တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(ဃ)
Vol. 53 Ch. 819
ရွှီချင်း၏ တေရသဝိညာဉ်နတ်သူငယ်သည် လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်ဘုံမိုးကြိုးသွားကို ကြိုဆိုသည်။
မိုးခြိမ်းသံများကြားတွင် ကဒ်ဘေးဒုက္ခမိုးကြိုး၏ စွမ်းအားသည် ဝိညာဉ်နတ်သူငယ်၏ ဘေးပတ်ဝန်းကျင်သို့ စိမ့်ဝင်ပျံ့နှံ့သွားပြီး လျှပ်စီးစက်ကွင်းများသို့ ပြောင်းလဲသွားကာ အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။ မကြာမီ ဒုတိယကောင်းကင်ဘုံမိုးကြိုးသည် ပို၍ကြောက်စရာကောင်းသော အရှိန်အဝါဖြင့် ဆင်းသက်လာသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ တိုက်ခိုက်ရေးဝိညာဉ်နတ်သူငယ်ထံမှ ပေါ်လျှိုးလာသည်။ ၎င်း၏ အကြည့်ထဲမှာ ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နှက်သွားသည့်အခါ ကောင်းကင်ဘုံမိုးကြိုးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မိုးခြိမ်းသံများသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားပြီး မြို့တော်ထဲမှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ အထူးသဖြင့် ဓားကိုင်ရုံးတော်ထဲမှ လူများဖြစ်သည်။ ဤသည်မှာ ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်က ကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားနေခြင်းဖြစ်ကြောင်း သူတို့သိကြသည်။ ပထမကောင်းကင်ကဒ်ဘေးဒုက္ခတွင် စုစုပေါင်း မိုးကြိုးသုံးခုပါဝင်သည်။
မတော်တဆဖြစ်နိုင်ခြေသည် အလွန်နည်းပါးသော်လည်း သတ္တမသခင်ကြီးနှင့် နတ်မိမယ်ကျစ်ရွှမ်းသည် မတူညီသော နေရာများထံမှ အသီးသီးစောင့်ကြည့်နေကြပြီး အကူအညီပေးရန် အသင့်ပြင်ထားကြသည်။
တတိယကဒ်ဘေးဒုက္ခမိုးကြိုးသည် မြန်ဆန်စွာ ဆင်းသက်လာပြီး ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်ကို လွှမ်းခြုံသွားသည်။ ဝိညာဉ်နတ်သူငယ်က စူးရှသော အော်သံကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ကဒ်ဘေးဒုက္ခသည် ပြီးဆုံးသွားသည်။
တိမ်တိုက်များနှင့် မြူခိုးသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားကြပြီး ရောင်စုံအလင်းရောင်သည် ဆင်းသက်လာသည်။
ယင်းက ကောင်းကင်အာဏာစက်အရှိန်အဝါကို ဖြစ်ပေါ်စေပြီး ရွှီချင်း၏ တေရသဝိညာဉ်နတ်သူငယ်ထံသို့ တိုးဝင်သွားသည်။
ဤတစ်ကြိမ်တွင် ဆင်းသက်လာသော ကောင်းကင်အာဏာစက်အရှိန်အဝါသည် လက်ထောက်ဒေသအကြီးအကဲနှင့် သူရင်ဆိုင်ခဲ့စဉ်အတွင်း ရရှိခဲ့သော ကောင်းကင်အာဏာစက်ထက် အများကြီး ပိုနည်းသည်။ ဝိညာဉ်နတ်သူငယ်တစ်ကောင်တည်း ကျော်လွှားရသော ကဒ်ဘေးဒုက္ခသည် အလွယ်ကူဆုံးဖြစ်သည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် ဆုလာဘ်သည် ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်၏ ကဒ်ဘေးဒုက္ခကျော်လွှားခြင်းကို မနှိုင်းယှဉ်နိုင်ပေ။
