ကောင်းကင်မှဆင်းသက်လာသော နတ်လက်နက်... လူသားလော...
Vol. 6 Ch. 80
သုံးရက်လောက်အကြာ မွန်းတည့်ချိန်တွင်.....
ဩဂုတ်လဖြစ်၍ နေမင်းကြီးက အပူရှိန်ပြင်းစွာ တောက်ပနေ၏။ စစ်တပ်နှစ်ခုကြားတွင် ဆယ်ကီလိုမီတာအကျယ် မြေကွက်လပ်ရှိနေပြီး ၎င်းတို့ကို နယ်နမိတ်ပိုင်းခြားထားသည်။
ဒုန်းးးဒုန်းးးဒုန်းးးးး
မြောက်ပိုင်းဇူတပ်စခန်းတွင် စစ်ဗုံများ တီးခတ်လာသဖြင့် နှလုံးခုန်သံများ ပို၍ မြန်ဆန်လာသည်။ မိုင်ရာချီမြင့်သော လှိုင်းလုံးများကဲ့သို့ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ တညီတညွတ်တည်း မတ်တပ်ရပ်လိုက်ကြသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။
ထုံးဝူတောင်ကြားမှ မန်ရွှမ်းသည် ကြီးမားသော သစ်သားစစ်ရထားပေါ်တွင် လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေသည်။
[TN/ တုနှိုင်းမဲ့သိုင်းတောင်ကြားကို ထုံးဝူတောင်ကြားအဖြစ်ပြောင်းလဲသုံးနှုန်းပါမည်....]
မျက်စိတဆုံး များပြားလှသော စစ်ရထားအမြောက်အမြားကို မင်းဆက်ကိုးပါးရဲ့ စစ်တပ်တွေကြားမှာ ဖြန့်ကျက်ချထားသည်။ထိုစစ်တပ်တွင် စစ်ယန္တရား အမျိုးမျိုးရှိနေ၍ သန်းနှင့်ချီသော တပ်ဖွဲ့ဝင်များသည် မိုင်ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ထားပြီး နောက်ဘက်ရှိ စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးသည် မြေပြန့်၏အဆုံးအထိ ဖြန့်ကြက်ထားသောကြောင့် အရေအတွက်ကို ခန့်မှန်းရခက်ခဲသည်။
မရေမတွက်နိုင်သော မြင်းတပ်များသည် စစ်တပ်၏ ရှေ့တန်းတွင် စောင့်ဆိုင်းနေပြီး မရေမတွက်နိုင်သော သံချပ်ကာ စစ်သားများလည်း ၎င်းတို့နောက်တွင် စောင့်နေကြသည်။
မင်းဆက်ကိုးပါးရဲ့စစ်တပ်ထဲမှာ စစ်ဗုံသံတွေ မြည်ဟီးလာတဲ့အခါ တကျန်းရဲ့စစ်တပ်ကလည်း တိုက်ပွဲစဖို့ စောင့်နေပြီ။
ကျန်းယုသည် စစ်မြင်းရထားပေါ်တွင် ရပ်နေသဖြင့် စစ်မြေပြင်တစ်ခုလုံးကို မြင်လွယ်စေမည်ဖြစ်သည်။ ရန်သူ၏ လွှမ်းမိုးမှုကြောင့် ပြန့်ကျဲမသွားစေရန် သူ၏တပ်များကို စည်းရုံးလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းပုံကို မည်သို့စီစဉ်ထားပါစေ ရန်သူ၏ဖွဲ့စည်းပုံနှင့် နှိုင်းယှဉ်ပါက အားနည်းနေပုံရသည်။
ဟွမ်းချွမ် ၊ လင်းရှောင် နှင့် လုံချီဘုရားကျောင်း၏တပည့်များ အတူတူရပ်နေကြပြီး လွန်စွာမှ တုန်လှုပ်သွားကြသည်။ သန်းနှင့်ချီသော တပ်တွေရဲ့ ရင်ဆိုင်ရတော့မည်ကိုမည်သူမကြောက်ဘဲနေမည်နည်း.....
