မဟုတ်လား။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူး....အဲ့အချိန်တုန်းက ရှေးဟောင်းဟန်မင်းဆက်နဲ့ကျင်းမင်းဆက်တို့က တကျန်းရဲ့ နယ်မြေထဲကို ရောက်နေကြပြီ....”
လီကျွင်းက ကူကယ်ရာမဲ့ဖြင့်. “ဒါပေမယ့် နောက်ထပ် ရန်သူတွေ ရှိသေးတယ်လေ....ဆရာတော်... ကျွန်တော်တို့ မြို့တော်ကနေထွက်သွားဖို့ ကြိုတင်ပြင်ဆင်ထားသင့်လား"
လီကုန်းကုန်းက ကျန်းချန်ရှန်းနဲ့ ကျန်းဇီယု တို့ရဲ့ ဆက်ဆံရေးအကြောင်း လီကျွင်းကို မပြောခဲ့ပေ။ ထို့ကြောင့် မြို့တော်တွင် ဆက်နေဖို့ မလိုအပ်ကြောင်း ထင်မြင်ချက်ပေးနေခြင်းပင်....
ကျန်းချန်ရှန်းက.... "မလိုအပ်ပါဘူး.....မင်းကြောက်ရင် မင်းရဲ့မိသားစုကို အရင် ကယ်ထုတ်နိုင်တယ်...."
ဒါကိုကြားတော့ လီကျွင်းက.... "ဆရာတော် မပါဘဲ ကျွန်တော်ဘယ်လိုထွက်သွားနိုင်မလဲ..... ဒီဘဝမှာ ဆရာတော်နဲ့အတူသေတူရှင်မကွာနေမယ်လို့ဆုံးဖြတ်ပြီးပြီ....ဆရာတော် ထွက်သွားဖို့ ဆန္ဒမရှိလို့ ကျွန်တော်လည်း ထွက်သွားမှာ မဟုတ်ဘူး...."
ကျန်းချန်ရှန်းက သူ့ကို မော့ကြည့်ကာ ပြုံးလိုက်သည်။
ထို့နောက် လီကျွင်း အမြန်ထွက်သွားသည်။ သူသည် အငမ်းမရ လူသူ စုဆောင်းရန် ပြင်ဆင်ရတော့မည်။ သေခြင်းတရားကို ဒီအတိုင်းထိုင်စောင့်နေလို့တော့မဖြစ်ချေ။
ပိုင်ချီက အံ့သြစွာဖြင့်...... "ဧကရာဇ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့တော့ မပြောနဲ့....သူက ဆရာတော်ကို သတ်ဖို့ရန်သူတွေကို ရှီပြည်နယ်ဆီ လာခွင့်ပေးလိုက်တာလား....”
ယခုအချိန်တွင် ပိုင်ချီက ကျန်းချန်ရှန်းကို မျက်ကန်းတစ္တေသဖွယ် ယုံကြည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။သို့သော် သန်းနှင့်ချီသော တပ်ဖွဲ့ဝင်ကို ရင်ဆိုင်ရာတွင် ကျန်းချန်ရှန်း မအောင်မြင်နိုင်တာမျိုးလည်း ဖြစ်သွားနိုင်သည်။
"ဖြစ်ကောင်းဖြစ်နိုင်တယ်..."
ကျန်းချန်ရှန်းက ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
တပ်မဟာရှစ်ခုကို သူ လုံးဝမမှုမပေ။ထိုအစား သူက ပိုလို့တောင် မျှော်လင့်နေမိသည်။
လူများလေလေ၊ ရှင်သန်ခြင်းဆုလာဘ်များ ပို၍ရက်ရောလေလေဖြစ်သည်။ သူသည် သူ၏ရှင်သန်မှုဆုလာဘ်များ မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိစေရန် ရန်သူကို စုစည်းဖို့ စောင့်နေသည်။
ပိုင်ချီက မျက်လုံးပြူးပြီး.... " ဆရာတော်... တကျန်းရဲ့စစ်တပ်ကို ထောက်ပံ့ဖို့ ကျွန်မ ကူညီပေးရမလား... "
“မလိုအပ်ဘူး....လုံချီတောင်ကိုပဲ စောင့်ရှောက်စမ်းပါ.... မင်းလို နတ်ဆိုးဝံပုလွေတစ်ကောင် ရှေ့တန်းကို ရောက်သွားရင် အကုန်လုံး ထိတ်လန့်သွားလိမ့်မယ်..."