သို့သော်လည်း ယင်းက ကိစ္စမရှိပေ။ တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်သည် ရွှီချင်း၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းတွင် ကောင်းကင်အာဏာစက်များကို အလုံအလောက် ဖြည့်ဆည်းပေးလိမ့်မည်။
ယခု သူသည် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံသူ မဟုတ်တော့ပေ။
သံတော်ဆင့်ခန်းမဆောင်ထဲတွင် တိုက်ခိုက်ရေးဝိညာဉ်နတ်သူငယ်က ပြန်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်နှင့် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ ခရမ်းရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်နှင့် သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ ဝိညာဉ်နတ်သူငယ်အဆင့် ”
ယခု သူ၏ နတ်နန်းတော်ဆယ့်သုံးခုသည် ပြီးပြည့်စုံသွားပြီး သူတို့အားလုံးက ဝိညာဉ်နတ်သူငယ်များသို့ ပြောင်းလဲသွားကြကာ ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးကြပြီ ဖြစ်သည်။
“ ဒီလိုဆိုမှတော့ တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်ကို ငါကျင့်ကြံဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ”
ရွှီချင်းသည် သူ့ဆရာပေးခဲ့သော ဆေးပုလင်းကို ထုတ်ယူလိုက်သည်။
ထိုပုလင်းထဲတွင် စကြာဝဠာငယ်တစ်ခု ပါရှိနေဟန်ရပြီး အတော်လေး ကျယ်ပြောသည်။ ယင်းကို သိုလှောင်ရေးပစ္စည်းတစ်မျိုးဟု မှတ်ယူနိုင်သည်။ ထိုအထဲမှ မကောင်းဆိုးဝါးဝိညာဉ်များသည် သန့်စင်ခံနေရဆဲ ဖြစ်သည်။
ရွှီချင်းသည် ထိုမကောင်းဆိုးဝါးဝိညာဉ်များကို စိုက်ကြည့်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် စိတ်ဆုံးဖြတ်ပြီးသော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောကြီးကတည်းက သူ့မှာ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်ပေးနိုင်မည့် အကြံအစည်တစ်ခု ရှိပြီးသားဖြစ်သည်။ ရက်အနည်းငယ်ကြာ သုံးသပ်ပြီးနောက် ထိုအကြံအစည်သည် အောင်မြင်နိုင်ခြေများကြောင်း သူခံစားမိသည်။
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး သံတော်ဆင့်ခန်းမဆောင်ထဲမှ ထွက်သွားကာ မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ နယ်နိမိတ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားလိုက်သည်။
စစ်ပွဲပြီးဆုံးပြီးနောက် ဓားကိုင်ရုံးတော်နှင့် ပူးပေါင်းထားသော မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ စွမ်းအားသည် အလားတူ ထိခိုက်ပျက်စီးသွားသော်လည်း ထိုသို့ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် ပြန်လည်နာလန်ထူရန် သိပ်မခက်ခဲပါချေ။
သို့ဖြစ်၍ ရွှီချင်းရောက်ရှိလာသည့်အခါ မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းထဲတွင် တပည့်အများအပြားရှိနေသေးသည်ကို မြင်သွားသည်။