" ဆရာတော် တကယ်လာမှာလား "
"ထင်တာပဲ.... ဆရာတော်ချန်ရှန်း မကြာခင်လာမှာပါ....."
“ဒါက တပ်မတော်ရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းထားဖို့ အထက်အရာရှိတွေ ပြောခဲ့တဲ့ စကားဖြစ်နေမှာကိုပဲ ကြောက်တယ်..."
"ဘာပဲဖြစ်ဖြစ် ငါတို့ထွက်လမ်းမရှိဘူး!"
“ဟူးးးးရန်သူတွေ အများကြီးပဲ...တိုက်ခိုက်ရင် ငါတို့အားလုံးသေမှာလား.....”
တကျန်းဘက်က တပ်သားများ အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး သူတို့တင်မကဘဲ စစ်သားအားလုံးလည်း အတူတူပါပင်....
လင်းရှောင် အသက်ပြင်းပြင်းရှူပြီး သူ့ဓားကို ညာလက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူသည် သိုင်းလောကတွင် ကျင်လည်ခဲ့ဖူးသော်လည်း ယခုမှသာပထမဆုံးစစ်တိုက်ခြင်းပင်....
ဟွမ်းချွမ်သည် ကြောက်ရွံ့မှုကို သတိပြုမိသော်လည်း မည်သူ့ကိုမျှ နှစ်သိမ့်ခြင်းမရှိပေ။ ဤအရာသည် ရှီပြည်နယ်ရှိ စစ်မြေပြင်ထက် များစွာ အန္တာရာယ်ရှိနိုင်ပြီး ဖိအားက ဖော်ပြလို့ပင်မရပေ။
အဝေးက လီကျွင်းကလည်း သူ့လက်အောက်ငယ်သားတွေကို နှစ်သိမ့်ပေးနေရသည်။ ကျန်းချန်ရှန်းရဲ့ အမိန့်အရ သူဒီကို ရောက်လာခဲဲ့ပြီး သူနှင့်အတူ လူတစ်ထောင်ကို ခေါ်ဆောင်ခဲ့ကာ အများစုမှာ လှည့်လည်သွားလာသူများဖြစ်သည်။
ယခုတစ်ကြိမ်တွင် လီကျွင်းသည် သတ်ဖြတ်ခြင်းနတ်ဘုရားဓားသိုင်းကို ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားစေမည်မှာ သေချာပါသည်။ ကျန်းချန်ရှန်းက သူ့ကို ကောင်းကောင်း စွမ်းဆောင်ပြီး ရန်သူကို အနိုင်ယူပြီးနောက် တရားဝင် ရာထူးကို ရယူဖို့ ပြောခဲ့သည်။ သူအောင်မြင်ပြီးသည်နှင့် သူသည် ကမ္ဘာအနှံ့ လှည့်ပတ်နေတော့မည်မဟုတ်ပေ။
ကျန်းထျန်းရန်လည်း သူ့စစ်တပ်ရှေ့မှာ ရပ်နေသည်။ သူ့စိတ်နေစိတ်ထားကို အဆက်မပြတ် ပြုပြင်နေရပြီး သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့သော်လည်း ဤအတိုင်းအတာစစ်ပွဲကို သူပထမဆုံးရင်ဆိုင်ရခြင်းဖြစ်သည်။ ဖိအားများခံစားရခြင်းမှလွဲ၍ သွေးပူခြင်းကိုလည်း ခံစားခဲ့ရသည်။
ရှုံးခဲ့ရင်တောင် သူတို့ဘ၀မှာ နောင်တရစရာ မရှိနိုင်ပေ။
ဤအခိုက်အတန့်တွင် လူတစ်ဦးသည် တကျန်း စစ်စခန်းမှ ရုတ်တရက် ခုန်ဆင်းလာပြီး ပေတစ်ထောင်အကွာ မြေကွက်လပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူတစ်ယောက်တည်း တပ်ဖွဲ့ဝင် သန်းပေါင်းများစွာကို ရင်ဆိုင်တော့မည့်ပုံပင်....
ပင်းအန်း......
