အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(ခ)
Vol. 53 Ch. 813
ရွှီချင်းသည် ချန်းဖေးယွမ်၏ သတိရှိသောအကြည့်ကို အာရုံခံမိသည်။ သူက လေးနက်စွာ တွေးတောတော့မည့်အချိန် မိသားစုကြီးရှစ်ခုသည် သူ့ကို နွေးနွေးထွေးထွေး ဖိတ်ခေါ်သည်။ ရွှီချင်းသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ခရမ်းမြေထဲသို့ ခြေချလိုက်သည်။
မိသားစုကြီးရှစ်ခုသည် ရွှီချင်းအတွက် ခမ်းနားထည်ဝါသော ကြိုဆိုပွဲအခမ်းအနားကို ပြင်ဆင်ထားသော်လည်း ဆရာသခင်ပိုင်ကို ဂါရဝပြုရန်သာ သူရောက်လာခြင်းဖြစ်ကြောင်းပြော၍ ရွှီချင်းက သူတို့ကို ငြင်းပယ်ခဲ့သည်။
မိသားစုခေါင်းဆောင်များသည် ရွှီချင်းနှင့် ဆရာသခင်ပိုင်ကြားမှ ဆက်ဆံရေးကို သိထားကြသည်။ ရွှီချင်းက သူ၏ မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံချင်နေကြောင်းကိုလည်း သူတို့ပြောနိုင်သည်။ ထို့ကြောင့် သူတို့အားလုံး သဘောတူကြသည်။
သူတို့ထဲတွင် ပိုင်မိသားစုခေါင်းဆောင်သည် ဆရာသခင်ပိုင်၏ အုတ်ဂူကို အများပြည်သူသုဿန်တွင် မြှုပ်နှံထားသောကိစ္စနှင့်ပတ်သက်ပြီး ဘာမှမပြောခဲ့ပေ။ အခြားတစ်ဖက်တွင် ချန်းမိသားစုခေါင်းဆောင်၏ မျက်လုံးထဲမှာ သဘောပေါက်သော အရိပ်အယောင်ထွက်ပေါ်လာသည်။ သူက အပြုံးဖြင့် ပြောသည်။
“ ဒီလိုဆိုမှတော့ ကျုပ်တို့က သံတော်ဆင့်ရွှီကို မနှောင့်ယှက်တော့ပါဘူး… ကျုပ်ရဲ့သား ဖေးယွမ်က သံတော်ဆင့်ရွှီကို အဖော်ပြုပေးပါလိမ့်မယ်… သူက ဒီမှာရှိနေတဲ့အတောအတွင်း သံတော်ဆင့်ရွှီရဲ့ လုံခြုံရေးကို တာဝန်ယူပေးပါလိမ့်မယ် ”
ချန်းမိသားစုခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်လိုက်ကာ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြသည်။ မိသားစုကြီးရှစ်ခုက ထွက်ခွာသွားကြပြီးနောက် ချန်းဖေးယွမ်နှင့် ထင်ယုသာ ကျန်နေခဲ့သည်။
အားလုံးထွက်ခွာသွားကြသည်ကို မြင်သောအခါ ထင်ယုသည် ဆက်လက်မချုပ်တည်းနိုင်တော့ဘဲ ရွှီချင်းဆီသို့ အမြန်လျှောက်သွားသည်။
သူ၏ မှတ်ဉာဏ်များထဲမှ ပုံရိပ်ကို မြင်လိုက်ရသောအခါ ထင်ယုသည် ရတနာမုဆိုးစခန်းထဲရှိ ရွက်ဖျင်တဲနားတွင် စာခိုးနားထောင်လေ့ရှိသော ညစ်တီးညစ်ပတ် ကောင်ငယ်လေးကို ဝိုးတိုးဝါးတား ပြန်မြင်သွားဟန် ရသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားလေရာ ယခုဆိုလျှင် သူတို့ခွဲခွာရသည်မှာ ခုနစ်နှစ်ရှိသွားပြီ ဖြစ်သည်။ ထိုနေ့မှစ၍ ရွှီချင်းကို နောက်ထပ်တစ်ကြိမ် သူပြန်မမြင်တော့ချေ။ သူတို့၏ ဆရာက အသတ်ခံခဲ့ရပြီး ရွှီချင်းက ဂါရဝလာပြုသည့်အချိန်မှာပင် သူ့နောက်ကျောကို ရိပ်ခနဲသာ သူမြင်လိုက်ရသည်။