ရွှီချင်းသည် သူနှင့်အတူ မည်သည့်အပေါင်းအဖော်ကိုမှ မခေါ်လာခဲ့ပေ။ သူ၏ ရည်ရွယ်ချက်သည် ရှင်းလင်းသည်။ သူသွားရောက်ချင်သော နေရာသည် မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းက ထိန်းချုပ်ထားသော မဟာအာကာသလောက ဖြစ်သည်။
ဂိုဏ်း၏ တည်နေရာပြောင်းရွှေ့အစီအရင်မှတဆင့် ရွှီချင်း၏ ပုံရိပ်သည် မြို့တော်ထဲမှ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ အရိုးခြောက်ငါး၏ ခန္ဓာကိုယ်ထဲမှ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားနှင့်ပြီး ဖြစ်သည်။
ရွှီချင်းသည် မဟာအာကာသလောကဆီသို့ သွားရောက်သော လမ်းကြောင်းကို အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ သို့ဖြစ်၍ သိပ်မကြာမီ သူက ရင်ဘက်ပေါ်တွင် ဟောင်းလောင်းပေါက်ရှိသော ဧရာမရုပ်တုကြီးတစ်ခုကို မြင်သွားသောအခါ သူ၏ ခန္ဓာကိုယ်သည် အရိုးခြောက်ငါးမှ ထွေးထုတ်လိုက်သော ပူဖောင်းများဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ချက်ချင်းဆိုသလို ရွှီချင်းသည် မဟာအာကာသလောကဆီသို့ ရောက်ရှိသွားသည်။
သူပေါ်ထွက်လာသည့်အခိုက် အစက စိတ်အေးလက်အေးရှိနေကြသော ဘေးပတ်ဝန်းကျင်မှ ဦးနှောက်သစ်ပင်များသည် အပြင်းအထန် တုန်ယင်သွားကြသည်။ သူတို့သည် ရွှီချင်း၏ အရှိန်အဝါကို မှတ်မိသည်။ သို့ဖြစ်၍ သူတို့သည် ရုတ်ချည်း အနောက်ဆုတ်သွားကြပြီး အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြသည်။
သတင်းအချက်အလက်သည် မရေမတွက်နိုင်သော လှိုင်းအတတ်အကျများသို့ ပြောင်းလဲသွားကြကာ အရပ်မျက်နှာပေါင်းစုံသို့ အစဉ်မပြတ် ပျံ့လွင့်သွားကြပြီး ထိုသူခိုးကောင် နောက်တစ်ကြိမ် ပြန်ရောက်လာပြီဖြစ်ကြောင်း သူတို့၏ မျိုးနွယ်ဝင်အားလုံးကို သတင်းပို့လိုက်ကြသည်။
သို့ဖြစ်၍ ဤနေရာသို့ ဆင်းသက်လာသော ရွှီချင်းသည် ဟာလာဟင်းလင်းဖြစ်နေသော ဘေးပတ်ဝန်းကျင်နှင့် အဝေးသို့ ထွက်ပြေးနေကြသော ပုံရိပ်များကို မြင်လိုက်ရသည်။
လင်းအာသည် ရွှီချင်း၏ ကော်လံအောက်ထဲမှ ခေါင်းလေးတိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
“ အကိုရွှီချင်း ဒါက ဘယ်နေရာလဲ… ဘာလို့ သူတို့က ထွက်ပြေးနေကြတာလဲ… သူတို့ကိုကြည့်ရတာ အကို့ကို အရမ်းကြောက်နေကြတဲ့ပုံပဲ ”
“ ဒါက မဟာအာကာသလောက… အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်နေရာပေါ့… သူတို့က ထွက်ပြေးနေကြတာ မဟုတ်ဘူး… အဲ့ဒါက လူတွေကို သူတို့ရဲ့ လက်ခံကြိုဆိုတဲ့ပုံစံပဲ ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။ သူက ခြေတစ်လှမ်းတိုးလိုက်လေရာ သွေးအတောင်ပံတစ်စုံသည် သူ၏ ကျောအနောက်မှာ ထွက်ပေါ်လာသည်။ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သည့်အခါ သူ၏ အလျင်သည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထွက်ပြေးရာမှာ အနည်းငယ် နောက်ကျသွားသော ဦးနှောက်သစ်ပင်နောက်သို့ ချက်ချင်း လိုက်မီသွား၏။