သူသည် ကြီးမားသော တူနှစ်လက်ကို မြေကြီးပေါ်တွင် စိုက်ပြီး စစ်ပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း တူကြီးတစ်ခုပေါ်တွင် ထိုင်နေလေသည်။ ဒူးပေါ်ကိုလက်နှစ်ဖက်ထောက်က မင်းဆက်ကိုးဆက်၏စစ်တပ်ကိုခေါင်းစောင်း၍ကြည့်နေကာ သူ့အကြည့်တွေက သားရဲတကောင်လို ပြင်းထန်နေ၏။ သူ့အသက်ရှူသံက ပိုမြန်လာပြီး ကြွက်သားတွေပါ တုန်ခါလာသည်။
စစ်ပွဲစဖို့ သူ မစောင့်နိုင်တော့ဘူး.....
ပင်းအန်း၏အသွင်အပြင်သည် စစ်သားများစွာကိုလည်း စိတ်အေးစေခဲ့သည်။ အများစုမှာ ပင်အန်း၏ရက်စက်မှုကို မြင်ဖူးကြသည်။ သူသည် တကျန်းတွင် အသန်မာဆုံး ဗိုလ်ချုပ်ဖြစ်ပြီး တစ်ချိန်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တစ်ယောက်တည်း ဖြိုခွင်းခဲ့ဖူးသည်။ သူ့ကို ဘယ်သူမှ မတားနိုင်မည်မဟုတ်ပေ။
သူ့ကို မြင်တဲ့ သိုင်းပညာရှင်တွေက သူ့ရဲ့ အထောက်အထားကို မေးမြန်းနေကြသည်။ ပင်းအန်း၏အမည်ကို သိရှိပြီးနောက် ရုတ်တရက် သူတို့၏မျက်လုံးများတွင် သဘောကျခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
ပင်းအန်းသည် ဉာဏ်ရည်ချို့တဲ့သော်လည်း သူ့ဘဝက ကြီးကျယ်လွန်းလှသည်။ ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်အနေနဲ့ လူတိုင်းက သူ့ကို သဘောကျကြသည်။
လက်ရှိဧကရာဇ်မင်း နန်းတက်ရခြင်း အကြောင်းရင်းမှာ ဆရာတော်ချန်ရှန်းနှင့် ပင်းအန်းတို့၏အကူညီကြောင့်ဖြစ်သည်။ ကျန်းဇီယု၏လက်ထဲတွင်၊ ပင်းအန်းသည် မခံချင်စိတ်ဖြင့် ရှေ့ဆက်ကာ ရှေ့တန်းတွင် အသန်မာဆုံးသောဗိုလ်ချုပ်ဖြစ်လာခဲ့သည်။
အချိန်တွေတရွေ့ရွေ့ကုန်ဆုံးပြီး မွန်းတည့်ချိန်ရောက်လာခဲ့ပြီ.....
မင်းဆက်ကိုးဆက်း စစ်ဗုံသံတွေ ရုတ်ခြည်းရပ်တန့်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
စစ်မြင်းရထားပေါ်မှ မန်ရွှမ်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လက်ထဲမှဓားကို မြှောက်ကာ အားမာန်အပြည့်ဖြင့်....
“တပ်သားအားလုံး နားထောင်ကြ..... တကျန်းကို ချေမှုန်းပြီး ရှီပြည်နယ်ကို သိမ်းပိုက်ပြီး ချီတက်ကြလော့....!”
ဤအသံသည် စစ်မြေပြင်ကို တုန်လှုပ်စေသော မိုးခြိမ်းသံကဲ့သို့ပင်။
“သတ်-!!!!"
သောင်းနှင့်ချီသော စစ်သည်များ တညီတညွတ်တည်း အော်ဟစ်ပြီး မြေပြင်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။ မင်းဆက်ကိုးဆက်၏တပ်များသည် ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းကဲ့သို့ တကျန်း စခန်းဆီသို့ ချီတက်သွားကြသည်။
တကျန်း၏ရှေ့တန်းမှ စစ်သည်များ၏ အမူအရာများ ပြောင်းလဲသွားသည်။ သန်းနှင့်ချီသော စစ်သည်များ ထိုနေရာတွင် ရပ်နေကြသည်မှာ ထိတ်လန့်စရာဖြစ်နေပြီ။ ဒါပေမယ့် အားလုံးက တညီတညွတ်တည်း ကြွေးကြော်ပြီး ရှေ့ကို ချီတက်ကြတဲ့အခါမှာတော့ တုန်လှုပ်ခြောက်ခြားမှုတော့ လွင့်စင်သွားခဲ့ချေပြီ.....
