ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပဲလား....
Vol. 6 Ch. 81
စီနီယာတုံးဖန်း?
ကျန်းချန်ရှန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပေါ်လာခဲ့သည်။ ထိုရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်ရန် တွန်းအားပေးဖို့အတွက် ဇီဝေ့ အကျဉ်းချခြင်းဗုဒ္ဓလက်ဖဝါးကို တမင်တကာအားလျော့ထားခြင်းပင်....
သူသည် ချီလင်မြင်းမြီးသားယပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်များ တုန်ခါနေခဲ့သည်။ သေသေချာချာ ကြည့်လိုက်ရင် သူ့လက်တွေ တုန်နေတာကိုမြင်ရပါလိမ့်မည်။
ဒါဟာ ကြောက်ရွံ့ခြင်းမှမဟုတ်ဘဲ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ဘေးမှာ ပင်းအန်းသာ ရှိနေသည်။ တခြားသူဆိုရင် သူကြောက်တယ်လို့ ထင်နေပေလိမ့်မည်။
"ထွက်လာခဲ့.... ငါ့ကိုစိတ်မပျက်စေနဲ့!"
ကျန်းချန်ရှန်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ပင်းအန်းက သူ့စကားများကို နားမလည်ဘဲ အဝေးမှ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူရှစ်ပါးယောက်ကိုသာ ငေးကြည့်နေ၏။ သူသည် အချိန်မရွေး အလျင်စလို ခုန်အုပ်တော့မည့် သားရဲနှင့်တူပြီး ကျန်းချန်ရှန်း၏အမိန့်ကိုစောင့်ဆိုင်းနေသည်။
ယခုချိန်တွင် စစ်မြေပြင်တခုလုံး တိတ်ဆိတ်နေ၏။ ကျန်းချန်ရှန်းက ဘာမှ မလှုပ်ရှားသေးဘဲ ဆန်းကြယ်သော စီနီယာတုံးဖန်း ပေါ်လာမည့်အချိန်ကိုစောင့်နေသည်။
“ဒီအဘိုးကြီးက ဒီတိုက်ကြီးမှာ အချိန်အကြာကြီး အသက်ရှင်ခဲ့တာမို့ မင်းဆက် ၄၂ဆက်ကို ဖြတ်သန်းခဲ့ပေမယ့် မင်းကို ငါတစ်ခါမှ မတွေ့ဖူးဘူး... မင်း ဘယ်ကလာတာလဲ.....”
ရေခဲတမျှအေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး မင်းဆက်ကိုးခု၏ စစ်တပ်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လေပွေတစ်ခု ထွက်ပေါ်လာသည်။ လေပြင်းတိုက်ခတ်မှုက လေဆင်နှာမောင်းနှင့် ဆင်တူပြီးအထဲတွင် ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည်။
သူကတော့ စီနီယာတုံးဖန်းပင်....