ဦးနှောက်သစ်ပင်သည် ချက်ချင်းဆိုသလို ထက်ရှသော နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။
“ မစားဘူး… မစားဘူး… မစားဘူး ”
ရွှီချင်းသည် ဦးနှောက်သစ်ပင်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက မကောင်းဆိုးဝါးဝိညာဉ်များရှိသော ဆေးပုလင်းကို ထုတ်လိုက်သည်။ သူက ပုလင်း၏ သိုလှောင်စွမ်းအားကို ငှားယူလျက် ဦးနှောက်သစ်ပင်ကို ပုလင်းထဲသို့ ပို့လွှတ်လိုက်သည်။
ဤသည်မှာ ရွှီချင်း စဉ်းစားမိသော ဖြေရှင်းနည်းဖြစ်သည်။
မဟာအာကာသလောကမှ ဦးနှောက်သစ်ပင်များသည် မှတ်ဉာဏ်များ စားသုံးရသည်ကို သဘောကျကြပြီး ယုတ်မာကောက်ကျစ်သောစိတ်နှင့် လောဘစိတ်ရှိကြသည်။
သူတို့က မဟာအာကာသလောကထဲသို့ ရောက်ရှိလာသူများကို အစဉ်မပြတ် လှည့်စားပြီး အရောင်းအဝယ်လုပ်ငန်းစဉ်ကို သူတို့အား မေ့လျော့သွားစေလိမ့်မည်။
ထိုနည်းဖြင့် သူတို့သည် တစ်ဖက်လူက မှတ်ဉာဏ်လုံးဝမရှိတော့သည်အထိ ထပ်ခါထပ်ခါ ကုန်သွယ်နိုင်လိမ့်မည်။
မကောင်းဆိုးဝါးဝိညာဉ်များကို သန့်စင်ရန် ထိုဦးနှောက်သစ်ပင်များက အလွန်သင့်တော်သည်ဟု ရွှီချင်းခံစားမိသည်။ မည်သို့ဖြစ်စေ မကောင်းဆိုးဝါးဝိညာဉ်များတွင် သောင်းပြောင်းထွေလာအတွေးနှင့် မှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသည်မဟုတ်ပါလော။
ဦးနှောက်သစ်ပင်သည် အော်ဟစ်ငိုကြွေးသည်။ သို့သော်လည်း ဆေးပုလင်းထဲသို့ ဝင်ရောက်ပြီးနောက် မမေရမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များကို သတိထားမိသွားသောအခါ သူက စတင်တုန်ယင်လာသည်။
သူက စိတ်လှုပ်ရှားစွာ တုန်ယင်နေသည်။
သူက ဝိညာဉ်တစ်ကောင်ဆီသို့ အလျှင်အမြန် ချည်းကပ်သွားသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် သူ၏ ဦးနှောက်ထဲမှာ လင်းလက်သွားကြသည်။ သူက စုပ်ယူလိုက်သည့်အခါ တစ်စုံတစ်ခုပါလာဟန် ရသည်။ ဝိညာဉ်၏ အမူအရာသည် ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်းမရှိတော့ဘဲ ဗလာဖြစ်သွားသည်။
“ အလုပ်ဖြစ်တယ် ”
ရွှီချင်းသည် စိတ်လှုပ်ရှားသွားသည်။ သူက ချက်ချင်း အရှေ့သို့ ပျံသန်းသွားပြီး ဦးနှောက်သစ်ပင်များကို ဆက်လက်ဖမ်းဆီးသည်။
သို့သော်လည်း မည်သည့်ကိစ္စတွင်မဆို အလွန်အကျူးဖြစ်ခြင်းသည် မကောင်းကြောင်း သူသိသည်။ သို့ဖြစ်၍ သူသည် ဦးနှောက်သစ်ပင်သုံးဆယ်ကျော်ကို ဖမ်းဆီးပြီးနောက် ရပ်တန့်လိုက်ပြီး မဟာအာကာသလောကထဲမှ ထွက်ခွာသွားသည်။
ပုလင်းထဲတွင် ဦးနှောက်သစ်ပင်သုံးဆယ်ကျော်သာ ရှိသော်လည်း သူတို့၏ မှတ်ဉာဏ်ဝါးမျိုသော အမြန်နှုန်းသည် အတော်လေး မြန်ဆန်သည်။ ယင်းက သန့်စင်ခြင်းလုပ်ငန်းစဉ်ကို သိသိသာသာ အရှိန်တိုးမြှင့်ပေးနိုင်သည်။