နောက်ပိုင်းတွင် ရွှီချင်းက သူတို့၏ ဆရာအတွက် လက်စားချေပေးခဲ့ကြောင်းကို ချန်ဖေးယွမ်က သူ့အား ပြောပြခဲ့သည်။
“ ဂျူနီယာမောင်လေး… ”
ထင်ယု၏ မျက်လုံးသည် နီရဲလာသည်။
“ စီနီယာအမထင်ယု ”
ထင်ယု၊ ချန်းဖေးယွမ်နှင့် သူ့ကြားမှ ဆက်ဆံရေးသည် ခေါင်းဆောင်နှင့် သူ၏ ဆက်ဆံရေးကဲ့သို့ နီးကပ်ခြင်းမရှိသော်လည်း အကျိုးအမြတ်မရှိဘဲ ဖြူစင်သန့်စင်သော သူတို့ကြားမှ ဆက်ဆံရေးသည် ရွှီချင်း၏ မှတ်ဉာဏ်များထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်။
ထိုကာလသည် သိပ်မကြာသော်လည်း ယင်းက ရွှီချင်းအတွက် တန်ဖိုးရှိသည်။
ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်စဉ် သူ၏ အကြည့်သည် ချန်းဖေးယွမ်ပေါ်သို့ ကျရောက်သွားသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် အခြေတည်အဆင့်မှာသာရှိသော်လည်း သူ၏ အရှိန်အဝါသည် အလွန်ထူးဆန်းသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းတစ်ခုရှိနေသည့်အလားပင်။
ယင်းသည် အတိတ်၌ ချန်းဖေးယွမ် ပျိုးထောင်နေသော ရတနာကို မြင်တွေ့ရန် ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်အစွမ်းကို သူအသုံးပြုခဲ့စဉ်က မြင်ကွင်းကို ရွှီချင်းအား ပြန်လည်သတိရစေသည်။
ကျစ်လွီဆဲ့သွေးမျိုးစက်သည် ဓမ္မရတနာများနှင့် အတူယှဉ်တွဲနေထိုင်နိုင်သည်။ ထိုစွမ်းရည်သည် မိသားစုကြီးရှစ်ခု၏ အဓမ္မလုယူခြင်းခံထားရပြီး သူတို့၏ ပင်ကိုယ်အရည်အချင်း ဖြစ်လာသည်။
“ စီနီယာအကိုဖေးယွမ်… မင်းကိုယ်ထဲက ရတနာက… ”
ရွှီချင်းသည် ချန်းဖေးယွမ်ကိုကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
သို့သော်လည်း သူက စကားဆုံးအောင်မပြောနိုင်ခင် ချန်းဖေးယွမ်၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးသည်။
“ သံတော်ဆင့်ရွှီကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းသည် ရပ်တန့်သွားသည်။ ချန်းဖေးယွမ်၏ အပြုအမူနှင့် အစောနက အရှေ့ဘက်ဂိတ်မှ အဖြစ်အပျက်က ရွှီချင်းအား ခန့်မှန်းမှုတစ်ခု ပြုလုပ်စေသည်။ ထို့ကြောင့် သူက ခေါင်းလှည့်လိုက်ပြီး တာအိုပညာရှင်စစ်မာကို ကြည့်လိုက်သည်။
တာအိုပညာရှင်စစ်မာသည် အသံတိုးတိုးဖြင့် ပြန်မပြောမီ အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။