သူသည် အစိမ်းရောင် ၀တ်စုံကို ၀တ်ထားပြီး ခါးတွင် ဓားတစ်လက်ချိတ်ဆွဲထားသည်။ သူ၏ဆံပင်များသည် ညှိုးနွမ်းနေသော မြက်ပင်များကဲ့သို့ လွင့်ပျံနေရာ သူ့မျက်နှာထားက ဆောင်းရာသီသဖွယ် အေးစက်နေသည်။ သူ့အကြည့်များထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေပြီး ခန္ဓာကိုယ်၏ မျက်နှာပြင်တွင် ရွှေရောင်ဖျော့ဖျော့ အလင်းရောင် ရောင်ပြန်ဟပ်ကာ မပျက်စီးနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။
ကျန်းချန်ရှန်း စစ်မြေပြင်သို့ ရောက်ကတည်းက တစ်ဖက်လူ၏ အရိပ်အယောင်ကို သတိပြုမိသည်။ သို့သော်၊ စီနီယာတုံးဖန်း လူလုံးထွက်ပြလိုက်သည်နှင့် အော်ရာများက
ယခင်အခြေအနေထက် အဆပေါင်းများစွာ တိုးလာသည်။
ရွှေခန္ဓာနယ်ပယ်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကြား ကွာဟချက်မှာ ကြီးမားသည်ဟု ဆိုရမည်ဖြစ်သည်။
ရွှေခန္ဓာနယ်ပယ် ပညာရှင်များ၏ ကိုယ်ခန္ဓာကြံခိုင်မှုနှင့်သွေးချီတို့သည် နေကဲ့သို့ အားကောင်းပြီး သူတို့၏ ခန္ဓာကိုယ်ရှိ စစ်မှန်သောချီသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းတောက်လောင်နေသည်။
စီနီယာတုံးဖန်း ပတ်ပတ်လည်ရှိ လေပွေများရုတ်တရက် လွင့်ပါးသွားပြီး သူသည် လေထဲတွင်လမ်းလျှောက်၍ အစစ်အမှန်နတ်ဘုရားနယ်ပယ်က ရှစ်ယောက်၏ ဦးခေါင်းပေါ်ကနေ ဖြတ်လျှောက်သွားခဲ့သည်။ သူ ကျန်းချန်ရှန်း ဆီသို့ တစ်လှမ်းချင်း လှမ်းလာနေပြီး ခြေလှမ်းတစ်လှမ်းချင်းစီကြား အကွာအဝေးသည် နေရာကူးပြောင်းရေးအစီအရင်သုံးနေသကဲ့သို့ ပေရာနှင့်ချီရှိသည်။
မင်းဆက်ကိုးခုထဲက စစ်သားတွေဟာ နတ်ဘုရားကို မျှော်ကြည့်နေသလိုမျိုး တယောက်ပြီး တယောက် ခေါင်းမော့ကြည့်နေကြသည်။ စစ်မြေပြင်နောက်ဘက်ရှိ စခန်းတွင် မရေမတွက်နိုင်သော ထောက်ပံ့ပို့ဆောင်ရေး တပ်ဖွဲ့ဝင်များသည်လည်း ဤမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစစ်အမှန်နတ်ဘုရားနယ်ပယ်များပင် လွှမ်းမိုးခံခဲ့ရသည်။
ထိုအချိန်တွင် စီနီယာတုံးဖန်းသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသူအဖြစ်သတ်မှတ်ခံထားရသည်။
သူသည် မင်းဆက်ကိုးခု၏တပ်များကိုဖြတ်ကျော်၍ သွေးအိုင်အထက်တွင် ရပ်လိုက်သည်။ သူက ကျန်းချန်ရှန်းကို ဂရုမစိုက်သော အမူအရာဖြင့် ငုံ့ကြည့်နေသည်။
ကျန်းချန်ရှန်း သူ့ကို မော့ကြည့်ကာ ပြုံးလိုက်ပြီး.... "ကျုပ်က တကျန်းကပါ...ခင်ဗျား မသိဘူးလား?"
စီနီယာတုံးဖန်းက မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။
"လာခဲ့...ငါနဲ့တိုက်မယ်.... မင်းက ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဖြစ်နေပဲ..ဘာလို့ ပုရွက်ဆိတ်လေးတွေကိုတိုက်ခိုက်နေရတာလဲ... "
ကျန်းချန်ရှန်း၏ယခင်လုပ်ရပ်များကို ပြက်ရယ်ပြုရင်း သူ့စကားများသည် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။
ကျန်းချန်ရှန်းက ချက်ချင်းပင် လေထဲသို့ ခုန်တက်သွားသည်။ လေထဲသို့ ကြွတက်လာသည်နှင့်အမျှ၊ သူသည် ဘယ်လက်ကို ဝှေ့ယမ်းပြီး ဝိညာဉ်ပဲစေ့များ အဆက်မပြတ် ဖြန့်ကျဲကာ ဝိညာဉ်စစ်သားများကိုဖန်တီးခဲ့သည်။ စီနီယာတုံးဖန်း၏အမြင့်သို့ သူတက်သောအခါတွင် မြေပြင်တွင် ဝိညာဉ်စစ်သားများဖြင့် ပြည့်နေသည်။
စီနီယာတုံးဖန်းက မျက်မှောင်ကြုတ်ကာ ..... "ဒါက ဘယ်လိုထူးခြားတဲ့ နည်းပညာလဲ"
ကျန်းချန်ရှန်းက..... "ဒါက ပရိယာယ်ကိုဖုံးကွယ်ထားတဲ့မီးခိုးတွေပါ... လာပါ ရွှေခန္ဓာနယ်ပယ်ရဲ့ စွမ်းအားကို ခံစားကြည့်ရအောင်......”
