မီးလောင်ရာ လေပင့်ခြင်း… သတ်ဖြတ်ရန် ဓားငှားခြင်း(ဃ)
Vol. 53 Ch. 823
သူက စကားပြောနေစဉ် ရွှီချင်းဆီသို့ တည့်တည့်ကြည့်နေသည်။
ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ လူသဘောသဘာဝ၏ အရုပ်ဆိုးအကျည်းတန်မှုကို သူသည် ငယ်ငယ်လေးကတည်းက ကြိမ်ဖန်များစွာ တွေ့ကြုံဖူးပြီးသား ဖြစ်သည်။ သို့ဖြစ်၍ တစ်ဖက်လူက တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေပြီး သူတို့၏ ကိုယ်ပိုင်အကျင့်စရိုက်ကို ပြောနေပြီဆိုလျှင် သူ၏ နောက်ဆက်တွဲစကားများသည် တမင်ရည်ရွယ်ပြီးပြောခြင်းဖြစ်ကြောင်း ကောင်းကောင်း သူနားလည်သည်။
ထိုအခိုက်အတန့်မှာ မုန့်ယွင်ပိုင်၏ တိုးညင်းသော အသံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
“ ညီအကိုရွှီချင်း… အဲ့ဒီလော့ကျင်းစုန်ဆိုတဲ့ကောင်က သူပြောသလို တည်ကြည်ဖြောင့်မတ်တဲ့လူမဟုတ်ဘူး… ငါမင်းကို ပြောပြမယ်… မြို့တော်ထဲက ကောင်းကင်ဘုံအမတ်တွေရဲ့ နောင်သားမျိုးဆက်အများစုက ကြီးကျယ်ခမ်းနားတဲ့ အဝတ်တွေကို ဝတ်ထားကြရုံသက်သက်ပဲ… သူတို့မှာ တကယ်စွမ်းအားနဲ့ စစ်မှန်တဲ့ အရည်အချင်းက မရှိဘူး… ပြီးတော့ သူတို့ရဲ့ သွေးမျိုးစက်က မသန့်စင်တော့ဘူး ”
“ အဲ့ဒီလော့ကျင်းစုန်က သူတို့ထဲက တစ်ယောက်ပဲ… သူက နည်းနည်းဉာဏ်ကောင်းပြီး သတ္တမမင်းသားနောက်ကို လိုက်ချင်တယ်… ဒါပေမဲ့ သတ္တမမင်းသားက သူ့ကို သဘောမကျဘူး… ဒီနေ့ သူက မင်းကို လူအများရှေ့မှာ အခက်တွေ့အောင်လုပ်နေတာက သတ္တမမင်းသားဆီက မျက်နှာသာပေးတာကို လိုချင်လို့ပဲ ”
“ သူက ငတုံးတော့မဟုတ်ဘူး… ဒီလိုလုပ်ဆောင်တာကို သတ္တမမင်းသားက သဘောမကျဘူးဆိုတာ သူသိတယ်… ဒါပေမဲ့ အဆုံးမှာ လူတိုင်းက သူ့ကို သတ္တမမင်းသားရဲ့ လက်အောက်ငယ်သားအဖြစ် ထင်သွားသရွေ့ အဲ့ဒါက တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့အတွက် ဘာမှအကျိုးမယုတ်ဘူး ”
“ ဒါပေမဲ့ ဉာဏ်ကောင်းတယ်ဆိုတာက ဉာဏ်ကောင်းရုံပဲဆိုတာကို သူက နားမလည်ဘူး ”
မုန့်ယွင်ပိုင်က အသံပို့လွှတ်လိုက်စဉ် လော့ကျင်းစုန်သည် ရွှီချင်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“ ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ဖို့အတွက် သတ္တမမင်းသားက ကြီးမားတဲ့ ဖိအားတွေကို တောင့်ခံခဲ့တယ်… လူထုအမြင်တွေကို ဆန့်ကျင်ခဲ့တယ်… လူသားမျိုးနွယ်က ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အချိန် အရှင့်သားက သူ့ရဲ့စစ်တပ်ကို ဖုန်းဟိုင်ဒေသငယ်ဆီ ခေါ်ဆောင်သွားပြီး အန္တရာယ်ကို ဖြေရှင်းပေးခဲ့တယ်… အဲ့ဒါက အသက်ကယ်တဲ့ ကျေးဇူးတရားမဟုတ်ဘူးလား ”
