တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(က)
Vol. 53 Ch. 816
ရွှီချင်းသည် သူ၏ ရန်သူများကို အမြဲတမ်း အေးစက်စက်သာ ဆက်ဆံလေ့ရှိသည်။
ချန်းဖေးယွမ်သည် ခေါင်းညိတ်လိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ ဆရာသေဆုံးသွားပြီးနောက် ဆရာ၏ အကာအကွယ်မရှိတော့သည့်အခါ သူသည် မိသားစု၏ အတွင်းရေးယှဉ်ပြိုင်မှုကြားတွင် အကြင်နာမဲ့ခြင်းနှင့် အေးစက်ခြင်းကို သင်ယူခဲ့ရသည်။
‘ ဒါပေမဲ့ ရွှီချင်းကတော့ အသက်ငယ်ငယ်လေးကတည်းက နောက်ပိုင်းမှာ ငါသင်ယူခဲ့ရတဲ့ အလေ့အကျင့်ကို ရရှိပြီးနေပြီ ’
ရွှီချင်းအပေါ် ချန်းဖေးယွမ်၏ နားလည်မှုသည် သူ့မိသားစု၏ အတွင်းရေးယှဉ်ပြိုင်မှုကြားတွင် ပါဝင်ပြီးနောက် သူ၏ စုံစမ်းစစ်ဆေးမှုမှ အဓိကဆင်းသက်လာခြင်း ဖြစ်သည်။
ယင်းက ရတနာမုဆိုးစခန်းမှ ကောင်လေးဟူသောနာမည်သော်လည်းကောင်း၊ နောက်ပိုင်းတွင် စခန်းခေါင်းဆောင်ဖြစ်လာသည့်အခါတွင်လည်းကောင်း သို့မဟုတ် နောက်ပိုင်းတွင် ချီယွဲ့ထုံဂိုဏ်းကို ဝင်ရောက်ပြီး သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်ခဲ့စဉ်ကလည်းကောင်း ထိုအရာအားလုံးသည် ချန်းဖေးယွမ်ကို ရွှီချင်းအကြောင်းအား ပိုပြီးနားလည်စေခဲ့သည်။
ထိုမှတဆင့် သူသည် ရွှီချင်း၏ အကျင့်စရိုက်ကို နားလည်သွားပြီး ရွှီချင်း၏ လုပ်ပုံကိုင်ပုံများက သူသင်ယူရမည့်အရာဖြစ်ကြောင်း သိရှိသွားသည်။
ထိုအခိုက်အတန့်မှာ ချန်းဖေးယွမ်သည် စကားအများကြီးမပြောတော့ဘဲ အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်ကာ လုပ်ကြံသတ်ဖြတ်သူများကို သုတ်သင်ရှင်းလင်းပစ်ရန် အမိန့်ပေးလိုက်သည်။
ရွှီချင်းသည် အသေးစိတ်အချက်အလက်များကို အများကြီး စိတ်မဝင်စားချေ။ သူသည် ခရမ်းမြေတွင်လည်း အချိန်အကြာကြီး မနေခဲ့ပေ။ သူသည် ချန်းဖေးယွမ်၊ ထင်ယုနှင့် သုံးရက်အချိန်ကုန်ဆုံးပြီးနောက် မိသားစုကြီးရှစ်ခုကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်ပြီး ထွက်ခွာလာခဲ့သည်။
သူထွက်ခွာသွားသည့်အခါ ထင်ယုသည် ငိုကြွေးခဲ့သည်။
သူတို့ဆရာဆုံးပါးပြီးကတည်းက ထင်ယု၏ အားငယ်စိတ်သည် ရုတ်တရက် ပိုပြီးကြီးမားလာဟန် ရသည်။ ခွဲခွာခြင်းသည် သူ့အပေါ် ပိုပြီးတော့ သက်ရောက်မှုရှိဟန် ရသည်။
ရွှီချင်းအပေါ် သူ၏ ခံစားမှုသည် ငယ်ငယ်တုန်းကလို ရိုးရှင်းသော စူးစမ်းလိုခြင်းနှင့် စွဲလမ်းခြင်းမဟုတ်တော့ပေ။ အရွယ်ရောက်လာသည်နှင့်အမျှ သူတို့တပည့်သုံးယောက်ကြားမှာ အတူမျှဝေခဲ့သော သံယောဇဉ်သည် ခရမ်းမြေ၏ အေးစက်ပြီး ဟန်ဆောင်မှုများသော မိသားစုကြီးရှစ်ခုအတွင်းမှာ တစ်ခုတည်းသော နွေးထွေးမှုဖြစ်လာသည်။