"ဒါဆို တိုက်ကြစို့!"
စီနီယာတုံးဖန်း၏ ညှိုးနွမ်းနေသော ဆံပင်များ လွင့်ပျံလာပြီး သူ၏ ပြင်းထန်သော အငွေ့အသက်များ ပေါက်ကြားလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများကလည်း ပို၍ ထင်ရှားလာသည်။
သူတို့နှစ်ယောက်က ကောင်းကင်အမြင့်ပိုင်းမှာရှိနေကြတာမို့ စစ်မြေပြင်က စစ်သားတွေ သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ စီနီယာတုံးဖန်း၏ခန္ဓာကိုယ် ရွှေရောင်အလင်းတန်းများ လင်းလက်တောက်ပနေသည်ကိုသာ မြင်နိုင်ကြသည်။
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦး ရောက်လာပြီဆိုသောကြောင့် တိုက်ပွဲစဖို့ အချိန်တန်ပြီ.....
မန်ရွှမ်းက..... “သူတို့ကို သတ်ပြီး တကျန်းရဲ့ စစ်တပ်ကို ချေမှုန်းကြမယ်” လို့ ချက်ချင်း အော်လိုက်သည်။
သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ထပ်ပြီး ချီတက်လာကာ မြင်းတပ်များသည် သွေးအိုင်တစ်ဝိုက်တွင် လှည့်ပတ်ကာ တကျန်းစစ်တပ်ကို ဘယ်ညာနှစ်ဖက်ညှပ်၍ ဝန်းရံရန် ပြင်ဆင်နေသည်။ ခြေလျင်တပ်သား၊ လေးသမားနှင့် သံချပ်ကာတပ်သားများက မြင်းတပ်နောက်သို့ လိုက်လာကြသည်။ ကောင်းကင်ကနေ ကြည့်လိုက်ရင် သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို လမ်းကြောင်းနှစ်ခု ခွဲ၍မြင်နိုင်သည်။ သူတို့သည် သိုးငယ်များကို ကိုက်စားလိုသော ကျားနှင့်တူနေသည်။
လွင်တီးခေါင်ပြင်က စစ်မြေပြင်တွင် ကြွေးကြော်သံများဖြင့် ပြည့်နှက်နေသည်။
မင်းဆက်ကိုးခု၏စစ်တပ်များ ပထမဆုံးရင်ဆိုင်ရမှာက ဝိဉာဉ်စစ်သားများပင်.... ဝိညာဉ်စစ်သား တစ်ရာနီးပါးသည် ၎င်းတို့၏ အရေအတွက်ကို တိုးချဲ့ရန် စက္ကန့်တိုင်း ဆင်းသက်လာကြသည်။
ထိုအချိန်တွင်၊ ကျန်းယုကလည်း တစ်ဖက်တပ်သားများ ချဉ်းကပ်လာရန် စောင့်နေသည်။
ကောင်းကင်ယံ၌ စီနီယာတုံးဖန်းက ကျန်းချန်ရှန်းကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ဤရိုက်ချက်က ကြောက်ခမန်းလိလိ ပြင်းထန်လှသည်။
ကျန်းချန်ရှန်းရဲ့ ၀တ်စုံနဲ့ ဆံပင်ရှည်တွေက လေထဲမှာ တဖျပ်ဖျပ်လွင့်နေပေမယ့် ဒဏ်ရာမရခဲ့ပေ။
စီနီယာ တုးဖန်း ထိတ်လန့်သွားသော်လည်း ရုတ်တရက် ပျောက်သွားပြီး ကျန်းချန်ရှန်းရဲ့ ရှေ့တွင်ပေါ်လာကာ ခါးတွင်ချိတ်ဆွဲထားသောဓားကိုဆွဲထုတ်လိုက်လေသည်။
ဝုန်းးးးး
ဆေဘာချီနှင့် ဓားချီတို့ ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါက်ကွဲကာ တိမ်ပင်လယ်ကြီးက ပြန့်ကျဲနေသည်မှာ အလွန်ပင် ခမ်းနားပုံရသည်။