“ အဲ့ဒီနောက် သတ္တမမင်းသားက သေခြင်းရှင်ခြင်းကို မကြောက်ရွံ့ဘဲ အရှေ့ကို ဆက်လက်ချီတတ်သွားခဲ့တယ်… သန့်စင်ရေလှိုင်းမျိုးနွယ်က ဆက်တိုက်အနောက်ဆုတ်သွားခဲ့ရတယ်… တကယ်လို့ သူတို့ဘိုးဘေးသာ အဆင့်မတတ်သွားခဲ့ရင် သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးက ငါတို့လူသားမျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားလောက်ပြီ ”
“ အဲ့လိုဆိုပေမယ့် အရှင့်သားက တစ်ခါမှမကြုံဖူးတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်… သန့်စင်ရေလှိုင်းမျိုးနွယ်ကို လူသားမျိုးနွယ်ဘက် ပြန်ရောက်လာအောင် လုပ်ဆောင်ခဲ့တယ်… ငါတို့ဘိုးဘေးတွေအတွက် ဂုဏ်ကျက်သရေကို ဆောင်ကျဉ်းပေးခဲ့တယ်… ဒါပေမဲ့ ဒီကိစ္စတွေနောက်ကွယ်က တစ်စုံတစ်ယောက်က စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အရှင့်သားကို အသရေဖျက်ဖို့ ကြိုးစားခဲ့တယ်… အဲဒါကြောင့် သတ္တမမင်းသားက တာဝန်ပေါ့ဆတယ်ဆိုပြီး ဧကရာဇ်အရှင်ရဲ့ ပြစ်တင်ကြိမ်းမောင်းတာကို ခံခဲ့ရတယ် ”
အမှန်တရားကို လှည့်ဖြားပြီး အချက်အလက်များကို ဝေဝါးစေလိုခြင်း ဖြစ်သည်။ ထိုသဘောတရားကို လော့ကျင်းစုန်က ကွက်ကွက်ကွင်းကွင်း ပြသနေသည်ဟု ဆိုနိုင်သည်။
ခန်းမဆောင်ထဲမှ လူတိုင်းသည် ချက်ချင်း နှုတ်ဆိတ်သွားကြသည်။
သတ္တမမင်းသားသည် တည်ငြိမ်စွာ ပြောသည်။
“ ပါးစပ်ပိတ်စမ်း ”
ဤသည်ကိုကြားသောအခါ လော့ကျင်းစုန်သည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သတ္တမမင်းသားကို အရိုအသေပေးလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အခဲမကျေစွာ ပြောသည်။
“ အရှင့်သားက သနားကြင်နာပြီး တည်ကြည်ဖြောင့်မတ်တယ်… သေးနုပ်တဲ့လူတွေနဲ့ ပြိုင်မငြင်းချင်ဘူး… ဒါပေမဲ့ ငါကတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး… အသက်ကယ်တင်ခံရပြီးတာတောင် တချို့လူတွေက ကျေးဇူးမသိတတ်ကြဘူး… မင်းမှာ တကယ်အစွမ်းအစရှိတယ်ဆိုရင် ကိုယ့်နယ်မြေကို ကိုယ့်ဘာသာ ချဲ့ထွင်ပြစမ်းပါစေ… ဉာဏ်များဖို့မလိုဘူး ”
ထိုသို့ပြောပြီးနောက် သူက ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး ဝိုင်ပုလင်းကို ကောက်ယူလိုက်ကာ အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် မတူညီသော အမူအရာများဖြင့် ရွှီချင်းကို ဝိုင်းကြည့်လိုက်ကြသည်။
မုန့်ယွင်ပိုင်သည်လည်း အတူတူဖြစ်သည်။
ရွှီချင်း၏ အမူအရာသည် လုံးဝမပြောင်းလဲသွားချေ။ ထုံးစံအားဖြင့် သူသည် မုန့်ယွင်ပိုင်၏ အသံပို့လွှတ်ခြင်းကို အပြည့်အဝ မယုံကြည်ချေ။
လော့ကျင်းစုန်၏ စကားနှင့်ပတ်သက်ပြီး အပေါ်ယံမှကြည့်မည်ဆိုလျှင် သူက သတ္တမမင်းသားအတွက် မတရားမှုကို ခံစားနေရသောကြောင့် ဒေါသထွက်နေခြင်းဖြစ်သည်။