ဘဝဟူသည်ကား ထိုအတိုင်းပင်။ ပစ္စည်းဟောင်းများသည် အသစ်များ၏ အစားထိုးခံရလိမ့်မည်။ လောကကြီးက ပိုပြီးအေးစက်လေ ထိုသို့အဖြစ်အပျက်မျိုးက ပိုပြီးများပြားလေ ဖြစ်သည်။ ဤလောကကြီးထဲမှာ စိတ်ခံစားချက်များသည် အချစ်ဖြစ်လာရန်အတွက် ကန့်သတ်မခံရပေ။
နက်ရှိုင်းသော စိတ်ခံစားချက်များကိုတော့ အချိန်ကာလ၏ ပေတံဖြင့် မတိုင်းတာနိုင်ပေ။
သို့သော်လည်း ထင်ယုသည် သူ့ကိုယ်သူ ချုပ်တည်းထားရန် ကြိုးစားခဲ့သည်။
သူသည် ရွှီချင်း၏ အရှေ့မှာ မျက်ရည်မကျမိအောင် ထိန်းထားခဲ့သည်။ ရွှီချင်းထွက်ခွာသွားပြီးနောက်မှသာ သူက ချန်းဖေးယွမ်၏ ပခုံးပေါ်မှီလိုက်ပြီး မျက်ရည်မဆည်နိုင်အောင် ငိုကြွေးတော့သည်။
ချန်းဖေးယွမ်သည် သူနှင့်အတူတကွ ကြီးပြင်းလာခဲ့သော စီနီယာအမကိုကြည့်လိုက်သည်။ စီနီယာအမခံစားနေရသော ခွဲခွာခြင်း၏ ဝမ်းနည်းမှုကို သူသည်လည်း ခံစားမိသည်။
“ စီနီယာအမ… ဆရာ မကြာခဏ ပြောခဲ့ဖူးတာကို မှတ်မိသေးလား ”
“ လောကကြီးက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာပဲ… အချိန်ဆိုတာ ရှေးခတ်ကာလကတည်းက ဖြတ်သန်းသွားနေတဲ့ ခရီးသွားဧည့်သည်ဖြစ်တယ်… ”
ချန်းဖေးယွမ်၏ အသံသည် ထင်ယု၏ နားထဲသို့ ဝင်ရောက်သွားသည်။ ထင်ယုသည် ခေါင်းမော့လိုက်ပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ ငါတို့မသေသေးသရွေ့ တစ်ချိန်ချိန်တော့ ပြန်ဆုံတွေ့လိမ့်မယ် ”
တူညီသော စကားသည် ကောင်းကင်ပေါ်မှ မဟာအတောင်ပံကြီးပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်း၏ နှုတ်မှ ထွက်ပေါ်လာလေသည်။
လေသည် ကောင်းကင်ပေါ်တွင် တဟူးဟူး တိုက်ခတ်လာပြီး သူ၏ အဝတ်အစားများနှင့် ဆံပင်ရှည်ကို လှုပ်ယမ်းသွားစေသည်။ မဟာအတောင်ပံက စတင်ရွေ့လျားသွားသည်နှင့် ထိုစကားများသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုစကားကိုပြောခဲ့စဉ်က ဆရာသခင်ပိုင်၏ အမူအရာကိုလည်း သူမှတ်မိသည်။
ဤသုံးရက်အတွင်း ခရမ်းမြေမှာ သူသည် ချန်းဖေးယွမ်နှင့် ထင်ယုကို ဆရာသခင်ပိုင်၏ ဘဝအကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းခဲ့သည်။ သူ့မှာ သတ္တမသခင်ကြီးအပြင် တခြားရင်းနှီးသော မိတ်ဆွေများရှိသေးသလား သူမသေခင် ပုံမှန်မဟုတ်သော အပြုအမူများရှိခဲ့သလား ထူးထူးဆန်းဆန်းစကားများ ဆိုခဲ့သေးသလား အစရှိသဖြင့် သူမေးမြန်းခဲ့သည်။
