ဟာသဇာတ်လမ်းတို အစီအစဉ် စတင်ပြီ
Vol. 40 Ch. 592
အစီအစဉ်ကို အပြီးသတ်ပြီးသွားလေပြီ။
Gala နွေဦးပွဲတော်၏ စင်နောက်ဘက် ဝန်ထမ်းများ ထပ်မံ၍ အလုပ်များသွားပြီး လူတိုင်းသည် ဟာသ ဇာတ်လမ်းတို အစီအစဉ်အတွက် ပစ္စည်းများ ပြင်ဆင်နေကြသည်။
ပစ္စည်းများက ရိုးရှင်းပါသည်။ စားပွဲတစ်လုံးနှင့် အစီအစဉ်အတွက် အဝတ်အစားများ ဖြစ်လေသည်။
ဘာမှ အမှားအယွင်း မရှိစေရန် အသံဖန်တီးချက်များကိုလည်း စစ်ဆေးနေကြသည်။
မကြာခင်မှာပင် ရဲ့လင်းချန်ထံသို့ အဝတ်အစားတစ်စုံ ယူလာသည်။
“ဒါ အဆင်မပြေဘူး”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“ငါတို့က လှုပ်ရှားမှု များများစားစား မပါဘဲ စကားပဲ ပြောမှာလေ၊ ဒီလို ကြွားဝါလွန်းတဲ့ အဝတ်အစားမျိုးနဲ့ မသင့်တော်ဘူး၊ ပိုပြီး သာမန်ဖြစ်တဲ့ အဝတ်အစားမျိုး ရှာပါ၊ ဘာအဆင်မှ မပါဘဲ မီးခိုးရောင်ဆို ပိုကောင်းတယ်”
အမိန့်ရသောအခါ ဝန်ထမ်းများသည် ဝတ်စုံကို အပြေးအလွှား ရှာဖွေကြတော့သည်။
လက်ရှိတွင် ၎င်းသည် အရေးကြီး ကိစ္စများထဲမှ တစ်ခုဖြစ်ပြီး စက္ကန့်တိုင်းက အရေးပါလှသည်။ လူတိုင်း သွေးပျက်သော အခြေအနေသို့ ရောက်နေ၏။
သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
ရဲ့လင်းချန် ရှောင်ယွဲ့ယွဲ့ကို လှမ်းကြည့်လိုက်သောအခါ သူက မျက်မှောင်ကြုတ်၍ စာသားများကို မှတ်သား နေသည်။ ရဲ့လင်းချန် ပြုံးလိုက်မိပြီး သူ့အား သည်အတိုင်း ထားလိုက်တော့သည်။
ဇာတ်ညွှန်းက အဆင်ပြေသော်လည်း ဟာသ ဇာတ်လမ်းတိုသည် ဇာတ်ညွှန်းထက် သရုပ်ဆောင် အပေါ်တွင် ပို၍ မူတည်လေသည်။
တူညီသော ဇာတ်ညွှန်းကို ပေးလိုက်လျင် အချို့က ရယ်စရာ ဖြစ်အောင် လုပ်နိုင်သော်လည်း အချို့မှာမူ တခြားသူများ ဘာမှ မထူးခြားပုံပေါက်အောင် ပြောမိသွားတတ်သည်။ ယင်းက ခြားနားချက်ပင်။
ငါးမိနစ်ကြာသော် ရှောင်ယွဲ့ယွဲ့က ရဲ့လင်းချန်ကို လှမ်းကြည့်လာသည်။
“မင်း မှတ်ပြီးသွားပြီလား”
“အင်း မှတ်ပြီးပြီ၊ စာသားတွေက တိုပြီးတော့ ရှင်းတယ်”
“ကောင်းတယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ရှောင်ယွဲ့ယွဲ့၏ အခြေခံက ခိုင်မာပေသည်။
“အခု ငါတို့ ပြောရမယ့် စကားတွေကို စမ်းပြောကြည့်မယ်”