မြင်းစီးတပ်သားများ၏ စစ်မြင်းများ ထိတ်လန့်သွားကြပြီး ကြောက်လန့်တကြား ပဒပ်ရပ်ကြကာ ဂနာမငြိမ်ဖြစ်နေကြသည်။
မင်းဆက်ကိုးဆက်ရဲ့ မြင်းတပ်ဟာ လူပေါင်း ရာနဲ့ချီပြီး ရှေ့တန်းမှာ ရှိနေပါသည်။ သူတို့နောက်မှာ ခြေလျင်တပ်သားတွေနဲ့ စစ်ရထားတွေရှိကြသည်။
တကျန်း၏ စစ်သည်များ တံတွေးကို မျိုချရင်း ချွေးသီးချွေးပေါက်များ စီးကျနေကြသည်။
လူအများအပြားသည် ၎င်းတို့၏ လက်နက်များကို ကိုင်ထားရင်း လက်တွေ တုန်နေကြသည်။
ကျန်းယုပင်လျှင် ဦးရေပြား ထုံကျဉ်နေသလို ခံစားရသည်။ စိတ်ထဲမှာတော့.....
“အစ်ကိုတော်ချန်ရှန်း မင်း ရောက်လာမှဖြစ်မယ်......"
အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် မင်းဆက်ကိုးပါး၏တပ်များသည် တကျန်းစစ်တပ်နှင့် သုံးမိုင်မျှသာဝေးတော့သည်။
ထိုအချိန်တွင် မင်းဆက်ကိုးပါးမှ သန်းပေါင်းများစွာသော မြင်းတပ်များ ရုတ်တရက် အရှိန်မြင့်လာသည်။
“သတ်ကြ!!!!"
ထျန်းဂန်မှ စစ်သူကြီးတစ်ဦးသည် ဓားကိုဝင့်ကာ ကြွေးကြော်နေပြီး သူ့နောက်တွင် ရာနှင့်ချီသော စစ်သည်များ လိုက်ပါလာခဲ့သည်။
“သတ်ကြ!!!!"
ထောင်ပေါင်းများစွာသော မြင်းတပ်သားများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အပြည့်ဖြင့် အသော့နှင်လာသောကြောင့် မြေကြီးသည် ပို၍ပင် ပြင်းထန်စွာ တုန်ခါကာ စစ်သားများကို အလွန်ကြောက်လန့်စေပြီး ခြေထောက်များ တုန်ရီနေကြသည်။
မြင်းတပ်သား 200,000 ကို ကယ်ထုတ်နိုင်တဲ့ မင်းဆက်ကို အုပ်စိုးရှင်အဖြစ် သတ်မှတ်ပြီးသားပင်.... တကျန်း၏စစ်သားများသည် ဤမျှလောက်များသော မြင်းတပ်များကို မမြင်ဖူးပေ။ သူတို့ရှေ့တွင် အနည်းဆုံး မြင်းတပ်သား ၅၀၀,၀၀၀ သို့မဟုတ် ထို့ထက်မက ရှိသေးသည်။ ယခုလို မြင်ကွင်းမျိုးမြင်ရမည်ဟု ယောင်လို့ပင်အိမ်မက် မမက်ဖူးပေ။
မြင်းတပ်က မရပ်မနား အရှိန်အဟုန်ဖြင့် ရှေ့ကို တိုးလာခဲ့သည်။
အကွာအဝေးက ပိုနီးလာပြီ။
ရန်သူတပ်များနှစ်မိုင်အကွာသို့ရောက်လာစဉ် ပင်းအန်း မတ်တပ်ထရပ်လိုက်သည်။ သူသည် ဒေါသတကြီးဟိန်းဟောက်ရင်း လက်တစ်ဖက်စီတွင် တူကြီးတစ်ချောင်းကို ကိုင်ထားပြီး တူနှစ်လက်ကို မြင့်မြင့်မြှောက်ထားသည်။
“ဂါးးးးးးးးးးး! ”
ဤကြွေးကြော်သံသည် သိန်းနှင့်ချီသော တပ်သားများ၏ အော်သံကို ဖုံးလွှမ်းသွားလောက်အောင်ကျယ်လောင်သည်။
သူသည် သန်းပေါင်းများစွာသော ရန်သူများကို မကြောက်ဘဲ၊ တိုက်ခိုက်လိုစိတ်ပြင်းပြနေ၏။
သူသည် လောက၏ အုပ်စိုးရှင်တပါးလိုပင်....