စီနီယာတုံးဖန်းက ဓားကို အရူးအမူး ဝှေ့ယမ်းလိုက်သည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်ပြီး ပုံရိပ်များယောင်များသာကျန်ရစ်ကာ တစ်ချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော လက်များ ဝှေ့ယမ်းနေသကဲ့သို့ အားကောင်းပြီး အံ့မခန်းပင်။ ကျန်းချန်ရှန်းက ချီလင်မြင်းမြီးသားယပ် ကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူ၏ လှုပ်ရှားမှုများက စီနီယာတုံးဖန်းထက် များစွာနှေးကွေးသော်လည်း သူ့ပြိုင်ဘက်၏ ဓားချက်တိုင်းကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ လှုပ်ရှားမှုတိုင်းကို ထိန်းညှိပေးရင်း ပဲစေ့များကို ဆက်လက်ကျဲပက်နေသည်။ အဆုံးမရှိသော ဝိညာဉ်ပဲစေ့များသည် စစ်မြေပြင်တွင် မိုးသက်များကဲ့သို့ ဆင်းသက်လာချိန်တွင် ဝိညာဉ်စစ်သားများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ…”
စီနီယာတုံးဖန်း မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။
သူသည် ရွှေခန္ဓာနယ်ပယ်သို့ ခြေလှမ်းစကတည်းက အခြားသော ရွှေခန္ဓာနယ်ပယ်အဆင် ကျွမ်းကျင်သူများနှင့်တွေ့ဖူးသော်လည်း ထိုမျှလောက် အစွမ်းအစမရှိခဲ့ပေ။ တစ်ဖက်သား၏ နားမလည်နိုင်သော ခွန်အားများက သူ့ကို ထိတ်လန့်စေသည်။ ထိုသို့သောဖိအားကို နောက်ဆုံးအကြိမ်
ခံစားခဲ့ရသည်မှာ နှစ်ရာနှင့်ချီရှိပြီဖြစ်သည်။
စီနီယာတုံးဖန်း ရုတ်တရက် နောက်ဆုတ်သွားပြီး သူ့ဓားကို ညာလက်ဖြင့် မြှောက်လိုက်သည်။
မိုးကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ဒေါသတကြီးအော်ဟစ်သံနှင့်အတူ ဓားကိုလွှဲခုတ်လိုက်ရာ ဓားသွားအလင်းသည် တဖျပ်ဖျပ်ဖျပ်ခတ်ပြီး ပေတစ်ထောင်ရှည်လျားသော ဆေဘာချီကို ပစ်လွှတ်လိုက်သည်။ထိုအခါ ကောင်းကင် နှစ်ခြမ်းကွဲသွားပြီး ကျန်းချန်ရှန်းနဲ့ တိုက်မိတော့မလိုပင်.... သို့သော်လည်း ကျန်းချန်ရှန်းက ချီလင်မြင်းမြီးသားယပ်ဖြင့် အလွယ်တကူ တားဆီးခဲ့သည်။
ကျန်းချန်ရှန်း၏ သဘောထားမှာ ငြိမ်သက်နေပြီး သူ့ဘယ်ဘက်လက်မှ ပဲစေ့
လက်တစ်ဆုပ်စာပင် ဖြန်းပက်လိုက်သေးသည်။
ဒါကိုမြင်တော့ စီနီယာတုံးဖန်းရဲ့အမူအရာ အလွန်ရုပ်ဆိုးသွားသည်။ မင်းဆက်ကိုးခုရဲ့ ရှေ့တန်းတပ်တွေက ဝိညာဉ်စစ်သားတွေနဲ့ တိုက်ပွဲဖြစ်နေပြီး ထိုအချိန်တွင် မြင်းတပ်ကို ထောင်ပေါင်းများစွာသော ဝိညာဉ်နယ်ပယ် ကျွမ်းကျင်ပညာရှင်များနှင့် ညီမျှသော ဝိညာဉ်စစ်သည် ထောင်ပေါင်းများစွာကပိတ်ဆို့တားဆီးထားသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ခုနှစ်ယောက် ပြေးလာသော်လည်း ပင်းအန်းက ရုတ်တရက် သူ၏တူနှစ်လက်ကို ပစ်လွှတ်လိုက်ရာ စစ်မြင်းနှစ်ကောင်ကို ထိမှန်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားလေသည်။ အနီးနားရှိ တပ်သားများ၏ သွေးများ စီးကျလာပြီး မြင်းစီးသူရဲများနှင့် စစ်မြင်းများကို တူနှစ်လက်ဖြင့် မရပ်မနား တိုက်ခိုက်နေချေပြီ......