သို့သော်လည်း အသိဉာဏ်အဆင့်တတ်ထားသော ရွှီချင်းအတွက်တော့ သူ့အရှေ့တွင် မည်သည့်အရာမှ မပိတ်ဆို့ထားနိုင်ပေ။
ပြဿနာများကို ပို၍မြင့်မားသော ရှုထောင့်မှ ကြည့်ရှုရမည်ကို သူသင်ယူထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ကျိုးကြောင်းဆီလျော်ဟန်ရသော ဤကိစ္စကို မတူညီသော ရှုထောင့်များမှ ကြည့်ရှုသည့်အခါ တချို့သဲလွန်စများက ပေါ်ထွက်လာသည်။
လော့ကျင်းစုန်၏ လုပ်ဆောင်မှုသည် သတ္တမမင်းသားထံမှ မျက်နှာသာရလိုခြင်းဖြစ်သည်ဟု အသေအချာပြောရန် ခက်ခဲသည်။
သူက လှိုင်းဂယက်တချို့ ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ အနာဟောင်းကို ပြန်တူးဆွနေခြင်းနှင့် ပိုပြီးတူညီသည်။
ရွှီချင်းသည် သတ္တမမင်းသား၏ ဘေးတွင် တည်ငြိမ်စွာ ရှိနေသော မင်းသမီးအန်းဟိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ဤထောင်ချောက်ထဲသို့ မဝင်ရန် ဆက်လက် နှုတ်ဆိတ်နေလိုက်သည်။
သို့သော်လည်း သူ၏ ဘေးမှ ခုန်းရှန်းလုံသည်တော့ သူ့အရှေ့မှ ကိစ္စကို အာရုံစိုက်နေဆဲပင်။ သူက ဒေါသထွက်သွားပြီး ပြန်လည်ခွန်းတုံ့ပြန်ရန် ပြင်လိုက်သည်။ ရွှီချင်းသည် ခုန်းရှန်းလုံ၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်ပြီး သတ္တမမင်းသားနှင့် မင်းသမီးကို ကြည့်လိုက်သည်။
“ အရှင့်သားနဲ့ မင်းသမီးခင်ဗျာ… ကျွန်တော်က ဒီနေရာကို ဒီနေ့မှ ပထမဆုံးရောက်လာဖူးတာဖြစ်လို့ အနည်းငယ် ခရီးပန်းနေပါတယ်… တကယ်လို့ တခြားကိစ္စမရှိဘူးဆိုရင် ကျွန်တော်အရင်ပြန်ပါရစေ ”
သတ္တမမင်းသား၏ မျက်လုံးထဲတွင် လေးနက်သော အဓိပ္ပာယ်ရှိသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာပြီးနောက် သူက စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံဖြစ်သော ကျန်းချီဖန်းသည် သူ့အရှေ့မှ စားပွဲခုံကို ရုတ်တရက် အားဖြင့်ရိုက်ချလိုက်သည်။ ဗုန်းဟူသော မြည်သံပေါ်ထွက်လာသည်နှင့် သူက မတ်တတ်ရပ်လိုက်ပြီး လော့ကျင်းစုန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ အဓိပ္ပာယ်မရှိတဲ့စကားပဲ ”
“ ငါ ကျန်းက မကြာသေးခင်ကမှ ပြန်ရောက်လာလို့ ဂိုဏ်းနဲ့ မိတ်ဆွေကောင်းတွေဆီ ဆက်သွယ်ခဲ့တယ်… အဲ့ဒီတော့မှ ဒီတိုက်ပွဲရဲ့ အမှန်တရားနဲ့ သံတော်ဆင့်ရွှီရဲ့ ကြိုးစားအားထုတ်မှုတွေကို သိခဲ့ရတယ် ”
“ သူက ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ပေးခဲ့တယ်လို့ မင်းက ပြောတယ်… ငါ့ဖုန်းဟိုင်ဒေသငယ်က သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးနေချိန် ဘယ်မှာလဲ တပ်ကူတွေ ”
“ မရေမတွက်နိုင်တဲ့ လူတွေက ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးနေတဲ့အချိန် ဘယ်ရောက်နေလဲ တပ်ကူတွေ ”