“ ဒါကို အမတ်ယောင်က စီစဉ်ထားတာပါ… ပြင်ဆင်မှုအားလုံးက ပြီးပြည့်စုံတယ်… ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ဤတစ်ကြိမ်တွင် ခရမ်းမြေသို့ သူရောက်လာခြင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြားမှုကိုမှ မပြုလုပ်ခဲ့ချေ။ အစောနက မိသားစုကြီးရှစ်ခု၏ ထွက်ပေါ်လာမှုနှင့် ချန်းဖေးယွမ်၏ သတိရှိသော အပြုအမူသည် ရွှီချင်းအား သဲလွန်စတစ်ခုပေးသည်။ ယင်းကို လက်ရှိအခြေအနေဖြင့် သုံးသပ်ကြည့်လိုက်သည့်အခါ အားလုံးကို သူနားလည်သဘောပေါက်သွားသည်။
အမတ်ယောင်သည် ငါးမျှားနေခြင်းဖြစ်လောက်၏။
ဤသည်မှာ သူ၏ ဆရာက သူ့ကို အပြင်ခေါ်ထုတ်သွားပြီး အမှောင်ထဲမှာ ပုန်းအောင်းခိုင်းကာ သက်စောင့်မီးအိမ်အား လိုချင်တပ်မက်သော လူများကို ဆွဲဆောင်ခိုင်းသောလုပ်ရပ်နှင့် အတူတူဖြစ်သည်။ ဖုန်းဟိုင်ဒေသငယ်သည် တည်ငြိမ်သွားပြီဖြစ်သော်လည်း အမှောင်ထဲမှာ ပုန်းကွယ်နေသော အန္တရာယ်တချို့ ကျန်ရှိနေသေးပေသည်။
ရည်ရွယ်ချက်ကြီးမားသော တချို့အုပ်စုများသည် ဖုန်းဟိုင်ဒေသငယ်က အေးချမ်းပြီး တည်ငြိမ်နေမည်ကို မလိုလားကြချေ။ အမှန်မှာ အလင်းရောင်အဖွဲ့အစည်း၏ အကြွင်းအကျန်များပင် ရှိနိုင်သည်။ အထူးသဖြင့် သတ္တမမင်းသားပင်။ သို့ဖြစ်၍ ကြိုတင်ကာကွယ်မှုများကို သေချာပေါက် ဆောင်ရွက်ရပေမည်။
လက်ရှိရွှီချင်းသည် ထူးခြားသော သရုပ်အဆင့်ကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူသေဆုံးသွားသည်နှင့် ယခုမှ တည်ငြိမ်နေဆဲဖြစ်သော ဖုန်းဟိုင်ဒေသငယ်သည် သေချာပေါက် ပရမ်းပတာဖြစ်သွားလိမ့်မည်။
သို့သော်လည်း အန္တရာယ်များကို နေ့တိုင်း သတိထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အမတ်ယောင်က ဖုန်းဟိုင်ဒေသငယ်ထဲမှ မကောင်းသော ရည်ရွယ်ချက်ရှိသူအားလုံးကို တစ်ခါတည်း ရှင်းထုတ်ပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထုံးစံအားဖြင့် ရွှီချင်း၏ ထွက်ခွာမှုသည် အဓိကအာရုံစိုက်စရာ ဖြစ်လာသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ဒေသငယ်မြို့တော်၏ ဦးတည်ရာသို့ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
သူတို့နှစ်ယောက်၏ စကားကို ဘေးမှ ချန်းဖေးယွမ်က ကြားသွားသောအခါ သူ၏ အမူအရာသည် အနည်းငယ် ဖြေလျော့သွားသည်။ သူတို့ဆရာ၏ အုတ်ဂူရှေ့တွင် ထောင်ချောက်ဆင်ခြင်းသည် ရွှီချင်း၏ အစီအစဉ်ဖြစ်မည်ဟု အစက သူထင်ထားခဲ့သည်။ ထို့ကြောင့် သူက ရွှီချင်းအပေါ် အစကတည်းက အမြင်မကြည်ရခြင်း ဖြစ်သည်။
ရွှီချင်းနှင့် ချန်းဖေးယွမ်တို့ကဲ့သို့ ဉာဏ်ထက်မြက်မှုမရှိသော ထင်ယုသည်တော့ သူတို့နှစ်ယောက်က နားလည်မှုလွဲနေကြောင်းကိုပင် သဘောမပေါက်ချေ။
သို့သော် ချန်းဖေးယွမ်သည် ရွှီချင်းအပေါ် အနည်းငယ် သဘောမကျကြောင်း သူသည်လည်း သတိပြုမိသည်။
