မီးလောင်ရာလေပင့်ခြင်း… သတ်ဖြတ်ရန် ဓားငှားခြင်း(ခ)
Vol. 53 Ch. 821
ထိုနေရာသည် ရွှီချင်း၏ မှတ်ဉာဏ်များထဲမှ အသွင်အပြင်နှင့် သိသာစွာ ခြားနားသွားသည်။
ဘေးပတ်ပတ်လည်ကို ကြည့်ရှုမည်ဆိုလျှင် သတ္တမမင်းသား၏ နန်းမြို့တော်စစ်တပ်မှ မရေမတွက်နိုင်သော တပ်စခန်းများစွာကို မြင်နိုင်လိမ့်မည်။ တပ်စခန်းများသည် အရပ်မျက်နှာတစ်ခုဆီသို့ အဆုံးမဲ့စွာ ဆန့်တန်းတည်ရှိနေကြသည်။
ယခု ပြန်ရောက်လာသည့်အခါ ရွှီချင်းသည် ကောင်းကင်ပေါ်သို့ မော့မကြည့်ဘဲ မနေနိုင်ချေ။ အတိတ်မှ အဖြစ်အပျက်များသည် သူ၏ စိတ်ထဲမှာ တဖန်ထွက်ပေါ်လာသည်။
ခဏကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်သည်။ သတ္တမမင်းသား၏ လက်အောက်ငယ်သားများသည် သူတို့ကို ဧည့်ခံကြိုဆိုကြပြီး အပြင်ဘက်တွင် စခန်းချရန် ဖုန်းဟိုင်ဒေသငယ်မှ စစ်တပ်ကို စီစဉ်ပေးသည်။
သူနှင့် ခုန်းရှန်းလုံသည်တော့ ဂုဏ်ပြုပွဲကျင်းပမည့်နေရာသို့ ဖိတ်ခေါ်ခံရသည်။
လီယွမ်ရှန်းနှင့် တခြားလူများသည် ပါဝင်ရန် ဖိတ်ခေါ်မခံရချေ။
မည်သို့ဖြစ်ပါစေ သတ္တမမင်းသား၏ မျက်လုံးထဲတွင် ဖုန်းဟိုင်ဒေသငယ်၌ သူအမှတ်ရရန် ထိုက်တန်သောလူသည် အနည်းငယ်သာရှိသည်။
ခုန်းရှန်းလုံသည် သူ၏ အဖိုးကြောင့်သာ ဖိတ်ကြားခံရသည်။
သို့ဖြစ်၍ မကြာမီ စစ်တပ်ကို စခန်းချပေးပြီးနောက် ရွှီချင်းနှင့် ခုန်းရှန်းလုံသည် သတ္တမမင်းသား၏ လက်အောက်ငယ်သားများနောက်မှလိုက်၍ ထယ်ချီဟု အမည်ရသော တိုင်းပြည်ငယ်ထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့သည် ဖြတ်သန်းသွားနေရင်း စွန့်ပစ်ထားသော နေအိမ်အများစုကို တွေ့ရှိသွားကြသည်။ ထိုဧရိယာတစ်ခုလုံးကို နန်းမြို့တော်မှ အင်အားစုများက သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။ မြို့သည် အလွန်နက်ရှိုင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ မြေပြင်သည်တော့ ခြောက်သွေ့နေသော သွေးဖြင့် အနီရောင်စွန်းထင်နေသည်။
ထိုမြင်ကွင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြို့ထဲမှ နက်ပြာရောင်နန်းတော်သည် အထူးထင်ပေါ်နေသည်။ တေးသီချင်းသံများနှင့် ရယ်မောသံများသည် နန်းတော်ထဲမှ ပျံ့လွင့်ထွက်လာနေပြီး ရွှီချင်းနှင့် ခုန်းရှန်းလုံ၏ နားထဲသို့ ဝင်ရောက်လာသည်။
သူတို့နှစ်ယောက်သည် တည်ငြိမ်သော အမူအရာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နန်းတော်ထဲသို့ လျှောက်ဝင်သွားကြသည်။
သူတို့အထဲဝင်သွားသည့်အခိုက် နန်းတော်ထဲမှ တေးသီချင်းဆိုခြင်းနှင့် ကခုန်နေခြင်းက ဆက်လက်လုပ်ဆောင်နေသော်လည်း ရယ်မောသံများသည်တော့ ရပ်တန့်သွားကြသည်။ အကြည့်များစွာသည် သူတို့နှစ်ယောက်အပေါ်မှာ စုဝေးလာကြသည်။
တူညီစွာပင် နန်းတော်ထဲမှ အရာအားလုံးသည် ရွှီချင်းနှင့် ခုန်းရှန်းလုံ၏ မျက်လုံးထဲတွင် ထင်ဟပ်လာသည်။
