မီးလောင်ရာလေပင့်ခြင်း… သတ်ဖြတ်ရန် ဓားငှားခြင်း(က)
Vol. 53 Ch. 820
စစ်ပွဲကာလ၏ အစောပိုင်းအခြေအနေတွင် ဖုန်းဟိုင်ဒေသငယ်မှ ပြည်နယ်သုံးခုသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ သိမ်းပိုက်ခြင်းခံခဲ့ရသည်။ စစ်ပွဲအဆုံးသတ်သွားပြီးနောက် ထိုပြည်နယ်သုံးခုကို သတ္တမမင်းသားက ပြန်လည်သိမ်းယူသွားခဲ့သည်။
သို့သော်လည်း ယခုထိတိုင် သူက ပြည်နယ်သုံးခုကို ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်မပေးသေးချေ။ ဤကိစ္စသည် အကျိုးအကြောင်းသင့်ပေသည်။ မည်သို့ဖြစ်ပါစေ သတ္တမမင်းသားသည် ပြည်နယ်သုံးခုကို သိမ်းပိုက်ခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်သည် လျော်ကြေးသဘောတူညီမှုအတွက် ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
သို့သော် သတ္တမမင်းသားသည် အစကတည်းက ဖုန်းဟိုင်ဒေသငယ်နှင့် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒမရှိခဲ့ပေ။ ထိုပြည်နယ်သုံးခုအတွင်းမှာ သတ္တမမင်းသား၏ စစ်တပ်အများအပြားကို စခန်းချထားဆဲ ဖြစ်သည်။
ဤကိစ္စသည် လူသားမျိုးနွယ်၏ အတွင်းရေးကိစ္စဖြစ်သောကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်သည် ဝင်မပါချေ။ ထိုပြည်နယ်သုံးခုသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်ပေးပြီး အဖိုးတန်သော သန့်စင်ခြင်းသတ္ထုပစ္စည်းများရှိသည့် သတ္ထုမိုင်းတွင်းအများအပြားကိုလည်း ပိုင်ဆိုင်ထားသည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်၏ အနာဂတ် ပြန်လည်နာလန်ထူမှုအတွက် အတော်လေး အရေးပါသည်။
သို့ဖြစ်၍ ပြည်နယ်သုံးခုကို သူတို့ပြန်မပေးနိုင်ပေ။
ဤကာလအတွင်းမှာသာ သတ္တမမင်းသားက ရွှီချင်းထံသို့ ဖိတ်ကြားလွှာပေးပို့ခဲ့ပြီး ပြည်နယ်သုံးခု၏ ပိုင်ရှင်အကြောင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်ကိစ္စကို စကားစပြောလာခြင်းဖြစ်သည်။
“ အမတ်ယောင်က မင်းကို အဲ့ဒီကို ခရီးထွက်ဖို့ မျှော်လင့်နေတယ်… ဒါပေမဲ့ ငါက ချက်ချင်း သဘောမတူခဲ့ဘူး… စတုတ္ထတပည့် မင်းဆန္ဒရှိသလို လုပ်ဆောင်ပါ ”
“ ဒါပေမဲ့ လုံခြုံရေးကတော့ ဘာမှကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူး… တကယ်လို့ ဒီခရီးမှာ မင်းတစ်ခုခုဖြစ်သွားမယ်ဆိုရင် သတ္တမမင်းသားက တာဝန်ယူမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင် အဲ့လိုရူးမိုက်တဲ့အရာကို လုပ်ဆောင်မှာ မဟုတ်ဘူး ”
သတ္တမသခင်ကြီးသည် ဤကိစ္စ၏ ကောင်းကျိုးဆိုးကျိုးကို ရွှီချင်းမြင်နိုင်အောင် ထောက်ပြသည်။
ရွှီချင်းသည် တစ်ခဏကြာ နှုတ်ဆိတ်သွားသည်။ ဖုန်းဟိုင်ဒေသငယ်က လျှို့ဝှက်စွာ သိမ်းယူနေသော ဒေသငယ်ကိစ္စအပါအဝင် အမတ်ယောင်၏ ယခင်က အစီအစဉ်တချို့ကို သူတွေးမိသွားသည်။
ထိုနေရာသည် ဖုန်းဟိုင်ဒေသငယ်နှင့် အလှမ်းဝေးသည်။ ယင်းသည် ဖုန်းဟိုင်ဒေသငယ်အတွက် တန်ဖိုးအနည်းငယ်သာ ရှိသော်လည်း သတ္တမမင်းသားအတွက်တော့ ယင်းက တခြားအဓိပ္ပာယ်ရှိသည်။