မကြာသေးမီက မြို့တော်တွင် သိုင်းပညာရှင် အရေအတွက် တိုးမြင့်လာခဲ့ပြီး အများစုမှာ တောင်ပေါ်သို့ အကြိမ်ကြိမ် တက်ခဲ့ကြသည်။ သူလျှိုတွေဖြစ်နေမှန်းသိသော်လည်း လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေကို မထိခိုက်သရွေ့တော့ ရန်သူကို လွှတ်ထားပေးမည်သာ....
ပိုင်ချီ အနည်းငယ် ဝမ်းနည်းသွားသည်။ သူမသည် နွေးထွေးသောလူမဟုတ်ပေ။ ဤအခွင့်အရေးကို ရယူပြီး ကျန်းချန်ရှန်းထံမှ နတ်ဆိုးနည်းပညာများကို သင်ယူလိုခဲ့သော်လည်း ထင်ထားသလိုမဖြစ်လာခဲ့ပေ။
ရုတ်တရက် ကောင်းကင်ပေါ်ကနေ အသံတစ်ခု ထွက်ပေါ်လာပြီး ပိုင်လုံ လန့်နိုးသွားသည်။ လုံချီ ဘုရားကျောင်းရဲ့ အထက်မှာ ပျံဝဲနေတဲ့ လင်းယုန်ငှက်တစ်ကောင်ကို မြင်လိုက်သဖြင့် သူ့လျှာဖြင့်ရစ်ပတ်၍ဖမ်းဆီးဖို့ ကြိုးစားခဲ့သည်။သို့သော် လင်းယုန်က ရုတ်တရက် ၎င်း၏ခြေသည်းများကို လွှတ်လိုက်ပြီး ကောင်းကင်မှ စာလိပ်တစ်လိပ် ပြုတ်ကျကာ ကျန်းချန်ရှန်း၏ ခြံဝင်းအတွင်းသို့ တိကျစွာ ဆင်းသက်လာသည်။
ပိုင်ချီက ချက်ချင်းထလိုက်ပြီး စာလိပ်ကိုကိုက်ချီကာ ကျန်းချန်ရှန်းဆီ ပို့ပေးခဲသည်။
ကျန်းချန်ရှန်းက စာလိပ်ကိုယူကယ အန္တရာယ်တစ်စုံတစ်ရာရှိမရှိစစ်ဆေးရန် သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ဦးစွာသုတ်စစ်ဆေးခဲ့သည်။
ပိုင်ချီက အံ့သြစွာဖြင့်.... “အဲဒီ လင်းယုန်က တော်တော် ဉာဏ်ကောင်းတယ်...ကြည့်ရတာ တုနှိုင်းမဲ့သိုင်းတောင်ကြားကလင်းယုန်ပဲဖြစ်ရမယ်....တုနှိုင်းမဲ့သိုင်းတောင်ကြားက စစ်ကြေညာရတာကိုအတော်သဘောကျတယ်ထင်တယ်.... အရင်တုန်းက သိုင်းပညာဂိုဏ်းတွေကို ပေါင်းစည်းပြီး စစ်ကြေညာဖို့ သူတို့ရဲ့ သိုင်းလင်းယုန်ကို စေလွှတ်ခဲ့ဖူးတယ်...”