ထိုအချိန်တွင် ပင်းအန်းသည် စစ်သူရဲအားလုံး၏အမြင်တွင် စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားခဲ့သည်။
ပင်းအန်းသည် ရက်စက်သော အမူအရာဖြင့် ကြီးကျယ်သော အပြုံးကို ထုတ်ဖော်လိုက်ကာ ရန်သူ ချဉ်းကပ်လာမည့်အချိန်ကို စောင့်မျှော်နေချိန်တွင် တူနှစ်လက်ကို ပြင်းထန်းစွာလွှဲယမ်းကာ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။
ရှေ့တန်းမှ မြင်းတပ်သားများအာ၏လုံး သူ၏ရဲရင့်မှုကြောင့် ထိတ်လန့်သွားသော်လည်း အရှိန်မလျှော့ပေ။ သူတို့နောက်မှာ တပ်သားသန်းပေါင်းများစွာရှိတာကြောင့် သူတို့မှာလည်း ထပ်တူထပ်မျှ ယုံကြည်မှုရှိနေကြသည်။
နှစ်ဘက်ကြား အကွာအဝေးက လျင်မြန်စွာ နီးကပ်လာချေပြီ.....
ပေ ၅၀၀!
ပေ ၃၀၀!
ထိုအချိန်တွင် ကောင်းကင်ကြီးတခုလုံး ရုတ်ချည်း မှောင်သွားသဖြင့် လူတိုင်းက မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသားနဲ့ မော့ကြည့်နေကြသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
လက်ထဲမှာ ဓားကိုင်ထားတဲ့ ထျန်းဂန်စစ်သူကြီးဟာ သရဲတစ္ဆေမြင်လိုက်သလို စိတ်ပျက်အားငယ်မှုတွေကို ထုတ်ဖော်ပြသရင်း သူ့မျက်လုံးတွေ ဂနာမငြိမ်တော့ပေ။
ကြီးမားသော ခရမ်းရောင် လက်ဖဝါးပုံသဏ္ဌန်တစ်ခုသည် တိမ်ပင်လယ်ကိုဖြတ်၍ တိုင် တောင်ကြီးကဲ့သို့ ဆင်းသက်လာသည်။ ခရမ်းရောင် လက်ဖဝါးပုံသဏ္ဌန်၏ အရွယ်အစားသည် တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားပြီး ရာနှင့်ချီသော မြင်းစီးသူရဲများခင်မျာ အမှောင်ထုကိုသာ မြင်နိုင်သည်။
မန်ရွှမ်း စစ်မြင်းရထားပေါ်မှ ရှေ့နှစ်လှမ်းတိုးကာ တုန်လှုပ်သွားခဲ့သည်။
“ရွှေ…ရွှေခန္ဓာနယ်ပယ်…သူ ဒီမှာ!”