သူက တွက်ချက်မှုတချို့ ပြုလုပ်လိုက်သည်။ ဦးနှောက်သစ်ပင်များဖြင့်ဆိုလျှင် ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် သူ၏ လိုအပ်ချက်ဖြင့် ကိုက်ညီရန် အများဆုံး ငါးရက်ကြာမြင့်လိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းသည် စိတ်ကျေနပ်စွာ ထွက်သွားပြီး ဓားကိုင်ရုံးတော်ဆီသို့ ပြန်သွားသည်။ ထို့နောက် သူက တံခါးပိတ်ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားပြီး တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံလိုက်သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်ဆုံးသွားသည်။
ရွှီချင်းသည် သူ့ကိုယ်သူအတွက် အုတ်မြစ်ချရန် တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံခြင်းမျိုးစေ့သို့ ပြောင်းလဲပြီး ယင်းကို အစဉ်မပြတ် ပျိုးထောင်နေစဉ် သူ၏ ဆရာထံမှ အသံပို့လွှတ်ခြင်းကို ရရှိသွားသည်။
“ စတုတ္ထတပည့်… သတ္တမမင်းသားက အထောက်တော်တစ်ယောက်ကို စေလွှတ်ပြီး ဖိတ်ကြားလွှာကို လာပို့ခိုင်းခဲ့တယ် ”
“ သတ္တမမင်းသားနဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်က ပဏာမသဘောတူညီချက်တစ်ခုကို ရယူထားပြီးပြီ… လူသားဧကရာဇ်က အဲ့ဒါကို အတည်ပြုပေးလိုက်ပြီး ဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်လိုက်တာနဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်က လူသားမျိုးနွယ်ဘက်ကို တရားဝင် ပြန်ရောက်လာလိမ့်မယ် ”
“ ပွဲအခမ်းအနားတတ်ဖို့ မင်းကို ဖိတ်တဲ့အပြင် ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြည်နယ်သုံးခုအတွက် ပိုင်ရှင်အကြောင်းကို ဆွေးနွေးမယ့် သီးသန့်ဂုဏ်ပြုထမင်းဝိုင်းမှာလည်း သူက မင်းကို ဖိတ်ကြားသေးတယ် ”
“ ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေအရ အထက်တန်းစားလူတွေရဲ့ သားသမီးတွေ၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ တပည့်တွေနဲ့ နန်းမြို့တော်မှာ နာမည်ကျော်ကြားတဲ့ လက်ရွေးစင်တွေလည်းပဲ ပါဝင်ဖို့ ဖိတ်ကြားခံထားရတယ် ”
“ ဒီတော့ မင်းသွားမှာလား ”
တစ်ချိန်တည်းမှာ ရွှီချင်းသည် သူ့ဆရာ၏ စကားထဲမှ ပွဲအခမ်းအနားကျင်းပမည့်နေရာသည် အင်မော်တယ်အူခွေသစ်ပင်ဖြစ်ကြောင်း ကြားသိလိုက်ရသည်။
အင်မော်တယ်အူခွေသစ်ပင်ဆယ်ပင် ပျောက်ကွယ်သွားမှုကြောင့် ထိုဧရိယာ၏ အသွင်အပြင်သည် သိသာစွာ ပြောင်းလဲသွားသည်။ ထိုနေရာ၏ မြေပြင်ပေါ်တွင် အလွန်နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သတ္တမမင်းသားသည် ထိုနေရာကို သိမ်းပိုက်ခဲ့ပြီး ယင်းက စစ်တပ်၏ ဌာနချုပ်စခန်း ဖြစ်လာသည်။ သို့ဖြစ်၍ ထိုတွင်းနက်ကြီး၏ ဘေးပတ်ပတ်လည်တွင် စစ်စခန်းများဖြင့် ပြည့်နှက်နေပြီး အဆုံးမရှိပေ။
ဘေးပတ်ဝန်းကျင်မှ တိုင်းပြည်ငယ်များသည်လည်း နန်းမြို့တော်စစ်တပ်မှ စစ်ဗိုလ်ချုပ်များအတွက် အိမ်ဂေဟာဖြစ်လာသည်။ အထူးသဖြင့် ‘ထယ်ချီ’ဟု အမည်ရသော နက်ပြာရောင်ဖြင့် ဖုံးလွှမ်းနေသည့် တိုင်းပြည်ငယ်တစ်ခုသည် သတ္တမမင်းသား၏ အထူးမျက်နှာသာပေးခြင်းခံရသည်။