ပင်းအန်းသည် ရိုင်းစိုင်းစွာ ရယ်မောကာအစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ခုနှစ်ယောက်ကို ရင်ဆိုင်ရန် ခုန်ဆင်းလိုက်သည်။
ချင်ဝမ်က..... “စစ်ဗုံတွေတီးခတ်!!!!ရန်သူကို သတ်ကြ....!”
နှစ်ဖက်စလုံးမှ စစ်ဗုံများ တီးခတ်နေကြပြီး အင်အားသန်းချီသော စစ်တပ်သည် လှောင်အိမ်ထဲမှလွတ်မြောက်လာသော ကျားတစ်ကောင်ကဲ့သို့ စစ်မြေပြင်သို့ ပြေးသွားခဲ့သည်။ တိုက်ပွဲမျက်နှာစာသည် မိုင်ပေါင်းများစွာ ရှည်လျားပြီး တပ်ကိုးတပ်၏ ဝန်းရံမှုကို မိုင်ဒါဇင်နှင့်ချီ၍ ချဲ့ထွင်နေဆဲဖြစ်သည်။
ဝုန်းးးးး
ထိုစဉ် လူရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး မင်းဆက်ကိုးခု၏ တပ်ထဲသို့ ဝင်သွားသည်။ ဥက္ကာခဲတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသကဲ့သို့ စစ်သားရာပေါင်းများစွာ သေဆုံးခဲ့ရသည်။
အနီးနားရှိ စစ်သားများက ဖြစ်ပျက်နေသည်ကို မြင်လိုစိတ်ဖြင့် ထိတ်လန့်စွာ ကြည့်နေကြသော်လည်း နောက်ထပ် စစ်သားများက ရှေ့ကို တိုးနေဆဲ ဖြစ်သည်။ စစ်ပွဲစတင်နေပြီဖြစ်ပြီး နှစ်ဖက်တပ်များ အချင်းချင်း ထိပ်တိုက်တွေ့နေပြီဖြစ်သည်။
ဖုန်မှုန့်များ လွင့်စင်သွားသောအခါ စီနီယာတုံးဖန်း ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်နေပြီး
အဝတ်တွေ စုတ်ပြဲနေကာ လက်ထဲက ဓားလည်း ကျိုးသွားနေပြီ..... သူသည် ကောင်းကင်ကို မယုံနိုင်စွာ မော့ကြည့်နေ၏။
မန်ရွှမ်းလည်း စီနီယာတုံးဖန်း အဖြစ်ကို မြင်သောအခါ သူ့အမူအရာ ပြောင်းသွားသည်။
စီနီယာတုံးဖန်းတောင် ဒီနတ်ဆိုးဘုန်းကြီးကို မနိုင်ဘူးလား...သူ့ကို အနိုင်မယူနိုင်ရင်တောင်မှ ထိန်းထားနိုင်သေးတယ် မဟုတ်လား !ဘယ်လိုမှ နားမလည်နိုင်တော့ဘူး....
ထိုစဉ် ကျန်းချန်ရှန်း၏ အသံ ကောင်းကင်မှ ထွက်ပေါ်လာသည်။
“ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပဲလား...."