ချန်းဖေးယွမ်တွင် ထိုမေးခွန်းအတွက် အဖြေမရှိသော်လည်း ထင်ယုသည် ထက်မြက်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ မှတ်ဉာဏ်ပြန်ဖော်မှုအောက်မှာ ရွှီချင်းသည် ဆရာသခင်ပိုင်နှင့်ပတ်သက်ပြီး ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
သို့သော် ထူးဆန်းသော ကိစ္စတစ်ခုတော့ရှိသည်။ သူတို့ဆရာက ကောင်းကင်ပေါ်သို့ မကြာခဏ မော့ကြည့်လေ့ရှိကြောင်း ထင်ယုက သူ့ကို ပြောသည်။
ထိုအလေ့အကျင့်သည် အစကတည်းက ရှိခြင်းမဟုတ်ပေ။ ယင်းက သူတို့ဆရာအသတ်မခံရမီ တစ်နှစ်အလိုလောက်မှ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ရွှီချင်းသည် တိတ်တဆိတ် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
“ ဝမ်ကူးကုန်းမြေအပြင်ဘက်… ”
ရွှီချင်းသည် အတွေးနက်သွားသည်။
သို့သော် အဆုံးမှာတော့ ရွှီချင်းသည် ဆရာသခင်ပိုင်၏ ကိစ္စနှင့်ပတ်သက်ပြီး တိကျသော မည်သည့်အဖြေမှမရှိသဖြင့် ထိုကိစ္စကို သူ၏ စိတ်ထဲမှာသာ မြှုပ်နှံထားလိုက်သည်။
သူက ယင်ဟွမ်ပြည်နယ်သို့ ပြန်သွားရန် မဟာအတောင်ပံနှင့်အတူ ခရမ်းမြေမှ ထွက်ခွာလာပြီး တားမြစ်ပင်လယ်သို့ ဖြတ်သန်းသွားသည်။
ထိုအတောအတွင်း ရွှီချင်းသည် ဖီးနစ်တားမြစ်နယ်မြေဆီသို့လည်း ခရီးနှင်ခဲ့သည်။
ဟွမ်ယန်၏ သရုပ်ကို သူအတည်ပြုချင်သည်။
သို့သော်လည်း ငှက်ကြီးချင်းချင်းက ဖီးနစ်တားမြစ်နယ်မြေထဲမှာ အကြိမ်ကြိမ် အော်ခေါ်သည့်တိုင် မီးတောက်ဖီးနစ်သည် မည်သည့်တုံ့ပြန်မှုမှ မပြချေ။
ဖီနစ်တားမြစ်နယ်မြေတစ်ခုလုံးကို မြူခိုးအလွှာတစ်ခုက ဖုံးလွှမ်းထားသည်။
ရွှီချင်းသည် ဖီးနစ်တားမြစ်နယ်မြေကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ထွက်ခွာရန် ရွေးချယ်လိုက်သည်။
သို့သော်လည်း ဖီးနစ်တားမြစ်နယ်မြေထဲမှ သူထွက်ခွာတော့မည့်အချိန် ဒုတိယစီနီယာအမဆီမှ အသံပို့လွှတ်ခြင်းကို ရရှိသွားသည်။
“ ဂျူနီယာမောင်လေး… အမက ဖီးနစ်တားမြစ်နယ်မြေထဲမှာ… အမက ကိုယ်ဝန်လွယ်ထားရတယ်… ကိုယ်ဝန်ကြောင့်ပဲ အမ အဆင့်ချိုးဖြတ်နေချိန်မှာ ပြဿနာအသေးလေးတချို့ ဖြစ်ပေါ်လာတယ်… အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ အဲ့ဒါအားလုံးက ဟိုဖက်တီးအစုတ်ပလုတ် ဟွမ်ယန်ကြောင့်ပေါ့… ငါအရမ်းစိတ်ဆိုးတာပဲ ”
“ ဟွမ်ယန်က အဲ့ပြဿနာကို ဖြေရှင်းဖို့ အမကို ကူညီပေးနေတယ်… အဲ့ဒါကြောင့် အမတို့ မင်းကို ထွက်လာမတွေ့နိုင်ဘူး… ပြီးတော့ ဟွမ်ယန်က အမကို ပြောခိုင်းလိုက်တယ်… အတိတ်မှာ သူမင်းကို ပြောခဲ့တာက အကျုံးဝင်နေသေးတယ်တဲ့ ”
“ တကယ်လို့ အပြင်မှာ မင်းမပျော်တော့ဘူးဆိုရင် နန်းဟွမ်ကုန်းမြေကို ပြန်လာလို့ရတယ် ”