ကျန်းချန်ရှန်းက စာလိပ်ကို အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ဖွင့်ဖတ်လိုက်သည်။
"အင်မော်တယ်ဆရာတော်ချန်ရှန်း.... ကျွန်ုပ်က တုနှိုင်းမဲ့သိုင်းတောင်ကြားရဲ့တောင်ကြားသခင်ဝေဟောင်ပါ....ကျုပ်တို့ တုနှိုင်းမဲ့တောင်ကြားနဲ့ကြယ်စင်စုဝေးခြင်းမျှောစင်တို့က တကျန်းကိုတိုက်ခိုက်ဖို့ မင်းဆက်ကိုးဆက်ကို စုစည်းထားတဲ့အပြင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ဖိတ်ကြားထားတယ်.....ဩဂုတ်လအစပိုင်းမှာ တပ်များစုရုံးပြီးတာတဲ့ တုနှိုင်းမဲ့သိုင်းတောင်ကြားက ရွှေခန္ဓာနယ်ကျွမ်းကျင်သူနဲ့အတူ တကျန်းကို စတင်တိုက်ခိုက်ကြတော့မယ်....ကျူပ်တို့က ရှီပြည်နယ်သို့သွားရာလမ်းတစ်လျှောက်လုံး သုတ်သင်ရှင်းလင်းပြီး စီရင်စုဆယ့်သုံးခုကို အလောင်းပင်လယ်နဲ့ သွေးပင်လယ်အဖြစ် ပြောင်းလဲသွားမယ်.... တကျန်းကို မပျက်စီးစေချင်ဘူးဆိုရင် ကျုပ်တို့လာတားလို့ရတယ်...ကြောက်လျှင်လည်း ထွက်ပြေးနိုင်တယ်... အဲ့အတွက်နဲ့ တုနှိုင်းမဲ့သိုင်းတောင်ကြားက မင်းအပေါ် အငြိုးထားမှာမဟုတ်ဘူး.... သေချာဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်!"
ဤစာကိုဖတ်ပြီးနောက် ကျန်းချန်ရှန်း ပြုံးလိုက်သည်။
ပိုင်ချီ က တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ.... “သူတို့တွေ ကျူးကျော်တိုက်ခိုက်ဝံ့တာ အံ့သြစရာမရှိတော့ဘူး.... ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကိုတောင် ရအောင်ခေါ်နိုင်တယ်ဆိုတော့ အပြင်းထန်ဆုံးတိုက်ပွဲတွေစတော့မယ်...."
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ...“မဆိုးပါဘူး..ငါလည်း သူတို့ကို စောင့်မျှော်နေမှာပါ...”
ထိုသို့ပြောပြီးနောက် စာစောင်ကို မီးထဲသို့ ပစ်ချလိုက်သည်။
သူ့အပြုံးကို ကြည့်လိုက်ပြီး ပိုင်ချီ မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။
သူဘယ်နယ်ပယ်ရောက်နေပြီလဲ....
မင်းဆက်ကိုးခုက ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူနဲ့ လက်တွဲခဲ့တယ်လို့ ကြားသိရချိန်မှာတောင် မကြောက်မရွံ့နဲ့ မျှော်လင့်တောင့်တနေပြီး စမ်းကြည့်ဖို့တောင် စိတ်အားထက်သန်နေသေးတယ်....ဒါဆို သူက
ရွှေခန္ဓာရဲ့အထက် နယ်ပယ်ကို ရောက်နေခဲ့ပြီလား...
ပိုင်ချီသည် ယုယန်ရိကို ကျန်းချန်ရှန်း မေးခဲ့သောမေးခွန်းကို မမေ့နိုင်ပေ။ ချောင်ဂိုဏ်းများတွင် ရွှေခန္ဓာနယ်ပယ်ထက်မြင့်သော သိုင်းပညာရှင် ရှိ မရှိကို မေးခဲ့ဖူးသည်။
ဒါကိုစဉ်းစားပြီးနောက် တုနှိုင်းမဲ့သိုင်းတောင်ကြားနှင့် ကြယ်စင်စုဝေးခြင်းမျှော်စင်တို့ကို သနားလာမိသည်။
သူတို့တွေ လူမှားပြီးလာထိကြပြီ.....