စီနီယာတုံးဖန်းကသာ သူ့စကားကိုကြားနိုင်ပြီး ဒေါသတကြီးဖြစ်သွားသည်။ သူ့ဘဝ ဆုံးခန်းတိုင်တော့မှာမို့ မယှဉ်နိုင်မှန်းသိပေမယ့် သေတဲ့အထိ တိုက်ပွဲဝင်ချင်နေတုန်းပင်....
အနှစ်သုံးရာ သိုင်းပညာ လေ့ကျင့်ပြီးနောက် ဒီလိုအရှက်ကွဲခံလို့ ဘယ်ဖြစ်မလဲ......
စီနီယာတုံးဖန်းသည် စုတ်ပြဲနေသော ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ၀တ်စုံကို ဆုတ်ဖြဲကာ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ထားသည်။ထိုအခါ သူ၏ ကိုယ်လုံးကိုယ်ပေါက် ကြီးထွားလာပြီး ကြွက်သားများ သန်မာလာသည်။ သူ့ခန္ဓာကိုယ်မျက်နှာပြင်က ရွှေရောင်ပြောင်းသွားကာ လေပြင်းများ တိုက်ခတ်ပြီး လေပေါ်မြှောက်တက်လာသည်။
ဝုန်းးးးးးး
မိုးကြိုးများ ရုတ်တရက် စုရုံးလာပြီး ကောင်းကင်၏ စွမ်းအားများက စစ်မြေပြင်ကို ဖုံးလွှမ်းသွားကာ နှစ်ဖက်လုံးရှိ စစ်သည်များ၏ သွေးများ ပွက်ပွက်ဆူလာခဲ့သည်။
စီနီယာတုံးဖန်း၏ရွှေရောင်ကိုယ်ထည်သည် သွေးများဖြင့် လောင်ကျွမ်းသွားကာ ကောင်းကင်နှင့်မြေကြီး တုန်ခါကာ မိုးခြိမ်းသံများပို၍ ကျယ်လောင်လာသည်။
တကျန်း၏ စစ်သည်များက ဝိညာဉ်စစ်သားများနှင့်အတူ တပ်ကိုးခုကို အတူတကွ တိုက်ခိုက်နေကြဆဲပင်....
ဧကရာဇ်ယန်ကျောက်၊ရှုထျန်းကျိ၊ဟွမ်းချွမ်၊လင်းရှောင်နှင့်လီကျွင်းတို့က အထိန်းအကွပ်မဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်မှာ ဝံပုလွေများနှင့် သိုးအုပ်ထဲရောက်နေသည့်နှယ်.....
တုံးဝူတောင်ကြားနှင့်ကြယ်စင်စုဝေးခြင်းမျှော်စင်တို့မှ ပညာရှင်များရောက်ရှိနေကြသဖြင့် တိုက်ပွဲကတော့ အကြိတ်အနယ်ပင်......
စစ်မြေပြင်တစ်ခုလုံး မှောင်မိုက်သွားကာ စီနီယာတုံးဖန်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် အတောက်ပဆုံးသောတည်ရှိမှုဖြစ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းသည် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက်ဖြစ်နေပြီး အော်ရာများ တည်ငြိမ်စွာ မြင့်တက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ လေနှင့် တိမ်များကို မညှာမတာ လွှမ်းမိုးချုပ်ကိုင်ထားသည်။
ဒီအချိန်မှာပဲ!
မိုးကြိုးတိမ်တိုက်များ ပြန့်ကျဲနေပြီး ခရမ်းရောင်အလင်းတန်းများက ကမ္ဘာမြေကို လင်းထိန်စေသည်။ မရေမတွက်နိုင်သော လူများက မျှော်ကြည့်ကာ အံ့သြသွားကြသည်။
အရင်ကထက် ပိုကြီးတဲ့ ခရမ်းရောင် လက်ဖဝါးပုံသဏ္ဌာန် ပေါ်လာပြန်ပြီ.....