သူ့လက်ထဲမှာ ဓားသွားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း မန်ရွှမ်းရဲ့ အသံတွေ သိသိသာသာတုန်ရီနေသည်။
ဝုန်းးးးးးးးး
ခရမ်းရောင် လက်ဖဝါးပုံသဏ္ဌန် ကျဆင်းပြီး ဖုန်မှုန့်များ ထောင်းထောင်းထကာ ရာနှင့်ချီသော မြင်းတပ်သားများ နစ်မြှုပ်သွားခဲ့သည်။ သူတို့နောက်က တပ်ဖွဲ့ဝင် သန်းပေါင်းများစွာလည်း ရပ်န့်သွားပြီး လေပြင်းများ သဲများ ရောထွေးကာ အရပ်ရပ်သို့ ပျံ့နှံ့ကုန်သည်။ မင်းဆက်ကိုးခုရဲ့
တပ်တွေသာမက တကျန်း ရဲ့စစ်သားတွေပါ သူတို့အားလုံး မျက်လုံးတွေကို ဖုံးအုပ်ဖို့ လက်ကိုမြှောက်ထားကြသည်။
ပင်းအန်းသည်လည်း မြေမှုန့်ထဲတွင် နစ်မြုပ်နေခဲ့သည်။ အဝေးမှကြည့်ရသည်မှာ ဖုန်မှုန့်မုန်တိုင်းသည် ပေတစ်ထောင်မြင့်ပြီး တစ်ကမ္ဘာလုံးကို ဖြတ်ကျော်သွားပုံရသည်။
သို့သော်လည်း ကျန်းယုသည် လေးလံသောဝန်ထုပ်ဝန်ပိုးကို သူ့ပခုံးမှ ရုတ်သိမ်းလိုက်သလို ခံစားလိုက်ရသည်။ ဖုန်မှုန့်တွေက သူ့ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး ဘာကိုမှ မမြင်နိုင်တော့ပေ။ သို့သော် ထိုလူရောက်လာသည်ကို သူသိသည်။
ရှုထျန်းကျိ၊ ဟွမ်းချွမ်၊ ကျုံးထျန်းဝူ၊ လင်းရှောင်၊ကျန်းထျန်းရန်တို့လို ဆရာတော်ချန်ရှန်း လာမယ်ဆိုတာကို သိတဲ့သူတွေ အားလုံး စိတ်လှုပ်ရှားနေကြပြီ.....
"အဲ့ဒါဘာလဲ?"
“ကြောက်စရာကောင်းတဲ့ လက်ဖဝါးပုံသဏ္ဍာန်ပဲ..... ဒီလို ကြီးစိုးတဲ့ စွမ်းအားကို ဘယ်သူ ပိုင်နိုင်မလဲ....”
"ဘယ်သူလဲ? သူတို့က ငါတို့ရဲ့ရန်သူတွေလား ....ငါတို့ရဲ့မဟာမိတ်တွေလား....."
“ မဟာမိတ်ပဲဖြစ်ရမယ်....လက်ဖဝါးရိုက်ချက်က ရန်သူဘက်ကိုဉီးတည်နေတယ်လေ.....ဘုရား ဘုရား ကောင်းကင်ကြီး ပြိုကျတယ်လို့တောင် ခံစားရတယ်.....”
“အဟုတ်ပဲ.... အဲဒီလက်ဖဝါးကြီးက ဘယ်လောက်ကြီးလိုက်သလဲ..... တောင်ကြီးတစ်လုံးပြိုဆင်းလာသလို ခံစားရတယ်!”
တကျန်း၏စစ်သားများ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ဗိုလ်ချုပ်ကြီးတွေက သူတို့ကို သတိကြီးကြီးထားပြီး အသံကုန်အော်ပြီးသတိပေးနေရသည်။
ထိုစဉ် လူတစ်ယောက်ကောင်းကင်ပေါ်ကဆင်းသက်လာပြီး ဖုန်မှုန့်များကြားကနေ ပင်အန်းရှေ့သို့ ဆင်းသက်လာသည်။
ပင်းအန်းသည် သူ့ဘေးနားရှိ လူရိပ်ကို သတိပြုမိသောအခါ၊ မသိစိတ်ကြောင့် တူကြီးအား မြှောက်လိုက်ပြီး ထိုသူဘက်သို့ လှည့်လိုက်သည်။
ဘန်းးးးး
ပင်းအန်း၏ နှလုံးခုန်သံ မြန်ဆန်နေပြီ..... သူ၏ကြီးမားသော တူကြီးကို လူစိမ်းက
လက်ဖက်တည်းဖြင့် ပိတ်ဆို့ထားသည်။ ဒါကိုမြင်တော့ သူ့အမူအရာက ပိုလို့တောင် ကြောက်စရာကောင်းလာသည်။
“ရပ်စမ်း...”