“ငါ အခြေခံ စကားတွေကို ကျော်လိုက်မယ်၊ မင်းဆရာက မင်းကို အရင်က သင်ဖူးမှာ သေချာတယ်၊ ငါ မင်းနဲ့ လေ့ကျင့်ဖို့လိုတဲ့ အကွက်လေးတွေ ရှိတယ်၊ ဥပမာ ဒီစာသားပေါ့၊ မင်းလေသံက နူးညံ့ပြီး သိမ်မွေ့ဖို့ လိုတယ်၊ ဒီအပိုင်းမှာ မင်းရဲ့ အမူအရာနဲ့ ငါနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုတယ်၊ ငါ မင်းကို သရုပ်ဖော်ပြမယ်၊ ဒီလို … မှတ်ထားပါ၊ အရေးကြီးဆုံး အရာက မင်းရဲ့ ခံစားချက်ပဲ၊ မင်းရဲ့ ခံစားချက်တင် မကဘူး၊ ပရိသတ်တွေရဲ့ ခံစားချက်တွေကိုပါ ထွက်လာအောင် လုပ်ရမယ်”
တစ်ခဏမျှ စကားပြောပြီးနောက် ဖျော်ဖြေမည့် အချိန်က နီးသထက် နီးလာသည်။
ရုတ်တရက် ရှောင်ယွဲ့ယွဲ့၏ ဖုန်းက မြည်လာလေသည်။
“ခွင့်ပြုပါဦး”
ရှောင်ယွဲ့ယွဲ့က ခပ်မြန်မြန် ခွင့်တောင်းလိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်ကြည့်လိုက်သည်။
“ငါ့ဆရာ ဆက်တာ”
တစ်ခဏကြာသော် သူသည် ဖုန်းအား ရဲ့လင်းချန်အား လွှဲပေးလိုက်သည်။
“ငါ့ဆရာက မင်းနဲ့ စကားပြောချင်နေတယ်”
“ဟဲလို ငါက ကောတန့်ရှန်းပါ”
“ဟဲလို ဆရာ တန့်ရှန်း”
“ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး၊ ပြီးတော့ ငါက ငါ့မိသားစုနဲ့အတူ မြို့တော်အပြင်ကို ရောက်ပြီးနေပြီ၊ ငါ တကယ်ကို အချိန်မီ ပြန်မလာနိုင်လို့ပါ၊ ငါ ဒါရိုက်တာဖုန့်ဆီကနေ အခြေအနေကို ကြားပြီးပါပြီ၊ အဆင်မပြေ ဖြစ်သွားတဲ့အတွက် ငါ တောင်းပန်ပါတယ်”
ကောတန့်ရှန်းက အခြားသော စီနီယာများကဲ့သို့ ဟိတ်ဟန်မကြီးချေ။
“ကိစ္စမရှိဘူး ဆရာ တန့်ရှန်း”
ဖုန်းတစ်ဖက်မှ ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ကောတန့်ရှန်းက လေးနက်သောအသံဖြင့် ရုတ်တရက် ပြောလာသည်။
“မင်းရဲ့ ဇာတ်ညွှန်းက သိပ်ကောင်းတယ်လို့ ငါ ရှောင်ယွဲ့ယွဲ့ဆီကနေ ကြားပြီးပါပြီ၊ ဟာသ ဇာတ်လမ်းတိုက … အခု မင်းလက်ထဲမှာပါပဲ”
သူ သိပ်မပြောသော်လည်း ရဲ့လင်းချန်သည် ဖိအားနှင့် တာဝန်ဝတ္တရားတို့ကို ခံစားမိနေသည်။
“စိတ်ချပါ ဆရာ တန့်ရှန်း၊ ကျွန်တော့် တာဝန်ထားလိုက်ပါ”
“ကျေးဇူးတင်ပါတယ်”
“မင်းဆရာက ဟာသ ဇာတ်လမ်းတိုကို ငါတို့လက်ထဲ အပ်သွားပြီ”