“ အခုပုံစံအရဆို ဒီလိုဖြစ်လာမယ်လို့ အမတ်ယောင်က ကြိုမျှော်လင့်ထားတဲ့ပုံပဲ… သူ့အစီအစဉ်က တကယ်ကောင်းမွန်တယ် ”
ရွှီချင်းသည် ထိုကိစ္စကို သေချာစဉ်းစားလိုက်သည်။ စီနီယာအကိုကြီးသည် ပြန်မရောက်လာသေးသဖြင့် ထိုနေရာသို့ ခရီးထွက်ရန် သူ့မှာ အချိန်တချို့ ရသေးပေသည်။
အမတ်ယောင်၊ သူ၏ ဆရာနှင့် ယခင်ခရီးစဉ်မှာ သူမြင်တွေ့ခဲ့သော လူတိုင်းနီးပါးသည် ဖုန်းဟိုင်ဒေသငယ်၏ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးစားအားထုတ်နေကြသည်။
သို့ဖြစ်၍ ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစွမ်းအားထက်ဝက်ကျော်ကို ရရှိထားခဲ့သော သူ့အနေဖြင့် သက်ဆိုင်ရာတာဝန်များကို တခြားသူများနည်းတူ ထမ်းပိုးသင့်ပေသည်။
ထို့အပြင် စီနီယာအကိုကြီးပြန်ရောက်လာသည့်နေ့သည် ဒေသငယ်မှ သူထွက်သွားမည့်နေ့ဖြစ်ကြောင်း ရွှီချင်း သေချာသည်။
ရွှီချင်းသည်လည်း လဝတ်ပြုဒေသကြီး၏ တည်နေရာကို စုံစမ်းခဲ့သည်။ ထိုနေရာသည် ဖုန်းဟိုင်ဒေသငယ်နှင့် လွန်စွာမှ ဝေးကွာပြီး သန့်စင်ရေလှိုင်းဒေသကြီး၏ တခြားတစ်ဖက်တွင် တည်ရှိသည်။ ဒေသကြီးနှစ်ခုကြားတွင် စတေးခံယင်မြစ်ကြီးက ပိုင်းခြားထားသည်။
ထိုနေရာသည် အစက ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်တွင် လူသားမျိုးနွယ်၏ ပိုင်နက်ထဲမှာ ရှိသည်။ သို့သော်လည်း နှစ်ကာလကြာမြင့်လာသည့်အခါ ၎င်းကို ဆုံးရှုံးသွားခဲ့သည်။ ၎င်းကို ကောင်းကင်နက်မျိုးနွယ်သည်လည်း မပိုင်ဆိုင်ပေ။ သို့သော်လည်း ကောင်းကင်နက်မျိုးနွယ်ထံတွင် ၎င်းမှာ တခြားနာမည်ရှိသည်။
စိတ်ဝိညာဉ်ခြံဝန်း…
ခြံဝန်းဟူသော စာလုံးတွင် အဓိပ္ပာယ်များစွာ ရှိပေသည်။ ယင်းက သတ္တဝါများကို မွေးမြူသော နယ်မြေတစ်ခုဖြစ်နိုင်သည်။ သို့မဟုတ် အနှစ်သာရများ စုဝေးနေသောနေရာလည်း ဖြစ်နိုင်သည်။
အသေးစိတ်ကိုတော့ ရွှီချင်းသည် သူစစ်ဆေးခဲ့သော သတင်းအချက်အလက်ထဲမှာ ရှာမတွေ့ခဲ့ပေ။ ထိုအကြောင်းအရင်းကြောင့် ခေါင်းဆောင်က သတင်းအချက်အလက်စုဆောင်းရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် သူမထွက်သွားခင် ဖုန်းဟိုင်ဒေသငယ်အတွက် တစ်စုံတစ်ခု ပြုလုပ်သွားချင်သည်။ သူက မငြင်းပေ။
ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားပြီး စစ်တပ်ကြီးတစ်ခုသည် ဖုန်းဟိုင်ဒေသငယ်မှ ထွက်ခွာသွားသည်။
ထိုခရီးစဉ်ကို ဦးဆောင်သူသည် ဓားကိုင်ရုံးတော်သခင် လီယွမ်ရှန်းဖြစ်သည်။ ထို့အပြင် အသစ်ခန့်အပ်ခံထားရသော ပြည်ထဲရေးရုံးတော်နှင့် တရားရေးရုံးတော်မှ လက်ထောက်ရုံးတော်သခင်နှစ်ယောက်သည်လည်း အဖော်လိုက်လာကြသည်။
ရုံးတော်သုံးခုမှ စီမံခန့်ခွဲရေးမှူးခြောက်ယောက်သည်လည်း လိုက်ပါလာကြသည်။
စစ်တပ်ကို အဓိကအားဖြင့် ဓားကိုင်ရုံးတော်မှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် အတွေ့အကြုံများပြားသော ဓားကိုင်များကို ရွေးချယ်ပြီး ကြီးကျယ်မြင့်မြတ်သောပုံစံဖြင့် ဖုန်းဟိုင်ဒေသငယ်မှ ထွက်ခွာသွားကြသည်။