ထိုအရာက ကောင်းကင်ကို ဖုံးအုပ်ပြီး နေရောင်ကို ကာဆီးထားသည်။
ဇီဝေ့အကျဉ်းချခြင်းဗုဒ္ဓလက်ဖဝါး.......
ကျန်းချန်ရှန်းသည် မြင့်မားပြီး ခွန်အားကြီးသည်။ ပဲစေ့တွေကို ဖြန်းရင်းနဲ့ စီနီယာတုံးဖန်းကို ဘာမှမထူးခြားတဲ့ အမူအရာနဲ့ ငုံ့ကြည့်နေသည်။
"ခင်ဗျား ဒီလက်ဖဝါးကို ရွှေခန္ဓာနယ်ပယ်အဆင့်နဲ့ ဘယ်လို ခံနိုင်ရည်ရှိမှာလဲ"
စီနီယာတုံးဖန်းသည် ဇီဝေ့အကျဉ်းချခြင်းဗုဒ္ဓလက်ဖဝါးကို ထိတ်လန့်သော်လည်း သူပြင်ဆင်ထားပြီးဖြစ်သည်။ ကြောက်နေပေမယ့် ဘယ်တော့မှ ထွက်ပြေးမည်မဟုတ်ပေ.....
“မာနကြီးလိုက်တဲ့ကောင်... !”
မြှားကဲ့သို့ လေထဲသို့ ခုန်တက်သွားပြီး သူ့ရဲ့ ညာဘက်လက်သီးထဲကို အစစ်အမှန်ချီကို ထိုးသွင်းလိုက်တဲ့အတွက် သူ့ရဲ့သွေးကြောတွေဟာ မြွေတွေနဲ့တူနေခဲ့သည်။ တခဏချင်းမှာပဲ သူ့ရဲ့ ညာလက်သီးဟာ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ဖုံးလွှမ်းနေပြီး လက်သီးထိုးလိုက်ချိန်မှာ လေခွင်းသံပင်ကြားနေရသည်။
သူ့ရဲ့အစစ်အမှန်ချီများ ပေါက်ကွဲပြီး ရွှေရောင်နဂါးတစ်ကောင်ကို ထုတ်လွှတ်ပေးလိုက်သည်။ ဤရွှေနဂါးကြီးသည် ပေတစ်ထောင်ရှည်လျားပြီး အလွန်တရာ အံ့မခန်း အစွမ်းထက်လှသည်။ နဂါး၏ဟိန်းဟောက်သံသည် စစ်မြေပြင်တစ်လျှောက် ကျယ်လောင်လာပြီး ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော် ဇီဝေ့ အကျဉ်းချခြင်းဗုဒ္ဓလက်ဖဝါးရှေ့တွင်၊ ဤရွှေနဂါးသည် သန်ကောင်ကဲ့သို့သေးငယ်လှသည်။
ဝုန်းးးးးးးးးးး
ရွှေနဂါးသည် ခရမ်းရောင် လက်ဖဝါးနှင့် တိုက်မိပြီး လွင့်စင်သွားသည်။ ခရမ်းရောင် လက်ဖဝါး၏ အရှိန် ရုတ်တရက် တိုးလာပြီး စီနီယာတုံးဖန်းဆီသို့ ရုတ်တရက် ထိုးကျသွားသည်။ ထို့နောက်တွင် မင်းဆက်ကိုးခု၏တပ်များဆီကိုပါ ဆက်လက်ဆင်းသက်လာခဲ့သည်။
တိုက်ပွဲဝင်နေသော မင်းဆက်ကိုးပါးမှ စစ်သားများ လေပြင်းတိုက်ခတ်မှုကြောင့် ရုတ်တရက် မှောက်ကျသွားကြီး သန်းပေါင်းများစွာသော စစ်သည်များ ကောက်ရိုးကဲ့သို့ ခုတ်လှဲခံခဲ့ရသည်။ တကျန်းရဲ့ စစ်သားတွေကိုတောင် တွန်းထုတ်ခံခဲ့ရသေးသည်။
သူတို့ လှည့်ကြည့်လိုက်တော့ ဖုန်မှုန့်တွေ တဟုန်ထိုး လွင့်ပျံနေတာကို တွေ့လိုက်ရကာ မြေပြင်သအက်ကွဲသွားပြီး အက်ကြောင်းများက အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။
စစ်ရထားပေါ်မှာ စစ်ဗုံစစ်မောင်း တီးခနေတဲ့ မင်းဆက် ကိုးဆက်က စစ်သားတွေ တယောက်ပြီး တယောက် မတ်တပ်ရပ်လိုက်ပြီး ရှေ့ကို ကြောင်စီစီနဲ့ ကြည့်နေကြသည်။ မန်ရွှမ်းပင်လျှင် ဖုန်မှုန့်များ နစ်မြုပ်သွားသည်အထိ ထိုနေရာတွင် အမြစ်တွယ်နေ၏။
" အစွမ်းထက်လွန်းတယ်...."