သို့သော် ထိုအချိန်တွင် ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာပြီး ပင်းအန်း အံ့အားသင့်သွားသည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာသည် ချက်ချင်းပင် ရူးကြောင်ကြောင် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဆ... ဆရာကြီး…”
ပင်းအန်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ ရုတ်တရက်ပင် ပြင်းထန်သောလေပြင်းတစ်ခု မြေပြင်မှထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များကိုရှင်းလင်းစေကာ ကျန်းချန်ရှန်း၏ရုပ်သွင်ကို တွေ့လိုက်ရသည်။
ကျန်းချန်ရှန်းသည် ငှက်မွေးများဖြင့် ပြုလုပ်ထားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး တိုင်ဟန် ဓားကို ခါးတွင်ချိတ်ဆွဲကာ ချီလင်မြင်းမြီးသားယပ်ကိုလက်ထဲတွင် ကိုင်ထားပြီး ဝှေ့ယမ်းလိုက်သောအခါတွင် လေပြည်သည် စစ်မြေပြင်ရှိ ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။
မကြာမီ မြင်ကွင်းရှင်းလင်းသွားပြီး အားလုံးက ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။
ကျန်းချန်ရှန်း၏ရှေ့က မြေပြင်ပေါ်တွင် အသွေးအသားအညစ်အကြေးများ ရှိနေသည်။ မြင်းသေ၊ လူသေ အလောင်းများ ရှိနေပြီး ၎င်းတို့အားလုံးသည် မိုင်ပေါင်းများစွာ အချင်းဝက်ရှိသော အသားပုံကြီးကဲ့သို့ပင်.....
ကြီးမားသော လက်ဖဝါးပုံကြီးသည် အကျယ်ပေ နှစ်ထောင်နှင့် ပေ သုံးထောင် နီးပါး ရှည်လျားသည်။ သို့သော် လက်ဖဝါးချက်ကျဆင်းရာနေရာတွင် လူသေအလောင်းများစွာလည်း ရှိနေပြီး စိစိညက်ညက်ကြေမွနေသည်မှာ ဆုံထဲထည့်ထောင်းထားသလိုပင်.....
ဒီမြင်ကွင်းက နှစ်ဘက်စလုံးကို ထိတ်လန့်စေခဲ့သည်။
လက်ဖဝါးရိုက်တစ်ချက်ကြောင့် အနည်းဆုံး မြင်းတပ်သား ရာနှင့်ချီ သေဆုံးခဲ့ရသည်။
သေလုမတတ် တုန်လှုပ်ချောက်ချားနေသော မြင်းတပ်သားများသည် တောင်လိုပုံနေသော အလောင်းကောင်များနှင့် သွေးပင်လယ်ကို ငေးမောကြည့်ရင်း အလန့်တကြား မှင်တက်သွားကြသည်။
“ဆရာကြီး.....”
ဟွမ်းချွမ် စိတ်လှုပ်ရှားစွာ အော်လိုက်တော့ လုံချီဘုရားကျောင်းမှ တပည့်များ တယောက်ပြီး တယောက် ရွှင်မြူးကြပြီး တကျန်း စစ်တပ်များ ချက်ချင်း ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြသည်။
"သူက လုံချီ ဘုရားကျောင်းက ဆရာတော်ချန်ရှန်းလား...."
"ဝိုးးးးး ဒါ ဘယ်လို လက်ဝါးသိုင်းလဲ!"
“ဒါက ကြောက်စရာကောင်းလွန်းတယ်... လုံချီဘုရားကျောင်းရဲ့နက်နဲတဲ့သိုင်းပညာပဲလား.....သိုင်းလောကရဲ့ဒဏ္ဍာရီက တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းအစွမ်းထက်လိုက်တာ....!”
"စစ်နတ်ဘုရား.... ဟုတ်တယ်....ဆရာတော်ချန်ရှန်းက တကယ့်စစ်နတ်ဘုရားပဲ..... !"
"ဟားဟားဟား၊ ငါတို့ကို ကယ်တင်လိုက်ပြီ!"