ခုန်းရှန်းလုံသည်လည်း ဤခရီးစဉ်မှာ ပါဝင်ခဲ့သည်။
လက်ထောက်ဒေသအကြီးအကဲခေါ်ဆောင်လာသော ကဒ်ဘေးပြီးဆုံးသွားပြီးနောက် ခုန်းရှန်းလုံသည် သေရည်သိပ်မသောက်တော့ပေ။ သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအချိန်မှလွဲလျှင် အချိန်အများစုကို အတွင်းရေးမှူးဌာနတွင်သာ ကုန်ဆုံးလေ့ရှိသည်။
သူသည် လီယွမ်ရှန်း၏ တန်ဖိုးထားခြင်းခံရပြီး အနာဂတ်တွင် ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်သခင်ဖြစ်လာမည့် ကိုယ်စားလှယ်လောင်းအဖြစ် ဆက်ဆံခံရသည်။
စစ်တပ်သည် ထောင်ပေါင်းများစွာသော ဧရာမမှော်ယာဉ်ပျံများဖြင့် ကိန်းကြီးခန်းကြီး ရွေ့လျားသွားနေကြသည်။
မှော်ယာဉ်ပျံများထံမှ အရိပ်များသည် မြေပြင်ပေါ်မှ တောင်တန်းများနှင့် မြစ်ချောင်းများကို ဖုံးအုပ်သွားသည်။
အရှေ့ဆုံးတွင်တော့ ဧရာမရှေးဟောင်းကြေးနီဓားတစ်လက် ရှိသည်။ လီယွမ်ရှန်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ ဗလာနတ္ထိအဆင့်ကျင့်ကြံသူများသည် ထိုအပေါ်မှာ ရှိကြသည်။
ရှေးဟောင်းကြေးနီဓား၏ အနောက်တွင် သတ္တမသခင်ကြီး၏ မဟာအတောင်ပံရှိသည်။ ၎င်း၏ အနက်ရောင်ကိုယ်ထည်မှ သတ်ဖြတ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေလေရာ ဘေးပတ်ဝန်းကျင်ကို တရိပ်ရိပ်လွှမ်းခြုံသွားမည့် မုန်တိုင်းတစ်ခုကို အစပျိုးလာစေသည်။
ရွှီချင်းသည် မဟာအတောင်ပံပေါ်ရှိ အဆောက်အဦးတစ်ခုပေါ်မှာ ရပ်နေပြီး အဝေးမှကောင်းကင်ကို ကြည့်နေသည်။
မြေပြင်ပေါ်မှ တောင်တန်းနယ်မြေသည် တအိအိလှုပ်ခတ်သွားသည်။ စစ်တပ်သည် တည်နေရာပြောင်းရွှေ့အစီအရင်များမှတဆင့် ဖြတ်သန်းသွားသည့်အခါ သူတို့သည် ယခင်က အနောက်ဘက်စစ်မြေပြင်မှာ ပြန်ပေါ်လာကြသည်။
ထိုနေရာသို့ရောက်သွားသည့်အခါ ကောင်းကင်ပေါ်မှ မှော်ယာဉ်ပျံအားလုံးသည် ရပ်တန့်သွားကြသည်။
မရေမတွက်နိုင်သော အကြည့်များသည် မြေပြင်ပေါ်သို့ ကျရောက်လာကြသည်။ သူတို့၏ အကြည့်က အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော ကုန်းမြေပေါ်သို့လည်းကောင်း အတိတ်တုန်းက ဓားကိုင်ရုံးတော်သခင် ခုတ်ပိုင်းခဲ့သော ဓားချက်ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကိုလည်းကောင်း တိုက်ပွဲတွင် ဓားကိုင်ရုံးတော်သခင်ကျဆုံးသွားခဲ့သော နေရာကိုသော်လည်းကောင်း ကျရောက်သွားကြသည်။
အားလုံးသည် ခေါင်းငုံ့လိုက်ကြပြီး ရုံးတော်သခင်အတွက် ဝမ်းနည်းပူဆွေးသွားကြသည်။
ရွှီချင်းသည် မြေပြင်ပေါ်သို့ စိုက်ကြည့်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။
ရွှီချင်း၏ ဘေးတွင် အမူအရာကင်းမဲ့စွာရှိနေသော ခုန်းရှန်းလုံသည် မျက်လုံးမှိတ်ထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် မှော်ယာဉ်ပျံသည် အရှေ့သို့ ဆက်လက်ရွေ့လျားသွားပြီး ဝမ်းနည်းစရာကောင်းသော ဤစစ်မြေပြင်မှ ထွက်ခွာသွားကာ သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ ဦးတည်သွားသည်။