ထို့ကြောင့် သူက အရှေ့သို့ ထွက်လာပြီး ရွှီချင်းနှင့် ချန်းဖေးယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သူတို့နှစ်ယောက်ကို အတူတူ နီးကပ်သွားစေသည်။ ထို့နောက် သူက တောက်ပစွာ ပြုံးလိုက်သည်။
“ ချန်းဖေးယွမ်… နင်က အရွယ်ရောက်လာပြီဆိုပြီး ဒီက စီနီယာအမရဲ့ စကားကို လျစ်လျူရှုဖို့မကြိုးစားနဲ့… ပြီးတော့ ရွှီချင်း ချန်းဖေးယွမ်က အပြင်ပန်းအရ အေးစက်စက်ဖြစ်နေပေမဲ့ တကယ်တော့ သူက ဖုန်းဟိုင်ဒေသငယ်မှာ နင်လုပ်ခဲ့တဲ့ကိစ္စတွေကို အတော်လေး အာရုံစိုက်ခဲ့တာ… သူက အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့စစ်မှန်တဲ့ အတွေးတွေကို ဖုံးကွယ်တတ်လာတယ် ”
ချန်းဖေးယွမ်သည် ချောင်းဟန့်လိုက်သည်။
ရွှီချင်းသည် ရယ်မောလိုက်သည်။
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့သုံးယောက်က အတိတ်တုန်းက ရတနာမုဆိုးစခန်းမှ ရွက်ဖျင်တဲတွင် အတူတကွထိုင်ပြီး ဆရာသခင်ပိုင်၏ သင်ခန်းစာကို နားထောင်ခဲ့စဉ်က အချိန်ကို ပြန်လည်ရောက်သွားကြသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် သူတို့သည် သုဿန်ဆီသို့ လျှောက်သွားကြသည်။
တာအိုပညာရှင်စစ်မာသည် သူတို့၏ အနောက်မှ ခြေလှမ်းအနည်းငယ်ခွာ၍ လိုက်ပါလာသည်။ သူ၏ အရှေ့မှ လူငယ်သုံးယောက်ကို ကြည့်လိုက်ပြီးနောက် သူ၏ ဂျူနီယာညီလေးကို စဉ်းစားမိသွားသောအခါ တာအိုပညာရှင်စစ်မာသည် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
‘ ငါသူ့ကို ထပ်ပြီး သွေးဆောင်ရမယ်… တခြားလူရဲ့ သွေးမျိုးစက်ကို လိုချင်တပ်မက်တာက ဂိုဏ်းတစ်ခုလုံးကို ဒုက္ခရောက်စေလိမ့်မယ် ’
ဤအခိုက်အတန့်မှာ အချိန်သည် နေမွန်းတည့်ချိန်ဖြစ်သည်။ ဆောင်းရာသီဖြစ်သော်လည်း ယနေ့ ကောင်းကင်သည် ကြည်လင်သည်။ တိမ်တိုက်တချို့သာ ကောင်းကင်ယံတွင် ရွေ့လျားနေကြသည်။
လေသည် အေးစက်ခြင်းမရှိပေ။ နေမွန်းတည့်ချိန်၏ နူးညံ့သိမ်မွေ့သော နေရောင်ခြည်သည်သာ ရွှီချင်းနှင့် တခြားနှစ်ယောက်ပေါ်သို့ ကျရောက်နေသည်။ ထိုသို့ဖြင့် သူတို့သည် အများပြည်သူသုဿန်သို့ ရောက်ရှိသွားကြသည်။
ဤနေရာသည် မာရှယ်လောထုတ်ပြန်ခံထားရပြီး မိသားစုကြီးရှစ်ခုမှ အစောင့်အကြပ်များ၏ ဝိုင်းရံခြင်းခံထားရသည်။ ရွှီချင်း အလည်ရောက်ရှိလာစဉ်အတွင်း ချန်းဖေးယွမ်၏ အမိန့်အောက်မှာ သူတို့သည် ရွှီချင်း၏ ဘေးကင်းလုံခြုံရေးကို တာဝန်ယူရလိမ့်မည်။
ဆရာသခင်ပိုင်၏ အုတ်ဂူရှေ့တွင် အမွှေးတိုင်နှင့် ပန်းပွင့်များသည် ပြတ်လတ်ခြင်း လုံးဝမရှိပေ။ ချန်းဖေးယွမ်သော်လည်းကောင်း ထင်ယုသော်လည်းကောင်း ဆရာသခင်ပိုင်၏ ကူညီပေးခြင်းခံခဲ့ရသူများသော်လည်းကောင်း သူတို့သည် မကြာခဏ ရောက်လာကြပြီး အရိုအသေပေးကြလေ့ ရှိသည်။