သို့ဖြစ်၍ ထိုတိုင်းပြည်ငယ်၏ နန်းတော်သည် သတ္တမမင်းသား၏ ယာယီနန်းဆောင်ဖြစ်လာသည်။
ဤအခိုက်အတန့်မှာ နန်းတော်၏ အဓိကခန်းမဆောင်ထဲတွင် ရယ်မောသံများသည် အဆုံးမဲ့စွာ ထွက်ပေါ်နေသည်။ ငယ်ရွယ်သော ယောင်္ကျားလေးများနှင့် မိန်းမပျိုလေးများသည် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြပြီး ထိုနေရာမှာ ထိုင်နေကြသည်။
သူတို့ထဲမှ မည်သူမဆို အထက်တန်းစားအရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် နန်းမြို့တော်မှ ဖြစ်ကြသည်။
သတ္တမမင်းသားသည် အဓိကထိုင်ခုံမှာထိုင်နေပြီး အားလုံးကို ပြုံးလျက် ငုံ့ကြည့်နေသည်။ သို့သော်လည်း အောက်ဘက်မှ လူအုပ်စုကို ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ အထင်သေးရှုံ့ချသောအကြည့် ရှိနေသည်ကိုတော့ မည်သူမှ သတိမထားမိကြချေ။
သူ၏ ဘေးမှ အမျိုးသမီးကို ကြည့်လိုက်သည့်အခါမှသာ သတ္တမမင်းသား၏ မျက်လုံးထဲမှ အထင်းသေးရှုံချသော အရိပ်အယောင်သည် ပျောက်ကွယ်သွားပြီး ယင်းနေရာမှာ လေးနက်မှုတို့ အစားထိုးဝင်လာသည်။
“ တော်ဝင်အမတော်… မင်းက ဒီတစ်ကြိမ် ရုတ်တရက် ရောက်ချလာတယ်နော် ”
သတ္တမမင်းသားနှင့် အဆင့်အတန်းတူညီသော ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အမျိုးသမီးသည် အသက်နှစ်ဆယ်ရှိပုံပေါ်သည်။ သူ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးပြီး သူ၏ မျက်လုံးသည် အေးမြသော ကန်ရေပြင်နှင့် တူညီသည်။ ယင်းက အရာအားလုံးကို ထွင်းဖောက်မြင်နေရသည့်အလားပင်။
ဝိုင်ခွက်ကို ကောက်ယူလိုက်သော သူ၏ လက်ချောင်းများသည် သေးသွယ်ပြီး ချောမွေ့သည်။ ဖြူဖွေးသော ထိုလက်ချောင်းများပေါ်တွင် ပန်းနုရောင် တစ်စွန်းတစ်စလည်း ရှိသည်။
သူက မက်မွန်ပန်းပွင့်ဖြင့် အလှဇာထိုးထားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အပြင်ပန်းပုံစံသည် ကြော့ရှင်းတင့်တယ်ပြီး နက်မှောင်သောဆံပင်ကို လက်ရာမြောက်သော ကျောက်စိမ်းဆံထိုးတစ်ခုဖြင့် သေသပ်စွာ ဆံထုံးထုံးထားသည်။
လည်အဟိုက်က အနည်းငယ် ပေါ်နေလေရာ ဆွဲဆောင်မှုရှိပြီး သေးသွယ်သော လည်တိုင်ကို မြင်သာစေသည်။ ယင်းက ပိုအေးစက်ပြီး မာနထောင်လွှားသော အရှိန်အဝါကို ပေးစွမ်းသည်။
သတ္တမမင်းသား၏ စကားကို ကြားသည့်အခါ သူ၏ နှုတ်ခမ်းအလွှာသည် အနည်းငယ် ပွင့်ဟသွားပြီး အေးစက်သော စကားသံက ထွက်ပေါ်လာလေသည်။
“ သတ္တမအကိုတော်… ငါဘာလို့ ဒီရောက်လာလဲ နင်ခန့်မှန်းကြည့်ပါလား ”
သတ္တမမင်းသား၏ အကြည့်သည် နက်ရှိုင်းလာသည်။ သူက ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး အထဲမှ ဝိုင်ကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ ကျွန်တော်မျိုး မလုပ်ရဲပါဘူး ”