“ ငါ့ဖုန်းဟိုင်ဒေသငယ်က ဒေသကြီးတစ်ခုကို ရင်ဆိုင်ဖို့ ဒေသငယ်က အင်အားစုတွေအပေါ်ပဲ မှီခိုခဲ့ရတယ်… ရှိသလောက်အင်အားလေးနဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်တပ်ကို လအနည်းငယ်ကြာအောင် ခါးခါးသီးသီး ခုခံတားဆီးခဲ့ကြတယ်… ဓားကိုင်ရုံးတော်သခင်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်… မရေမတွက်နိုင်တဲ့ လူတွေက စစ်မြေပြင်မှာ သေဆုံးသွားခဲ့ကြတယ်… အဲ့ဒီစတေးခံလူတွေရဲ့ အရိုးပုံပေါ်မှာ ဘယ်သူက မတ်တတ်ရပ်ခဲ့တာလဲ… အဲ့ဒီအချိန်တုန်းက စစ်ရေးအကျိုးဆောင်မှုတွေပဲ မျက်လုံးထဲမြင်တဲ့လူက ဘယ်သူလဲ ”
“ တကယ်လို့ အဲ့ဒီအချိန်တုန်းက တပ်ကူတွေသာ စောစောရောက်လာခဲ့မယ်ဆိုရင် တကယ်လို့ ဆယ့်ငါးမိနစ်လောက်ပဲ စောစောရောက်လာခဲ့မယ်ဆိုရင် ဓားကိုင်ရုံးတော်သခင်က ကျဆုံးသွားခဲ့မှာမဟုတ်ဘူး… ငါသိထားတာတော့ တပ်ကူတွေက နန်းမြို့တော်ကနေ အစောကြီး ထွက်ခွာသွားခဲ့ကြတာတဲ့… သူတို့ရောက်မလာခင် လူတိုင်းနီးပါးက သေတဲ့အထိ စောင့်ဆိုင်းနေရမယ်လို့ ငါ့ကို လာမပြောနဲ့… သူတို့က အသက်ရှင်ကျန်ခဲ့တဲ့လူတွေကို အကျိုးဆောင်မှု ခွဲပေးရမှာကို စိုးရိမ်နေတာမဟုတ်ဘူးလား ”
“ တာဝန်ပေါ့ဆတဲ့ကိစ္စ… တကယ်လို့ အဲ့ဒီအလင်းရောင်အဖွဲ့ဝင်သာ ဒေသအကြီးအကဲဖြစ်လာမယ်ဆိုရင် ငါ့ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ဆက်ပြီးရှိနေပါဦးမလား ”
“ အဲ့ဒါက တာဝန်ပေါ့ဆတာလို့ ဘယ်သူက သေချာပြောနိုင်လဲ ”
ကျန်းချီဖန်းသည် မခံမရပ်နိုင်အောင် ဒေါသထွက်သွားပြီး တရစပ် ပြောသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ခုန်းရှန်းလုံသည်လည်း နားလည်သွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ထိုလူ၏ စကားများသည် အတော်လေး ကြမ်းတမ်းသည်။
သိသာစွာပင် တစ်စုံတစ်ယောက်က ထိုလူများကို ဓားများအဖြစ် ဆက်ဆံနေခြင်း ဖြစ်သည်။
ဖုန်းဟိုင်ဒေသငယ်က တည်ငြိမ်အောင် ကြိုးစားနေဆဲကာလမှာ တချို့အရာကို ထုတ်ဖော်ပြောခြင်းသည် မသင့်တော်ပေ။
အချိန်သည် မကျရောက်သေးပေ။ စစ်ပွဲနှင့် ဒေသငယ်မြို့တော်အတွင်း ကဒ်ဘေးကျရောက်ခြင်းကို တစ်ဆက်တည်း တွေ့ကြုံခဲ့ရသော ဖုန်းဟိုင်ဒေသငယ်အတွက် ပြန်လည်နာလန်ထူခြင်းသည် ယခုအချိန်မှာ အရေးကြီးဆုံးအရာဖြစ်သည်။
အကယ်၍ နောက်ထပ် လှုပ်ခတ်မှုများရှိလာမည်ဆိုလျှင် ယင်းက ဖုန်းဟိုင်ဒေသငယ်ကို ပိုပြီးပရမ်းပတာဖြစ်စေလိမ့်မည်။
အရေးကြီးဆုံးသည် ဖုန်းဟိုင်ဒေသငယ်က ထိုကဒ်ဘေးအားလုံးကို တွေ့ကြုံပြီးနောက် ပြင်ပမည်သူ့ကိုမှ မယုံကြည်တော့ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်က ရည်ရွယ်ချက်တစ်ခုခုကြောင့် ဤနေရာမှ အခြေအနေကို ပိုပြီးဖရိုဖရဲဖြစ်လာရန် လှုံ့ဆော်ချင်နေသည်မှာ ထင်ရှားသည်။