“သိုင်းပညာရှင်တစ်ယောက်မှာ ဒီစွမ်းအားမျိုး ရှိနိုင်မလား.....စစ်မြေပြင်မှာ ငါတွေ့ခဲ့ရတဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ထက်တောင် ပိုစွမ်းတယ်ဟေ့....!!!"
သန်းနှင့်ချီသော စစ်သားများ၏ အော်သံများ ကျယ်လောင်လာကာ ကောင်းကင်ကိုပင် တွန်းလှန်ပစ်ချင်နေပုံရသည်။
သူတို့အရမ်းစိတ်လှုပ်ရှားလွန်းလို့ မူးလဲလုနီးပါးဖြစ်ကုန်ကြသည်။ သူတို့အားလုံး အသေခံတိုက်ခိုက်ဖို့ ပြင်ဆင်နေကြသော်လည်း ဆရာတော်ချန်ရှန်းက ကောင်းကင်မှ ဆင်းသက်လာပြီး စစ်မြေပြင်ကို လက်ဖဝါးရိုက်ချက်တစ်ခုတည်းဖြင့် ရှင်းလင်းလိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့ တစ်သက်လုံး ဒီလို စွမ်းအားတွေကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပေ။
မင်းဆက်ကိုးခုထဲက စစ်သားတွေ သွေးမရှိတော့သလိုဖြူဖျော့နေပြီး တစ်ချို့က သူတို့ရဲ့လက်နက်တွေကို မြေပြင်ပေါ်ပစ်ချလိုက်ကြသည်။
သူတို့ ဘာမြင်ခဲ့လဲ....ဒါက လူသားရောဟုတ်သေးရဲ့လား....
ကျန်းချန်ရှန်း ရှေ့ကို လှမ်းကြည့်လိုက်ရာ မင်းဆက်ကိုးဆက်၏ စစ်တပ်နောက်တွင် လိက်ပါလာသောပညာရှင်အချို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံး အစစ်အမှန်နတ်ဘုရားနယ်ပယ်များဖြစ်ကြသည်။
သေချာရေတွက်ကြည့်လျှင် အားလုံးပေါင်းရှစ်ယောက်......
၎င်းတို့သည် ၎င်းတို့၏ သက်တမ်းကို လောင်ကျွမ်းစေသော မဟာယာနနဂါးမျှော်စင်၏ အစစ်အမှန်နတ်ဘုရားနယ်ပယ်အတုများ မဟုတ်သော်လည်း သူတို့အားလုံးမှာ ပြင်းထန်တဲ့အော်ရာတွေ ရှိပြီး ကြောက်စရာကောင်းတဲ့ ဖိအားတွေ သူတို့ပတ်ဝန်းကျင်မှာ မြင့်တက်နေသည်။
ထိုသူရှစ်ယောက်ထဲတွင် မန်ရွှမ်းလည်းပါသည်။ သူသည် ကျန်းချန်ရှန်းကို စိုက်ကြည့်နေရင်း သူ့အမူအရာက မှုန်ကုပ်ကုပ်ဖြစ်နေသည်။
ရွှေခန္ဓာနယ်ပယ်အကြောင်းကို သူတို့သိကြသော်လည်း ရွှေကိုယ်ခန္ဓာနယ်ပယ်ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ဖူးကြပေ။ ကျန်းချန်ရှန်း၏ ယနေ့တိုက်ခိုက်မှုသည် သူတို့ကို ထိတ်လန့်စေခဲ့သည်။
အဲဒါက ဘယ်လို သိုင်းပညာမျိုးလဲ......
မန်ရွှမ်းက.... "စီနီယာတုံးဖန်း ကျေးဇူးပြုပြီး လှုပ်ရှားပါတော့...."
သူ့အသံက ကောင်းကင်မှာ ပဲ့တင်ထပ်နေသည်။ ကျန်းချန်ရှန်းကို မချုပ်တည်းဘဲ စစ်မြေပြင်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့သာ ခွင့်ပြုလိုက်ရင် သူတို့အားလုံး အသတ်ခံရမည်ကို နားလည်သည်။