သတ္တမမင်းသားသည် အရှေ့မှာ ထိုင်နေသည်။ ဤအခိုက်အတန့်မှာ သူက ပြုံးလျက် ရွှီချင်းကို ကြည့်နေသည်။
သူ၏ ဘေးတွင် လှပသော မိန်းမပျိုလေးတစ်ဦးက အေးတိအေးစက် အမူအရာဖြင့် ထိုင်နေသည်။ သူက သတ္တမမင်းသားကဲ့သို့ အဓိကထိုင်ခုံမှာ ထိုင်နေခြင်းဖြစ်လေရာ သူတို့၏ အဆင့်အတန်းသည် အတူတူဖြစ်ကြောင်း မြင်သာပေသည်။
သူတို့နှစ်ယောက်၏ အောက်တွင် ခန်းမဆောင်၏ ဘယ်ညာတစ်ဖက်စီ၌ လူငယ်ဆယ်ယောက်ကျော်ရှိကြသည်။ သူတို့သည် ယောင်္ကျားလေးနှင့် မိန်းကလေးများ ဖြစ်ကြသည်။
သူတို့ထဲမှ အများစုသည် သာမန်မဟုတ်သော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် အနိမ့်ဆုံး ဝိညာဉ်နတ်သူငယ်အဆင့်မှာ ရှိကြသည်။ သူတို့ထဲမှ တချို့သည် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံခြင်း စွမ်းအင်အတတ်အကျကိုပင် ထုတ်လွှတ်နေကြသည်။
ဤနေရာမှ လူအများစုသည် ထူးခြားပြောင်မြောက်သော အသွင်အပြင်ရှိကြပြီး ကိန်းကြီးခန်းကြီး ဝတ်ဆင်ထားကြသည်။ ရိုးရှင်းစွာ ဝတ်ဆင်ထားသော လူတချို့လည်း ရှိကြသည်။ သို့သော်လည်း သူတို့၏ ကြယ်ကလေးများသဖွယ် မျက်လုံးများနှင့် ခန္ဓာကိုယ်ပေါ်မှ ထူးခြားသော အရှိန်အဝါက သူတို့ကို လူအုပ်ကြားထဲမှာ ထင်းခနဲ မြင်သာစေသည်။
သို့တိုင် သူတို့၏ အကြည့်နှင့် အမူအရာများမှ ထိုသူများ၏ သဘောထားကို ပိုင်းခြားသိမြင်ရန် ခက်ခဲလှသည်။ မည်သို့ဖြစ်စေ သူတို့သည် နန်းမြို့တော်ထဲမှာ ကြီးပြင်းလာခဲ့သောကြောင့် ဆန်းပြားသော အမူအကျင့်နှင့် တည်ငြိမ်အေးဆေးသော စရိုက်ကို လွန်ကဲစွာမဟုတ်သည့်တိုင် အထိုက်အလျောက်တော့ ပိုင်ဆိုင်ထားသင့်ပေသည်။
သူတို့က ရွှီချင်းနှင့် ခုန်းရှန်းလုံကို ကြည့်လိုက်သည့်အခါ သတ္တမမင်းသားသည် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို ခန်းမဆောင်ထဲမှ တေးသီချင်းဆိုခြင်းနှင့် ကခုန်ခြင်းသည် ရပ်တန့်သွားကြသည်။ တေးသီချင်းသံက ရပ်တန့်သွားပြီးနောက် သူ၏ ရယ်မောသံတစ်ခုတည်းသာ ခန်းမဆောင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ရွှီချင်း… ခုန်းရှန်းလုံက… ”
ရွှီချင်းသည် တည်ကြည်လေးနက်စွာ လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ သတ္တမမင်းသားကို နှုတ်ဆက်ပါတယ် ”
ငတုံးငအများသာ သူတို့၏ အတွင်းစိတ်ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ကြသည်။ သိသာစွာပင် ဤနေရာ၌ ထိုသို့သောငတုံးငအမျိုး မရှိကြပေ။ အကယ်၍ ရှိခဲ့လျှင်တောင် သူတို့က ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်။
ဥပမာ အမူအရာကင်းမဲ့စွာ ရှိနေသော ခုန်းရှန်းလုံဖြစ်သည်။ သူက အရိုအသေပေးခဲ့သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။
သတ္တမမင်းသားသည် ခုန်းရှန်းလုံ၏ အပြုအမူနှင့်ပတ်သက်ပြီး မည်သို့မှစိတ်ထဲမထားပုံပေါ်သည်။ သူက ရွှီချင်းကို ချီးမွမ်းလိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အားလုံးကို ပြောသည်။