ထိုအခါမှ ခုန်းရှန်းလုံသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သို့သော်လည်း သူက အနောက်လှည့်မကြည့်ချေ။ ယင်းအစား သူက သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဦးတည်ရာသို့ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ရွှီချင်း ဒီမျိုးဆက်က အဲ့ဒီလူသားလက်ရွေးစင်တွေက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါမြင်ချင်တယ် ”
ခုန်းရှန်းလုံသည် ဒေသငယ်တစ်ခုလုံး၏ အတွင်းရေးမှူးဌာနဖွဲ့စည်းပုံကို တာဝန်ယူပြီးနောက် သူ၏ ဝတ်ဆင်ပုံသည် ပြောင်းလဲသွားခဲ့သည်။ ယခု သူသည် အနက်ရောင်စစ်ချပ်ဝတ်ကို ဝင်ဆင်ထားပြီး သူ၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူ၏ အကြည့်သည် အေးစက်ပြီး သူ၏ အမူအရာသည် ခန့်ညားသည်။
ထိုသို့အသွင်ပုံစံကြောင့် ခုံးရှန်းလုံပေါ်မှာ ယခင်ဓားကိုင်ရုံးတော်သခင်၏ ပုံရိပ်ကို မသဲမကွဲ မြင်ရသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးမြှင့်သွားခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက သူသည် နတ်နန်းတော်ဆယ်ခုကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့သည်။ တိုက်ပွဲများစွာနှင့် အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် အတိတ်တွင် ဖုန်းဟိုင်ဒေသငယ်၏ နံပါတ်တစ် ကောင်းကင်ရွေးချယ်ခံဖြစ်သော ခုန်းရှန်းလုံသည် နတ်နန်းတော်များကို နောက်ထပ်ဖွဲ့စည်းလာနိုင်ရုံသာမက ဝိညာဉ်နတ်သူငယ်ဖွဲ့စည်းခြင်းအဆင့်သို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။
ခုန်းရှန်းလုံ၏ ရွေးချယ်မှုသည် ယခင်က ရွှီချင်း၏ ရွေးချယ်မှုနှင့် အတူတူဖြစ်သည်။ သူက ကောင်းကင်ကဒ်ဘေးဒုက္ခကို မကျော်လွှားခင် သူ၏ နတ်နန်းတော်အားလုံးကို ဝိညာဉ်နတ်သူငယ်ဖွဲ့စည်းပြီးသည့်အထိ စောင့်ဆိုင်းချင်သည်။ သို့မှသာ ကောင်းကင်အာဏာစက်အများအပြားကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
သူ၏ အရှိန်အဝါနှင့် စွမ်းအင်အတတ်အကျမှတဆင့် ခုန်းရှန်းလုံသည် ကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ရရန် အများဆုံး လအနည်းငယ်ခန့် စောင့်ဆိုင်းရလိမ့်မည်။
“ သူတို့က သာမန်မဟုတ်လောက်ဘူး ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
သူတို့အုပ်စုသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပိုင်နက်ထဲသို့ ဝင်ရောက်သွားကြသည့်အခါ လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ် မည်သည့်အတားအဆီးနှင့်မှ မတွေ့ကြုံခဲ့ချေ။
ထိုနေရာမှ တည်နေရာပြောင်းရွှေ့အစီအရင်များ၏ အကူအညီဖြင့် သူတို့သည် သတ္တမမင်းသားဦးဆောင်ကျင်းပမည့် ဂုဏ်ပြုပွဲအခမ်းအနားနေရာ အင်မော်တယ်အူခွေသစ်ပင်ဆီသို့ ထိုနေ့ညနေမှာပင် ရောက်ရှိသွားကြသည်။