သို့သော် ချောင်ဂိုဏ်းများ၏ အတွေးကိုလည်း နားလည်နိုင်သည်။
................................
တပ်မဟာရှစ်ခု၊ တပ်ဖွဲ့ဝင် သန်းပေါင်းများစွာ နှင့် ချောင်ဂိုဏ်းခွဲ နှစ်ခုတို့ စုစည်းခဲ့သည်။
မြောက်ပိုင်းဇူ စစ်မြေပြင်မှလွဲ၍ ကျန်စစ်မြေပြင်ရှိ ရန်သူတပ်များ ပြန်လည်ဆုတ်ခွာသွားပြီး မြောက်ပိုင်းဇူ စစ်မြေပြင်သို့ အပြေးအလွှားသွားကာ အစောင့်တပ်များအဖြစ်သာ ကျန်ရှိတော့သည်။
ထိုသတင်းက မင်းဆက်တစ်ခွင်လုံး တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ နိုင်ငံသားများ ထိတ်လန့်ခြင်း၊ စစ်သားများ စိတ်မချမ်းမသာဖြစ်ပြီး သိုင်းလောကတစ်ခုလုံးပင် ကမောက်ကမ ဖြစ်ခဲ့ရသည်။
ဧကရာဇ်၏ ခေါင်းမာမှုကြောင့် တကျန်းကို ဤကဲ့သို့သော ဘေးဆိုးကျရောက်စေသည်ဟု ဆိုကာ နေရာတိုင်းတွင် တိုင်ကြားမှုများ ပေါ်ပေါက်ခဲ့သည်။ ကျန်းဇီယုသည် ကြီးမားသော ဘေးဥပဒ်ကို ရှောင်ရှားရန် သူ၏တပ်များကို ပြန်လည်ဆုတ်ခွာရန်နှင့် နယ်မြေကို ဖိနှိပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ညီလာခံခန်းမထဲတွင်........
မနက်ပိုင်း တရားရုံးစည်းဝေးပွဲအစမှာ ဝတ်ဖြူတော်အစောင့်တပ်သားတစ်ယောက်က လျှို့ဝှက်စာတစ်စောင် ပေးပို့ခဲ့သည်။ ကျန်းဇီယု ထိုသတင်းကိုဖတ်ပြီးနောက် သူ့အမူအရာသည် ချက်ချင်းပင် ရုပ်ဆိုးသွားကာ အကြည့်များက မီးဝင်းဝင်းတောက်နေသည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများတွင်လည်း ကိုယ်ပိုင် သတင်းရင်းမြစ်များ ရှိသည်။ ရှေ့တန်းက အခြေအနေကို သိဖို့ စာကို ဖတ်ဖို့ မလိုတော့ပေ။
မကြာသေးမီက ကျန်းရှုကို တရားရုံးသို့ သွားခွင့်ပြုခဲ့သည်။ သူသည် လှေကား၏ ညာဘက်တွင် ရပ်ကာ သူ့အဖေကို စိုးရိမ်တကြီး ကြည့်နေသည်။
မကြာခင်မှာပဲ ၀တ်ဖြူတော်အစောင့်တပ်က စာတစ်စောင်ရောက်လာပြန်သည်။ ကျန်းဇီယုက စာကို တစ်ချက်ကြည့်လိုက်ပြီး အောက်ကိုချလိုက်သည်။
ကျန်းဇီယုက အရာရှိတွေကို ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ... "မင်းတို့ကြောက်နေတာလား?"