ထိုသို့ ရိုးရှင်းသော ရဲ့လင်းချန်၏ စကားတစ်ခွန်းက ရှောင်ယွဲ့ယွဲ့၏ အမူအရာကို လေးနက်သွားစေသည်။
သူတို့သည် တာဝန်ဝတ္တရားတို့ကို ခံယူရပေတော့မည်။
ဟာသ ဇာတ်လမ်းတို လောက၏ ထိပ်တန်း ပညာရှင်က အပ်သွားသဖြင့် ယင်းသည် လေးနက်သော ကိစ္စတစ်ခုပင်။
“ဆရာရဲ့ ကျွန်တော် အသင့်ဖြစ်ပါပြီ”
ရှောင်ယွဲ့ယွဲ့က ရုတ်တရက် ထပြောလာပြီး ရဲ့လင်းချန်အား ဆရာရဲ့ဟု ခေါ်ဝေါ်လာသည်။
…
“ရဲ့နတ်ဘုရား၊ ရှောင်ယွဲ့ယွဲ့၊ ခဏနေရင် မင်းတို့အလှည့်ပဲ၊ အဝတ်အစား လဲထားလိုက်တော့၊ နောက်လာမယ့် အစီအစဉ်က ဟာသ ဇာတ်လမ်းတိုပဲ”
တစ်စုံတစ်ယောက်က တံခါးအပြင်ဘက်မှနေ၍ အဆောတလျင် အော်ပြောလာသည်။
Gala နွေဦးပွဲတော်၏ စင်နောက်ဘက် ဝန်ထမ်းအားလုံး အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
“သူတို့အလှည့်လား၊ ဘာလို့ အဲ့လောက် မြန်ရတာလဲ”
“အား … ငါ အရမ်း စိုးရိမ်နေပြီ၊ သေရေးရှင်ရေးက ဒီအပေါ်မှာ မူတည်နေပြီ”
“ပြင်ဆင်တာက ဘယ်လို ဖြစ်သွားလဲ”
“ဇာတ်ညွှန်းက ကောင်းတယ်လို့ ငါ ကြားခဲ့တယ်၊ အဲ့ဒါ ဟုတ်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်”
“အစီအစဉ်ကို ပြင်ပြီးသွားပြီ ပြီးတော့ ပစ္စည်းတွေကလဲ စင်ပေါ်မှာ အသင့်ဖြစ်နေပြီ”
“မြန်လှချည်လား၊ ဇာတ်ညွှန်းက တကယ်ပဲ အဆင်ပြေရဲ့လား”
“ဇာတ်ညွှန်းရှိရင်တောင်မှ စာသားတွေ အံကိုက်ဖြစ်ဖို့ ခက်လောက်တယ်”
“တော်လိုက်တော့၊ မင်းတို့ စိတ်ပူနေတာကို ရပ်လိုက်တော့၊ ဒီလောက် အချိန်တိုအတွင်းမှာ သူတို့ ဖျော်ဖြေဖို့ ပြင်နိုင်တာကတင် လုံလောက်နေပြီ”
“ဟုတ်တယ်၊ ဘာအစီအစဉ်မှ မရှိတာထက်တော့ အများကြီး သာပါသေးတယ်၊ အခု ထူးခြားဆန်းကြယ် ဖြစ်ရပ်မျိုး ဖြစ်လာဖို့ပဲ မျှော်လင့်ရတော့မယ်”
ဖုန့်ရှောင်ဖုန်းသည် အလွန် စိုးရိမ်ပူပန်နေပြီး နှလုံးဖောက်လုမတတ် ဖြစ်နေ၏။ သို့သော် သူ ကူညီနိုင်တာ ဘာမှမဟုတ်ချေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အစီအစဉ်အတွက် အခြေအနေအားလုံး အစီအစဉ်တကျ ရှိဖို့ ပြင်ဆင်ရန်သာ ရှိလေသည်။
…
အချိန် နီးကပ်လာသည်နှင့်အမျှ အင်တာနက်ပေါ်မှ အငြင်းစကားများကလည်း ပို၍ ဆူညံလာသည်။
[ဘာတွေဖြစ်နေလဲဆိုတာကို တစ်ယောက်ယောက် သိကြလား၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ]