ရွှီချင်းသည် ဒုတိယစီနီယာအမ၏ အသံပို့လွှတ်မှုကို ရရှိပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ငှက်ကြီးချင်းချင်းကို ကြည့်လိုက်သည်။
ငှက်ကြီးချင်းချင်းသည် အော်မြည်လိုက်သည်။ ၎င်း၏ အမူအရာတွင် စိတ်လှုပ်ရှားခြင်းနှင့် စူးစမ်းလိုခြင်းဖြင့် ပြည့်နှက်နေသည်။ သိသာစွာပင် ဖီးနစ်တားမြစ်နယ်မြေထဲမှ ထူးဆန်းမှုကို ငှက်ကြီးချင်းချင်းသည်လည်း အာရုံခံမိသည်။
“ ဟွမ်ယန်က တကယ်ပဲ မီးတောက်ဖီးနစ်လား ”
သဲလွန်စအားလုံးက ထိုအချက်ကို ညွှန်ပြနေသော်လည်း သူ၏ မှတ်ဉာဏ်များထဲမှ ဟွမ်ယန်ကို ပြန်အမှတ်ရသွားသောအခါ ယင်းက မဖြစ်နိုင်ဘူးဟု ရွှီချင်းက ခံစားနေမိဆဲပင်။
နောက်ဆုံးမှာတော့ ရွှီချင်းသည် ထိုစိတ်ခံစားချက်များဖြင့် ယင်ဟွမ်ပြည်နယ်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ဤခရီးစဉ်တွင် ရွှီချင်းသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၌ အချိန်ကြာကြာ မနေခဲ့ပေ။ ရက်အနည်းငယ်ကြာပြီးနောက် သတ္တမသခင်ကြီးသည် ချီယွဲ့ထုံဂိုဏ်းမှ တပည့်တစ်ဝက်နှင့် ရွှမ်ယုံဂိုဏ်းမှ တပည့်ထက်ဝက်ကျော်နှင့်အတူ ဒေသငယ်မြို့တော်ဆီသို့ တည်နေရာပြောင်းရွှေ့သွားသည်။
နတ်မိမယ်ကျစ်ရွှမ်းသည်တော့ ဒေသငယ်မြို့တော်တွင် ဂိုဏ်းသစ်အတွက် တည်နေရာရွေးချယ်ရန် အစောကြီးကတည်းက ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
သူတို့ထွက်ခွာသွားကြပြီးနောက် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သတ္တမသခင်ကြီးကို နှုတ်ဆက်သည့်အခါ သူက စိတ်ခံစားချက်တချို့နှင့် အင်တင်တင်အမူအရာကိုပင် ထုတ်ဖော်ပြခဲ့သည်။
ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တွင် ဂိုဏ်းရှစ်ဂိုဏ်းသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ပြောင်းလဲသွားခြင်းမရှိပေ။
ဒေသငယ်မြို့တော်တွင် တည်ဆောက်တော့မည့် ချင်းရွှမ်းဂိုဏ်းသည်တော့ ယင်းက ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ သို့သော်လည်း အဆင့်အတန်းသော်လည်းကောင်း သို့မဟုတ် အနာဂတ်ဖွင့်ဖြိုးတိုးတတ်မှုသော်လည်းကောင်း ချင်းရွှမ်းဂိုဏ်းသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထက် ကျော်လွန်သွားလိမ့်မည်။
သတ္တမသခင်ကြီး၏ လက်ထောက်ဒေသအကြီးအကဲဟူသော အဆင့်အတန်းနှင့် ရွှီချင်း၏ နာမည်ကြောင့် ချင်းရွှမ်းဂိုဏ်းသည် ယခု အားနည်းနေသော်လည်း အနာဂတ်တွင် ဖုန်းဟိုင်ဒေသငယ်၌ နောက်ထပ်အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း ပေါ်ထွက်လာရန် သိပ်မလိုတော့ကြောင်း ဒေသငယ်ထဲမှ အင်အားစုတိုင်းက နားလည်ထားကြသည်။