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ခေါင်းငုံ့ကာ သူ့ကို မကြည့်ဝံ့ပေ။
အသက်ကြီးတဲ့ချန်းလီက ရှေ့ကို လှမ်းပြီး..... “ချောင်ဂိုဏ်းတွေနဲ့ ဆန့်ကျင်ဘက် မင်းဆက်တွေ လက်တွဲပြီး သတင်းကို တမင်တကာ ဖြန့်ကြတယ်...ဒါက မတိုက်ခိုက်ဘဲ အနိုင်ရချင်နေမှန်း သိသာနေတယ်... ဒါကိုကြည့်ချင်းအားဖြင့် သူတို့က တကျန်းကို ကြောက်နေမှန်းသိသာနေပြန်တယ်.. အခုသူတို့အင်အားတွေစုစည်းလိုက်ပြီဆိုတော့ သေတဲ့အထိ တိုက်ခိုက်ကြရတော့မယ်... ကျဉ်းမြောင်းတဲ့လမ်းမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ရှောင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့စကားအတိုင်း မလွဲမသွေရင်ဆိုင်ကြရတော့မယ်..”
အရာရှိတစ်ဦးက " ဘယ်လိုရင်ဆိုင်ကြမှာလဲ....” ဟု လှောင်ပြောင်လိုက်သည်။
" ရန်သူဘက်မှာ တပ်ဖွဲ့ဝင် သန်းပေါင်းများစွာရှိပြီး ချောင် ဂိုဏ်းခွဲနှစ်ခုကလည်း သူတို့ကို ထောက်ပံ့ဖို့ ကျွမ်းကျင်သူအများအပြား စေလွှတ်ထားတယ်... ထိပ်တိုက်ရင်ဆိုင်ရင် အကုန်သေကုန်မှာပေါ့....”
လူတော်တော်များများက သူ့စကားကို သဘောတူပြီး တစ်ယောက်တစ်ပေါက်ဆွေးနွေးသံများထွက်ပေါ်လာသည်။
ကျန်းဇီယုက.... “အရင်တုန်းက ကျင်းမင်းဆက်က ပုန်ကန်တဲ့အခါ ချန်းမင်းဆက်ရဲ့ တော်ဝင်မိသားစုတွေ ညတွင်းချင်း ထွက်ပြေးပြီး မြောက်ပိုင်းမှာ သူတို့ရဲ့တပ်တွေကို စုရုံးခဲ့တယ်။ တစ်နည်းဆိုရသော် တကျန်းကလည်း အခုချိန်မှာ မင်းဆက်ကိုးဆက်ရဲ့ အင်အားစုတွေနဲ့ နေရာအသီးသီးက ပုန်ကန်မှုတွေကို ရင်ဆိုင်နေရဆဲပဲ....."
သူသည် လက်ရှိအကျပ်အတည်းကို တိုက်ရိုက်ထုတ်ဖော်ပြသခဲ့ပြီး ဖိအားများတိုးပွားလာစေခဲ့သည်။
ကျန်းဇီယု မတ်တပ်ထရပ်ပြီး အရာရှိများကိုကြည့်ရင်း အေးစက်စွာပြောအော်ဟစ်လိုက်သည်က.....
"ငါကိုယ်တော်ကို အကြံတုန်းဉာဏ်တုန်းနဲ့ဆုံးခန်းတိုင်သွားပြီထင်နေကြတာလား!!!!!"
တာဝန်ရှိသူတွေ အသံမထွက်ရဲကြသော်လည်း သူတို့ရဲ့ သဘောထားက ထင်ရှားနေသည်။
၎င်းတို့သည် သစ္စာမဲ့သူများမဟုတ်သော်လည်း လက်ရှိအခြေအနေက ထင်ထားသည်ထက်ကျော်လွန်နေပါသည်။
ဟန်ထျန်းကျီကတင်းမာသောအခြေနေကို ပြေလျော့စေရန်.... “အရှင့်မှ ဝှက်ဖဲတွေရှိနေတုန်းပဲ....အခြေအနေကို နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး....”