[ဆရာ ကောတန့်ရှန်းက မြို့တော် အပြင်ဘက်ကို ရောက်နေတာ၊ အဲ့ဒါတော့ သေချာတယ်]
[ချီးပဲ၊ ဒါ Gala နွေဦးပွဲတော်မှာ ဘာအစီအစဉ်မှ ထပ်မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲမလား]
[ဘာလို့ ဒီနှစ် Gala နွေဦးပွဲတော်က ပြဿနာတွေ များနေတာလဲ၊ သူတို့ ပြဿနာရှာဖို့ ကြိုးစားနေကြတာလား]
[ငါ့လူတို့၊ လိုင်းပြောင်းဖို့ အသင့်သာ ပြင်ထားလိုက်တော့၊ ဒါ ဆိုးဆိုးရွားရွား ဖြစ်တော့မှာ]
[ငါက ဘာလို့ ပြောင်းရမှာလဲ၊ ငါ တီဗွီရှေ့မှာ ထိုင်ပြီးတော့ သူတို့ ဒါကို ဘယ်လို အဖတ်ဆယ်မလဲ ကြည့်ဦးမယ်]
[သူတို့ နေရာလပ်ကို ဖြည့်ဖို့ တခြား အစီအစဉ်တွေ လိုက်ရှာမယ်လို့ ငါ ထင်တယ်၊ ဆိုးလိုက်တာ၊ ဘာမှ မျှော်လင့်စရာ မရှိဘူး]
…
အနုပညာ နယ်ပယ်ထဲမှ လူများသည်လည်း ထိုပြဿနာကို ဆွေးနွေးနေကြသည်။ လက်ရှိ အချိန်၌ သူတို့၏ အာရုံအားလုံးက ထိုကိစ္စ၌ စုဝေးနေသည်။
[စနေပြီ]
[သူတို့ ဒါကို မဖြေရှင်းရသေးဘူးလား]
[ရိုက်ကူးရေးက မှားသွားရင် သူတို့ ပြစ်ဒဏ် ခံရမှာ သေချာတယ်]
[သူတို့ ပွဲကို အဖတ်ဆယ်ဖို့ ရဲ့နတ်ဘုရားကို ရှောင်ယွဲ့ယွဲ့နဲ့အတူ ဟာသ ဇာတ်လမ်းတို ပြောဖို့ တောင်းဆို ထားတယ်လို့ ငါ ကြားထားတယ်]
[ရဲ့နတ်ဘုရားလား၊ ဘယ်ရဲ့နတ်ဘုရားလဲ၊ ဒီရှောင်ယွဲ့ယွဲ့ကရော ဘယ်သူလဲ]
[ဘတ်စကက်ဘော ကစားတဲ့ ရဲ့နတ်ဘုရားလေ၊ ရှောင်ယွဲ့ယွဲ့က ကောတန့်ရှန်းရဲ့ တပည့်]
[ခွီး … ဒါ တကယ်ကြီးလား၊ Gala နွေဦးပွဲတော် အဖွဲ့သားတွေ ရူးနေတာပဲ ဖြစ်မယ်]
[ငါတို့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပေါ့]
…
နောက်ဆုံးတွင် ပရိသတ်များ၏ မျှော်လင့်ခြင်းနှင့်အတူ အက ဖျော်ဖြေမှုက ပြီးဆုံးသွားလေသည်။
ဟာသ ဇာတ်လမ်းတိုအတွက် အချိန်ကျလေပြီ။
ထိုအခိုက်တွင် မရေတွက်နိုင်သော ကြည့်ရှုသူများက ဝင်ကြည့်လာသဖြင့် Gala နွေဦးပွဲတော်အတွက် ကြည့်ရှုသူနှုန်းက ရုတ်တရက် ထိုးတက်လာသည်။
ဘာတွေ ဖြစ်လာမလဲ ဆိုသည်ကို သူတို့က သိချင်နေကြလေသည်။
အစီအစဉ်မရှိဘဲ သူတို့က အရည်အသွေး နိမ့်သော အစီအစဉ်များကို ဖြည့်လာမည်လား။ ဒါမှမဟုတ် အစီအစဉ် တင်ဆက်သူက တောင်းပန်လေမလား။
*ရောက်လာပြီ*
[တင်ဆက်သူက စင်ပေါ် တက်နေပြီ]