တကျန်း စခန်းမှာ ရပ်နေတဲ့ ကျန်းယု ထိုသို့ ရေရွတ်ရင်း တုန်လှုပ်သွားသည်။
အဝေးမှပင် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ရိုက်ချက်က ကြီးမားလွန်းတော့ မဟာမိတ်ဖြစ်သူတောင်မှ စိတ်ပျက်လက်ပျက် ခံစားနေရသည်။
အကယ်၍ ဤမျှကြီးမားသော လက်ဖဝါးကြီးသာ ကျန်းမင်းဆက်စစ်တပ်အတွင်းသို့ ကျဆင်းလာလျှင် ဘယ်လောက်ထိ ကြောက်စရာကောင်းမည်နည်း.... လက်ဖဝါးတစ်ဖက်တည်းနဲ့ စစ်ပွဲကို သေချာပေါက် အဆုံးသတ်နိုင်ပါလိမ့်မည်။
လေပြင်းများ တိုက်ခတ်လာကာ စစ်မြေပြင်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။
ပင်းအန်းသည် သူ၏ တူနှစ်လက်ကို ကောက်ယူပြီး ဆက်လက် သတ်ဖြတ်နေဆဲင်.. သူသည် ဖုန်မှုန့်ဒဏ် လုံးဝ မခံရပေ။ သူသည် အဆက်မပြတ်သတ်နေသော သားရဲကြီးနှင့်တူသဖြင့် သူ့ကိုဝိုင်းထားသည့် အစစ်အမှန်နတ်ဘုရားနယ်ပယ်များ ထိတ်လန့်သွားကြသည်။
"စီနီယာတုံးဖန်း မသေဘူးမလား"
" ဘယ်လိုဖြစ်နိုင်မှာလဲ? သူက ရွှေခန္ဓာနယ်ပယ်မှာ ရှိနေတာလား.....”
“နတ်ဆိုးဘုန်းကြီးက ရက်စက်လွန်းတယ်.....”
" ဒါ ဘယ်လိုမျိုး သိုင်းပညာလဲ...သိုင်ပညာတစ်ခုက ဘယ်လောက်တောင် အားကောင်းသလဲ”
စစ်မြင်းရထားပေါ်မှာ၊ မန်ရွှမ်းက သူ့ရဲ့ အစစ်အမှန်ချီကို ထုတ်လွှတ်လိုက်ပြီး ဖုန်မှုန့်တွေကို ရှင်းလင်းကယ စီနီယာတုံးဖန်း တက်လာတာကိုမြင်ရဖို့ တချက်ကြည့်လိုက်သည်။
ဒီအချိန်မှာပဲ.....
သူ့လက်ထဲက ဓားရှည် ပြင်းထန်စွာ တုန်ခါသွားသည်။ မသိစိတ်ကြောင့် လက်သီး ဆုပ်ထားသော်လည်း ထိန်းမရပေ။ ဓားရှည်သည် လေထဲသို့ မြောက်တက်လာပြီး အနီးနားရှိ စစ်သည်များ၏ လက်နက်များလည်း ထိုနည်း၎င်းပင်....
"ဘာတွေဖြစ်နေတာလဲ…"
မန်ရွှမ်း ကြောက်လန့်တကြား မော့ကြည့်လိုက်ပြီး ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။