“ သူက စောစောတုန်းက ငါမင်းတို့ကို ပြောပြခဲ့တဲ့တစ်ယောက်… ဖုန်းဟိုင်ဒေသငယ်က ရွှီချင်းပဲ… သူက ဧကရာဇ်အရှင်ရဲ့ ချီးကျူးတာကိုခံရပြီး ရွှေရောင်ဂုဏ်ပြုကမ္ပည်း၊ အဝါရောင်ဝတ်ရုံ၊ အင်ပါယာကျောင်းတော်ဆီ ဝင်ရောက်ခွင့်နဲ့ လူသားမျိုးနွယ်ရဲ့ ပထမအဆင့် တိုက်ပွဲကုသိုလ်ကို ချီးမြှောက်ခြင်းခံထားရသူပဲ ”
ထို့နောက် သတ္တမမင်းသားသည် ဂုဏ်ပြုပွဲအခမ်းအနားမှ လူများကို ညွှန်ပြလိုက်ပြီး ရွှီချင်းနှင့် စတင်မိတ်ဆက်ပေးသည်။
“ ရွှီချင်း… သူကတော့ ကျိုးထျန်းကျစ်… သူက နန်းမြို့တော်ရဲ့ ထိုက်စွေ့ကျောင်းတော်က ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ… သူက အရည်အချင်းရှိတယ် ”
“ ဒီဘက်ကတော့ လော့ကျင်းစုန်… သူက ကောင်းကင်ဘုံအမတ်လော့ယွင်ရဲ့ နောင်သားမျိုးဆက်တစ်ယောက်ပဲ ”
“ ဒီမိန်းကလေးကတော့ နတ်သမီးလျှိုလန်… သူက ဖန်တီးရှင်စံအိမ်က… ဖန်တီးရှင်စံအိမ်က နတ်ဘုရားတွေကို သုတေသနပြုလုပ်ကြတယ်… ငါတို့လူသားမျိုးနွယ်ရဲ့ အာရုဏ်ဦးနေမင်းကလည်း သူတို့နဲ့ပတ်သက်မှုရှိတယ် ”
“ သူကတော့ တပ်မှူးချုပ်ကြီးမုန့်ရဲ့ မြေးပဲ ”
သတ္တမမင်းသားသည် ပြုံးထားလျက် ရွှီချင်းကို တစ်ယောက်ပြီးတစ်ယောက်နှင့် မိတ်ဆက်ပေးသည်။
ဤနေရာမှ လူအများစုသည် အထက်တန်းစားလူများ၏ နောင်သားမျိုးဆက်များ ဖြစ်ကြသည်။ သူတို့၏ မိသားစုတွင် ကောင်းကင်ဘုံအမတ်များ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်မြင့်မားသော ဘိုးဘေးများကို မွေးထုတ်ဖူးကြသည်။ နန်းမြို့တော်တွင် နာမည်ကျော်ကြားသော လူတချို့လည်း ရှိကြသည်။
“ သူကတော့ ဟွမ်ခွန်… ညီအကိုဟွမ်ခွန်နဲ့ ရွှီချင်းက မျိုးဆက်အတူတူပဲ… သူက ဓားကိုင်ဝန်ကြီးဌာနမှာ အလုပ်လုပ်တယ်… သူ့ရဲ့ဘိုးဘေးက ဓားကိုင်ဝန်ကြီးဌာနက မဟာစီမံခန့်ခွဲရေးမှူးလေ ”
သတ္တမမင်းသား၏ ညွှန်ပြခံရသော ထိုကျင့်ကြံသူများသည် ပြုံးလိုက်ကြပြီး ရွှီချင်းကို ခေါင်းညိတ်ပြကြသည်။
ရွှီချင်းသည် တစ်ယောက်ချင်းစီကို ပြန်လည်နှုတ်ဆက်လိုက်သည်။
သူတို့ထဲမှ တစ်ယောက်သည် ရွှီချင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
“ ရွှီချင်း… ဒီတစ်ယောက်ကို အရင်က မင်းမမြင်ဖူးလောက်ဘူး… ဒါပေမဲ့ သူက မင်းတို့ဖုန်းဟိုင်ဒေသငယ်က အဖွဲ့ဝင်တစ်ယောက်ပဲ… သူက မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းက ကောင်းကင်ရွေးချယ်ခံ ကျန်းချီဖန်းပဲ… လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက သူက ပညာသင်ကြားဖို့အတွက် အင်ပါယာကျောင်းတော်ကို သွားရောက်ခဲ့တယ်… အခုမှ သူက မင်းသမီးနဲ့ ပြန်ရောက်လာတာ ”