[တင်ဆက်သူက ဘာပြောမလဲ ကြည့်ရတာပေါ့]
[လခွမ်း၊ ဒါက အရမ်း ဒရာမာ ဆန်တာပဲ၊ ငါ မစောင့်နိုင်တော့ဘူး]
လူတိုင်း အသက်ကိုအောင့်၍ တီဗွီ ဖန်သားပြင်အား မျက်လုံးများ ကော်ကပ်ထားသကဲ့သို့ ကြည့်နေကြသည်။
သို့သော် တင်ဆက်သူများက စင်ပေါ်သို့ တည်ငြိမ်စွာ တက်လာသဖြင့် သူတို့ စိတ်ပျက်သွားကြသည်။ တင်ဆက်သူများက နွေးထွေးစွာ ပြုံးနေပြီး ကြေညာချက်အား ပျော်ရွှင်စွာ ပြောလာသည်။
*တည်ငြိမ်ချင်ယောင်ဆောင်နေတာလား*
အမျိုးသား တင်ဆက်သူက ပြုံး၍ ကြေညာသည်။
“ခုနက အက ဖျော်ဖြေမှုက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
အမျိုးသမီး တင်ဆက်သူကလည်း အလိုက်သင့် ပြောလာသည်။
“ဟုတ်တယ်၊ မျိုးနွယ်စု အကက တစ်မူ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ ပြည့်နေတာပဲ၊ ဒါပေမဲ့ လာမယ့် အစီအစဉ်က ပိုပြီးတော့ ထူးခြားဦးမှာပါ”
“တကယ်လား
အမျိုးသား တင်ဆက်သူက သူမအား တအံ့တဩ ကြည့်သည်။
“ဒါပေါ့၊ ခဏနေရင် အားလုံး ကိုယ့်ကိုယ်ကိုယ် ထိန်းထားမှ ဖြစ်မယ်၊ အထူးသဖြင့် ရေသောက်နေတဲ့သူတွေပေါ့၊ ဘာလို့လဲဆိုတော့ … သူတို့ အချိန်မရွေး ထရယ်မိနိုင်လို့လေ”
ထို့နောက် တင်ဆက်သူ နှစ်ယောက်လုံးက ပြိုင်တူ ကြေညာလေသည်။
“အခု ဟာသ ဇာတ်လမ်းတို -- လက်ဖွာသော သူဌေးသားကို ခံစားကြည့်ရှုလိုက်ရအောင်”
*ဘာ၊ အစီအစဉ် ရှိတာလား*
*သူတို့ နောက်ဆုံး မိနစ်ပိုင်းလေးမှာ တကယ်ပဲ အစီအစဉ်တစ်ခု ထည့်နိုင်တာလား*
လူတော်တော်များများသည် မသိမသာ စိတ်ပျက်သွားကြသည်။ နောက်ဆုံး အစီအစဉ်က ဆိုးရွားလိမ့်မည်ကို ပြောနေစရာပင် မလိုတော့ချေ။
ခန်းစီးများ ပွင့်သွားပြီးနောက် စင်မြင့်ပေါ်တွင် မီးခိုးရောင် ဝတ်စုံနှင့် လူနှစ်ယောက်က စားပွဲဝိုင်းလေးတစ်ခု၌ ထိုင်နေ၏။
တစ်ယောက်က ပိန်ပြီး တစ်ယောက်က ပိန်သည်။ တစ်ယောက်က အရပ်ရှည်ပြီး ကျန်တစ်ယောက်က အရပ်ပုသည်။
ခပ်ဝဝ တစ်ယောက်ကို ဘယ်သူမှ မသိချေ။ သူက လူသစ်တစ်ယောက်ပေ။
အရပ်ရှည်ရှည်နှင့် ပိန်ပါးပါး လူမှာမူ စတိုင်ကျပုံ ပေါ်နေ၏။
ထိုသူအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့ မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်သွားကြလေသည်။