ငယ်ရွယ်သော အစိုးရဝန်ထမ်းတစ်ဦးက.... “အခြေအနေကို ပြန်ပြောင်းဖို့ မင်းရဲ့ကံကြမ္မာဌာနကို အားကိုးကြည့်ပါလား...."
သူပြောပြီးသည်နှင့် အခြားအရာရှိများကပါ ဟန်ထျန်းကျီကို လှောင်ပြောင်ကြသည်။
ကံကောင်းခြင်းဌာနကို မကြာသေးမီက တည်ထောင်ခဲ့သည်။ ကံကောင်းခြင်းတွေ စုဆောင်းမယ်လို့ ပြောခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထို့အပြင် လစာအလွန်များသဖြင့် အခြားဌာနခြောက်ခုမှ တာဝန်ရှိသူများ မကျေမနပ်ဖြစ်ခဲ့ကြသည်။ ဒီနေ့တော့ အခွင့်သာတုန်း အကုန်လုံး ပေါက်ကွဲကြချေပြီ။
“အတင့်ရဲလှချည်လား! ”
ကျန်းဇီယု ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားသည် တရားရုံးကို ထိတ်လန့်စေခဲ့ပြီး ဝန်ကြီးများ၏ နားစည်ကိုပြင်းထန်စွာထိခိုက်စေသည်။ သူတို့ အံ့သြလွန်းလို့ နားရွက်ကို အုပ်ထားလိုက်ကြသည်။
ကျန်းဇီယုက အရာရှိများအား သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်ကာ.... "မင်းတို့ ပုန်ကန်ဖို့ ကြိုးစားနေတာလား" ဟု အသံနက်ကြီးဖြင့် မေးလိုက်သည်။
တာဝန်ရှိသူများက ဒူးထောက်ကာ မပြုဝံ့ကြောင်း တညီတညွတ်တည်း ပြောကြားကြသည်။
“ အခြေအနေကို နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့ ဘယ်သူပြောတာလဲ.....”
တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ တိမ်တွေပေါ်ကနေ ပျံဝဲလာပြီး ညီလာခံခန်းမထဲသို့ လူတစ်ဉီး ဆင်းလာသည်ကို တွေ့လိုက်ရသည်။ တိမ်များ လွင့်စင်ပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လာသူကိုရှင်းလင်းစွာမြင်လိုက်ရချိန် အားလုံးမျက်လုံးပြူးကုန်ကြသည်။
ထိုသူကတော့ ကျန်းချန်ရှန်းပင်....
သူ့ဝတ်လုံက အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသဖြင့် ကျန်းချန်ရှန်းကို အမတနတ်ဘုရားတစ်ပါးလိုထင်မှတ်စေသည်။
သူတို့ ဘာမြင်ခဲ့လဲ.....တိမ်ပေါ်မှာ ပျံနေတာလား.... ဘယ်လို ဖြစ်နိုင်မှာလဲ.....ဒါက ဘယ်လို သိုင်းပညာမျိုးလဲ.....
ကျန်းချန်ရှန်းက အားလုံးကိုနှစ်လိုဖွယ်ပြုံးပြလိုက်ပြီး.... "လုံချီဘုရားကျောင်းကတောင်မလှုပ်ရှားရသေးဘဲ တကျန်း ကျဆုံးမလား မကျဆုံးဘူးလားဆိုတာဘာလို့ကြိုတင်ဆုံးဖြတ်နေကြတာလဲ.... "
ထိုစကားကြောင့်တာဝန်ရှိသူများ တုန်လှုပ်သွားကြသည်။ သို့သော် ကျန်းဇီယုနှင့်ဟန်ထျန်းကျီကတော့ အဓိပ္ပါယ်ပါပါပြုံးနေကြသည်။