သတ္တမမင်းသား၏ မိတ်ဆက်ပေးခံရသော ကျန်းချီဖန်းသည် သက်လတ်ပိုင်းအမျိုးသားဖြစ်သည်။ သူက မတ်တတ်ထရပ်လိုက်ပြီး ရွှီချင်းဆီသို့ လက်သီးဆုပ်လိုက်သည်။ သူ၏ အမူအရာတွင် ချီးကျူးလေးစားသော အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးမှာတော့ သတ္တမမင်းသား၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက မတ်တတ်ထရပ်လိုက်ပြီး သူ၏ ဘေးမှ အေးတိအေးစက် အမျိုးသမီးကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ပြောသည်။
“ ရွှီချင်း… သူကတော့ ငါ့ရဲ့အမတော် မင်းသမီးအန်းဟိုင်ပဲ ”
ရွှီချင်းသည် တည်ငြိမ်စွာ လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ မင်းသမီးကို နှုတ်ဆက်ပါတယ် ”
သူ၏ ဘေးမှ ခုန်းရှန်းလုံသည်လည်း ခေါင်းငုံ့လိုက်ပြီး နှုတ်ဆက်လိုက်သည်။
မင်းသမီးအန်းဟိုင်သည် အေးတိအေးစက်ပုံစံဖြင့် ရှိနေဆဲပင်။ သူက ခေါင်းသာညိတ်ပြပြီး မည်သည့်စကားမှ မပြောပေ။
ထိုအဖြစ်ကို သတ္တမမင်းသား မြင်သွားသောအခါ သူ၏ မျက်လုံးသည် မသိမသာ ကျဉ်းမြောင်းသွားသည်။ မကြာမီ သူက ပုံမှန်ပြန်ဖြစ်သွားပြီး ရွှီချင်းကို ထိုင်ခုံပေါ်မှာ ဝင်ထိုင်စေသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ခန်းမဆောင်၏ ဘယ်ဘက်အစွန်ဆုံးမှ ထိုင်ခုံဆီသို့ ခုန်းရှန်းလုံနှင့်အတူ သွားရောက်လိုက်သည်။ သူတို့နေရာသည် ခန်းမဆောင်၏ ဝင်ပေါက်နှင့် နီးကပ်သည်။
သူထိုင်ချလိုက်သည့်အခါ သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းသည် တဖန်ပြန်စတင်လာသည်။ ထို့အတူ ရယ်မောသံများသည် နောက်တစ်ကြိမ် ပျံ့လွင့်လာသည်။ ရွှီချင်းနှင့် မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ထိုင်နေသော မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းမှ ကျန်းချီဖန်းသည် သူ၏ ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး ရွှီချင်းကို အဝေးမှ ဂုဏ်ပြုလိုက်သည်။
သူ၏ မျက်နှာပေါ်မှ အပြုံးသည် စိတ်ရင်းမှန်ဖြစ်ပြီး ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
ယင်းကိုမြင်သောအခါ ရွှီချင်းသည် သူ၏ ဝိုင်ခွက်ကို မြှောက်တင်လိုက်သည်။ သူက ဝိုင်သောက်လိုက်သည့်အခါ အသံတစ်သံသည် သူ၏ ဘေးနားမှ ထွက်ပေါ်လာသည်။
“ ရွှီချင်း… ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်မှတော့ ငါက အရမ်းရဲတင်းလွန်းတယ်လို့ မင်းကို မထင်စေချင်ဘူး… ဒါပေမဲ့ ငါအရမ်းသိချင်စိတ်ဖြစ်မိတယ်… မင်းက ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ဘယ်လိုဖြေခဲ့လို့ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တာလဲ ”
ထိုစကားကို ပြောသည့်သူသည် ကျန်းချီဖန်းမဟုတ်ပေ။ ယင်းအစား ရွှီချင်းနှင့် ခုန်းရှန်းလုံ၏ ဘေး၌ ထိုင်နေသော လူငယ်တစ်ယောက် ဖြစ်သည်။
လူငယ်သည် အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အသွင်အပြင်သည် ချောမောကြည့်ကောင်းသည်။
သို့သော်လည်း သူ၏ အမူအရာသည် နူးညံ့သိမ်မွေ့ပုံပေါ်ပြီး ကြင်နာသနားသော အငွေ့အသက်ကို ပေးသည်။